မိစ္ဆာသတ်ဓားစက်ဝန်းအားချေဖျက်ခြင်း
Vol. 39 Ch. 531
ပတ်ဝန်းကျင်တစ်ခွင်မှ စောင့်ကြည့်နေကြသူများမှာ ရုတ်ချည်းဆိုသလို အေးခဲသွားသော ပေထောင်မျှရှိသည့် ဓားပုံရိပ်ကြီးအား မျက်တောင်ပင်မခတ်ပဲ ကြည့်ရှုနေကြ၏။ ထိုဓားချီများအား ရပ်တန့်စေခဲ့သောအရာမှာ ထူးခြားဆန်းကြယ်လှသော ပုံရိပ်ယောင်တစ်ခုပင် ဖြစ်လေသည်။ ထိုပုံရိပ်ယောင်မှာ ဇူယွမ်နှင့်တစ်ထပ်တည်းတူညီနေကာ အလွန်ပင် ခမ်းနားထည်ဝါလှပြီး တဖိတ်ဖိတ်တောက်ပနေလျက် ရှိသည်။ မြင်ကွင်းမှာ အမှန်တကယ်ပင် ရင်သက်ရှုမောဖွယ် ဖြစ်၏။
ဇူယွမ်မှာ ထိုပုံရိပ်ယောင်အတွင်း၌ တည်ငြိမ်သော အမူအရာဖြင့်ရှိနေပြီး အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရထားဟန် မရှိချေ။
ပိုင်လီချွီး၏ မိစ္ဆာသတ်ဓားစက်ဝန်းမှာ အေးခဲနေသကဲ့သို့ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာလည်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ လူတိုင်းမှာ မြင်တွေ့လိုက်ရသော မြင်ကွင်းအား မယုံကြည်နိုင် ဖြစ်နေကြရ၏။ ခန့်မှန်းချက်များနှင့် တက်တက်စင်အောင်လွဲနေသော အခြေအနေကြောင့် မိနစ်အနည်းငယ်ခန့်မျှ မည်သည့်စကားမှပင် မပြောနိုင်ကြပဲ ပါးစပ်အဟောင်းသားဖြင့်သာ တိုက်ပွဲဖြစ်ပွားရာနေရာအား ကြည့်ရှုနေကြလေသည်။
အချိန်အနည်းငယ် ကြာမြင့်သွားပြီးသည့်နောက်တွင်မူ အာမေဋိတ်သံများ အစီအရီ ထွက်ပေါ်လာတော့၏။
"ဘာတွေဖြစ်နေတာလဲ။"
"အဲ့ဒါကဘာကြီးလဲ။"
"ဒါကဘာကျင့်စဉ်လဲ။ ဓားကပ်ဘေးတောင်ထွတ်ရဲ့ ကန်ရွှမ်းသိုင်းကျမ်းကိုတောင်မှ တားနိုင်တယ်ပေါ့လေ။"
"မိစ္ဆာသတ်ဓားစက်ဝန်းကို ထိန်းချုပ်နိုင်တာဆိုတော့ ဘယ်လောက်တောင်မြင့်တဲ့ကျင့်စဉ်များလဲ။"
"ငါတော့ ကိုယ့်မျက်စိကိုယ်တောင် မယုံနိုင်ဘူး။"
"........"
အခြားတောင်ထွတ်များမှ လာရောက်စောင့်ကြည့်နေကြသော တပည့်များမှာ ဖြစ်ပျက်သွားသော အခြေအနေများအား အနည်းငယ်မျှပင် နားလည်နိုင်ခြင်းမရှိပဲ လွန်စွာအံ့အားသင့်ကြရသည်။
ပိုင်လီချွီး၏ မိစ္ဆာသတ်ဓားစက်ဝန်းသည် မူလစဦး နဝမအဆင့်တစ်ဦးကိုပင် အလဲထိုးနိုင်ရန် လုံလောက်နေပါသော်လည်း ဇူယွမ်မှ ထိခိုက်ဒဏ်ရာပင် မရခဲ့ခြင်းအပေါ် ဇဝေဇဝါဖြစ်နေမိကြ၏။
ပိုင်လီချွီး အသုံးပြုခဲ့သည်မှာ သာမန်အဆင့်မြင့်ကောင်းကင်ဘုံကျင့်စဉ်တစ်ခုမဟုတ်ပဲ မိစ္ဆာသတ်ဓားစက်ဝန်းပင် ဖြစ်သည်။
၎င်းသည် ကန်ရွှမ်းကလန်၏ သိုင်းကျမ်းခုနစ်ခုတွင် တစ်ခုအပါအဝင် ဖြစ်ရုံသာမက ဓားကပ်ဘေးတောင်ထွတ်၏ အမြင့်မားဆုံး သိုင်းကျင့်စဉ်လည်း ဖြစ်၏။
သို့သော် ထိုကျင့်စဉ်မှာ ထူးခြားဆန်းကြယ်လှသော ပုံရိပ်ယောင်တစ်ခု၏ တားဆီးခြင်းကို ခံယူလိုက်ရလေသည်။
မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ၏ အမူအရာမှာ နောက်ထပ်တစ်ဖန် ပြောင်းလဲသွားရသည်။ မိစ္ဆာသတ်ဓားစက်ဝန်းအား တွေ့ရှိလိုက်ရချိန်၌ အလွန်အမင်း ပျော်ရွှင်သွားကြသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ ယခုအချိန်တွင် အံ့အားသင့်ခြင်းနှင့် ကြောက်ရွံ့ထိတ်လန့်ခြင်းများအား တစ်ပြိုင်နက် ခံစားနေရသည်။ မူလသူတော်စင်တောင်ထွတ်မှ တပည့်များမှာမူ မည်သည့်အရာကိုမှ နားလည်နိုင်ခြင်းမရှိပဲ စိတ်နှလုံးများအားလုံး ဗလာနတ္ထိ ဖြစ်နေရလေသည်။
မူလသူတော်စင်တောင်ထွတ်၏ တပည့်များအားလုံးမှာ ဓားကပ်ဘေးတောင်ထွတ်၏ မိစ္ဆာသတ်ဓားစက်ဝန်းနှင့်ပင် အနည်းငယ်မျှ မထိခိုက်ခဲ့သော ဇူယွမ်အား အလွန်ပင် အံ့အားသင့်နေရ၏။ ၎င်းတို့သိရှိထားသော မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဇူယွမ်မှာ ထိုမျှလောက်သန်မာသူတစ်ဦး မဟုတ်ချေ။ သို့သော် ယခုလက်ရှိ ဇူယွမ်မှာမူ စွမ်းအားရှင်တစ်ဦးအလား အလွန်ပင် သန်မာနေဟန် ရှိ၏။
ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးသာလျှင် တစ်စုံတစ်ခုအား တွေးတောမိသွားဟန်ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုမိလိုက်ကြသည်။ ထို့နောက် အနည်းငယ်မျှပင် မယုံကြည်နိုင်ဟန်ဖြင့် ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်ကြလေသည်။
"ဒီတောက်ပနေတဲ့ ပုံရိပ်ယောင်က...."
"ဖြစ်...ဖြစ်နိုင်ပါ့မလား။"
"ဒါပဲရှိတော့တယ်လေ။"
"အဲ့ဒါဆိုဒါက ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ပေါ့။"
ကောင်းကင်ထက်တွင်ရှိနေသော ပိုင်လီချွီးမှာ ကျယ်လောင်စွာပင် တောက်ခေါက်လိုက်ပြီးနောက် အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်၏။
ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်တစ်ဦးအနေဖြင့် ပိုင်လီချွီးမှာ အခြားသူများထက်ပို၍ ကန်ရွှမ်းသိုင်းကျမ်းများအား သိရှိနားလည်လေသည်။ ထို့ကြောင့် ထူးခြားဆန်းကြယ်သော ပုံရိပ်ယောင်ကြီး ပေါ်ပေါက်လာသည့် အချိန်မှစ၍ မူလသူတော်စင်တောင်ထွတ်၏ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ဖြစ်ကြောင်း သိရှိနားလည်လိုက်သည်။ မိစ္ဆာသတ်ဓားစက်ဝန်းနှင့် အဆင့်တူတူပင်ဖြစ်သော ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်၌သာ ထိုမျှကြီးမားပြင်းထန်သော စွမ်းအင်ရှိလိမ့်မည် ဖြစ်၏။
"ဒီကောင်ဇူယွမ်ကလည်း ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ကို အချိန်တိုအတွင်း တက်သွားတာပေါ့လေ။"
"မဖြစ်သင့်တာကွာ။"
"တောက်..."
ပိုင်လီချွီး၏ မျက်ဝန်းများမှာ ဒေါသတရားများဖြင့် ပြည့်နှက်နေလေသည်။
"ဒါရိုးရိုးသားသားတော့ မဖြစ်နိုင်ဘူး။"
"ဒီကောင့်ကို အကူအညီပေးနေတဲ့သူ ရှိကိုရှိရမယ်။"
"သူကဘာအသုံးကျတာမို့လို့လဲ။"
"မူလသူတော်စင်တောင်ထွတ်က အဖြစ်မရှိတဲ့တောင်ထွတ်သက်သက်ပဲကို။"
ပိုင်လီချွီး၏အမူအရာမှာ အလွန်ပင် ခက်ထန်နေရသည်။ သူသည်လည်း မိစ္ဆာသတ်ဓားစက်ဝန်းအား ဖန်တီးနိုင်ခြင်း မရှိသေးသောကြောင့် ပြင်ပအကူအညီရယူကာ အတင်းအကြပ် ဖိအားပေး ပြုလုပ်ခဲ့ရ၏။ ထို့ကြောင့် ရရှိလာသော မိစ္ဆာသတ်ဓားစက်ဝန်းမှာ မတည်ငြိမ်ပဲ ထိန်းချုပ်ရန် ခက်ခဲနေရခြင်း ဖြစ်လေသည်။
ပိုင်လီချွီး၏ အမြင်တွင်မူ နှစ်လမျှသော အချိန်အတွင်း ထူးခွန်ထက်မြက်လှသောသူသည်ပင် မိစ္ဆာသတ်ဓားစက်ဝန်းအား မပြုလုပ်နိုင်ခဲ့သောကြောင့် မူလသူတော်စင်တောင်ထွတ်ကဲ့သို့ အင်အားနည်းတောင်ထွတ်တစ်ခု၏ တပည့်ခေါင်းဆောင်ဇူယွမ်သည်လည်း ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်အား မည်သို့မျှ တက်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဇူယွမ်မှာလည်း ပြင်ပအကူအညီအား ရယူထားခြင်းသာ ဖြစ်ပေလိမ့်မည်။
"ငါမင်းကို အထင်သေးခဲ့မိတာပဲ...အဟက်။"
ပိုင်လီချွီးမှာ ဇူယွမ်အားကြည့်ကာ အေးစက်စွာပင် ရယ်မောလိုက်၏။ သူသည် ဒေါသများအား ထိန်းချုပ်ထားလိုက်ပြီပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်သည်လည်း အတင်းအကြပ် လုပ်ဆောင်ထားခြင်းသာ ဖြစ်လိမ့်မည်ဖြစ်သောကြောင့် တိုက်ခိုက်ရသည်မှာ ခက်ခဲလိမ့်မည်မဟုတ်ချေ။
ဇူယွမ်မှာ ပိုင်လီချွီးအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အဓိပ္ပါယ်ပြည့်ဝသော အပြုံးတစ်ခု နှုတ်ခမ်းထက်၌ တွဲလဲခိုသွား၏။ ထို့နောက် အေးခဲနေသော ဓားချီများအားကြည့်ကာ ပြောလိုက်သည်။
"မိစ္ဆာသတ်ဓားစက်ဝန်းတဲ့လား။ ဒီကျင့်စဉ်က တော်တော်ကြောက်စရာကောင်းတာပဲ။"
"ငါမြင်ဖူးသမျှထဲမှာ တကယ်ပြင်းထန်လွန်းတဲ့ ကျင့်စဉ်တစ်ခုပဲ။"
"ဒါပေမယ့်....သနားစရာပဲ။"
"မင်းက ဒီကျင့်စဉ်ကို ဂုဏ်သိက္ခာကျစေတယ်။"
ဇူယွမ်၏ မထီမဲ့မြင်စကားသံမှာ ပိုင်လီချွီးအား အလွန်အမင်း ဒေါသဖြစ်စေ၏။ ပိုင်လီချွီးမှ လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။
"အဟက်....တော်တော်ပြောရဲတဲ့ကောင်ပဲ။"
"မင်းပါးစပ်က တကယ်ကြောက်စရာကောင်းတယ်နော်။"
"မူလသူတော်စင်တောင်ထွတ်က တကယ်ကို လျှာစောင်းထက်တဲ့ တပည့်ခေါင်းဆောင်ရထားတာပဲ။"
ဇူယွမ်မှာ ပိုင်လီချွီးအား ပြန်လည်တုံ့ပြန်ခြင်းမရှိပဲ သူတော်စင်စိတ်ဝိဉာဉ်ပုံရိပ်ယောင်ကိုသာ စွမ်းအင်များ ထုတ်လွှတ်စေလိုက်၏။ ထူးခြားဆန်းကြယ်လှသော ပုံရိပ်ယောင်ကြီးထံမှ အကန့်အသတ်မဲ့စွမ်းအင်များ စတင်ထွက်ပေါ်လာလေသည်။
ထို့နောက် ရုတ်ချည်းဆိုသလိုပင် ပြန့်ကားနေသော ဓားချီစွမ်းအင်များမှာ မိစ္ဆာသတ်ဓားစက်ဝန်းအတွင်းသို့ ကျုံ့ဝင်ပျောက်ကွယ်သွားရ၏။
ပိုင်လီချွီးမှာ ထိုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် အလွန်ပင် အံ့အားသင့်သွားရသည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် မိစ္ဆာသတ်ဓားစက်ဝန်းအား ထိန်းချုပ်ကာ ထူးခြားဆန်းကြယ်သောပုံရိပ်ယောင်ကြီးအား ဖျက်စီးပစ်ရန် ပြုလုပ်လိုက်သည်။
ဝုန်း...ဝုန်း...
သို့သော် ထိုအချိန်မှာပင် ပုံရိပ်ယောင်၏ လက်ကြီးတစ်ဖက် လှုပ်ရှားလာပြီးနောက် ပြန်လည်ပြန့်ကားစပြုနေသော ဓားချီများအား ဖြတ်တောက်ပစ်လိုက်၏။
"မင်းတော်တော်သတ္တိရှိနေတယ်ပေါ့လေ။"
"တောက်...."
ပိုင်လီချွီးမှာ ဒေါသဖြစ်စွာဖြင့် အော်ဟစ်လိုက်သည်။ ၎င်းသည် ဇူယွမ်ပြုလုပ်လိုသော ရည်ရွယ်ချက်အား ခန့်မှန်းနိုင်ခဲ့ပြီပင် ဖြစ်၏။ သို့သော် ဇူယွမ်မှာ အော်ဟစ်သံအား ဂရုပင်မစိုက်ဟန်ဖြင့် ဓားချီများကိုသာ ဆက်လက်ချေဖျက်နေလေသည်။ ပိုင်လီချွီးမှာ အနည်းငယ်မျှ တွေးတောလိုက်ပြီးနောက် အံကိုကြိတ်ကာ မိစ္ဆာသတ်ဓားစက်ဝန်းအား ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ယူငင်ရန် ဆုံးဖြတ်လိုက်သည်။
ဝုန်း....
သို့သော် ထိုအချိန်မှာပင် ဇူယွမ်၏ ပုံရိပ်ယောင်ကြီးမှာ ရုတ်ချည်းဆိုသလို လက်ရှိနေရာမှ ပျောက်ကွယ်သွားလေသည်။
ဝှစ်....
ထို့နောက် ပိုင်လီချွီးထံသို့ ပြန်လည်ပျံဝဲနေသော မိစ္ဆာသတ်ဓားစက်ဝန်း၏ လမ်းခုလတ်၌ ပေါ်ထွက်လာ၏။ ပုံရိပ်ယောင်ကြီးမှာ လက်တစ်ဖက်အား ဆန့်တန်းလျက် မိစ္ဆာသတ်ဓားစက်ဝန်းအား ဖမ်းချုပ်လိုက်လေသည်။
"လွှတ်ပေးစမ်း။" ပိုင်လီချွီးမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်းဖြင့်ပင် မိစ္ဆာသတ်ဓားစက်ဝန်းအား ဓားချီများစွာ ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။
သို့သော် ထူးခြားဆန်းကြယ်လှသည့် ပုံရိပ်ယောင်ကြီးအား အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်းမရှိပဲ ဖြစ်နေရ၏။
အဝေးတွင်ရှိနေသော ဇူယွမ်မှာ ပုံရိပ်ယောင်ကြီး၏ ပုခုံးပေါ်သို့ ဖြည်းညင်းစွာ ပျံဝဲဆင်းသက်လာလေသည်။
"မိစ္ဆာသတ်ဓားစက်ဝန်းကို လွှတ်ပေးလိုက်စမ်း။" ပိုင်လီချွီးမှ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။
ဇူယွမ်မှာ မထီမဲ့မြင်ပြုစွာ ရယ်မောလိုက်ပြီးနောက် ရွှေရောင်ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေကာ ပုံရိပ်ယောင်အတွင်းသို့ စီးဝင်စေလိုက်သည်။
ထို့နောက် ဇူယွမ်မှ ပြုံးကာပြောလိုက်သည်။ "စွမ်းအားကြီးလှပါတယ်ဆိုတဲ့ မိစ္ဆာသတ်ဓားစက်ဝန်းကလည်း မင်းလက်ထဲရောက်မှ တော်တော်စုတ်ပြတ်သပ်နေတာပဲ။ မင်းက ဒီကျင့်စဉ်နဲ့ လုံးဝမထိုက်တန်ဘူး။"
ပုံရိပ်ယောင်ကြီး၏ လက်နှစ်ဖက်မှာ ရွှေရောင်များ လင်းလက်တောက်ပလာလေသည်။ အဆုံးတွင်မူ လက်နှစ်ဖက်အားဆန့်ထုတ်ကာ မိစ္ဆာသတ်ဓားစက်ဝန်းအား ပြင်းထန်စွာပင် ရိုက်ချလိုက်၏။
ဝုန်း....
ကျယ်လောင်လှသော အသံကြီးအား ကြားလိုက်ရပြီးနောက် ပြင်းထန်လှသော စွမ်းအင်ဖိအားများမှာလည်း နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားလေသည်။
ခရက်....
ထို့နောက် ပိုင်လီချွီး၏ မိစ္ဆာသတ်ဓားစက်ဝန်းမှာ စတင်ကွဲအက်လာရပြီးနောက် အပိုင်းပိုင်းအစစ ကြေမွသွားတော့၏။
ဇူယွမ်၏ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်မှာ ပိုင်လီချွီး၏ မိစ္ဆာသတ်ဓားစက်ဝန်းအား ဖျက်စီးလိုက်ပြီပင် ဖြစ်လေတော့သတည်း။