ပန်ဒါဝက်ဝံကို စီးနင်းနေသော အဘိုးအို
Vol. 5 Ch. 65
ဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ချင်ချွမ်းသည် မြေနိမ့်ချိုင့်ကြီးရှိ ထိုနတ်ဆိုးအဘိုးကြီးကို သူ့စွမ်းအားများ ပြန်လည်ကောင်းမွန်အောင် ကူညီပေးရန်အတွက် ချက်ချင်း မသွားရောက်ခဲ့ပေ။ ထိုအစား သူ ဆက်လက်ပြီး စာအုပ်များဖတ်နေခဲ့သည်။
ရွှေ့ချင်းဟန်ဆိုသည့် ထိုကလေးက နတ်ဆိုးအဘိုးကြီးထံမှ အကျိုးအမြတ်အနည်းငယ်မျှ ထပ်မံထုတ်ယူ နိုင်သည်အထိ စောင့်ဆိုင်းရန် စီစဉ်ထားခဲ့၏။ နောက်ဆုံးမှာတော့ ထိုကလေးက အနာဂတ်ချွေးမလေး၏အစ်ကို ဖြစ်နေသည်ပင်။
အကျိုးအမြတ်များကို ပြင်ပလူများဆီသို့ ရောက်စေလို့မဖြစ်ပေ။
ထိုနတ်ဆိုးအဘိုးကြီးထံ၌ မည်ကဲ့သို့အစီအစဉ်များ ရှိနေသည်ဖြစ်စေ၊ အနည်းဆုံးတော့ သူ့ဘက်မှ လူများကို လှည့်စားချင်လျှင် စျေးနှုန်းပေးရန် လိုအပ်သည်။ ထို့အပြင် ရွှေ့ချင်းဟန်ကလည်း တကယ်ပင် အကျိုးအမြတ်တချို့ရရှိခဲ့လေ၏။
ထိုနတ်ဆိုးအဘိုးကြီးက ငါးမျှားနေခြင်းပင်။ ထို့အပြင် ရွှေ့ချင်းဟန်ကလည်း ငါးစာကို ကိုက်နေခြင်း ဖြစ်သည်။
ငါးစာကိုကိုက်ပြီးနောက် ရွှေချင်းဟန် ချိတ်မိသွားသည်ဖြစ်စေ မဖြစ်စေ ထိုကလေး ဘယ်လောက်ထိ လိမ္မာပါးနပ်လဲဆိုသည့်အချက်ပေါ်မှာ မူတည်၏။
သူက ထိုကလေးကို ကြီးထွားရန် အခွင့်အရေးပေးခဲ့သည်။ သို့သော် သူ့ကို မည်သည့်အဖိုးအခနှင့်မျှ ကာကွယ်ပေးမည်ဟု မဆိုလိုပေ။
သူ ထိုမျှအထိ စိတ်အားထက်သန်မှု မရှိပေ။
ဆိုရိုးစကားအတိုင်းပင်။ ဆရာဖြစ်သူက မင်းကို တံခါးဝကနေ ဦးဆောင်ပြသော်ငြား ကျင့်ကြံမှုက တစ်ဦးချင်းစီပေါ်မှာ မူတည်၏။ သူကသာ သူ့ဘာသာသူ လျှောက်ဆော့ပြီး သေဆုံးခဲ့လျှင် သူ့အနေဖြင့် တခြားဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပေ။
မကြာခင်မှာပင် နောက်ထပ်တစ်လ ကုန်လွန်ခဲ့လေသည်။
ထို့အပြင် ယနေ့တွင် နယ်မြေ၏ အဓိကဂိုဏ်းကြီးခြောက်ခုထဲမှ လေနှင့်မိုးကြိုးချိုင့်ဝှမ်းဂိုဏ်း၏ ရွှေအဆင့်ဖိတ်ကြားချက်တစ်ခု ရောက်ရှိလာခဲ့၏။
လေနှင့်မိုးကြိုးချိုင့်ဝှမ်း၌ နှစ်သုံးထောင်ကြာအောင် တည်ရှိခဲ့သော၊ ရာစုနှစ်တွင် တစ်ကြိမ်မျှ အသီးသီးသည့် နွေဦးမိုးကြိုးသစ်သီးပင်သည် နောက်တစ်ကြိမ် မှည့်လာပြီဟု ဆိုသည်။ လေနှင့်မိုးကြိုးချိုင့်ဝှမ်းသည် နယ်မြေ၏ ပါရမီရှင်များအားလုံးကို လေနှင့်မိုးကြိုးချိုင့်ဝှမ်းသို့ နွေဦးမိုးကြိုးစုဝေးပွဲတွင် ပါဝင်ရန် ဖိတ်ကြားခဲ့၏။
တကယ်တော့ ထိုအရာမှာ အခြားပုံစံတစ်မျိုးဖြင့် စုံစမ်းနေခြင်း ဖြစ်သည်။ ထိုဂိုဏ်းက နေကိုးလုံးနယ်မြေရှိ လူငယ်မျိုးဆက်များ၏ ခွန်အားကို မြင် ချင်ရုံသက်သက် ဖြစ်၏။
ထိုဖိတ်ကြားချက်၌ လူဦးရေကန့်သတ်ချက် မရှိပါက စည်းမျဉ်းအတိုင်း ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ သွားရောက်လိုသော မည်သည့်တပည့်မဆို သွားရောက်နိုင်လေသည်။
သို့သော်ငြား ချင်ကျီနှင့် ရွှေ့ချင်းရို တို့ကိုသာ အမည်တပ်၍ ဖိတ်ကြားခဲ့သောကြောင့် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသည် တခြားတပည့်များကို ထပ်မံစေလွှတ်ရန် ရှက်ရွံ့ခဲ့၏။
ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှာလည်း သူတို့၏မာန ရှိနေသေးသည်။
ထိုအရာများက ရိုးရိုးသာမန် နွေဦးမိုးကြိုးသစ်သီးများ ပင် မဟုတ်ပါလော။ ဘာတွေများထူးခြားသနည်း။
ငါတို့ရဲ့ထင်ရှားကျော်ကြားတဲ့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက သစ်သီးလေးနည်းနည်းလောက်ရဖို့ ဒီလောက်ထိ နိမ့်ကျဖို့ မလိုပါဘူး!
ထို့ကြောင့် အကြီးအကဲများကြား ဆွေးနွေးပြီးနောက်မှာ ချင်ချွမ်းသည် အဖွဲ့ကို ဦးဆောင်၍ ချင်ကျီနှင့် ရွှေ့ချင်းရိုတို့ကို လေနှင့်မိုးကြိုးချိုင့်ဝှမ်းသို့ ခေါ်ဆောင်သွားရမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
အပြန်အလှန်ဆက်ဆံမှုများကြောင့် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ အကြီးအကဲများသည် အကြီးအကဲချင်ချွမ်းထံ၌ တော်တော်လေးထူးခြားသော ခွန်အားရှိနေသည်ကို တဖြည်းဖြည်း သဘောပေါက်လာခဲ့ကြ၏။ အကြီးအကဲချုပ် ကျားထျန်းဟယ်ပင်လျှင် သူ့ကို မယှဉ်နိုင်လောက်ပေ။
ဤအရာမှာ သန်မာသူများကို လေးစားသော လောကကြီး ဖြစ်သည်။
ချင်ချွမ်းက ဘာကိုမှ တမင်တကာမလုပ်ဆောင်ပြခဲ့သော်လည်း လူတိုင်းထံ၌ သူတို့၏ ကိုယ်ပိုင်ချိန်ခွင်လျှာများ ရှိကြ၏။ ထို့ကြောင့် သူ့အဆင့်အတန်းက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ခွန်အားမှ ယူဆောင်လာသော အဆင့်အတန်းသည် မည်သည့်ရာထူးနှင့်မှ မနှိုင်းယှဉ်နိုင်ပေ။ ၎င်းသည် လေးစားမှုကို အမိန့်ပေးနိုင်သော မွေးရာပါ ဘုန်းအာနုဘော် ဖြစ်၏။
ကောင်းကင်က ကြည်လင်နေပြီး လေညှင်းကလည်း ညင်သာနေသည်။ ဝါဂွမ်းကဲ့သို့ အဖြူရောင်မိုးတိမ်များက ကောင်းကင်ယံထက် စုပုံနေလေ၏။
တိမ်များကြားတွင် ခန့်ညားထည်ဝါသော ဂဠုန်ငှက်ကြီးတစ်ကောင်က တဟုန်ထိုး ပျံသန်းနေပြီး လျင်မြန်စွာ ရွေ့လျားနေသည်။ ၎င်းက မိုင်ပေါင်းသုံးထောင်ခရီးကို ဖြတ်သန်း၍ အမြင့်မိုင်ပေါင်းကိုးသောင်းအထိ ပျံသန်းနေလေ၏။
ဂဠုန်ငှက်ကြီး၏ ကျောပေါ်တွင် လူသုံးဦးက မတ်တပ်ရပ်နေကြသည်။
ချင်ချွမ်းသည် ရှေ့ဆုံးတွင် သူ့လက်များကို နောက်ပစ် လျက် ရပ်နေပြီး သူ့အရှေ့ကို ပေါ့ပေါ့ပါးပါး ကြည့်နေလေ၏။ သူ၏ အဖြူရောင်ဝတ်ရုံများက လေထဲတွင် လွင့်နေလျက် လောကကြီးကိုပင် ကျော်လွန်နိုင်သော အော်ရာကို ထုတ်လွှတ်နေသည်။
သူ့အနောက်တွင် ချင်ကျီနှင့် ရွှေ့ချင်းရိုတို့သည် အနည်းငယ်ထိန်းချုပ်လျက် ရပ်နေကြ၏။ သူတို့၏ခေါင်းများက အနည်းငယ် စောင်းနေကာ မျက်နှာများက နီမြန်းနေလေသည်။
ဒီနှစ်ယောက်က အချင်းချင်း ခံစားချက်များ ရှိနေသည်မှာ သိသာလှ၏။ ဤကဲ့သို့ မျက်နှာချင်းဆိုင် ရပ်နေရသောကြောင့် ချင်ချွမ်း၏ အကြည့်အောက်တွင် မဖော်ပြနိုင်သော ရှက်ရွံ့သည့်ခံစားချက်ကို ခံစားနေရသည်။
"နွေဦး ရောက်ရှိလာပြီ...အားလုံးက ပြန်နိုးထလာပြီး လေထဲ၌ ဟော်မုန်းအနံ့ များ ပြည့်နှက်နေပြီ...ဒါကရာသီဥတု...."
နက်ရှိုင်းကာ သံလိုက်စက်ကွင်းကဲ့သို့ ဆွဲဆောင်မှုနိုင်သော အဘိုးအို၏ အသံက ချင်ချွမ်း၏ စိတ်ထဲတွင် ရုတ်ချည်း ပဲ့တင်သံထပ်လာ၏။ ၎င်းက သူ့ကိုခေါင်းခါယမ်းကာ ပြုံးစေမိသည်။
ထိုလူငယ်နှစ်ယောက်သည် တစ်ကယ်ပင် ကောင်းကင်ဘုံက ဖန်တီးပေးထားသော တွဲဖက်ဖြစ်၏။ ကံကြမ္မာက ခေါ်လာလျှင် တကယ်တားဆီး လို့ မရနိုင်ပေ။
"ကြည့်! အဲ့ဒါက ဘာကြီးလဲ!"
ချင်ကျီက ရုတ်တရက် အော်လာသည်။ ချင်ချွမ်းသည် ချင်ကျီ ညွှန်ပြနေသော အရပ်ကို ကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်၏။
ထိုမြင်ကွင်းကြောင့် သူ မှင်သက်သွားခဲ့သည်။
သူသည် မြေပြင်ပေါ်တွင် ဖြည်းညှင်းစွာ ရွေ့လျားနေသော အနက်ရောင်အစက်တစ်ခုကို မြင်တွေ့လိုက်ရ၏။ ထို့နောက် နတ်ဘုရားဝိညာဉ်စွမ်းအားဖြင့် ဖြန့်ကျက်ကြည့်လိုက်သောအခါ ပို၍ရှင်းလင်းလာခဲ့သည်။ ၎င်းက ထင်ရှားစွာပင် ပန်ဒါဝက်ဝံတစ်ကောင်ဖြစ်ပြီး အမြင့် နှစ်မီတာကျော် ရှိ၏။ သူ့ကျောပေါ်တွင် ရွှေဝါရောင်ဘူးကြီးတစ်လုံးကို ပိုက်ထားသည့် အရက်မူးနေသော အဘိုးအိုတစ်ဦးကို တင်ဆောင်ထားသည်။
ပန်ဒါဝက်ဝံက တရွတ်တိုက်ဆွဲနေပြီး အနည်းငယ် ယိမ်းယိုင်နေကာ အားမရှိသကဲ့သို့ ဖြစ်နေလေ၏။ ဘယ်အချိန်မဆို လှဲအိပ်ပြီး အိပ်ပျော်သွားနိုင်သည့်အလားပင်။
မျက်နှာနီမြန်းနေပြီး အနည်းငယ် ဝသော ဆံဖြူအဘိုးအိုသည် သူ့အရက်ကိုသောက်ရင်း အရူးကဲ့သို့ ပြုံးနေသည်။
"အရက်ကောင်းပဲ! အရက်ကောင်း…"
ချင်ချွမ်းသည် ထိုအဘိုးအိုက သာမန်လူလား သို့မဟုတ် အတွင်းပိုင်း/အပြင်ပိုင်း၌ စွမ်းအင်အတက်အကျများ ရှိမရှိကို သိရှိရန် နတ်ဘုရားဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့၏။
သို့သော်ငြား ဒါကပင် ကြောက်စရာအကောင်းဆုံး ဖြစ်သည်။
"ကြီးမားလိုက်တဲ့ငှက်ကြီးပါလား"
အဘိုးအိုသည် ချင်ချွမ်း၏ စစ်ဆေးနေခြင်းကို သိရှိနေသကဲ့သို့ မူးမူးရူးရူးဖြင့် သူ့ခေါင်းကို မော့ကာ ယောင်ဝါးဝါး ပြောလာ၏။ ထို့နောက် သူ့အရက်ဘူးကို ဆက်လက်သောက်နေသည်။
ချင်ချွမ်းသည် အောက်ဆင်း၍ ကြည့်ရှုရန် လိုအပ်သည်ဟု ခံစားခဲ့ရ၏။
ဤကဲ့သို့ထူးဆန်းသောလူနှင့် တွေ့ဆုံပြီး မနှုတ်ဆက် ဘဲ နေခြင်းက သူ့နှလုံးသားကို ယားယံစေသည်။ အထူးသဖြင့် ထိုလူက ပန်ဒါဝက်ဝံကို စီးနင်းနေသောကြောင့်ပင်။
"ဆင်းလိုက်"
ချင်ချွမ်းသည် ဂဠုန်ငှက်ကြီးကို ညွှန်ကြားလိုက်၏။ ထို့နောက် ဂဠုန်ငှက်ကြီးသည် ချက်ချင်းပင် အောက်သို့ လှည့်ပတ်ကာ ပန်ဒါဝက်ဝံ၏ အရှေ့တွင် ဆင်းသက် လိုက်သည်။
ဂဠုန်ငှက်ကြီး ဆင်းသက်လာခြင်းကြောင့် ပန်ဒါဝက်ဝံ၏ အနက်ရောင်နှင့် အဖြူရောင်အမွေးများ လှုပ်ရှားသွားသည်မှာ တောမြင်း၏လည်ဆံမွေးနှင့် ဆင်တူလှ၏။
ထို့အပြင် ပန်ဒါဝက်ဝံထံ၌ နှင်းကဲ့သို့ဖြူဖွေးသော မျက်ခုံးနှစ်ခု ရှိနေပြီး နဂါးနှုတ်ခမ်းမွေးများကဲ့သို့ အနောက်ကို လွင့်နေသည်။ ထို့အပြင် မငြိမ်မသက်ဖြစ်နေသော နားရွက်နက်နှစ်ခုကလည်း လေထဲတွင် ရှေ့နောက်လွှဲနေသေး၏။
လေတိုးမှုကြောင့် ပန်ဒါဝက်ဝံသည် မျက်လုံးမှိတ်ကာ သူ့လည်ပင်းကို ကျုံ့၍ သူ့ခေါင်းကို လှည့်လိုက်သည်။
လေအရမ်းတိုက်ကြောင်း ဆိုလိုချင်သည့်သဘောပင်။
"လူငယ် မင်း… ဟတ်ချိုး… ဘာလိုလို့လဲ"
ခပ်ဝဝအဘိုးအိုက ပန်ဒါဝက်ဝံ၏ ကျောပေါ်တွင် နှာချေရင်း သူနှင့်လိုက်ဖက်သော အပြုံးကို ပြသလာ၏။
"အဘိုးရဲ့စီးနင်းရာက ရှားပါးတယ်၊ ဒါက ဘယ်လိုထူးခြားတဲ့သားရဲမျိုးလဲ"
ချင်ချွမ်းသည် အပြုံးဖြင့် မေးလိုက်သည်။
"အိုး! ဒီငပျင်းကို ကွန်ကွန်လို့ ခေါ်တယ်၊ ဒဏ္ဍာရီလာ… သံစားသားရဲလို့ ပြောကြတာပဲ"
အဘိုးအိုက ရယ်မောနေ၏။
"အဘိုးက ကံကောင်းတာပဲ"
ချင်ချွမ်းသည် ပြုံးကာ ပြောလိုက်လေသည်။
"ဟဲဟဲ ဟုတ်တယ်၊ ဒီလိုပြီးပြည့်စုံတဲ့စီးနင်းရာကို ရဖို့ ငါ ဘဝရှစ်ခုလောက် ကောင်းချီးတွေကို စုဆောင်းခဲ့ရတာပဲဖြစ်မယ်!"
အဘိုးအိုသည် မနှစ်မြို့ဖွယ် အတိတ်တစ်ခုကို သတိရသွားသကဲ့သို့ ခါးခါးသီးသီး ခေါင်းညိတ်လာ၏။ သူ့အပြုံးမျက်နှာက အငိုမျက်နှာထက်ပင် ပိုနာကျင်နေပုံရသည်။
ချင်ချွမ်းသည် မည်သည့်အမူအရာမှမပြပဲ ဆက်လက်မေးခဲ့၏။
"ကျွန်တော်က ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ အကြီးအကဲချင်ချွမ်းပါ၊ အဘိုးကို ဘယ်လိုခေါ်ရမလဲ သိခွင့်ပြုပါ"
"ငါလား...ဟဲဟဲ သာမန်လူတစ်ယောက်ပါပဲ၊ ပြောဖို့ မလိုပါဘူး"
အဘိုးအိုက သူ့ကိုယ်သူ ရယ်မောလာသည်။ ထို့နောက် ချင်ချွမ်း၏အနောက်မှ ချင်ကျီနှင့် ရွှေ့ချင်းရိုတို့ကို သေချာကြည့်ကာ ပြုံး၍ ပြောလိုက်၏။
"ဒီကလေးနှစ်ယောက်က မဆိုးဘူး၊ သူတို့ကိုကောင်းကောင်းသင်ကြားပေးလိုက်ပါ၊ ပြီးတော့ သူတို့က ကြီးမြတ်တဲ့ကိစ္စတွေကို အောင်မြင်နိုင်တယ်"
"အဘိုးက လွန်လွန်ကျူးကျူး ချီးမွမ်းလိုက်တာပဲ"
ချင်ချွမ်းသည် ယဉ်ကျေးစွာ ပြန်ဖြေ၍ ပြောလိုက်သည်။
"ကျွန်တော်တို့က ပွဲတစ်ခုအတွက် လေနှင့်မိုးကြိုးချိုင့်ဝှမ်းကို သွားနေကြတာ၊ အဘိုး ကျွန်တော်တို့နဲ့အတူ ပါဝင်ဖို့ စိတ်ပါဝင်စားမှု ရှိလားမသိဘူး"
"ဟားဟားဟား! မင်းတို့လူငယ်တွေရဲ့ကိစ္စတွေ ကို ငါအဘိုးအိုကြီးက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး၊ ကွန်ကွန်က ဖြည်းဖြည်းချင်းပဲ ရွေ့လျားနိုင်တယ်၊ ငါတို့လို အိမ်ခြေမဲ့ခွေးနှစ်ကောင်က သွားချင်တဲ့နေရာကို သွားကြတယ်၊ ငါတို့ ဆက်ပြီး မရွေ့လျားနိုင်တော့တဲ့အခါကျရင် လှဲအိပ်လိုက်ရုံပဲ"
"လူငယ်လေး ကံကြမ္မာက ခွင့်ပြုလာရင် ထပ်တွေ့ကြတာပေါ့"
အဘိုးအိုသည် ချင်ချွမ်းကို လက်ဝှေ့ယမ်းပြကာ ပန်ဒါဝက်ဝံကို စီး၍ ဖြည်းဖြည်းချင်းထွက်သွားသည်။ သူ့ပုံပန်းသဏ္ဌာန်က အနည်းငယ်ရယ်စရာ ဖြစ်နေသော်လည်း တစ်ဖက်တွင် အထီးကျန်ဆန်နေ၏။
"အဖေ အဲ့ဒီအဘိုးကို ကြည့်ရတာ တော်တော်ထူးခြား တာပဲ"
ချင်ကျီက စဥ်းစဉ်းစားစား ပြောလာသည်။
"ထူးခြားသည် ဖြစ်စေ မဖြစ်စေ၊ ဘာအရေးပါလို့လဲ"
ချင်ချွမ်းတစ်ယောက် လျှို့ဝှက်စွာ ပြုံးလိုက်လေ၏။ သူကိုယ်တိုင်လည်း အများကြီး မသိရှိသော်ငြား သူဘယ်တော့မှ မပြသပေ။
မသိရင်တောင် ဟန်ဆောင်လိုက်!
********************