← Chapters

ဓားကပ်ဘေးတောင်ထွတ်၏အဆုံးသတ်

Vol. 39 Ch. 533

ဓားကပ်ဘေးတောင်ထွတ်၏အဆုံးသတ်

Vol. 39 Ch. 533

ဝေါ....ဝေါ.....

ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ရာမိုးရေစက်များ ကျဆင်းလာလေသည်။ အနီးကပ် ကြည့်ရှုမည်ဆိုပါက ထိုမိုးရေစက်များမှာ မူလမှော်စာလုံးများဖြစ်​ကြောင်း တွေ့ရှိရပေလိမ့်မည်။ ထိုမူလမှော်စာလုံးမိုးရေစက်များမှာ တောင်များကိုပင် ပြိုပျက်စေနိုင်သော စွမ်းအင်မျိုးဖြင့် ကျဆင်းလာကြသည်။

ဝုန်း.....

မိုးရေစက်များအား ကြည့်ရှုလိုက်ပြီးနောက် ခုန်းရှန်၏ အမူအရာမှာ ခက်ထန်သွားရလေသည်။ ထို့နောက် လက်အားဝေ့ယမ်းလိုက်သည်နှင့်တကွ ကိုင်ဆောင်ထားသောဓားသွားမှာ ယိမ်းနွဲ့ကခုန်သွားလျက် ဓားပုံရိပ်များစွာအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား ကာကွယ်ထားလိုက်၏။ ဓားပုံရိပ်မှာ ခုန်းရှန်ပေါ်သို့ ကျရောက်လာသော မိုးရေစက်များအားလုံးကို ပြတ်တောက်သွားစေသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်နှင့် မိုးရေစက်တို့  အနည်းငယ်မျှပင် ထိတွေ့သွားခြင်း မရှိချေ။

မိုးရေစက်များမှာ မူလမှော်စာလုံးများ ဖြစ်ရုံသာမက စိတ်ဝိဉာဉ်စွမ်းအင်များပါ ပါဝင်လေသည်။ ထို့ကြောင့် ခန္ဓာကိုယ်နှင့် ထိတွေ့မိပါက စိတ်ဝိဉာဉ်တိုက်ခိုက်ခံရမှု ဖြစ်ပေါ်စေနိုင်၏။ သို့ဖြစ်သောကြောင့် ခုန်းရှန်မှာ မိုးရေစက်များနှင့် ထိတွေ့မှုမရှိစေရန် ကြိုးစားနေရခြင်းပင် ဖြစ်သည်။

ခုန်းရှန်မှာ ခေါင်းကိုမော့လျက် ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "မင်းရဲ့အစီအရင်က ကြောက်ဖို့ကောင်းတယ်လို့ ထင်ရပေမယ့် ငါ့အတွက်တော့ ဘာမှမဟုတ်ပါလား...အဟက်။"

ယောင်ယောင်မှ တည်ငြိမ်စွာပင် စကားဆိုလိုက်၏။ "ဖျက်စီးခြင်းသွေးစက်အနုပညာလေးရှိရုံနဲ့ အရမ်းကို ယုံကြည်ချက်တွေ ပြည့်ဝနေတာပေါ့လေ ဟုတ်လား။"

"အဟင်းဟင်း...နင်ကတော်တော်တော့ ရယ်ရသားပဲနော်။"

"အခုနင့်ရဲ့ဓားကို ကြည့်လိုက်ပါဦး။"

ခုန်းရှန်မှာ ဓားအားကြည့်ရှုလိုက်သောအခါတွင် မျက်ဝန်းအစုံတို့ ကျဉ်းမြောင်းသွားရလေသည်။ အဘယ့်ကြောင့်ဆိုသော် ဓားသွားပေါ်တွင်ရေးဆွဲထားသော သွေးစက်များမှာ မှေးမှိန်နေပြီဖြစ်သောကြောင့်ပင် ဖြစ်၏။

"မိုးရေဖြင့်ဆေးကြောခြင်းမူလမှော်စာလုံးလား။" ခုန်းရှန်မှာ စိတ်နှလုံးများ တုန်ခါသွားရသည်။

"ဒါ..ဒါဆို မင်းရဲ့အစီအရင်က ငါကိုချုပ်နှောင်ထားဖို့မဟုတ်ပဲနဲ့ ဖျက်စီးခြင်းသွေးစက်အနုပညာကို ဖျက်စီးဖို့အတွက်ပေါ့လေ။"

ယောင်ယောင်မှာ အလေးပင်မထားဟန်ဖြင့် ပြောလိုက်သည်။ "ဖျက်စီးခြင်းသွေးစက်အနုပညာက မူလမှော်စာလုံးတချို့ကို ဖျက်စီးနိုင်တယ်။ ဒါပေမယ့် သူ့ကိုဖျက်စီးနိုင်တာကလည်း မူလမှော်စာလုံးပဲလေ။ အဲ့ဒါကြောင့် နင့်ကိုအရမ်းတုံးတယ်လို့ပြောတာ။ အဲ့ဖျက်စီးခြင်းသွေးစက်အနုပညာလောက်နဲ့များ ငါ့ကိုတိုက်ခိုက်ချင်သေးတာလား။"

ခုန်းရှန်မှာ လက်မှိုင်ကျသွားရ၏။ သူသည်တိုက်ပွဲတွင် အနိုင်ရရန် သေချာနေပြီဟု တွေးဆထားခဲ့ပါသော်လည်း အမှန်တရားမှာမူ ယောင်ယောင်၏လှည့်ကွက်အတွင်း၌သာ အလျင်းသင့်သလို ကခုန်နေရခြင်း ဖြစ်နေခဲ့သည်။

ယခုဆိုလျှင် သူအားကိုးခဲ့ရသော ဖျက်စီးခြင်းသွေးစက်အနုပညာမှာလည်း မှေးမှိန်ပျောက်ကွယ်သွားရပြီပင် ဖြစ်၏။

"ကြည့်ရတာ ငါ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ပဲ မင်းကိုတိုက်ခိုက်ရမယ် ထင်ပါတယ်။" ခုန်းရှန်မှာ သက်ပြင်းချလိုက်ပြီးနောက် ချီစွမ်းအင်များအား စတင်ပေါက်ကွဲစေလိုက်သည်။

သူသည် ပထမ၌ ယောင်ယောင်အား ဖျက်စီးခြင်းသွေးစက်အနုပညာဖြင့်သာ အနိုင်ယူရန် တွေးတောခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမအား ရင်ဆိုင်ရသည်မှာ ခုန်းရှန်မှန်းဆထားသည်ထက် အဆပေါင်းများစွာ ခက်ခဲလွန်းလှ၏။ သူမသည်လည်း ဇူယွမ်ကဲ့သို့ပင် ဉာဏ်နီဉာဏ်နက် များပြားလွန်းလှသူ ဖြစ်လေသည်။  ၎င်းတို့နှစ်ဦးမှာ အမှန်တကယ်ပင် လိုက်ဖက်လွန်းပေ၏။

"ပိုင်လီချွီးကိုပဲ အားကိုးရတော့မယ်။ သူသာဇူယွမ်ကို အနိုင်ရရင် ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို ကယ်ထုတ်သွားလို့ရပြီ။ ငါကအလိုက်သင့်လေး တိုက်ခိုက်နေရုံပဲဒီမှာ။"

ယောင်ယောင်မှာ ခုန်းရှန်၏ အတွေးများကို မှန်းဆမိနေသည့်အလား စကားဆိုလိုက်၏။ "ပိုင်လီချွီးကို အားကိုးမယ်လို့ တွေးနေရင်တော့ နင်ငါးပါးမှောက်ပြီ။"

ခုန်းရှန်မှ အေးစက်စွာ မေးမြန်းလိုက်၏။ "မင်းဘာကိုပြောချင်တာလဲ။"

သူသည် ယောင်ယောင်၏ အစီအရင်အတွင်း ပိတ်မိနေသောကြောင့် ပြင်ပပတ်ဝန်းကျင်အား သဲကွဲစွာ မြင်တွေ့ရခြင်း မရှိချေ။

ယောင်ယောင်မှာ စုတ်တံအားလှုပ်ယမ်း၍ အစီအရင်အား အနည်းငယ် ဖွင့်ဟပေးလိုက်၏။ ထိုအခါမှသာ ခုန်းရှန်သည် ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကို မြင်တွေ့ရတော့သည်။ သူသည် ပိုင်လီချွီးနှင့် ဇူယွမ်နှစ်ဦး တိုက်ခိုက်နေသောနေရာအား လျင်မြန်စွာပင် ကြည့်ရှုလိုက်၏။ သို့သော် ၎င်း၏မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားရလေသည်။

အဘယ့်ကြောင့်ဆိုသော် ထိုနေရာ၌ ဇူယွမ်တစ်ဦးတည်းကိုသာ မြင်တွေ့နေရသည့်အပြင် ပိုင်လီချွီး၏ ချီစွမ်းအင်ကိုမျှ အာရုံခံ၍မရနေသောကြောင့် ဖြစ်သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။" ခုန်းရှန်မှာ မြင်တွေ့လိုက်ရသော အ​ခြေအနေအား လက်သင့်မခံနိုင် ဖြစ်နေရ၏။ "ဘာလို့ ပိုင်လီချွီးက ဇူယွမ်ကို ရှုံးသွားရတာလဲ။"

"ဇူယွမ်ဆိုတာ မူလသူတော်စင်တောင်ထွတ်က ဘာမှမဟုတ်တဲ့ ကောင်ပဲလေ။"

"အဲ့ဒါကို ဘာလို့ရှုံးရတာလဲ။"

"တော်တော်အသုံးမကျတဲ့အကောင်။"

ယောင်ယောင်မှာ ခုန်းရှန်၏ အော်ဟစ်ပြောဆိုနေသံများအား အလေးပင်မထားဟန် ရှိ၏။

အချိန်အနည်းငယ် ကြာမြင့်သွားပြီးနောက် ခုန်းရှန်မှာလည်း ယခုကဲ့သို့အော်ဟစ်နေခြင်းမှာ လှောင်ရယ်ဖွယ်ဖြစ်နေသည်ကို သတိပြုမိလာသည်။ မည်သို့ပင်ဆိုစေကာမူ ပိုင်လီချွီးမှာ ဇူယွမ်အား ရှုံးနိမ့်သွားခဲ့ပြီပင် ဖြစ်၏။ ထိုသည်မှာ အမှန်တရားဖြစ်ကာ မျက်စိရှေ့တွင်ပင် မြင်တွေ့နေရသော အခြေအနေ ဖြစ်သည်။  ခုန်းရှန်မှာ အံကိုကြိတ်ကာ ရေရွတ်လိုက်၏။

"ပိုင်လီချွီး...."

"သောက်သုံးမကျတဲ့ အမှိုက်လိုအကောင်။"

"ဘာမှသုံးစားမရဘူး။"

"တောက်...."

ယခုဆိုလျှင် ပိုင်လီချွီးမှာ ဇူယွမ်အား ရှုံးနိမ့်သွားရပြီဖြစ်သဖြင့် ဓားကပ်ဘေးတောင်ထွတ်၏ အခြေအနေမှာ ပိုမိုဆိုးရွားသွားရပြီပင် ဖြစ်သည်။

အဝေးတွင်ရှိနေသော ဇူယွမ်မှာ ခုန်းရှန်နှင့်ယောင်ယောင်တို့အား လှမ်း၍ကြည့်ရှုလိုက်လေသည်။ ဇူယွမ်နှင့် ခုန်းရှန်တို့နှစ်ဦး အကြည့်ချင်းဆုံတွေ့သွားကြ၏။ ဇူယွမ်မှာ ခပ်ဖွဖွပင် ရယ်မောလိုက်ပြီးနောက် မူလသူတော်စင်တောင်ထွတ်၏ တပည့်များရှိရာသို့ ပျံဝဲသွားလေတော့သည်။

ပိုင်လီချွီးအား အနိုင်ရခဲ့ပြီဖြစ်သောကြောင့် ယခုဆိုလျှင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များအား မူလသူတော်စင်တောင်ထွတ်မှ တပည့်များနှင့်အတူ လွတ်လပ်စွာ ထုတ်ပယ်နိုင်တော့မည်ပင် ဖြစ်သည်။

ဓားကပ်ဘေးတောင်ထွတ်မှ တပည့်အချို့မှာ လျင်မြန်စွာပင် ​ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြ၏။ ၎င်းတို့၏ ချီစွမ်းအင်များမှာ ယွမ်ဟောင်ထက် လျော့နည်းခြင်း မရှိကြချေ။ ထိုသူများသည် ဓားကပ်ဘေးတောင်ထွတ်၏ အထူးချွန်ဆုံး တပည့်များပင် ဖြစ်လေသည်။

ဝုန်း...ဝုန်း...

သို့သော် ၎င်းတို့၏ ကြိုးစားမှုများမှာ အချည်းနှီးသာ ဖြစ်လေသည်။ လက်ရှိဇူယွမ်သည် တပည့်ခေါင်းဆောင် ရွေးချယ်ခြင်းအခမ်းအနားကထက် များစွာသန်မာနေပြီပင် ဖြစ်၏။ ယခုအချိန်၌ ယွမ်ဟောင်နှင့်သာ ပြန်လည်တိုက်ခိုက်ရမည်ဆိုလျှင်ပင် ဇူယွမ်မှာ တစ်ချက်တည်းဖြင့် အနိုင်ပိုင်းလိုက်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်အား ရင်ဆိုင်တိုက်ခိုက်ရန် ကြိုးစားကြသော ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာလည်း ပိုင်လီချွီး၏ အခြေအနေကဲ့သို့ပင် ဖြစ်သွားကြရ၏။ ခေတ္တမျှသော အချိန်အတွင်းမှာပင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်အရေအတွက်များစွာမှာ ဇူယွမ်၏လက်ချက်ဖြင့် မူလရေကန်အပြင်ဖက်သို့ ပို့ဆောင်ခြင်း ခံလိုက်ကြရသည်။

အခြားတောင်ထွတ်များမှ စောင့်ကြည့်နေကြသူများမှာ ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းအားခါယမ်းလိုက်ကြ၏။ တိုက်ပွဲအခြေအနေများမှာ မူလသူတော်စင်တောင်ထွတ်ဖက်သို့ လုံးလုံးကျရောက်သွားပြီပင် ဖြစ်၏။ ခုန်းရှန်နှင့်ကျောင်းဇူမှာ အသေအကြေ တိုက်ခိုက်နေကြသောကြောင့် လက်ရှိအချိန်တွင် ဓားကပ်ဘေးတောင်ထွတ်အား ဇူယွမ်၏လက်ထဲမှ ကယ်တင်နိုင်မည့်သူ မရှိတော့ပေ။

ယောင်ယောင်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များရှိရာနေရာသို့ကြည့်ရှုကာ စကားဆိုလိုက်သည်။ "နင်တို့မူလရေကန်ကနေ အလိုက်တသိ ထွက်သွားပေးမယ်ဆိုရင် ငါတို့ဆက်ပြီး ဒုက္ခပေးတော့မှာမဟုတ်ဘူး။"

ခုန်းရှန်မှာ နီရဲနေသော မျက်ဝန်းများဖြင့် အေးစက်စွာ အော်ဟစ်လိုက်၏။ "အိမ်မက်တောင်မမက်နဲ့။"

"ငါတို့ဓားကပ်ဘေးတောင်ထွတ်က အဲ့လောက်လွယ်လွယ်နဲ့ လက်လျှော့မယ်ထင်လို့လား။"

"မင်းတို့မူလသူတော်စင်တောင်ထွတ်က ဘယ်လောက်များ အင်အားကြီးနေတာမို့လို့လဲ။"

ယောင်ယောင်မှ တည်ငြိမ်စွာပင် ပြောလိုက်သည်။ "အင်းလေ။ အဲ့ဒါဆိုလည်း နင်တို့အားလုံးကို ပြိုင်ပွဲကနေ တစ်ယောက်မကျန် ထုတ်ပေးရုံပဲ ရှိတော့တာပေါ့။ ဓားကပ်ဘေးတောင်ထွတ်က ဘာတွေပဲဖြစ်လာဖြစ်လာ အဲ့ဒါနင်တို့ရဲ့ ရွေးချယ်မှုပဲ။"

သူမသည် လက်ထဲတွင်ကိုင်ဆောင်ထားသောစုတ်တံအား လှုပ်ခါလိုက်သည်နှင့်တကွ မူလမှော်စာလုံးများစွာ ဖြစ်တည်လာလေသည်။ လျှပ်စီးနှင့်မီးလျှံများလည်း အတူတကွ ပေါ်ပေါက်လာကာ ပြင်းထန်စွာဖြင့် ပေါက်ကွဲသွား၏။

ဝုန်း....

လျှပ်စီးနှင့်မီးလျှံများမှာ လျင်မြန်လှသောအရှိန်ဖြင့် ခုန်းရှန်ထံသို့ ဦးတည်ပျံဝဲသွား၏။

ခုန်းရှန်မှာ ဒေါသတကြီးဖြင့် ချီစွမ်းအင်များအား ပြင်းထန်စွာပင် ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။

ဝုန်း...

ယောင်ယောင်နှင့် ခုန်းရှန်တို့အကြားရှိတိုက်ပွဲမှာ ဇူယွမ်နှင့် ပိုင်လီချွီးတို့၏တိုက်ပွဲထက် အဆပေါင်းများစွာ သာလွန်ပြင်းထန်လှသည်။

ဤသို့ဖြင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်လိုက်ရပြီးနောက် ခုန်းရှန်မှာ စတင်မောပန်းလာရ၏။ သို့သော် ယောင်ယောင်အား အနည်းငယ်မျှပင် ထိခိုက်အောင် မပြုလုပ်နိုင်သည်သာမက သူမ၏ အနီးသို့ပင်မရောက်ရှိနိုင်သေးပေ။ ဓားကပ်ဘေးတောင်ထွတ်၏ တပည့်များမှာလည်း ဇူယွမ်၏လက်ချက်ကြောင့် အတော်ပင် နည်းပါးနေရပြီ ဖြစ်သည်။

ဓားကပ်ဘေးတောင်ထွတ်သည် ဆုံးရှုံးနစ်နာမှုများစွာ ဖြစ်ပေါ်နေရပြီပင် ဖြစ်သည်။

ယခုအခြေအနေအတိုင်းသာ ဆက်လက်ဖြစ်ပေါ်နေပါက အဆုံးသတ်တွင် ဓားကပ်ဘေးတောင်ထွတ်၌ ရွေးချယ်ခံနှစ်ဦးသည်သာ ကျန်ရစ်နေပေလိမ့်မည်။

"မူလသူတော်စင်တောင်ထွတ်က တကယ်မိုက်တာပဲ။"

"ဟုတ်တယ်နော် လူအင်အားနည်းတယ်ဆိုပေမယ့် လုံးဝအထင်သေးလို့မရဘူး။"

အခြားတောင်ထွတ်များမှ တပည့်များမှာ မူလသူတော်စင်တောင်ထွတ်၏ တပည့်များအား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးမောကြည့်ရှုနေကြသည်။

"ဓားကပ်ဘေးတောင်ထွတ်ကတော့ တော်တော်အရှက်ကွဲရမှာပဲ။"

"မျက်နှာတောင် ပြရဲတော့မယ် မထင်ဘူး။"

ဤသို့ဖြင့်ပင် အချိန်များမှာ ဖြည်းညင်းစွာ ကုန်ဆုံးသွားရ၏။

ဓားကပ်ဘေးတောင်ထွတ်၏ စွမ်းဆောင်ရည်ပြည့်ဝကြသော တပည့်များမှာလည်း အနည်းငယ်မျှသာ ကျန်ရှိကြတော့သည်။ ဇူယွမ်မှာ ထိုတပည့်များအား ဝန်းရံထားသော မူလသူတော်စင်တောင်ထွတ်မှ တပည့်များအားကြည့်ကာ အမိန့်ပေးလိုက်သည်။ "သူတို့အားလုံးကို ပြိုင်ပွဲကနေ ထုတ်ပစ်လိုက်တော့။"

ဝုန်း...

မူလသူတော်စင်တောင်ထွတ်မှ တပည့်များ လှုပ်ရှားတော့မည့် အချိန်မှာပင် ကျယ်လောင်လှသော အသံတစ်ခုအား ကြားလုိက်ရလေသည်။

ဇူယွမ်မှ ကြည့်ရှုလိုက်သောအခါတွင် အဝေးတစ်နေရာမှ ပျံဝဲရောက်ရှိလာကြသော ပုံရိပ်များအား တွေ့ရှိလိုက်ရ၏။

လုယန်းမှာလည်း ထိုပုံရိပ်များအားကြည့်ရှုကာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

"တခြားတောင်ထွတ်ငါးခုက ရွေးချယ်ခံတွေပဲဟေ့။"

ဇူယွမ်မှာ မျက်ဝန်းများ ပြူးကျယ်သွားရလေသည်။ ဓားကပ်ဘေးတောင်ထွတ်အား အဆုံးသတ်တော့မည့် အချိန်မှာပင် အခြားသော တောင်ထွတ်ငါးခုမှ ရွေးချယ်ခံများ ရောက်ရှိလာကြခြင်းပင် ဖြစ်လေတော့သတည်း။

All Chapters