← Chapters

မင်းမှာမိစ္ဆာသတ်ဓားစက်ဝန်းရှိသလို ငါ့မှာလည်းကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ရှိတယ်

Vol. 38 Ch. 530

မင်းမှာမိစ္ဆာသတ်ဓားစက်ဝန်းရှိသလို ငါ့မှာလည်းကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ရှိတယ်

Vol. 38 Ch. 530

ဝုန်း....

ငွေရောင်အဆင်းရှိသော မိစ္ဆာသတ်ဓားစက်ဝန်း၏ ပတ်ပတ်လည်၌ ပြင်းထန်လှသောဓားချီများ စတင်စုဝေးလာသည်။ အသက်ရှူချိန် အနည်းငယ်မျှ အချိန်အတွင်းမှာပင် ဓားချီများမှာ ပေထောင်ကျော်မျှအထိ ကျယ်ပြန့်သွား၏။ ဓားအလင်းတန်းကြီးမှာလည်း မိုးကုပ်စက်ဝိုင်းတစ်ခွင်လုံးအား အုပ်စိုးထားလျက်ရှိကာ ကောင်းကင်ထက်မှ နတ်ဓားတစ်လက် သက်ကြွေလာသည့်အလား တောက်ပနေသည်။ မြင်ကွင်းမှာ အလွန်ပင် ခမ်းနားထည်ဝါလှသကဲ့သို့ ကြောက်မက်ဖွယ်လည်း ကောင်းလွန်းလှ၏။

မူလရေကန်အတွင်းရှိ များပြားလှသော ရေနေသားရဲကြီးများသည်ပင် ပြင်းထန်လှသော ဓားချီများကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ကြရသည်။

မြင်တွေ့နေရသော ရင်သက်ရှုမောဖွယ်မြင်ကွင်းကြောင့် စောင့်ကြည့်နေကြသော တပည့်များမှာ အလွန်ပင် အံ့အားသင့်ကုန်ရ၏။

ပေထောင်ကျော်မျှရှိသော ဓားချီများနှင့် မိစ္ဆာသတ်ဓားစက်ဝန်းတို့မှာ လျင်မြန်လှသောအရှိန်ဖြင့် ဇူယွမ်ထံသို့ ဦးတည်ပျံဝဲသွားသည်။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မိစ္ဆာသတ်ဓားစက်ဝန်းအား မြင်တွေ့လိုက်ရသောအခါ၌ အလွန်ပင် ပျော်ရွှင်သွားကြသော်လည်း မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာမူ ဖြူရော်သွားကြ၏။ အခြေအနေများမှာ ပြောင်းလဲသွားရပြီပင် ဖြစ်သည်။ မိစ္ဆာသတ်ဓားစက်ဝန်းမှာ ဓားကပ်ဘေးတောင်ထွတ်မှ ပိုင်ဆိုင်ထားသော ကန်ရွှမ်းသိုင်းကျမ်းဖြစ်သောကြောင့် ဇူယွမ်မှာ ထိုအရာအား မည်သို့မျှ တွန်းလှန်နိုင်လိမ့်မည် မဟုတ်ချေ။ အဆုံးသတ်တွင်မူ ပိုင်လီချွီးကသာ အောင်နိုင်သူတစ်ဦး ဖြစ်သွားပေလိမ့်မည်။

"ဒါ....ဒါမိစ္ဆာသတ်ဓားစက်ဝန်းပဲ။" ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့၏ မျက်ဝန်းများမှာ ကြောက်ရွံ့တုန်လှုပ်မှုများနှင့် ပြည့်နှက်လာ၏။ ၎င်းတို့အားလုံးမှာ ပိုင်လီချွီးအား ဤမျှအချိန်တိုအတွင်း၌ ဓားကပ်ဘေးတောင်ထွတ်၏ ကန်ရွှမ်းသိုင်းကျမ်းဖြစ်သော မိစ္ဆာသတ်ဓားစက်ဝန်းကို သင်ယူတက်မြောက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားကြချေ။ ပိုင်လီချွီးသည် အမှန်တကယ်ပင် မကောင်းဆိုးဝါးတစ်ကောင်အလား ကျင့်ကြံသင်ယူခြင်း မြန်ဆန်လွန်းလှပေသည်။

ကန်ရွှမ်းသိုင်းကျမ်းခုနစ်ခုထဲမှ တစ်ခုဖြစ်သည့်အလျောက် မိစ္ဆာသတ်ဓားစက်ဝန်းမှာ အစစ်အမှန် အဆင့်မြင့်ကောင်းကင်ဘုံကျင့်စဉ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ၎င်းကျင့်စဉ်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်များ ပိုင်ဆိုင်ထားသည့်အပြင် သင်ယူတက်မြောက်နိုင်ရန်မှာလည်း ခက်ခဲလှ၏။

ပိုင်လီချွီးသည် မူလစဦး နဝမအဆင့်သို့ မရောက်ရှိသေးပါသော်လည်း မိစ္ဆာသတ်ဓားစက်ဝန်းရှိနေသောကြောင့် သာမန်မူလစဦး နဝမအဆင့်ရှိသူတစ်ဦးကိုပင် တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်လောက်ပေသည်။

ဤမိစ္ဆာသတ်ဓားစက်ဝန်းဖြင့်သာဆိုလျှင် မူလသူတော်စင်တောင်ထွတ်အတွက် ဇူယွမ်ကြိုးစားထားရသမျှ အရာအားလုံး အချည်းနှီးဖြစ်သွားရတော့မည်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံး ဇူယွမ့်အပေါ် အပြစ်တင်၍မရနိုင်ပေ။ မူလသူတော်စင်တောင်ထွတ်သာ ယခုအခြေအနေထက်ပို၍ သန်မာခဲ့ပါက ဇူယွမ်သည်ပင် ထိုမျှလောက်သော တာဝန်ဝတ္တရားများအား ထမ်းပိုးထားစရာ လိုလိမ့်မည်မဟုတ်ချေ။ စင်စစ်တွင်မူ သူသည် တပည့်ခေါင်းဆောင်တစ်ဦးထက်ပို၍ပင် မူလသူတော်စင်တောင်ထွတ်အပေါ် ပေးဆပ်ခဲ့ခြင်း ဖြစ်သည်။

မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ တပည့်ခေါင်းဆောင်ဖြစ်သူဇူယွမ်အား စိုးရိမ်ပူပန်လွန်းသောကြောင့် စိတ်နှလုံးများ ဗလောင်ဆူနေရပြီ ဖြစ်သည်။

တစ်ဖက်တွင်မူ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်မှ တပည့်များနှင့်မတူပဲ အလွန်ပင် ကျေနပ်အားရနေကြ၏။ ပိုင်လီချွီးမှ အနိုင်ရသွားသည်နှင့်တစ်ပြိုင်နက် အသာစီးရနေသော မူလသူတော်စင်တောင်ထွတ်၏ အနေအထားများမှာ ပြောင်းလဲသွားရလိမ့်မည်ပင် ဖြစ်သည်။ ကံတရားမှာ ဓားကပ်ဘေးတောင်ထွတ်ဘက်သို့ ရောက်ရှိလာပြီပင် ဖြစ်၏။

စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် ဇူယွမ်မှာ မိစ္ဆာသတ်ဓားစက်ဝန်းအား တည်ငြိမ်စွာဖြင့် ကြည့်ရှုလိုက်သည်။ ပေထောင်မျှရှိသော ဓားချီများ၏အလယ်ဗဟို၌ လက်မအရွယ်ခန့်ရှိသော မိစ္ဆာသတ်ဓားစက်ဝန်းငယ်အား တွေ့ရှိလိုက်ရပေသည်။

ပြင်းထန်လွန်းလှသော ဓားချီများကြောင့် ဇူယွမ်မှာ ဓားငယ်ပေါင်းများစွာဖြင့် ထိုးစိုက်ခြင်းခံနေရသကဲ့သို့ နာကျင်မှုများ ခံစားလာရ၏။ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်၏ ကျောက်စိမ်ရောင်အသားအရေနှင့် ငွေရောင်ခြည်အသွေးအသားတို့အား ရရှိထားပါသော်လည်း သူ၏အရေပြားများမှာ မိစ္ဆာသတ်ဓားစက်ဝန်း၏ ကြောက်မက်ဖွယ် စွမ်းအင်ဖိအားများအား တွန်းလှန်နိုင်ခြင်းမရှိပဲ စတင်​ဆုတ်ပြဲလာလေသည်။

ဇူယွမ်မှာ နှုတ်ခမ်းအား လျှာဖြင့်သပ်လိုက်၏။ သူ၏မျက်ဝန်းများမှာ အနည်းငယ်မျှပင် နာကျင်ကြောက်ရွံ့နေဟန်မရှိပဲ စိတ်လှုပ်ရှားမှုများဖြင့်သာ ပြည့်နှက်နေသည်။

အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏ စိတ်ဝိဉာဉ်အာရုံခံစားမှုအရ ပိုင်လီလျွီး၏ မိစ္ဆာသတ်ဓားစက်ဝန်းသည် အလွန်ပင် မတည်မငြိမ်ဖြစ်နေသည်ကို သိရှိနေရသောကြောင့် ဖြစ်သည်။

ဇူယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် မျက်ဝန်းများကို တင်းကြပ်စွာ ပိတ်လိုက်၏။ ပတ်ဝန်းကျင်ရှိ ဆူညံနေသံများအားလုံးမှာ သူ၏စိတ်ဝိဉာဉ်အတွင်း တိတ်ဆိတ်ငြိမ်းချမ်းသွားလေသည်။

ဇူယွမ်၏ ချီပင်လယ်အတွင်း၌

သူတော်စင်စိတ်ဝိဉာဉ်မျိုးစေ့မှာ မှေးမှိန်စွာ လင်းလက်လာပြီးနောက် အရှေ့သို့ ထွက်ပေါ်လာ၏။

ဝှစ်...

ထိုအချိန်မှာပင် မိစ္ဆာသတ်ဓားစက်ဝန်းမှာ ဇူယွမ်၏ ဦးခေါင်းပေါ်သို့ ရောက်ရှိလာကာ ဓားတစ်ချောင်းအသွင်သို့ ပြောင်းလဲသွားပြီး အရှိန်အဟုန်ဖြင့် အောက်သို့ကျဆင်းလာလေသည်။

"ပြိုင်ပွဲကနေ ထွက်သွားလိုက်တော့။" ပိုင်လီချွီး၏ အော်ဟစ်သံမှာ မိုးခြိမ်းသံအလား ကျယ်လောင်လွန်းလှ၏။ သူသည် ကျေနပ်အားရစွာ ပြုံးရယ်လိုက်ပြီးနောက် ဇူယွမ်အား ဆော့ကစားစရာတစ်ခုသဖွယ် ကြည့်ရှုလိုက်သည်။ ယခုအချိန်မှစ၍ ဇူယွမ်၏ ဘဝင်မြင့်လွန်းသော စိတ်အစဉ်အား ချိုးဖဲ့ဖျက်စီးလိုက်တော့မည်ပင် ဖြစ်၏။

ဝုန်း....

ကြီးမားလှသော ဓားပုံရိပ်ကြီးမှာ ဇူယွမ်ထံသို့ တစ်ဟုန်ထိုး ဆင်းသက်လာလျက် ရှိသည်။ စောင့်ကြည့်နေသော တပည့်များမှာလည်း အကြည့်ပင်မလွှဲနိုင်ပဲ မျက်လုံးဝိုင်းလေးများဖြင့် ကြည့်ရှုနေကြ၏။

ထိုအချိန်၌ပင် တင်းကြပ်စွာပိတ်ထားသော ဇူယွမ်၏မျက်ဝန်းများ ပြန်လည်ပွင့်ဟလာလေသည်။ သူ၏မျက်ဝန်းများမှာ အလွန်ပင် လင်းလက်တောက်ပနေဟန်ရှိပြီး အဝတ်အစားများမှာလည်း တဖျတ်ဖျတ်လွင့်ခါနေ၏။ မြင်တွေ့နေရသည်မှာ အရာအားလုံးကို ရင်ဆိုင်ဖြေရှင်းတော့မည့် သူရဲကောင်းတစ်ဦးကဲ့သို့ ခန့်ညားထည်ဝါလွန်းလှသည်။ ထို့နောက် ၎င်းမှာ ကျဆင်းလာနေသော ဓားပုံရိပ်အား အေးစက်ခက်ထန်စွာပင် ကြည့်ရှုလိုက်သည်။

ဝုန်း...

ထိုအချိန်မှာပင် ပေထောင်မျှရှိသော ဓားပုံရိပ်ကြီးမှာ ဇူယွမ်ပေါ်သို့ ရောက်ရှိလာပြီပင် ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ စွမ်းအင်လှိုင်းဂယက်များဖြင့် ပြည့်နှက်သွားရပြီး မည်သည့်အရာကိုမှ သဲကွဲစွာ မမြင်တွေ့ရတော့ပေ။ အရာအားလုံးသည် မြူမှုန်များနှင့်အတူ ဝေဝါးနေလျက်..။

မူလရေကန်မှာလည်း ကြီးမားလှသော လှိုင်းလုံးများ အဆက်မပြတ် ခက်ထန်နေလျက်ရှိကာ ကြောက်မက်ဖွယ်ကောင်းလှသော မြင်ကွင်းအား ပေးစွမ်းနေလေသည်။ ထို့ကြောင့် စောင့်ကြည့်နေကြသူများမှာ မည်သည်ကိုမှ မြင်တွေ့နိုင်ခြင်းမရှိပဲ စွမ်းအင်လှိုင်းဂယက်များ ငြိမ်သက်သွားမည့်အချိန်ကို စောင့်ဆိုင်းနေကြရ၏။

"ဇူယွမ်ကတော့ ပြိုင်ပွဲက ထွက်သွားရပြီ ထင်ပါတယ်ကွာ။" တပည့်တစ်ဦးမှ သက်ပြင်းချကာ ရေရွတ်လိုက်သည်။

"ခုနက စွမ်းအင်မျိုးက မူလစဦး နဝမအဆင့်ရှိတဲ့သူတောင် ခံနိုင်မှာမဟုတ်ဘူး။ ဇူယွမ်ဆို ပြောမနေနဲ့။"

"ဟုတ်တယ်။ ခုနက မိစ္ဆာသတ်ဓားစက်ဝန်းက အရမ်းကို ကြောက်စရာကောင်းတယ်။ ငါဆို ရင်တွေတုန်လာတဲ့အထိပဲ။"

"ပိုင်လီချွီးက တကယ်ကြောက်စရာပဲကွ။ သူကအနာဂတ်မှာ ဓားကပ်ဘေးတောင်ထွတ်ရဲ့ ရွေးချယ်ခံတောင် ဖြစ်လာနိုင်တယ်။"

"ဘာပဲပြောပြော ဇူယွမ်လည်း အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ။ သူကိုက ပိုင်လီချွီးကို မမှီတာကတော့ ဘယ်တက်နိုင်ပါ့မလဲ။"

"........."

စောင့်ကြည့်နေသော တပည့်များစွာမှာ ဇူယွမ်အား သနားကရုဏာသက်နေကြလေသည်။

ပိုင်လီချွီးမှာမူ ဇူယွမ်အား အနိုင်ရနိုင်ရန်အတွက်  မိစ္ဆာသတ်ဓားစက်ဝန်းအား အတင်းအကြပ် အသုံးပြုခဲ့ရခြင်းကြောင့် အပြည့်အဝ စိတ်ကျေနပ်ခြင်းမရှိပဲ အမူအရာများ ခက်ထန်နေရသည်။

"ဘာပဲပြောပြော ငါ့ရဲ့မိစ္ဆာသတ်ဓားစက်ဝန်းနဲ့ ပထမဆုံး ရှုံးနိမ့်လိုက်ရတာ ဇူယွမ်ဂုဏ်တောင်ယူသင့်တယ်...အဟက်။"

ပိုင်လီချွီးမှာ အေးစက်စွာ ရေရွတ်လိုက်ရင်းဖြင့် ခပ်ဖွဖွ လှောင်ပြောင်ရယ်မောလိုက်၏။ သို့သော် သူ၏အပြုံးမှာ ရုတ်ချည်းဆိုသလို အေးခဲသွားရလေသည်။

အဘယ့်ကြောင့်ဆိုသော် ပေထောင်မျှရှိသော ဓားချီများမှာ ရုတ်တရက် အေးခဲသွားရသောကြောင့်ပင် ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာလည်း အံ့အားသင့်သော အာမေဋိတ်သံများဖြင့် ပြည့်နှက်သွားရ၏။

ပြိုင်ပွဲမှ ထုတ်ပယ်ခံလိုက်ရပြီဟု လူအများ ထင်မှတ်ထားကြသော ဇူယွမ်မှာလည်း ထိုနေရာ၌ပင် ရပ်လျက်ရှိနေလေသည်။ သူ၏ ဦးခေါင်းထက်တွင် ထူးခြားဆန်းကြယ်လှသော ပုံရိပ်ယောင်တစ်ခု ရှိနေ၏။ ထိုပုံရိပ်ယောင်မှာ ဇူယွမ်နှင့် တစ်ထပ်တည်းတူညီနေပြီး ခပ်မှိန်မှိန် လင်းလက်တောက်ပနေသည်။

ပေထောင်ကျော်မျှရှိသော ဓားချီများမှာ ထိုပုံရိပ်ယောင်မှ မိစ္ဆာသတ်ဓားစက်ဝန်းအား ဖမ်းချုပ်လိုက်ခြင်းကြောင့် အေးခဲသွားရခြင်းပင် ဖြစ်လေသည်။

စောင့်ကြည့်နေကြသော တပည့်များမှာ မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေကြရ၏။

တပည့်များကို မဆိုထားနှင့် ကလန်ခေါင်းဆောင်ချင်းယန်နှင့် တောင်ထွတ်ဆရာသခင်များသည်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ ဆရာသခင်များမှာ တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်ကြပြီးနောက် ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်ကြ၏။

"ဒါ.....ဒါက..."

"ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ပဲ။"

ကလန်ခေါင်းဆောင်ချင်းယန်မှာ အံ့အားသင့်နေမှုအား မဖုံးကွယ်နိုင်ပင် ဖြစ်နေရသည်။

"ဒီကောင်လေးက ​ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ကိုတောင် တက်သွားပြီလား။"

"ဘယ်လောက်တောင် ထူးခြားလိုက်တဲ့ကောင်လေးလဲ။"

"ငါ​ဒါမျိုးတစ်ခါမှ မမြင်ခဲ့ဖူးဘူး။"

အခြားတစ်ဖက်တွင်မူ အကြီးအကဲစိန်းထိုက်ယွမ်နှင့် လုစုန့်တို့မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေရကာ မျက်ဝန်းများမှာလည်း မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် ပြည့်နှက်နေရလေတော့သတည်း။

All Chapters