အနိုင်နဲ့အရှုံး
Vol. 39 Ch. 532
ခရက်...
မိစ္ဆာသတ်ဓားစက်ဝန်း အက်ကွဲသွားသောအခါ၌ ပတ်ဝန်းကျင်တစ်ခွင်လုံးရှိ စောင့်ကြည့်နေသော သူများအားလုံးမှာ ကိုယ့်မျက်စိကိုယ်ပင် မယုံကြည်နိုင်လောက်အောင် အလွန်ပင် အံ့အားသင့်သွားကြရသည်။
ဇူယွမ်သည် ထိုမျှလောက်ထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြချေ။ သို့သော် သူသည်မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် ပိုင်လီချွီး၏ မိစ္ဆာသတ်ဓားစက်ဝန်းအား ချေဖျက်ပြခဲ့လေသည်။
"ဘယ်လိုတွေဖြစ်သွားတာလဲ။" ဓားကပ်ဘေးတောင်ထွတ်၏ စွမ်းရည်ပြည့်ဝသူ တပည့်တစ်ဦးမှ အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ မိစ္ဆာသတ်ဓားစက်ဝန်းအား တစ်စုံတစ်ယောက်မှ ချိုးဖြတ်ပြနိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ယခုကဲ့သို့ အခြေအနေမျိုး မည်သူကမှ မမြင်တွေ့ခဲ့ဖူးပေ။
ဇူထိုက်၊ ကျန်းယန်နှင့် လုယန်းတို့သုံးဦးမှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် တံထွေးများကိုမြိုချလျက် ကောင်းကင်ထက်တွင်ရှိနေသော လူငယ်လေး၏ ပုံရိပ်အား လေးစားကြောက်ရွံ့စွာ ငေးမောကြည့်ရှုမိလိုက်ကြ၏။ လွန်ခဲ့သောတစ်နှစ်ခန့်၌ ကလန်သို့ စတင်ရောက်ရှိလာခဲ့သော ထိုလူငယ်ကလေးသည် ယခုအချိန်၌ မူလသူတော်စင်တောင်ထွတ်၏ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော တပည့်ခေါင်းဆောင်တစ်ဦး ဖြစ်နေပြီပင် ဖြစ်သည်။
စောင့်ကြည့်နေကြသော တပည့်များမှာ ပိုင်လီချွီးအား ကြည့်ရှုလိုက်ကြသည်။ မိစ္ဆာသတ်ဓားစက်ဝန်း ချေဖျက်ခံလိုက်ရသောကြောင့် ၎င်းမှာ အလွန်ပင် သွေးဆုတ်ဖြူရော်နေဟန် ရှိ၏။
"အား...."
အဆုံးတွင်မူ ချီစွမ်းအင်များ ကမောက်ကမဖြစ်ကာ ပါးစပ်အပြည့် သွေးများကို အန်ထုန်လိုက်ရလေသည်။ မိစ္ဆာသတ်ဓားစက်ဝန်းမှာ ပိုင်လီချွီးနှင့် ဆက်နွယ်နေသောကြောင့် ဖျက်စီးခံလိုက်ရသောအချိန်၌ ၎င်းသည်လည်း ဆိုးရွားသော အတွင်းဒဏ်ရာများ ရရှိကုန်ရ၏။
နှုတ်ခမ်းထောင့်မှ သွေးစများ ယိုစီးကျနေလျက်ရှိသော ပိုင်လီချွီးသည် အလွန်ပင် ဒေါသထွက်နေဟန်ဖြင့် ဇူယွမ်အား စူးရဲစွာကြည့်ကာ အော်ဟစ်လိုက်သည်။ "ဇူယွမ်....မင်းငါ့ရဲ့ မိစ္ဆာသတ်ဓားစက်ဝန်းကို ဖျက်စီးရဲတယ်ပေါ့လေ။"
ပိုင်လီချွီးသည် ပြင်ပအကူအညီအား အသုံးပြုကာ မိစ္ဆာသတ်ဓားစက်ဝန်းကို ဖန်တီးခဲ့ရခြင်းဖြစ်သော်လည်း ပြုလုပ်ခြင်း အောင်မြင်ခဲ့လေသည်။ ထို့ကြောင့် အချိန်ကောင်းစွာပေးကာ သူ၏သန့်စင်သော ချီစွမ်းအင်များဖြင့် ပြန်လည်အစားထိုးလိုက်မည်ဆိုပါက တည်ငြိမ်ကောင်းမွန်သော မိစ္ဆာသတ်ဓားစက်ဝန်းအား ရရှိပိုင်ဆိုင်နိုင်မည်ပင် ဖြစ်သည်။
သို့သော် သူခက်ခဲပင်ပန်းစွာ ပြုလုပ်ထားခဲ့ရသော မိစ္ဆာသတ်ဓားစက်ဝန်းသည် ဇူယွမ်၏လက်ထဲ၌ အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားရ၏။ ပိုင်လီချွီးသည် ဒေါသတရားများကြောင့် နှလုံးသွေးများပင် ဆူပွက်နေရလေသည်။
ဇူယွမ်မှာ ပိုင်လီချွီးအား အလေးမထားသော မျက်ဝန်းများဖြင့်ပင် ကြည့်ရှုလိုက်သည်။ ဓားကပ်ဘေးတောင်ထွတ်၏ အမြင့်ဆုံးကျင့်စဉ်ဖြစ်သော မိစ္ဆာသတ်ဓားစက်ဝန်းသည်ပင် ပျက်စီးသွားရပြီဖြစ်သောကြောင့် တိုက်ပွဲ၏ အနိုင်အရှုံးမှာလည်း ထင်ရှားနေပြီပင် ဖြစ်၏။
၎င်းတို့နှစ်ဦးလုံးမှာ သက်ဆိုင်ရာတောင်ထွတ်များမှ ပိုင်ဆိုင်ထားသော ကန်ရွှမ်းသိုင်းကျမ်းအား ကျင့်ကြံလေ့ကျင့်ခဲ့ပါသော်လည်း ပိုင်လီချွီး၏ မိစ္ဆာသတ်ဓားစက်ဝန်းသည် ဇူယွမ်၏ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်အား ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။
အဘယ့်ကြောင့်ဆိုသော် ဇူယွမ်၏ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်မှာ ပိုင်လီချွီးကဲ့သို့ ပြင်ပအကူအညီအား ရယူကာ ပြုလုပ်ထားခြင်း မဟုတ်သောကြောင့်ပင် ဖြစ်သည်။
"ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ခေါင်းဆောင်ပိုင်လီချွီး မင်းဘာသာမင်း ပြိုင်ပွဲကနေ ထွက်သွားမလား။ ဒါမှမဟုတ် ငါကိုယ်တိုင် လာထုတ်ပေးရမလား။" ဇူယွမ်မှ မထီမဲ့မြင်ပြုစွာ မေးမြန်းလိုက်သည်။
ပိုင်လီချွီး၏ အမူအရာမှာ ခက်ထန်သွားရပြီးနောက် အဝေးတွင် တိုက်ခိုက်နေကြသော ခုန်းရှန်နှင့် ကျောင်းဇူအား ကြည့်ရှုလိုက်၏။ လက်ရှိအချိန်၌ ၎င်းတို့နှစ်ဦးမှာလည်း အကြိတ်အနယ် တိုက်ခိုက်နေကြရပြီး သူ့အား အကူအညီပေးနိုင်မည့်ဟန် အနည်းငယ်မျှ မရှိနေပေ။
ထို့အပြင် ယခုသူ၏ အခြေအနေမှာလည်း ဇူယွမ်အား မည်သို့မျှ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ချီစွမ်းအင်များ ဖောက်လွဲဖောက်ပြန်ဖြစ်နေသောကြောင့် အတော်ပင် ဆိုးရွားနေပြီ ဖြစ်၏။
ပိုင်လီချွီးမှာ အနည်းငယ်မျှ တွေးတောချိန်ဆလိုက်ပြီးနောက် လျင်မြန်လှသောအရှိန်ဖြင့် တစ်ချိုးတည်း ထွက်ပြေးလေတော့သည်။ သူသည် ဇူယွမ့်ထံမှ ဦးစွာပုန်းကွယ်လိုက်ပြီးမှ ပြန်လည်လက်စားချေရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
အခြားတောင်ထွတ်များမှ လာရောက်စောင့်ကြည့်နေကြသော တပည့်များမှာ ပိုင်လီချွီး၏ ရုတ်တရက်လှုပ်ရှားမှုအား မြင်တွေ့လိုက်ရပြီးနောက် တွေဝေကုန်ကြလေသည်။ မည်သူကမှ ပိုင်လီချွီးသည် ထိုသို့ထွက်ပြေးပုန်းကွယ်ခြင်းပြုလိမ့်မည်ဟု ထင်မှတ်မထားကြပေ။ စင်စစ်အားဖြင့် တပည့်ခေါင်းဆောင်တစ်ဦး၏ မာန်မာနရှိသင့်ပေ၏။
ဇူယွမ်မှာ ထွက်ပြေးတိမ်းရှောင်သွားသော ပိုင်လီချွီး၏ပုံရိပ်အား မြင်တွေ့လိုက်ရပြီးနောက် အေးစက်စွာပင် စကားဆိုလိုက်သည်။ "အခုအချိန်ထိ အရှုံးမပေးသေးဘူးပေါ့လေ....အဟက်။".
ထို့နောက် ဇူယွမ်၏ပုံရိပ်မှာ ရုတ်ချည်းဆိုသလိုပင် ပိုင်လီချွီးရှေ့သို့ ရောက်ရှိသွားတော့သည်။ သူသည် အညှာအတာကင်းမဲ့သော မျက်ဝန်းများဖြင့် ပိုင်လီချွီးအား ပြင်းထန်စွာ လွှဲရိုက်လိုက်၏။
"အား....."
ကျယ်လောင်လှသော အော်ဟစ်သံတစ်ခုသည် ပတ်ဝန်းကျင်တစ်ခွင်လုံးအား ပဲ့တင်ထပ်သွားလေသည်။
ဘုန်း......
လက်ရှိအချိန်တွင် ပိုင်လီချွီးထံ၌ ဇူယွမ်၏ တိုက်ခိုက်မှုများအား ပြန်လည်ခုခံနိုင်သောအင်အားမျိုး ရှိမနေပေ။
ဒုန်း....
ဇူယွမ်၏လက်ဝါးမှာ ပိုင်လီချွီး၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာပင် ကျဆင်းသွား၏။
"အား...."
ပိုင်လီချွီးမှာ ပါးစပ်အပြည့် သွေးများကို အန်ထုတ်လိုက်ရပြီးနောက် အမြှောက်ဆံတစ်ခုအလား အဝေးသို့ လွင့်ထွက်သွားရလေသည်။
ဝုန်း.....
ပိုင်လီချွီးခန္ဓာကိုယ်နှင့် ရိုက်ခတ်မိသွားသော မြေပြင်မှာ ပေသောင်းကျော်မျှရှိသော အပေါက်ကြီးတစ်ခုပင် ဖြစ်ပေါ်သွားရ၏။
"ဒါ....ဒါ...ဘယ်လိုဖြစ်နိုင်မှာလဲ။"
ပိုင်လီချွီးမှာ မျက်ဝန်းများပြူးကျယ်စွာဖြင့် ကောင်းကင်ထက်တွင်ရှိနေသော ဇူယွမ်အား မယုံကြည်နိုင်စွာပင် ကြည့်ရှုနေမိသည်။ သို့သော် မျက်စိတစ်မှိတ်စာမျှ အချိန်အတွင်းမှာပင် သူ၏အားအင်များ ကုန်ခမ်းသွားရလေသည်။
ယခုအချိန်ထိပင် ပိုင်လီချွီးမှာ ဇူယွမ်အား ရှုံးနိမ့်ခဲ့ရခြင်းအပေါ် မယုံကြည်နိုင် ဖြစ်နေရ၏။ ဇူယွမ်ဆိုသည်မှာ သူအစဉ်အမြဲ အထင်သေးလာခဲ့သော မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်တစ်ဦးမျှသာ ဖြစ်သည်။
ပိုင်လီချွီးမှာ မယုံကြည်နိုင်ခြင်းများစွာဖြင့် မျက်ဝန်းများကို မှိတ်လိုက်ပြီးနောက် မကြာမီမှာပင် မူလရေကန်၏အပြင်ဖက်သို့ ပို့ဆောင်ခြင်း ခံလိုက်ရလေသည်။ ယခုဆိုလျှင် ၎င်းမှာ ပြိုင်ပွဲအတွင်းမှ ထွက်ခွာသွားရပြီပင် ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေရ၏။
အခြားတောင်ထွတ်များမှ လာရောက်စောင့်ကြည့်နေကြသော တပည့်များမှာလည်း အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ကောင်းကင်ထက်တွင်ရှိနေသော လူငယ်လေး၏ ပုံရိပ်အား ကြည့်ရှုနေမိကြသည်။ ဓားကပ်ဘေးတောင်ထွတ်နှင့် မူလသူတော်စင်တောင်ထွတ်တို့၏ တပည့်ခေါင်းဆောင်နှစ်ဦး ယှဉ်ပြိုင်တိုက်ခိုက်သည့်ပွဲမှာ အနိုင်အရှုံး သဲကွဲသွားခဲ့ပြီပင် ဖြစ်သည်။
မည်သူကမှ အနိုင်ရရှိမည့်သူသည် ဇူယွမ်ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားသောကြောင့် အလွန်ပင် အံ့အားသင့်နေကြရ၏။ တိုက်ပွဲအာ ကြည့်ရှုနေခဲ့သော သူများအားလုံးမှာ ဇူယွမ်အား လေးစားကြောက်ရွံ့သော မျက်ဝန်းများဖြင့် ကြည့်ရှုလိုက်ကြသည်။ ယခုတစ်ကြိမ်တွင်လည်း ဇူယွမ်မှာ တိုက်ပွဲအလှည့်အပြောင်းများအား ပြုလုပ်နိုင်ခဲ့လေသည်။ သူသည် အမှန်တကယ်ပင် ထူးခြားလှ၏။ မူလသူတော်စင်တောင်ထွတ်အတွက် ဇူယွမ်ကဲ့သို့သော တပည့်ခေါင်းဆောင်တစ်ဦး ရရှိထားခြင်းမှာ အမှန်တကယ်ပင် ကောင်းချီးတစ်ခု ဖြစ်သည်။
ယခုဆိုလျှင် ဇူယွမ်မှာ အခြားသောတောင်ထွတ်များ၏ တပည့်ခေါင်းဆောင်များထက် အင်အားလျှော့နည်းခြင်းမရှိကြောင်း သက်သေပြနိုင်ခဲ့ပြီပင် ဖြစ်လေသည်။
.......
မူလရေကန်၏ အပြင်ဖက်၌
ကလန်ခေါင်းဆောင်ချင်းယန်နှင့် အခြားသော တောင်ထွတ်ဆရာသခင်များ၏ မျက်ဝန်းများမှာ ပြူးကျယ်နေရသည်။
ကလန်ခေါင်းဆောင်ချင်းယန်မှ သက်ပြင်းချကာ ရေရွတ်လိုက်၏။ "အခုလူငယ်လေးတွေက တိုးတက်မှု တော်တော်မြန်ဆန်လာတာပဲ။"
"ဇူယွမ်ရဲ့ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်က ပိုင်လီချွီးရဲ့ မိစ္ဆာသတ်ဓားစက်ဝန်းလိုမဟုတ်ပဲ လုံးဝကို တည်ငြိမ်နေတယ်။ ဒါက အဲ့ကောင်လေးက ပြင်ပအကူအညီမပါပဲ ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကို ဖန်တီးခဲ့တယ်ဆိုတာ ထင်ရှားနေတယ်။ သူကတကယ် ကြိုးစားတဲ့ကလေးပဲ။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူလင်ကျွမ်းအားကြည့်ကာ ပြောလိုက်သည်။
ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူလင်ကျွမ်းသည် ဒေါသတရားများအား ထိန်းချုပ်ထားနိုင်ခြင်းမရှိပဲ အမူအရာမှာ ခက်ထန်နေရ၏။ သူသည် တိုးညင်းသောအသံဖြင့် စကားဆိုလိုက်သည်။ "ကန်ရွှမ်းကလန်တစ်ခုလုံးမှာ ရွှမ်အဖိုးကြီးလောက် ကန်ရွှမ်းသိုင်းကျမ်းတွေကို နားလည်တဲ့သူ ရှိလို့လား။ သူ့အကူအညီသာမပါရင် ဇူယွမ်လိုကောင်မျိုးက ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်ကို ဒီလောက်ခဏလေးနဲ့ တက်မှာမဟုတ်ဘူး။ သူက ဘာတွေများ ထူးခြားနေလို့လဲ။ ဒါရွှမ်အဖိုးကြီးကြောင့်ဆိုတာ ရှင်းနေတာပဲ။"
ကလန်ခေါင်းဆောင်ချင်းယန်မှ လက်ကာပြကာ ပြောလိုက်သည်။ "အဖိုးရွှမ်က ဘယ်လောက်တောင် ခေါင်းမာတဲ့လူလဲဆိုတာ ငါတို့အားလုံး သိတာပဲ။ ငါတို့ ဘယ်လိုပဲ တောင်းဆိုတောင်းဆို သူမလုပ်ချင်ဘူးဆိုရင် ခြိမ်းခြောက်ပြီးပဲပြောပြော၊ တောင်းပန်ပြီးပဲပြောပြော ဘာမှထူးလာမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် အဖိုးရွှမ် လက်ခံလာအောင်လုပ်နိုင်တာကလည်း ဒီကလေးရဲ့ အရည်အချင်းပဲ။ ငါတို့တောင် အဖိုးရွှမ်ကို အဲ့လိုတောင်းဆိုလို့ မရဘူး။"
တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ မည်သည့်စကားမှ ဆက်လက်ပြောဆိုခြင်း မပြုတော့ပေ။ သို့သော် သူ၏အမူအရာမှာ အလွန်ပင် ခက်ထန်နေဆဲသာ ဖြစ်၏။
"ဓားကပ်ဘေးတောင်ထွတ်နဲ့ မူလသူတော်စင်တောင်ထွတ်ရဲ့တိုက်ပွဲက တော်တော်ရှုပ်ထွေးတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် ဒါမျိုးမဖြစ်သင့်တော့ဘူး။ ဓားကပ်ဘေးတောင်ထွတ်ရဲ့ ဆုံးရှုံးနစ်နာမှုတွေကို ငါလည်းနားလည်ပါတယ်။ ဒါပေမယ့် မင်းတို့လုပ်ရပ်တွေ သိပ်မလွန်လာဖို့တော့ ငါအကြံပေးချင်တယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ တောင်ထွတ်ဆရာသခင်လင်ကျွမ်းအားကြည့်ကာ ပြောလိုက်သည်။ ကလန်ခေါင်းဆောင်မှာ ဓားကပ်ဘေးတောင်ထွတ်အား သတိပေးစကားဆိုလိုက်ခြင်းပင် ဖြစ်၏။
ကလန်ခေါင်းဆောင်ချင်းယန်သည် ဓားကပ်ဘေးတောင်ထွတ်၏ အကြံအစည်များအား နှစ်ခြိုက်ခဲ့ခြင်း မရှိပါသော်လည်း မူလရေကန်အတွင်း ဖြစ်ပျက်နေသည်များအား တားဆီးခွင့်မရှိသောကြောင့် မည်သည့်စကားမှ ဝင်ရောက်ပြောဆို၍ မရခဲ့ပေ။ ဓားကပ်ဘေးတောင်ထွတ်၏ ဆရာသခင်ဖြစ်သူလင်ကျွမ်းအား တပည့်များကို တားဆီးပေးရန်အတွက် တောင်းဆိုခဲ့ပါသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရ၏။ ထို့ကြောင့် မူလရေကန်တွင် မူလသူတော်စင်တောင်ထွတ်အား ဖိနှိပ်ပြီးသည့်အချိန်၌ ဓားကပ်ဘေးတောင်ထွတ်၏ ဒေါသများ ပြေပျောက်သွားပါစေဟုသာ မျှော်လင့်ခဲ့ရလေသည်။
သို့သော် မထင်မှတ်ထားစရာကောင်းလောက်အောင်ပင် လူတစ်သောင်းမျှရှိသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာ လူငါးရာနီးပါးသာရှိသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များ၏ ဖိနှိပ်ခြင်းကိုသာ ခံယူလိုက်ရသည်။
ထို့အပြင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူသည်ပင် မူလသူတော်စင်တောင်ထွတ်မှ တပည့်ခေါင်းဆောင်အားရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာသွားရလေသည်။
ယခုအကြိမ်တွင် ရှုံးနိမ့်ခဲ့ရစေကာမူ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များသည် ရပ်တန့်သွားမည့်သူများ မဟုတ်ချေ။
ထို့ကြောင့် ကလန်ခေါင်းဆောင်တစ်ဦးအနေဖြင့် ချင်းယန်မှာ ဓားကပ်ဘေးတောင်ထွတ်အား သတိပေးစကား ဆိုလိုက်ရခြင်းပင် ဖြစ်သည်။ တစ်ဂိုဏ်းတည်းသားချင်း အကြောင်းပြချက် ရေရေရာရာမရှိပဲ ရည်ရွယ်ချက်ရှိစွာ လိုက်လံတိုက်ခိုက်နေသည်မှာ မူလသူတော်စင်တောင်ထွတ်အပေါ် မတရားရာကျလွန်း၏။
တောင်ထွတ်ဆရာသခင်လင်ကျွမ်းမှာ ကလန်ခေါင်းဆောင်ချင်းယန်၏ သတိပေးစကားအား အလိုမရှိပါသော်လည်း ရွေးချယ်စရာ မရှိသောကြောင့် လက်သင့်ခံကြောင်း ခေါင်းညိတ်ပြလိုက်ရသည်။
အဝေးတွင်ရှိနေသော အကြီးအကဲစိန်းထိုက်ယွမ်နှင့် လုစုန့်တို့မှာလည်း ပိုင်လီချွီးရှုံးနိမ့်သွားရခြင်းအပေါ် အလွန်ပင် အံ့အားသင့်နေရလေသည်။
"အဖိုးကြီး...မင်းကတော့ တကယ့်ရတနာလေးကို ရထားတာပဲ။" အကြီးအကဲလုစုန့်မှ အားကျမနာလိုစွာဖြင့် စကားဆိုလိုက်သည်။
မည်သူကမှ ဇူယွမ်သည် နှစ်လမျှသော အချိန်အတွင်းမှာပင် ကြီးမြတ်သောသူတော်စင်စိတ်ဝိဉာဉ်ကျင့်စဉ်အား သင်ယူတက်မြောက်သွားလိမ့်မည်ဟု ထင်မှတ်မထားကြချေ။
စိန်းထိုက်ယွမ်မှာ ကျေနပ်အားရစွာဖြင့် မုတ်ဆိတ်ကိုပွတ်သပ်ကာ ပြုံးနေလေသည်။ ယခုဆိုလျှင် မူလသူတော်စင်တောင်ထွတ်အား မည်သူကမှ အထင်သေးစွာ ဆက်ဆံရဲတော့မည် မဟုတ်ပေ။ ဇူယွမ်ဟူသော တပည့်ကလေးမှာ အမှန်တကယ်ပင် ထူးခြားလှ၏။ စိန်းထိုက်ယွမ်သည် တွေးတောနေရင်းဖြင့် ဇူယွမ်အား အကြိမ်ကြိမ်အခါခါ ကျေးဇူးတင်နေမိသည်။
အနာဂတ်တစ်ချိန်၌ ဤလူငယ်လေးမှာ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးတွင်ပင် အကျော်ကြားဆုံးလူတစ်ဦးဖြစ်လာလိမ့်မည်ဟု ခံစားနေမိ၏။
ကန်ရွှမ်းကလန်၏ မူလသူတော်စင်တောင်ထွတ်မှနေ၍ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်းကဲ့သို့ပင် လောကကြီးအား အုပ်စိုးမည့်သူတစ်ဦး ဖြစ်လာလိမ့်မည်ဟု စိန်းထိုက်ယွမ်မှ တွေးတောနေမိတော့လေသတည်း။