ငြင်းချင်ရင်တောင် ငြင်းလို့မရ
Vol. 5 Ch. 66
နေကိုးလုံးနယ်မြေ၏ အဓိကဂိုဏ်းကြီးခြောက်ခုထဲမှ တစ်ခုဖြစ်သော လေနှင့်မိုးကြိုးချိုင့်ဝှမ်းသည် နာမည်သတင်းကျော်ကြားပြီး ၎င်း၏တောင်တန်းဝင်ပေါက်မှာ ထူးခြားမှုရှိသည်။
"ဝုန်း!"
တောင်ထိပ်ကြီးနှစ်ခုသည် လေနှင့်မိုးကြိုးချိုင့်ဝှမ်း၏အပြင်ဘက်တွင် ဧရာမဘီလူးကြီးနှစ်ကောင်ကဲ့သို့ တည်ရှိနေကြ၏။ အနက်ရောင်တိမ်တိုက်များက တောင်ထိပ်များကြားတွင် ရစ်ဝဲနေပြီး တစ်ခါတစ်ရံမှာ လျှပ်စီးများ လက်နေကာ တကယ်ကို ထူးခြားပေသည်။
၎င်းက မြေမျက်နှာသွင်ပြင်ကြောင့်ဖြစ်သည်ဟု ဆိုကြ၏။
ထူးခြားသောမြေမျက်နှာသွင်ပြင်သည် ဆန်းကြယ်သော သံလိုက်စက်ကွင်းကို ဖန်တီးထားသည်။ ထို့အပြင် ထိုသံလိုက်စက်ကွင်းက ကောင်းကင်မိုးကြိုးကို ဖြစ်ပေါ်စေပြီး ဤကဲ့သို့ ခမ်းနားသောမြင်ကွင်းကို ဖြစ်ပေါ်စေလေ၏။
ယခုအချိန်တွင် တောင်တန်းဝင်ပေါက်၏အပြင်ဘက် ၌ လေနှင့်မိုးကြိုးဂိုဏ်း၏ တပည့်တစ်ရာကျော်သည် ဘေးနှစ်ဖက်နှစ်ချက်စီတွင် ရပ်နေကြပြီး ကြိုဆိုရေးပုံစံကို ဖန်တီးထားကြသည်။
ကောင်းကင်ယံမှ လူအပေါင်းက စဉ်ဆက်မပြတ် ဆင်းသက်နေကြ၏။
"ညီအစ်ကိုရီထျန်း မတွေ့ဖြစ်တာကြာပြီ"
"ဟားဟား ညီအစ်ကိုလျန်ချန်း မင်းလည်း ရောက်လာတာလား၊ နောက်ဆုံးတော့ မင်းရဲ့ဒေသခံအထောက်အထားကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီလား"
"ဟားဟားဟား ညီအစ်ကိုရီထျန်း မင်းက နောက်နေတာပဲ"
"ဪ ဒါက ညီအစ်ကို'ကုန်း' မဟုတ်လား၊ ညီအစ်ကိုကုန်းက တောင်တွေမှာ 'စပါး'ဓားကျွမ်းကျွင်မှုရဲ့ နည်းလမ်းငါးသွယ်ကို လေ့လာနေတယ်လို့ ကောလာဟလ ထွက်ထားတယ်၊ ဒီနေ့မှာ သူက ထွက်လာဖို့ ဆန္ဒရှိတယ်လား"
"ငါ… တစ်ခါတစ်ရံမှ တောင်တွေထဲကနေ ထွက်လာတတ်တာပါ"
"ညီအစ်ကိုဖန် မင်း ငါ့ကိုမှတ်မိရဲ့လား"
"မင်းက…"
ထိုလူများသည် ဂိုဏ်းပါရမီရှင်များ၊ မိသားစုအမွေခံများနှင့် လွတ်လပ်စွာကျင့်ကြံသူများအပါအဝင် နယ်မြေတစ်ဝှမ်းမှ အနည်းငယ် နာမည်ကြီးကြသော လူများဖြစ်၏။
နေကိုးလုံးနယ်မြေက ကျယ်ပြန့်သည်။ ထို့အပြင် နေကိုးလုံးနယ်မြေ၏ ပါရမီရှင်များမှာ အဓိကဂိုဏ်းကြီးခြောက်ခု၏ လူငယ်များကိုသာ ကိုယ်စားပြုထားခြင်း မဟုတ်ပေ။
ရုတ်တရက်ပေါ်ပေါက်လာပြီး နေရာတစ်ခု၌ မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ကာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သော ပါရမီရှင်များက မကြာခဏ ရှိတတ်၏။
ထိုကဲ့သို့လူများက အမြဲတမ်းရှိခဲ့ပြီး တော်တော်လေး များပြားသည်။ သူတို့က တိတ်တဆိတ်ပင် ကြီးထွားကြလေ၏။
သူတို့အတွက် ရံဖန်ရံခါ ထင်ပေါ်အောင် နေမိခြင်းက အမှားပင်။
မတော်တဆ ကိုယ့်ကိုယ်ကိုယ် ဖော်ထုတ်မိခြင်းသည် သစ်တောထဲမှ ထူးခြားသောသစ်ပင်ကို လေက ဆွဲချလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။
ထိုကဲ့သို့ကြီးမားသောပါရမီရှင်များစွာသည် နိမ့်ကျသောဇာစ်မြစ်များမှ လာကြသော်လည်း ကြီးမားသည့် လျှို့ဝှက်ချက်များကို သယ်ဆောင်ထားကြသည်။ သူတို့အနေဖြင့် ဖော်ထုတ်ခံရမည်ကို စိုးရိမ်၍ ဂိုဏ်းထဲဝင်ရန် ဆန္ဒမရှိကြပေ။ ထို့ကြောင့် တိတ်ဆိတ်စွာပင် တိုးတက်ရန် ရွေးချယ်ကြ၏။
သို့သော်လည်း ထိုလူများကို လုံးဝမမြင်နိုင်သည် မဟုတ်ပေ။ သူတို့က ဂူတစ်ခုထဲတွင် အမြဲတမ်း ပုန်းအောင်းပြီး မနေနိုင်ပေ။ သူတို့သည် အခြားသောအထောက်အထားများဖြင့် လောကကြီးထဲကို သွားလာ ကြသည်။
ဥပမာအားဖြင့်ဆိုရလျှင် တစ်ချိန်တုန်းက "နတ်ဆိုးအိုကြီးဟန်" ရှိခဲ့၏။ သူက သူ့ကိုယ်သူမိတ်ဆက်သော အခါ ကျိုင်းကောင်းလေချိုင့်ဝှမ်းမှ လီဖေးယွီပါ၊ မှတ်ထားဖို့ရာ မထိုက်တန်ပါဘူး"ဟု အမြဲပြောလေ့ရှိသည်။
ထို့ကြောင့် သာမန်ဆန်သော သေးငယ်သည့် လူများသည်လည်း ရင်သပ်ရှုမောဖွယ်ရာ ပါရမီရှင်များ ဖြစ်နေနိုင်၏။
ထိုလူများက အဓိကပွဲများကို လက်လွတ်မခံကြပေ။ သို့သော်ငြား ဘယ်တော့မှ ထင်ပေါ်အောင်လည်း မနေကြပေ။ နှိမ့်ချသောပုံစံကို ခိုင်ခိုင်မြဲမြဲ ထိန်းသိမ်း ထားကြသည်။
အချိန်အများစုတွင် သူတို့သည် ပြပွဲကို တိတ်တဆိတ်သာ ကြည့်တတ်ကြ၏။ သို့မဟုတ် ဇာတ်ကြောင်းပြောသူများအဖြစ် ဆောင်ရွက်ကြသည်။ ကြီးမားသောအခွင့်အရေးက သူတို့၏ခြေရင်းသို့ ကျရောက်လာလျှင် သူတို့သည် တိတ်တဆိတ်ကောက်ယူလျက် သဲလွန်စမချန်ထားဘဲ ထွက်ခွာသွားတတ်ကြ၏။
"နန်ဟွာဓားဂိုဏ်း ရောက်ရှိပါပြီ!"
"ပေရွှယ်ဓားဂိုဏ်း ရောက်ရှိပါပြီ!"
"ကွေရီဓားဂိုဏ်း ရောက်ရှိပါပြီ!”
"မီးတောက်နေမင်းတောင်က ရောက်ရှိပါပြီ!"
"အနောက်ပိုင်းမင်းသားစံအိမ် ရောက်ရှိပါပြီ!"
"မင်းသားစံအိမ်က ရောက်ရှိပါပြီ!"
"အင်ပါယာမြို့တော်၊ ချူမိသားစု ရောက်ရှိပါပြီ!"
"အင်ပါယာမြို့တော် ပိုင်မိသားစု ရောက်ရှိပါပြီ!"
…
အင်အားကြီးမားသော အဖွဲ့အစည်းများစွာက စတင်ရောက်ရှိလာကြသည်။ တစ်ဦးချင်းစီက သူတို့ရောက်ရှိလာခြင်းကို ကျယ်လောင်စွာ ကြေညာကြလေ၏။
ထို့နောက် ချင်ချွမ်းနှင့် သူ့အဖော်များကို သယ်ဆောင် လာသော ဂဠုန်ငှက်ကြီးလည်း လေနှင့်မိုးကြိုးချိုင့်ဝှမ်း၏ တောင်တန်းဝင်ပေါက်ရှေ့တွင် ဆင်းသက် လာသည်။ သို့သော်ငြား ချင်ချွမ်းသည် ထိုကဲ့သို့ ခမ်းနားသောမြင်ကွင်းကို ပြုလုပ်ရန် ရည်ရွယ်ချက်မရှိ ခဲ့ပေ။
သူ ဂဠုန်ငှက်ကြီးကို ကောင်းကင်သို့ ပြန်လွှတ်လိုက်ပြီးနောက် ချင်ကျီနှင့် ရွှေ့ချင်းရိုတို့နှင့်အတူ အထဲသို့ ဆက်လက်ဝင်ရောက်ခဲ့၏။
သူက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ အကြီးအကဲတံဆိပ်ကို ပြသလိုက်သောအခါ လက်ခံသူများသည် ချက်ချင်းပင် လေးစားသမှုပြုလာကြသည်။ ထို့နောက် လေနှင့်မိုးကြိုးချိုင့်ဝှမ်း၏ အကြီးအကဲတစ်ဦးပင်လျှင် ကိုယ်တိုင်ထွက်ရှိလာပြီး သူ့ကို ပြုံးပြုံးရွှင်ရွှင် ကြိုဆိုခဲ့၏။
"ဟားဟားဟား! အကြီးအကဲချင်ချွမ်းပါလား၊ ကျုပ် ခင်ဗျားရဲ့နာမည်ဂုဏ်သတင်းကို လေးစားနေခဲ့တာကြာပါပြီ၊ အခုမြင်မှပဲ ဂုဏ်သတင်းနဲ့ထိုက်တန်ကြောင်း လက်ခံမိပါတယ်"
ထိုအကြီးအကဲသည် ပထမဦးစွာ ချင်ချွမ်း၏ လက်ကို ကိုင်၍ နွေးထွေးစွာ လှုပ်ခါလာသည်။ ထို့နောက် အံ့အားသင့်စွာ အော်လာလေ၏။
"ဟမ်! ခင်ဗျားတို့ရဲ့ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ဘာလို့ သုံးယောက်တည်း ရောက်လာတာလဲ၊ တခြားဂိုဏ်းတွေနဲ့ မိသားစုကြီးတွေဆို လူတွေအများကြီး ခေါ်လာကြတယ်"
"ဒါပေမဲ့ ခင်ဗျားတို့ရဲ့ဖိတ်ကြားချက်ထဲမှာ ဒီတပည့်နှစ်ဦးရဲ့ နာမည်တွေကိုပဲ ထည့်သွင်းထားတယ်၊ တခြားလူတွေက ဘယ်လိုလုပ် လာနိုင်ပါ့မလဲ"
ချင်ချွမ်းတစ်ယောက် နောက်ပြောင်စွာ ပြန်ပြောလိုက်သည်။
"အာ..."
အကြီးအကဲက ခေတ္တရပ်တန့်သွား၏။ ထို့နောက် နားလည်သွားကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလေသည်။
"အိုး! ကျုပ်တို့ ပေါ့ဆခဲ့တာ၊ ဒါက ကျုပ်တို့ရဲ့ကြီးကြပ်မှုအမှားပါပဲ၊ ဒီလူငယ်နှစ်ဦးက တော်တော်လေး နာမည်ကြီးနေတယ်လေ၊ ပြီးတော့ ကျုပ်တို့ လေနှင့်မိုးကြိုးဂိုဏ်းရဲ့အကြီးအကဲတွေအားလုံးကလည်း သူတို့ကို တွေ့ချင်နေကြတယ်၊ ဒါကြောင့် ဖိတ်ကြားချက်ထဲမှာ တခြားလူတွေကို လျစ်လျူရှုခဲ့မိတယ်"
"ခင်ဗျားတို့ရဲ့နွေဦးမိုးကြိုးသစ်သီးတွေက မလုံလောက်လို့ လူနည်းနည်းပဲ ဖိတ်ကြားခဲ့တာလို့ ကျုပ် ထင်ခဲ့တာ"
ချင်ချွမ်း ပြုံးကာ ထပ်ပြီးနောက်ပြောင်လိုက်သည်။
"အဟမ်း…ညီအစ်ကိုချင် ခင်ဗျားကို ရယ်မောစေမိတဲ့အတွက် တောင်းပန်ပါတယ်၊ ဒီနွေဦးမိုးကြိုးသစ်သီးပင်က သက်တမ်းသုံးထောင်ကျော် ရှိပြီ၊ သစ်ပင်ကြီးရဲ့အရိပ်ကတင် မီတာရာပေါင်းများစွာကို ဖုံးလွှမ်းထားနိုင်တယ်၊ တစ်ကြိမ်ပွင့်ရင် သစ်သီးတစ်သောင်းကျော် အသီးသီးတယ်၊ ဒါက မရှားပါးပါဘူး"
ထိုအကြီးအကဲက ခါးသီးသောအပြုံးဖြင့် ပြောလာ၏။
"အဘိုးချင်ချွမ်း!"
ထိုအချိန်တွင် မိန်းကလေးငယ်၏အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။ သူတို့အဖွဲ့ ခေါင်းလှည့်ကြည့်လိုက်သောအခါ အစိမ်းရောင်နန်းတွင်းဝတ်စုံဖြင့် မြင့်မြတ်လှပနေသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရ၏။
မင်းသမီးချူယွင်။
သူမ၏ဘေးတွင် လူကောင်ကြီးမားသော သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ဦး ရပ်နေသည်။ သူက နဂါးဝတ်ရုံကို ဝတ်ဆင်ထား၏။ အစပိုင်း၌ သူသည် ခန့်ညားနေသော်လည်း ယခုအချိန်တွင် သူ့ခေါင်းကို ရှက်ရွံ့စွာ လှည့်နေလေသည်။ ချင်ချွမ်းက သူ့ကိုတွေ့ သွားမည်ကို ဝန်လေးနေသည့်အလားပင်။
ထိုမြင်ကွင်းကို တွေ့သောအခါ ချင်ချွမ်းသည် သူ့မျက်လုံးများကို ကျဥ်းမြောင်းလျက် ပြုံးကာ လက်ဝှေ့ယမ်းလိုက်၏။ ထို့နောက် ပြောလိုက်သည်။
"ချူယွင်ပါလား ဒီကိုလာခဲ့ပါဦး"
ထိုစကားကိုကြားသောအခါ ချူယွင်သည် တောက်ပသောအပြုံးဖြင့် လျှောက်လာခဲ့၏။ ထိုမျှသာ မက သူမသည် သူမအဖေကိုပါ ခေါ်ဆောင်လာရန် ကြိုးစားခဲ့သေးသည်။
တောင်ပိုင်းမင်းသား (မင်းသားနန်) ယန်ထူသည် စစချင်းတွင် မလိုလားဟန်ဆောင်ခဲ့၏။ သို့သော်ငြား နောက်ဆုံးမှာတော့ ချင်ချွမ်း၏အရှေ့၌ ဝတ်ကျေတမ်းကျေ ရပ်လာသည်။
(T/N - 南 - နန် က 'တောင်ပိုင်း'လို့ အဓိပ္ပာယ်ရပါတယ်၊ မင်းသားနန်နဲ့ တောင်ပိုင်းမင်းသားက တူတူပါပဲနော်)
တောင်ပိုင်းမင်းသား၏မျက်နှာက နီရဲနေလေ၏။ ပထမဦးစွာ သူ့ခေါင်းကို ကုတ်လိုက်သည်။ ထို့နောက် သူ့ခါးကို ကုတ်နေပြန်၏။ ထို့အပြင် နေရခက်စွာဖြင့် ပြောနေပြန်သည်။
"အင်း…အရင်တုန်းက ကျွန်တော် အရမ်းစိတ်မြန်သွားခဲ့တယ်၊ ဟို...ချူယွင်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ချင်ကျီကို ကျေးဇူးတင်ပါတယ်"
"အင်း"
ချင်ချွမ်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေ၏။
"အဟမ်း! အဟမ်း! အိမ်ပြန်ရောက်ပြီး စဉ်းစားလိုက်တော့ ကျွန်တော် သဘောပေါက်သွားခဲ့တယ်၊ အဘိုးဆီမှာ ဒီလိုမျိုးဆက်ကွာခြားတဲ့ ခင်မင်ရင်းနှီးမှုတစ်ခု ရှိခဲ့တယ်…ကျွန်တော် ခင်ဗျားကို နားလည်မှုလွဲခဲ့တယ်"
ယန်ထူက တောင့်တင်းစွာ ပြောလာသည်။
"အင်း"
ချင်ချွမ်းကတော့ ဆက်လက်၍ တည်ငြိမ်စွာ ပြန်ဖြေခဲ့၏။ သူ့လေသံမှာ အတက်အကျမရှိပေ။ သူ ယခင်ကပြောခဲ့သလိုမျိုး သူသည် မင်းသားစံအိမ်ကို ဘယ်တော့မှ မှီခိုမည် မဟုတ်ပေ။
"အာ…အရင်က ကျွန်တော် စိတ်သဘောထားကျဥ်းမြောင်းပြီး ခင်ဗျားကို ကြုံသလိုသတ်မှတ်ခဲ့တယ်၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့"
ယန်ထူမှာ ဝမ်းချုပ်နေသည့်အလား ထိုစကားကို ပြော ရန်ပင် မနည်းရုန်းကန်ခဲ့ရသည်။ သူ ထိုသို့ပြောပြီးနောက် လည်ပင်းတစ်ခုလုံး နီရဲသွားလေ၏။
"အခု ငါက မင်းသားစံအိမ်ရဲ့အာဏာနဲ့စည်းစိမ်ဥစ္စာကို တပ်မက်နေတယ်လို့ မင်း မထင်တော့ဘူးလား"
ချင်ချွမ်းက စိတ်ဝင်တစား မေးလာသည်။ ယန်ထူမှာ အလွန်ရှက်ရွံ့သလို ခံစားခဲ့ရ၏။ သူ တိုးတိုးလေးပြော လိုက်သည်။
"ခင်ဗျားရှေ့မှာ ဒီနိမ့်ကျတဲ့မင်းသားစံအိမ်က အာဏာနဲ့ စည်းစိမ်ဥစ္စာအကြောင်း မပြောရဲပါဘူး"
ချင်ချွမ်းက အဂ္ဂိရတ်ဆရာများအဖွဲ့အစည်းတွင် အဆင့်ငါး ဆေးဖော်စပ်နည်းသုံးမျိုးနှင့် အဆင့်ခြောက် ဆေးဖော်စပ်နည်းသုံးမျိုးကို မှတ်ပုံတင်ထားကြောင်း သူ သိရှိထား၏။
၎င်းတို့ကို ကိုယ်စားပြုသော ကြောက်မက်ဖွယ်ကောင်းသည့် ဘဏ္ဍာရေးစွမ်းအားကို သူ အပြည့်အဝနားလည်ပေသည်။ ချင်ချွမ်းသည် မင်းသားစံအိမ်၏ နှစ်ပေါင်းတစ်ထောင်စုဆောင်းမှုကို ချေမှုန်းရန်အတွက် ခြောက်လသာ လိုအပ်၏။
အဆင့်မြင့်ဆေးဖော်စပ်နည်းများက ဒီလောက်အထိ လောကကြီးကို ဆန့်ကျင်နေခြင်းပင်။
သူ လက်ရှိ ဒီနေရာကို လာရောက်၍ အဖေ့မိတ်ဆွေကို အသိအမှတ်ပြုခြင်းသည် ချင်ချွမ်းကို မျက်နှာလိုမျက်နှာရ လုပ်ရန်မဟုတ်ပေ။ မင်းသားစံအိမ်၌ ဘာမှမလိုအပ်သလို မည်သူ့ကိုမှမျက်နှာလိုမျက်နှာရလုပ်ရန် မလိုပေ။
သို့သော်ငြားလည်း သူသည် အာဃာတနှင့် ကျေးဇူးတရားကိုမူ ရှင်းလင်းအောင် လုပ်ဆောင်ရမည်ဟု အမြဲယုံကြည်ထားခဲ့သည်။
ယခင်က ဒီလူသည် သူ့အဖေနှင့် ခင်မင်ရင်းနှီးမှုကို ထည့်သွင်းစဉ်းစား၍ သူ့သမီးကို ကယ်တင်ပေးခဲ့၏။ သို့သော်ငြား သူကတော့ ကျေးဇူးတရားကို ရန်ငြိုးဖြင့် ပြန်ဆပ်လုနီးပါးဖြစ်ခဲ့သည်။ ဒါက မဖြစ်သင့်ပေ။
ဒါကြောင့် သူ တစ်ခုခု လုပ်သင့်သည်ဟု ခံစားခဲ့ရ၏။ အနည်းဆုံးတော့....သူ့ဘက်မှ ဒီလူကို သင့်လျော်သည့် အသိအမှတ်ပြုမှုတစ်ခု ပေးသင့်သည်။
ဦးလေးဆိုတော့လည်း ဦးလေးပေါ့!
၎င်းက အကြီးအကဲအဆင့်မှာ ရှိနေလေ၏။ ထိုအရာက ပြောင်းလဲလို့ မရပေ။
"အင်း မင်းမှာ ဒီလိုအသိတရားရှိနေတဲ့အတွက် ငါ ဝမ်းသာပါတယ်၊ ဒါပေမဲ့ အတိတ်ကအရာတွေကို အတိတ်မှာပဲ ထားကြတာပေါ့၊ အခု အစ်ကိုယန်ရှုံးကလည်း မရှိတော့ဘူး၊ ငါလည်း မင်းရဲ့မင်းသားစံအိမ်နဲ့ အဆက်အသွယ်မထားချင်ဘူး၊ ခင်ခင်မင်မင်ပဲ ခွဲခွာကြရအောင်"
ချင်ချွမ်းက တည်ငြိမ်စွာ ပြောသည်။
"ဒါ…"
တောင်ပိုင်းမင်းသားယန်ထူသည် ခဏတာမျှ စဉ်းစား ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်လေ၏။ သူ့မျက်လုံးများက ခိုင်မာမှုကို ပြသနေပြီး စိတ်ရင်းမှန်ဖြင့် ပြောလာသည်။
"ဦးလေး မတိုင်ခင်က ကျွန်တော့်ရဲ့လုပ်ရပ်တွေက ဦးလေးကို စိတ်ပျက်စေခဲ့မိတယ်ဆိုတာ ကျွန်တော် သိ ပါတယ်"
"ဒါပေမဲ့… ဦးလေးနဲ့ ကျွန်တော့်အဖေက မျိုးဆက်ခြားရင်းနှီးခဲ့ကြတဲ့လူတွေ ဖြစ်တယ်၊ ပြီးတော့ ချင်ကျီကလည်း ချူယွင်ရဲ့အသက်ကို ကယ်တင်ခဲ့တယ်၊ ကျွန်တော်တို့မိသားစုနှစ်ခုကြားက ဆက်ဆံရေးက တည်ဆောက်ထားပြီးသားပါ၊ ဦးလေး အသိအမှတ်မပြုရင်တောင် မပြောင်းလဲသွားပါဘူး"
ကျွန်တော် ခင်ဗျားကို ကျွန်တော့်ရဲ့ဦးလေးအဖြစ် အသိအမှတ်ပြုတယ်လေ။
ဦးလေး ငြင်းဆိုချင်ရင်တောင် ငြင်းလို့မရဘူး!!
*****************