← Chapters

မိစ္ဆာသတ်ဓားစက်ဝန်း

Vol. 38 Ch. 529

မိစ္ဆာသတ်ဓားစက်ဝန်း

Vol. 38 Ch. 529

ချလန်း......

ကောင်းကင်ထက်၌ ပုံရိပ်နှစ်ခုမှာ အကြိမ်ရေများစွာ တိုက်ခိုက်နေကြလေသည်။ ဓားတစ်လက်နှင့် ရွှေရောင်လက်သည်းများမှာလည်း ပြင်းထန်စွာ တွေ့ဆုံနေကြပြီးနောက် စွမ်းအင်လှိုင်းဂယက်များမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့လွှမ်းခြုံနေ၏။ တိုက်ပွဲမှာ အတော်ပင် အ​ခြေအတင်ဖြစ်နေသော အနေအထား၌ ရှိသည်။

ရွှေရောင်လက်သည်းကြီးများမှာ အလွန်ပင် ကြမ်းတမ်းလွန်းလှသဖြင့် ဓားကိုင်ထားသောပုံရိပ်မှာ အနောက်သို့ လွင့်စင်သွားရသည်။ ထိုပုံရိပ်မှာ ကျောင်းဇူပင် ဖြစ်၏။

လက်ရှိအချိန်၌ ကျောင်းဇူ၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေရသည်။ ၎င်းသည် ယခင်အကြိမ် တိုက်ခိုက်ခြင်း၌ သတိမမူမိသောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟုသာ ယူဆထားခဲ့၏။ သို့သော် ယခုအခါတွင်လည်း ထိုသတ္တဝါအား အသာစီးရနိုင်ခြင်း မရှိချေ။

ကြီးမားလှသော နက်ရွှေရောင်သတ္တဝါကြီးမှာ ကျောင်းဇူနှင့် မျက်နှာချင်းဆိုင်အနေအထားတွင် ရှိနေလေသည်။ ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်မှာလည်း နက်ရွှေရောင်အလင်းတန်းများ လင်းလက်နေ၏။ ၎င်း၏ပုံစံမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသကဲ့သို့ ခန့်ညားထည်ဝါလှ၏။ ထိုသတ္တဝါကြီးမှာ ထန်ထန်ပင် ဖြစ်သည်။

ထန်ထန်မှာ မထီမဲ့မြင်ပြုသော မျက်ဝန်းများဖြင့် ကျောင်းဇူအား ကြည့်ရှုနေလေသည်။ ၎င်း၏အမူအရာအရ ကျောင်းဇူအား ပမွှားမျှသာ သဘောထားသည်မှာ ထင်ရှားလှသည်။ ၎င်းသည် ကျောင်းဇူအား ဆော့ကစားဖို့လောက်ပင် မထိုက်တန်ဟု သတ်မှတ်ထားဟန် ရှိ၏။

ကျောင်းဇူမှာလည်း ထန်ထန်၏မျက်ဝန်းများအား နားလည်နေသောကြောင့် စိတ်နှလုံးထဲ၌ ဒေါသသွေးများ ဆူပွက်လာရသည်။ ၎င်းသည် ဓားကပ်ဘေးတောင်ထွတ်မှ ရွေးချယ်ခံတစ်ဦးပင်ဖြစ်ပါသော်လည်း ယခုတွင်မူ မလောက်လေးမလောက်စား သတ္တဝါတစ်ကောင်၏ အထင်သေးခြင်းအား ခံယူနေရလေသည်။ ထိုအချက်မှာ ၎င်း၏ဂုဏ်သိက္ခာများကို ထိခိုက်စေ၏။

ကျောင်းဇူမှာ ဒေါသသွေးများသာ ဆူပွက်နေပါသော်လည်း မည်သည်ကိုမှ ပြုလုပ်နိုင်ခြင်းမရှိပဲ ကူကယ်ရာမဲ့နေရလေသည်။ အစောပိုင်းတွင် အကြိမ်ရေပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းသည် ထန်ထန်မှာ မည်မျှကြောက်မက်ဖွယ်ကောင်းလှသည်ကို သိရှိသွားရသည်။ တက်နိုင်သမျှ အကောင်းဆုံး ကြိုးစားခဲ့ပါသော်လည်း ယခုအချိန်ထိ ထိုသတ္တဝါအား အသာစီးမရနိုင်သေးပေ။

ထိုသတ္တဝါ၏ နက်ရွှေရောင်ကြေးခွံများသည် အလွန်ပင် မာကြောလှပြီး ကာကွယ်ရေးအလွှာတစ်ခုကဲ့သို့ ဖြစ်နေ၏။ ထိုနက်ရွှေရောင်ကြေးခွံများအား ကျောင်းဇူ၏ ဓားချီများဖြင့်ပင် ထိုးဖောက်နိုင်ခြင်း မရှိချေ။ ထိုအချက်မှာ အမှန်တကယ်ပင် ကျောင်းဇူအား ခေါင်းခဲစေသည်။

ထို့အပြင် ပို၍ဆိုးရွားသည်မှာ ထန်ထန်၏ ပြင်းထန်လှသော စွမ်းအင်များသည် ကျောင်းဇူ၏ ဓားချီများအား တစ်မုဟုတ်ချင်း ချေဖျက်နေနိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကျောင်းဇူမှာ မည်မျှပင်ကြိုးစားစေကာမူ မည်သို့မျှ အရာမထင်ပဲ ဖြစ်နေရ၏။

ဟူး.....

ကျောင်းဇူမှာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချမိလိုက်သည်။ ထို့နောက် ၎င်းမှာ ထန်ထန်အား ဖြည်းညင်းစွာ ရင်ဆိုင်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ဝုန်း.....

ကျောင်းဇူမှာ ထန်ထန်အား ဖြည်းညင်းစွာ ရင်ဆိုင်ရန်အတွက် ပြင်ဆင်နေစဉ်မှာပင် အဝေးတစ်နေရာမှ ပြင်းထန်လှသော ဓားချီများအား အာရုံခံမိလိုက်သည်။

၎င်းမှာ အနည်းငယ်မျှ အံ့အားသင့်သွားရပြီးနောက် အဝေးရှိ တိုက်ပွဲနေရာတစ်ခုအား လျင်မြန်စွာပင် ကြည့်ရှုလိုက်၏။

ထိုနေရာ၌ ပိုင်လီချွီးနှင့် ဇူယွမ်တို့ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

"ဂျူနီယာညီတော်ပိုင်လီချွီးက ဘာလို့များ ဒီကျင့်စဉ်ကို ထုတ်သုံးရတာလဲမသိဘူး။ ဇူယွမ်လိုကောင်လောက်နဲ့ ချရတာကို။" ကျောင်းဇူ၏ မျက်ဝန်းများမှာ အံ့အားသင့်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ ဇူယွမ်နှင့်သာ တိုက်ခိုက်ရသော ပိုင်လီချွီးသည် ထိုကဲ့သို့သော ပြင်းထန်လှသည့် ကျင့်စဉ်အား အသုံးပြုရလိမ့်မည်ဟု ၎င်းမှတစ်ခါမှပင် ထင်မှတ်မထားခဲ့ချေ။ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူ ဇူယွမ်သည် အခြားတောင်ထွတ်များမှ တပည့်ခေါင်းဆောင်ဖြစ်သူများထက် များစွာအင်အားနည်းလှသူ ဖြစ်သည်။ ထို့ကြောင့် ဇူယွမ်အား တိုက်ကွက်အနည်းငယ်မျှနှင့်ပင် အနိုင်ရသင့်ပေ၏။

မည်သို့ပင်ဆိုစေကာမူ ယခုပိုင်လီချွီးမှ ထိုကျင့်စဉ်အား အသုံးပြုလိုက်ခြင်းသည်လည်း ကောင်းသောအရာပင် ဖြစ်သည်။ ၎င်းမှ ဇူယွမ်အား မြန်မြန်အနိုင်ရလေ ဓားကပ်ဘေးတောင်ထွတ်အတွက် ကောင်းလေပင် ​မဟုတ်ပါလော။

ပိုင်လီချွီးမှ ဇူယွမ်အား အနိုင်ရသွားသည်နှင့်တကွ ကျောင်းဇူမှာ ထန်ထန်၏လက်မှလွတ်အောင်ပုန်းကွယ်၍ အစီအရင်အား ချိုးဖြတ်ကာ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား ကယ်ထုတ်လိုက်ရုံသာ ဖြစ်သည်။

ဇူယွမ်မှာ ပိုင်လီချွီးအား အေးစက်ခက်ထန်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေ၏။ ကြည့်ရသည်မှာ ဤတိုက်ပွဲ၏အနိုင်အရှုံးသည် မကြာမီ၌ပင် သဲကွဲတော့မည် ဖြစ်သည်။

.........

ဝုန်း....

ဇူယွမ်သည် ပိုင်လီချွီး၏ ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသည့် ဓားချီစွမ်းအင်များအား ခံစားမိလိုက်သည်။ ထိုဓားချီများထံမှ ဖြစ်ပေါ်လာသည့် စွမ်းအင်ဖိအားများမှာ အလွန်ပင် ပြင်းထန်လွန်းလှပြီး လေထုများကိုပင် ဆုတ်ပြဲနေစေ၏။ ထို့နောက် ဖြည်းညင်းစွာဖြင့် ဓားချီများမှာ လက်မအရွယ်ခန့်ရှိသော စက်ဝန်းငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။

စောင့်ကြည့်နေကြသော တပည့်များမှာ ထိုစက်ဝန်းငယ်အား မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် အလွန်ပင် အံ့အားသင့်သွားကြ၏။

"ဒါ....ဒါက..ဓားကပ်ဘေးတောင်ထွတ်ရဲ့ ကန်ရွှမ်းသိုင်းကျမ်းမလား။"

"မိစ္ဆာသတ်ဓားစက်ဝန်းလေ။"

"ပိုင်လီချွီးက ဒီလောက်အချိန်ခဏလေးမှာ ဒါကိုတက်သွားပြီပေါ့လေ။"

"သူဘယ်လိုများ သင်ခဲ့တာလဲ။"

"အရမ်းမြန်တာပဲနော်။"

"ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ။"

.........

မူလရေကန် အပြင်ဖက်တွင်ရှိနေသော ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း မိစ္ဆာသတ်ဓားစက်ဝန်းအား မြင်တွေ့လိုက်ရသောအခါ၌ မျက်ဝန်းများ အနည်းငယ် ပြူးကျယ်သွားကြသည်။

“ဟမ်း....ဒီမိစ္ဆာသတ်ဓားစက်ဝန်းက လုံးဝမတည်ငြိမ်ပါလား။ ဒါပုံမှန်လမ်းစဉ်အတိုင်း မဟုတ်ပဲနဲ့ အတင်းအကြပ် အားသုံးပြီး ဖန်တီးထားတဲ့ပုံပဲ။ ကြည့်ရတာ တစ်ယောက်ယောက်က ဖိအားပေးပြီး ကျင့်ခိုင်းထားသလိုပဲ။” နှင်းပဒုမ္မာတောင်ထွတ်၏ ဆရာသခင်မလျို့လျန်းယီမှ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူလင်ကျွမ်းအားကြည့်ကာ ပြောလိုက်သည်။

တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှ တည်ငြိမ်စွာဖြင့်ပင် စကားဆိုလိုက်၏။ "ပိုင်လီချွီးက တော်တော်အရည်အချင်းရှိတဲ့ တပည့်တစ်ယောက်ပဲ။ ဓားကပ်ဘေးတောင်ထွတ်ရဲ့ ကန်ရွှမ်းသိုင်းကျမ်းကိုရထားတာ လနည်းနည်းပဲရှိသေးတယ်ဆိုပေမယ့် မိစ္ဆာသတ်ဓားစက်ဝန်းကိုတောင် လုပ်နိုင်နေပြီလေ။ ဒီကိစ္စကို တောင်ထွတ်ဆရာသခင်မလျို့လျန်းယီ သံသယဖြစ်နေစရာ မရှိပါဘူး။ ဒါကသူ့အရည်အချင်းနဲ့ သူရတာပါ။ စက်ဝန်းက မတည်ငြိမ်ဘူးဆိုပေမယ့် သူလည်းတိုက်ခိုက်နေရတာဆိုတော့ မတက်သာတော့ပဲ ထုတ်သုံးလိုက်ရလို့ဖြစ်မှာပါ။"

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ မထီမဲ့မြင်ပြုစွာ ပြောလိုက်သည်။ "ငါ့စကားတွေမှန်မမှန်ဆိုတာ နင်ကပိုသိမှာပါ။"

ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များမှာလည်း စကားစစ်ထိုးနေကြဖြစ်သော ထိုတောင်ထွတ်ဆရာသခင်နှစ်ဦးအား မတားနိုင်တော့ဟန်ဖြင့် ကူကယ်ရာမဲ့စွာ ခေါင်းကိုသာခါယမ်းလိုက်ကြသည်။

အခြားတစ်ဖက်တွင်မူ အကြီးအကဲစိန်းထိုက်ယွမ်နှင့် လုစုန့်တို့မှာလည်း ဇူယွမ်တို့၏တိုက်ပွဲအား ကြည့်ရှုနေရင်းဖြင့် အမူအရာများ ခက်ထန်နေရသည်။ ၎င်းတို့သည် ဇူယွမ်နှင့်ယောင်ယောင်တို့၏ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်ကြောင့် အလွန်ပင် ကျေနပ်ခဲ့ရပါသော်လည်း ယခုတွင်မူ ပိုင်လီချွီးမှာ ဓားကပ်ဘေးတောင်ထွတ်၏ ကန်ရွှမ်းသိုင်းကျမ်းဖြစ်သော မိစ္ဆာသတ်ဓားစက်ဝန်းအား အသုံးပြုလာ၏။ ထိုသည်မှာ လုံးဝမထင်မှတ်ထားသော အခြေအနေပင် ဖြစ်လေသည်။

လုစုန့်မှ သက်ပြင်းချကာ စကားဆိုလိုက်သည်။ "ဒီလောက်အထိ တောင့်ခံနိုင်ခဲ့တာတောင် ငါတို့မူလသူတော်စင်တောင်ထွတ်အတွက် တော်တော်လေး ဂုဏ်ယူစရာ ကောင်းနေပါပြီ။"

စိန်းထိုက်ယွမ်မှာ ခေတ္တမျှတိတ်ဆိတ်နေပြီးနောက် လုစုန့်အား ပြောလိုက်သည်။ "ငါကလေးတွေကို အပြစ်မတင်ပါဘူး။ ဒါပေမယ့် ငါ့ကိုယ်ငါ အသုံးမကျဘူးလို့ပဲ ထင်တယ်။ ငါသာ လုံလောက်အောင် အသုံးကျခဲ့ရင် ကလေးတွေလည်း အခုလောက် ဒုက္ခရောက်မှာ မဟုတ်ဘူး။ အခုတော့ တာဝန်နဲ့မမျှတဲ့ ဖိအားတွေကို ရင်ဆိုင်နေရရှာတယ်။"

လက်ရှိအချိန်၌ စိန်းထိုက်ယွမ်မှာ အစားထိုးတောင်ထွတ်ဆရာသခင်တစ်ဦးသာဖြစ်သောကြောင့် အခြားသော အစစ်အမှန် တောင်ထွတ်ဆရာသခင်များနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိချေ။

ကန်ရွှမ်းကလန်တွင် ရင်းမြစ်အခြေတည်အဆင့်သို့ ရောက်ရှိထားသူမှသာ အစစ်အမှန် တောင်ထွတ်ဆရာသခင်တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်သည်။ သို့သော် စိန်းထိုက်ယွမ်မှာ ကောင်းကင်ဘုံနေမင်းအဆင့်သာ ရှိသေးသည့်အပြင် ရင်းမြစ်အခြေတည်အဆင့်သို့ ရောက်ရှိရန်မှာလည်း အနည်းငယ်လိုအပ်နေသောကြောင့် အခြားတောင်ထွတ်ဆရာသခင်များထက် များစွာနိမ့်ပါးနေရ၏။

အကယ်၍ စိန်းထိုက်ယွမ်သာ အစစ်အမှန် တောင်ထွတ်ဆရာသခင်တစ်ဦး ဖြစ်ခဲ့ပါက ဓားကပ်ဘေးတောင်ထွတ်မှာ မူလသူတော်စင်တောင်ထွတ်အား ထိုသို့ အတင့်ရဲလိမ့်မည် မဟုတ်ချေ။

လုစုန့်မှာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် သက်ပြင်းချကာ စကားဆိုလိုက်သည်။

"ဇူယွမ်နည်းနည်းလောက် ထပ်ပြီးတောင့်ခံနိုင်ဖို့ မျှော်လင့်ရတာပဲ။ အနည်းဆုံးတော့ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို အချိန်ကြာကြာ ဖိနှိပ်ထားလို့ ရတာပေါ့။"

......

ဝုန်း...ဝုန်း....

များစွာသော အကြည့်များစွာ၏အောက်၌ပင် မိစ္ဆာသတ်ဓားစက်ဝန်းမှာ ပိုင်လီချွီးထံမှ ထွက်ပေါ်လာလေသည်။ ထိုမိစ္ဆာသတ်ဓားစက်ဝန်းထံမှ ပြင်းထန်လှသော စွမ်းအင်ဖိအားများ ထုတ်လွှတ်နေ၏။

ပိုင်လီချွီး၏ မျက်နှာအမူအရာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေပါသော်လည်း မျက်ဝန်းများမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေဟန် ရှိ၏။ ၎င်းမှာ ဇူယွမ်အားကြည့်၍ ပြုံးကာပြောလိုက်သည်။

"တပည့်ခေါင်းဆောင်ဇူယွမ် ဒီကျင့်စဉ်ကို ငါအခုမှ စသုံးကြည့်ရမှာ။အဲ့ဒါကြောင့် ဒီကျင့်စဉ်နဲ့ ပထမဆုံး အနိုင်ယူမယ့်သူက မင်းပဲဖြစ်လို့ မင်းကဂုဏ်တောင်ယူသင့်သေးတယ်။"

ပိုင်လီချွီး၏ အဆုံးသတ်ဝှက်ဖဲအား တွေ့ရှိလိုက်ရပြီးနောက် ဇူယွမ့် အမူအရာမှာ လေးနက်တည်​ကြည်သွား၏။

ဇူယွမ်သည် ဤမျှအချိန်တိုအတွင်း ဓားကပ်ဘေးတောင်ထွတ်၏ ကန်ရွှမ်းသိုင်းကျမ်းဖြစ်သော မိစ္ဆာသတ်ဓားစက်ဝန်းအား တက်မြောက်အောင် ကျင့်ကြံနိုင်ခဲ့သည့် ပိုင်လီချွီးကိုလည်း အံ့အားသင့်နေမိသည်။

ပိုင်လီချွီးမှာ တိတ်ဆိတ်နေသော ဇူယွမ်အား ကြောက်ရွံ့နေသည်ဟုယူဆကာ ကျယ်လောင်စွာ အော်ဟစ်ရယ်မောတော့သည်။ ထို့နောက် ဇူယွမ်အား မထီမဲ့မြင်ပြုစွာ စကားဆိုလိုက်၏။

"အခုတော့ ကြောက်နေပြီမလား...အဟက်။"

"စိတ်တော့မကောင်းပါဘူး။ အခုချိန်မှ နောင်တရဖို့က သိပ်နောက်ကျသွားပြီ။"

"မိစ္ဆာသတ်ဓားစက်ဝန်း...."

ကမ္ဘာမြေပြင် တုန်ဟီးမတက် ကျယ်လောင်လှသော အော်ဟစ်သံနှင့်အတူ ဓားချီများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့လွှမ်းခြုံသွားလေတော့သတည်း။

All Chapters