← Chapters

သူပရိယာယ် သုံးတာ

Vol. 1 Ch. 86

သူပရိယာယ် သုံးတာ

Vol. 1 Ch. 86

သင်တန်းကျောင်းသည် အင်အားသုံး၍ အနိုင်ကျင့်ခြင်းကို တားမြစ်ထားပြီး သတ်ဖြတ်ခြင်း ကိုလည်း တားမြစ် ထားသည်။ တစ်ယောက်ယောက်ကသာ စည်းကမ်း ဖောက်ဖျက်ခဲ့ပါလျှင် မည်သူပင် ဖြစ်နေပါစေ ကွပ်မျက်ခံရမည်မှာ အသေအချာ။ သင်တန်းကျောင်းသည် ကြီးမားလွန်းရာ ကျောင်းသားပေါင်း များစွာ ရှိလေသည်။ ချမ်းသာသူများလည်း ရှိသလို ပါရမီရှင်များလည်း ပေါများ လွန်းသည်။ ထို့ကြောင့် ပဋိပက္ခ တစ်ခုခု ဖြစ်လာလျှင် ဖြေရှင်းနိုင်ရန် တိုက်ပွဲ ကွင်းပြင်တစ်ခု ထားရှိ ပေးလေသည်။

တိုက်ပွဲကွင်းပြင်သည် တောက်ဘက် အဆောင်ဝန်း၌ တည်ရှိသည်။ ယှဉ်ပြိုင် တိုက်ခိုက်မည့်သူ နှစ်ဦးနှစ်ဖက်သည် သေခြင်း ရှင်ခြင်း စာချုပ်တွင် လက်မှတ်ထိုးရန် ဆန္ဒရှိပါက တိုက်ပွဲသည် တစ်ဦး တစ်ယောက်၏ သေခြင်းကိုပင် ဆုံးဖြတ် ပေးနိုင်လေသည်။ ပြိုင်ပွဲဝင် တစ်ယောက်သည် မသန်မစွမ်း ဖြစ်သွားအောင် အရိုက် ခံရလျှင်တောင် သင်တန်းကျောင်းသည် လျစ်လျူ ရှုထားပေးလိမ့်မည် ဖြစ်သည်။

ကျန်းရီနှင့် ထိုကျောင်းသားသည် ခန်းမကြီး၏ အပြင်ဘက်သို့ ထွက်လာကြလေသည်။ ကျန်းရီသည် သာမန်ကျောင်းသား တစ်ယောက်ကို ချည်းကပ်ကာ ခရမ်းရောင်ရွှေ တစ်တေးလ် ပေး၍ အနောက်ဘက် အဆောင်ရှိ ချမ်ဝမ်ကွမ်ကို အကြောင်း ကြားခိုင်း လိုက်လေသည်။ သူ့ပြိုင်ဘက်သည် နောက်ခံအင်အား တောင့်တင်းဟန် ရလေသည်။ ကျင့်ကြံခန်း အတွင်းရှိ ဆရာသည်ပင် ထိုတစ်ယောက်ဘက် ပါနေသည်။ ထို့ကြောင့် ကျန်းရီသည် သတိထားရန် လိုနေသည်။

"အစ်ကိုချန် ... ဒီကောင်လေးက တိုက်ခိုက် ချင်နေပြီး အမှတ်သုံးရာ အလောင်းအစား လုပ်ထားတယ် ... မှတ်တမ်း တင်ထားပေးပါ"

ကျန်းရီ၏ ပြိုင်ဘက်သည် တိုက်ပွဲစင်မြင့် အနီးရှိ အစောင့် တစ်ယောက်ထံ သွားကာ ခပ်ကျယ်ကျယ် ပြောလိုက်လေသည်။

ကျန်းရီသည် ထိုလူနှစ်ယောက်ကို အေးစက်စက် စိုက်ကြည့်နေရင်း သူချမ်ဝမ်ကွမ်ကို အကြောင်း ကြားမိသည်မှာ မှန်သည်ဟု တွေးနေခဲ့သည်။ အစောင့်များတောင် သိသော ကျောင်းသားများသည် အရေးပါသော အဆင့်အတန်း တစ်ခု ပိုင်ဆိုင် ရပေမည်။

"သူလား"

အစောင့်သည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး မယုံနိုင်ဟန် ပေါက်သွားလေသည်။ ထို့နောက် သူသည် ရယ်မောကာ ခေါင်းညိတ်လိုက်သည်။

"အစ်ကိုကျန်းစွန်း ... ဝင်သွားပါ ... ဆရာဖုန်း အထဲမှာ ရှိတယ် ... သူက မျက်မြင်သက်သေ လုပ်ပေးလိမ့်မယ်"

အစ်ကိုကျန်းစွန်း ... ကျန်းစွန်း ဂိုဏ်းသားလား။

ကျန်းရီ၏ စိတ်သည် ချောက်ချား သွားခဲ့သည်။ သူသည် ထိုလူ၏ အဆင့်အတန်းမှာ မြင့်မား လောက်သည်ဟု ခန့်မှန်း ထားသော်လည်း ကျန်းစွန်းဂိုဏ်းသား တစ်ယောက် ဖြစ်နေမည်ဟု မထင်ထားခဲ့ပေ။ ရှန်ဝူနိုင်ငံတော်ရဲ့ နံပါတ်တစ်ဂိုဏ်း ... သူတို့၏ ဂိုဏ်းသည် ကျန်းဂိုဏ်းထက်ပင် အဆင့်အတန်း မြင့်မားသေးသည်။ တော်ဝင်မျိုးနွယ်တွင် ဧကရာဇ်၏ မယ်တော်ကြီး၊ ဧကရီ၊ အိမ်ရှေ့ မင်းသမီးနှင့် ကျန်းပိုင်လီ၏ အမျိုးသမီးတို့ အားလုံးသည် ကျန်းစွန်းဂိုဏ်းမှ ဖြစ်ကြပေသည်။

အခြေအနေများသည် ဤအခြေအနေ ရောက်နေမှတော့ ကျန်းရီ နောင်တ မရတော့ပေ။ သူသည် ကျန်းစွန်းဂိုဏ်းမှ သခင်လေးနှင့် ယှဉ်လျှောက် လာခဲ့လိုက်သည်။ အမှတ်သုံးရာနှင့် အလောင်းအစား လုပ်သည်ဟူသော သတင်းကို ကြားလျှင် ကျောင်းသားတို့သည် စိတ်လှုပ်ရှား သွားကြသည်။ သူတို့သည် ချက်ချင်းပင် တိုက်ပွဲကို စောင့်ကြည့်ကြရန် ရောက်ရှိ လာကြလေသည်။

တိုက်ပွဲ ကွင်းပြင်သည် ကျယ်ပြန့် လွန်းသည်။ ကွင်းပြင်အလယ်တွင် ခန်းမကျယ်ကြီး တစ်ခုရှိပြီး စက်ဝိုင်းပုံ ရှိလေသည်။ တိုက်ပွဲစင်မြင့် ထက်တွင် ဆရာတစ်ယောက်သည် တင်ပျဉ်ခွေ ထိုင်၍ မျက်လုံးများ မှိတ်ထား ခဲ့သည်။ သူသည် လူအများ ဆူဆူညံညံနှင့် ရောက်လာကြသည်ကို ကြားသောအခါ မျက်ခုံးတန်းတို့ တွန့်ကွေးသွားခဲ့ပြီး မျက်လုံးများ ပွင့်လာခဲ့လေသည်။

ကျန်းစွန်းဂိုဏ်းမှ သခင်လေးသည် ကျန်းရီ နောက်ဆုတ်သွားမည်ကို အတော်လေး စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူသည် ဆရာကို အမြန် အကြောင်းကြားလိုက်သည်။

"ဆရာဖုန်း ... ဒီကျောင်းသားက ကျွန်တော်နဲ့ အမှတ်သုံးရာ အလောင်းအစား လုပ်ပြီး တိုက်ခိုက်မလို့ပါ ... မျက်မြင်သက်သေ လုပ်ပေးဖို့ တောင်းဆိုပါတယ်"

ဆရာဖုန်းသည် ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး အံ့အားသင့်သွားခဲ့သည်။ သို့သော် သူသည် ဤနေရာတွင် အကြီးအမှူး ဖြစ်သည်။ သင်တန်းကျောင်း၏ စည်းမျဉ်းများအရ နှစ်ဦးနှစ်ဖက် သဘောတူနေသရွေ့ သူဝင်ရောက် စွက်ဖက်မည် မဟုတ်ပေ။ သူသည် တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်လုံး စင်ပေါ်လာလို့ ရပြီ ... ကျောက်စိမ်းပြားတွေ ငါ့ကို ပေးခဲ့ကြ"

သခင်လေး ကျန်းစွန်းသည် စင်ပေါ်သို့ ခုန်တက်သွားကာ ကျောက်စိမ်းပြား တစ်ခုကို ထုတ်၍ ဆရာဖုန်းကို ပေးလိုက်သည်။ သူသည် ကျန်းရီကို အပေါ်စီးမှ ငုံ့ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။

"မြေးလေး ... တက်လာခဲ့လေ ... အခုမှ ကြောက်နေတာလား"

ကျန်းရီ၏ အမူအရာကြောင့် လူအုပ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်လာရလေသည်။ သူသည် တွန့်ဆုတ်နေသည့်ဟန် ရှိကာ နောက်ဆုံးတွင် အံကြိတ်၍ စင်ပေါ်သို့ ခုန်တက်သွားခဲ့သည်။ သူဟန်ဆောင်နေသည်မှာ အသေအချာပင်။ သူသည်လည်း ကျောက်စိမ်းပြားကို ဆရာဖုန်းထံ ကမ်းပေးလိုက်သည်။

"နှစ်ယောက်လုံးမှာ အမှတ်တွေ အလုံအလောက် ရှိတယ်"

ဆရာဖုန်းသည် လက်မှ အတွင်းအချို့ ထုတ်လွှတ်လိုက်ကာ ကျောက်စိမ်းပြားကို စစ်ဆေးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဒါငါ နောက်ဆုံးအကြိမ် မေးခြင်းပဲ ... ကျန်းစွန်းဖေးဟူ ... ကျန်းရီ ... မင်းတို့နှစ်ယောက် တိုက်ခိုက်ချင်တာ သေချာလား ... အမှတ်သုံးရာကို အလောင်းအစား လုပ်မှာ ကရော သေချာလား"

"သေချာပါတယ်"

ကျန်းစွန်းသခင်လေးသည် နည်နည်းလေးတောင် တုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။ သို့သော် သူသည် မကြာခင်မှာပင် 'ကျန်းရီ'ဟူသော နာမည်ကို ပြန်ကြားယောင်ကာ မျက်မှောင် ကျုံ့လိုက်မိသည်။ ကျောက်စိမ်းပြားတွင် အမှတ်အသားများ ရှိရာ ဆရာဖုန်းသည် ကျန်းရီ၏ နာမည်ကို သိလေသည်။

ကျန်းရီသည်လည်း အံကြိတ်၍ ပြောလိုက်သည်။

"သေချာပါတယ်"

"ကောင်းပြီ ... ပြိုင်ပွဲစလို့ရပြီ"

ဆရာဖုန်းသည် စင်မြင့်ထက်မှ ခုန်၍ ဆင်းလိုက်ကာ အော်ပြောလိုက်သည်။

"ပြိုင်ပွဲက တစ်ယောက်ယောက် စင်ပေါ်က ပြုတ်ကျရင်ဖြစ်ဖြစ် အရှုံးပေးလာရင် ဖြစ်ဖြစ် ပြီးဆုံးမယ် ... သတ်ဖြတ်ခြင်းကို တားမြစ်တယ် ... အနိုင်ရသူက အမှတ်သုံးရာ ရမယ်"

တိုက်ပွဲစင်မြင့်၏ အနီးမှ ကျောင်းသားများစွာ တို့သည် စိတ်လှုပ်ရှား လာကြသည်။ အမှတ်သုံးရာ ဟူသော ပမာဏသည် ပေါ့သေးသေး မဟုတ်ပေ။ ပို၍ စိတ်ဝင်စားစရာ ကောင်းသည်ကား နှစ်ဖက်၏ အင်အားများသည် အလွန်အကျွံ ကွာခြားနေခြင်းပင် ဖြစ်သည်။

"မြေးလေး ... တိုက်ခိုက်လေ ... ဖိုးဖိုးက မင်းကို ဆယ်ကွက် အသာပေးလိုက်မယ်"

ကျန်းရီစင်ပေါ်သို့ ရောက်လာသည်နှင့် အမှတ်သုံးရာကို ကျန်းစွန်းဖေးဟူ အပိုင်ရပြီ ဟူသော လူအုပ်၏ အမူအရာများကို မြင်လိုက် ရလေသည်။

"ဝှစ်"

ကျန်းရီသည် ဒူးတစ်ဖက်ကို ကွေးလိုက်ကာ ကျည်ဆံ တစ်တောင့်ကဲ့သို့ ပြေးဝင်သွားခဲ့ရင်း ဝတ်ရုံအတွင်းရှိ အစိမ်းရောင်ဓားကို ဆွဲထုတ်လိုက်သည်။ သူ၏ လက်တစ်ချောင်းသည် ဓားအရိပ်သုံးခု ဖြစ်ပေါ်သွားကာ ကျန်းစွန်းဖေးဟူထံ တိုးဝင်သွားခဲ့လေသည်။

"လက်နက် ... ငါ့မှာလည်း တစ်ခုရှိတယ်"

ကျန်းစွန်းဖေးဟူ၏ အမူအရာသည် ပြောင်းလဲမသွားခဲ့ပဲ ဝတ်ရုံအတွင်းမှ ကွေးနိုင်သော ဓားအပျော့ကို ဆွဲထုတ် လိုက်လေသည်။ ဓားအလင်းသည် ဖြာထွက်လာကာ ကျန်းရီ၏ ဓားအရိပ် သုံးခုကို ရင်ဆိုင် လိုက်လေသည်။

"မိုးစက်ဓားသိုင်း ... အဆုံးမဲ့ နွေဦးမိုးစက်ဓား"

အော်သံတစ်ခုနှင့် အတူ ကျန်းရီ၏ ဓားအရိပ်သုံးခုသည် တစ်ခုတည်း ဖြစ်သွားခဲ့လေသည်။ ဓားသည် အလင်းများ တောက်ပလာကာ ကျန်းစွန်းဖေးဟူ၏ လက်ကောက်ဝတ်ထံ ကျဆင်း လာခဲ့လေသည်။ ဓားသည် အန္တရာယ် ကင်းဟန်ရသော်လည်း တိုက်ခိုက်မှုသည် သေကွင်းသေကွက်သို့ ဦးတည်နေခဲ့သည်။

"ငါနဲ့ ဓားသိုင်း ပြိုင်ချင်နေတာလား ... မင်းက အသက်ရှင်ရတာ ငြီးငွေ့နေပြီပဲ"

ကျန်းစွန်းဖေးဟူသည် သူ့ကို လှောင်ပြောင်လာခဲ့သည်။ ဓားပျော့သည် အဆိပ်ရှိ မြွေတစ်ကောင်ကဲ့သို့ ကံတရား၏ ဓားစိမ်းကို လာရောက် ထိခတ်လေသည်။ 'ခလွမ်'ဟူသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျန်းရီ၏ ဓားစိမ်းသည် တွန်းထုတ် ခံလိုက်ရသည်။

"နွေမိုးစက်ရွာသွန်းခြင်း"

ကျန်းရီသည် တစ်ချက်ကလေးတောင် တွေဝေမနေခဲ့ပေ။ သူ၏ ဓားသည် မိုးစက်များရွာသည့်နှယ် ကျန်းစွန်းဖေးဟူကို ပိတ်ဆို့ထားလေသည်။ ကျန်းယွင်ဟိုင် သူ့ကိုပေးခဲ့သော မြေကမ္ဘာအဆင့် သိုင်းကျမ်း 'မိုးစက်ဓားသိုင်း'သည် တိုက်ကွက် လေးခုသာ ပါဝင်သော်လည်း တစ်ကွက်ချင်းစီသည် ကွဲပြားသော တိုက်ခိုက်ရေး ပုံစံတစ်ခု ပါဝင်နေလေသည်။ ကျန်းရီသည် ကနဦးအဆင့်သို့သာ ရောက်ရှိနေခဲ့ပြီး စွမ်းအားအကန့်အသတ် ရှိနေသည်မှာ နှမြောစရာ ကောင်းပေသည်။

"အဆိပ်ပြင်း မြွေနဂါး"

ဓားမိုးကို ရင်ဆိုင်နေရသော်လည်း ကျန်းစွန်းဖေးဟူသည် နောက်ဆုတ် မသွားခဲ့ပေ။ သူ၏ဓားသည် ရုတ်တရက် မာကျောလာကာ ကျန်းရီထံ တိုးဝင်လာခဲ့သည်။

ကျန်းစွန်းဖေးဟူသည် တိုက်ပွဲကို အပိုင်တွက်လိုက်သည်။ ကျန်းရီ၏ ဓားသည် တိုလွန်းနေရာ သူ့ထံ ရောက်မလာခင်တွင် သူ့ဓားသည် ကျန်းရီကို ထိုးစိုက်သွားမည် သူတွက်ဆလိုက်သည်။

"အထီးကျန် ဆောင်းဦးမိုး"

ဓားအရိပ်များသည် ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် ကံတရား၏ ဓားစိမ်းသည် ကျန်းရီ၏ လက်မှ လွတ်သွားခဲ့သည်။ ဓားသည် ဓားပျံတစ်ခုနှယ် ကျန်းစွန်းဖေးဟူထံ ဦးတည်သွားခဲ့သည်။ အထီးကျန် ဆောင်းဦးမိုးစက် သိုင်းကွက်၏ အရှိန်အဝါသည် ကျောချမ်းစရာ ကောင်းလှလေသည်။

"ဟားဟား"

ကျန်းစွန်းဖေးဟူသည် ရယ်မောလိုက်ပြီး ကိုယ်ကို တစ်ပတ်လှည့်၍ ရှောင်တိမ်းလိုက်သည်။ ကျန်းရီ၏ လက်ထဲတွင် ဓားမရှိတော့ရာ သူ၏ တိုက်ခိုက်မှုများသည် အသုံးမဝင်တော့ပေ။ သူသည် အနိုင်ရခြင်းဟူသော နတ်ဘုရားမက သူ့အား လက်ဝှေ့ယမ်းပြနေသည်ဟုပင် ထင်မြင်လာခဲ့သည်။

"ပုံရိပ်ယောင် လက်သီး"

ကျန်းစွန်းဖေးဟူ ရှောင်တိမ်းနေချိန်တွင် ကျန်းရီသည် ရှေ့သို့ ပြေးဝင်လာခဲ့သည်။ သူ့လက်သီးသည် ပုံရိပ်သုံးခုအသွင်သို့ ပြောင်းလဲသွားကာ ကျန်းစွန်းဖေးဟူ၏ လက်မောင်း၊ လက်ကောက်ဝတ်နှင့် ဦးခေါင်းတို့ထံ တိုးဝင်သွားခဲ့လေသည်။

"ဟမ့် ... အဆုံးသတ်လိုက်ပြီ"

ကျန်းစွန်းဖေးဟူသည် ရေရွတ်လိုက်ကာ သူ၏ ဓားပျော့ကို လွှဲယမ်းလိုက်သည်။ ဓားအပျော့သည် မြွေတစ်ကောင်နှယ် ကျန်းရီ၏ လက်ကောက်ဝတ်ထံ တိုးဝင်သွားခဲ့သည်။ တစ်ချိန်တည်း၌ သူ၏ အခြားလက်တစ်ဖက်သည် သံလက်သီးအသွင်သို့ ပြောင်းလဲလိုက်ကာ ကျန်းရီ၏ လက်သီးပုံရိပ် သုံးခုကို တားဆီး လိုက်လေသည်။

"ဟုတ်တယ် ... အဆုံးသတ်ရမယ့် အချိန်ပဲ"

အင်္ကျီလက်အတွင်း မြုပ်နေသော ကျန်းရီ၏ ညာဘက်လက်သည် ထွက်ပေါ်လာခဲ့သည်။ တကယ်တမ်းတွင် ကျန်းစွန်းဖေးဟူသည် ကျန်းရီ၏ အနီးသို့ တိုးကပ်လာသည်နှင့် တိုက်ပွဲသည် အဆုံးသတ်ပြီ ဖြစ်သည်။ ကျန်းစွန်းဖေးဟူသည် စိတ်ကြီး ဝင်လွန်းသည်။ ရန်သူကို အထင်သေးခြင်းသည် မှားယွင်းပေသည်။

"အတွင်းအား ပေါက်ကွဲလက်ဝါး"

ကျန်းရီ၏ လက်ဝါးသည် အနက်ရောင်နှင့် အပြာရောင် အလင်းများ တောက်ပနေခဲ့သည်။ အတွင်းအား များစွာသည် ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။ ကျန်းစွန်းဖေးဟူ၏ ဓားသည် ကျန်းရီကို မထိလိုက်ခင်မှာပင် လူပါ လွင့်စင်သွားခဲ့လေသည်။

"ဘန်း ... "

ကျန်းစွန်းဖေးဟူ၏ လက်သည် သွေးများလွှမ်းသွားကာ အရိုင်းဖြူဖြူများပင် ပေါ်နေခဲ့သည်။ သူ၏ ကိုယ်သည် တိုက်ပွဲ စင်မြင့်ထက်မှ ပြုတ်ကျ သွားခဲ့လေသည်။

"ဟမ်"

ရုတ်တရက် အလှည့်အပြောင်း များကြောင့် စင်အောက်မှ လူများအားလုံး ဆွံ့အ သွားကြလေသည်။

ကျန်းရီက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမ အဆင့်မှာပဲ ရှိသေးတယ် ... ဒီလို အားကောင်းတဲ့ တိုက်ခိုက်မှုကို လုပ်နေနိုင်ပြီလား ... ဒီအင်အားက ခရမ်းရောင် နန်းတော်ရှင် ဒုတိယ အဆင့်လောက် ရှိတယ်လေ ...

ကျန်းစွန်းဖေး ဟူသည် မြေပြင်ပေါ်တွင် လူးလိမ့်၍ အော်ဟစ် နေခဲ့သည်။ သူသည် ကျန်းရီကို စူးစူးရဲရဲ စိုက်ကြည့် နေခဲ့ပြီး အော်ဟစ် လိုက်သည်။

"ဆရာဖုန်း ... ဒါက သူပရိယာယ် သုံးတာပါ ... သူက ရည်ရွယ်ချက် ရှိရှိ သူ့အင်အားတွေကို ဖုန်းကွယ် ထားပြီးတော့ ကျွန်တော့်ကို လှည့်စားတာ ... ဒီတိုက်ပွဲကို အတည် မယူနိုင်ပါဘူး"

***

All Chapters