မင်းသားကြီးယန်ချီထျန်း
Vol. 5 Ch. 67
ချင်ချွမ်းနှင့် မင်းသားနန် ယန်ထူတို့၏ စကားဝိုင်း သည် လူများစွာ၏ အာရုံကို တဖြည်းဖြည်း ဆွဲဆောင် သွားခဲ့ပြီး ကြီးမားသောမုန်တိုင်းကို လျှို့ဝှက်စွာ ဖြစ်ပေါ်စေခဲ့သည်။
ပထမဆုံးကြားလိုက်ရသူများမှာ လုံးဝထိတ်လန့်သွားကြသော်လည်း မင်းသားနန်၏ ဂုဏ်သိက္ခာကို ထောက်ထား၍ အသံမထွက်ဝံ့ကြပေ။
ထို့ကြောင့် သူတို့သည် ဘေးနားရှိ အဖော်၏ ပခုံးကိုသာ တိတ်တဆိတ်ပုတ်လျက် ထိုနေရာ၏ အနီးအနားတွင်ရှိသောလူများကို ဘာအကြောင်းပြောနေကြလဲ ကြည့်ခိုင်းခဲ့ကြ၏။
သို့နှင့် လူတိုင်းက တစ်ယောက်ပုခုံးတစ်ယောက် ဆက်တိုက်ပုတ်နေကြရာ တဖြည်းဖြည်းနှင့် လူတိုင်းသည် ထိုနေရာရှိ ထူးခြားသောအခြေအနေကို သတိပြုမိလာကြသည်။
အိုး ဘုရားရေ! မင်းသားနန်က အကြီးအကဲချင်ချွမ်းကို 'ဦးလေး'လို့ တကယ်ခေါ်လိုက်တာလား။ ဒါက ရူးလောက်စရာပဲ! အကြီးအကဲချင်ချွမ်းက မင်းသားနန်ထက်တောင် ပိုငယ်တဲ့ပုံ ပေါက်နေတယ်လေ။
ကြည့်ရှုသူပရိသတ်သည် အံ့အားသင့်လွန်း၍ စကားပင် မပြောနိုင် ဖြစ်သွားကြ၏။
သို့သော် မည်သူကမျှ စကားမပြောရဲကြပေ။ လူတိုင်း သည် ဘာမှမဖြစ်ခဲ့သလိုမျိုး သူတို့၏ အလုပ်များကို ဆက်လုပ်နေကြပြီး တိတ်ဆိတ်စွာ နေနေကြသည်။
ဤနွေဦးမိုးကြိုးစုဝေးပွဲတွင် ပါဝင်နိုင်သူများသည် သာမန်လူများ မဟုတ်ကြပေ။ သဘာဝကျစွာပင် သူတို့ သည် 'ပွဲကြည့်ပရိသတ်၏ ကိုယ်ပိုင်စည်းကမ်း' ဆိုသောအဓိပ္ပာယ်ကို နားလည်ကြပြီး လူမှုကျင့်ဝတ်များကို နားလည်ကျွမ်းကျင်ကြ၏။
သို့သော်ငြား ဤဖြစ်ရပ်ကြောင့် ချင်ချွမ်းကို မသိသေး သောလူအများအပြားသည် သူ့ကို လျင်မြန်စွာ သိသွားခဲ့ကြသည်။
သူတို့အားလုံး၏ စိတ်ထဲ၌ အတွေးတစ်ခုရှိနေသည်မှာ...
ဒီလူက ရိုးရှင်းတဲ့လူ မဟုတ်ဘူး!
"မင်းသားကြီး ရောက်ရှိလာပါပြီ!!"
ထိုအခိုက်အတန့် တွင် ဘဲထီး၏ အသံနှင့် တူသော အသံတစ်ခုက ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ မိုးခြိမ်းသံများလည်း အနောက်မှ လိုက်ပါလာလေ၏။
"ဒုန်း! ဒုန်း!"
လူထုက မော့ကြည့်လိုက်သောအခါ မာန်ပါသော မြင်းဖြူသုံးကောင်က လျှပ်စီးများရစ်ပတ်လျက် ခမ်းနားထည်ဝါသည့်ရထားလုံးကို ကောင်းကင်ယံမှ ဆွဲလာသည်ကို တွေ့လိုက်ရသည်။ ခွာသံများက ဟင်းလင်းပြင်ကို ထိမိနေပြီး ပြင်းထန်သောလျှပ်စီးများကို ထုတ်လွှတ်ကာ အရပ်မျက်နှာအားလုံးကို လင်း ထိန်စေ၏။
ထိုရထားလုံးပေါ်တွင် လက်နှစ်ဖက်ကို နောက်ပစ် လျက် ရပ်နေပြီး အောက်ကလူများကို စစ်ဆေးကြည့်ရှုနေသော ရွှေရောင်နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦး ရပ်နေသည်။
ထိုလူငယ်၏ ဘယ်ဘက်တွင် ရွှေနီရောင်စပါးအုံးဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်ကြီးမိန်းမစိုးနှင့် ညာဘက်တွင် ဓားရှည်ကို ကိုင်ဆောင်ထားသော အစေခံမိန်းကလေးတစ်ဦး ရှိ၏။
သူ့အနောက်တွင် သန်မာသော သက်လတ်ပိုင်းအရွယ်အမျိုးသားသုံးဦးသည်လည်း မိုးထိလုနီးပါး တောင်ကြီးလေးလုံးကဲ့သို့ ရပ်နေပြီး သူတို့၏နက်နဲမှုကို ခန့်မှန်းရန်ခက်ပေသည်။
"ကျုပ် လျိုချင်းရှန်က လေနှင့်မိုးကြိုးချိုင့်ဝှမ်းရှိ အားလုံးကိုယ်စား မင်းသားကြီးကို ကြိုဆိုပါတယ်! မင်းသားကြီး...ဒီလမ်းက ကြွပါခင်ဗျ"
လေနှင့်မိုးကြိုးချိုင့်ဝှမ်း၏ အကြီးအကဲချုပ်သည် လေထဲသို့တက်သွားကာ ရထားလုံးပေါ်ရှိလူငယ်ကို ဦးညွှတ်ဂါရဝပြုလျက် ယဉ်ကျေးစွာ ပြောကြားခဲ့၏။
သူ၏အပြုအမူမှာ မင်းသားကြီးကို ဦးညွှတ်ဂါရဝပြု ခြင်း မဟုတ်ဘဲ တော်ဝင်မိသားစုကို ဖြစ်သည်။ နောက်ဆုံးမှာတော့ ဤနေကိုးလုံးနယ်မြေတွင် တော်ဝင်မိသားစုကို အလေးအမြတ်ထားရသည်ပင်။
"အင်း"
မင်းသားကြီးယန်ချီထျန်းက အနည်းငယ်ခေါင်းညိတ် ၏။ သူ့အကြည့်က အောက်မှာရှိသော လူများအပေါ် ပေါ့ပေါ့ပါးပါး လှည့်ပတ်ကြည့်ရှုပြီးနောက် အခြွေအရံအချို့နှင့်အတူ ဆင်းသက်လာခဲ့သည်။
မကြာခင်မှာပင် လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှ အဆင့်မြင့်အကြီးအကဲများ၏ ဦးဆောင်မှုအောက်တွင် လူတိုင်းသည် နွေဦးမိုးကြိုးသစ်သီးပင် ပေါက်ရောက်ရာ ရင်ပြင်သို့ ရောက်ရှိလာကြ၏။
ကျယ်ဝန်းသောရင်ပြင်ကို အရှည်နှစ်မီတာနှင့် အကျယ်တစ်မီတာ ရှိသော ကျောက်တုံးများစွာဖြင့် ပြုလုပ်ထားပြီး အပေါ်တွင် စက်ဝိုင်းများပုံစံ ခင်းကျင်းထားသည်။ ၎င်းမှာ အချင်းချင်း အံဝင်ခွင်ကျဖြစ်နေသော ဗဟိုတူစက်ဝိုင်းများစွာ ကဲ့သို့ပင်။
ထို့အပြင် ထိုရေတွက်၍မရသော ဗဟိုတူစက်ဝိုင်းများ ၏ ဗဟိုတွင် မီတာတစ်ရာပတ်ပတ်လည်ကို ဖုံးလွှမ်း ထားသော ကြီးမားသောသစ်ပင်ကြီးတစ်ပင် ရှိ၏။
ထိုသစ်ပင်က စိမ်းလန်းစိုပြေနေပြီး ၎င်းအပေါ်၌ ငွေဖြူရောင်အသီးများစွာ တွဲလွဲကျနေသည်ကို တွေ့ရသည်။ လေပြေက သစ်ပင်ကို ဖြတ်တိုက်လိုက်သောအခါ အသီးများသည် အချင်းချင်းတိုက်မိ၍ ခေါင်းလောင်းသံများကဲ့သို့ ကြည်လင်ပြတ်သားသောအသံကို ထုတ်လွှတ်လျက် လျှပ်စီးများ ထုတ်လွှတ်လာ၏။
၎င်းက နွေဦးမိုးကြိုးသစ်သီးပင် ဖြစ်သည်။
"အကြီးအကဲချင်ချွမ်း ဒီလမ်းက ကြွပါခင်ဗျ"
ချင်ချွမ်းကို ဧည့်ခံသော လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှ အကြီးအကဲသည် သူ့ကို အနီးအနားရှိ နားနေဆောင် တစ်ခုသို့ ခေါ်ဆောင်သွားခဲ့ပြီး လမ်းလျှောက်ရင်း ပြောလာသည်။
"လူငယ်တွေ သူတို့ဘာသာ စကားပြောကြပါစေ၊ ကျုပ်တို့အကြီးအကဲတွေကတော့ ဒီအတိုင်းကြည့်ရှုကြတာပေါ့"
"ကောင်းပြီ"
ချင်ချွမ်း ပြုံးကာ ခေါင်းညိတ်လိုက်၏။
သူကိုယ်တိုင်သာမက အခြားဂိုဏ်းများ သို့မဟုတ် မိသားစုများမှ အကြီးအကဲများကိုလည်း နွေဦးမိုးကြိုးရင်ပြင်ကို ဝန်းရံထားသော နားနေဆောင်များဆီသို့ ဖိတ်ကြားခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။
ထိုနားနေဆောင်များက အမြင့်အမျိုးမျိုးရှိကာ အနီးအနား၌ လှပသောရှုခင်းများ ရှိ၏။ တချို့အဆောင်များကိုဆိုလျှင် တောင်ကုန်းအတုများအပေါ်၌ ဆောက်လုပ်ထားကာ ကျယ်ပြန့်သောမြင်ကွင်းကို ပေးစွမ်းနေသည်။
ရင်ပြင်ပေါ်တွင် အဝါရောင်တရားထိုင်အခင်းများစွာ ကို သိပ်သည်းသောဖွဲ့စည်းပုံများဖြင့် ချထားပြီး ထိုအရာများက သဘာဝကျစွာပင် လူငယ်များ ထိုင်ရန် ဖြစ်၏။
နယ်မြေတစ်ဝှမ်းမှ ထိုပါရမီရှင်လူငယ်များသည် အခင်းများပေါ်တွင် ထိုင်နေကြပြီး နွေဦးမိုးကြိုးသစ်သီးပင်ကို ဝန်းရံလျက် စက်ဝိုင်းပုံစံကို ဖန်တီးထားသည်။
"ဒီနေရာမှာရှိတဲ့ လူတိုင်းက နေကိုးလုံးနယ်မြေရဲ့ ထိပ်တန်းလူငယ်မျိုးဆက်တွေ ဖြစ်ကြတယ်၊ ပြီးတော့ ဒီနေ့ လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှာ စုဝေးနေခြင်းက ကျုပ်တို့အတွက် ကြီးမားတဲ့ဂုဏ်ယူစရာပါ၊ ဒါကြောင့် ဒီအဘိုးကြီးက အရင်ဦးဆုံး ကျေးဇူးတင်စကားကို ဖော်ပြလိုပါတယ်"
အကြီးအကဲတစ်ဦးသည် သစ်ပင်အောက်တွင် ရပ် လျက် ပြုံးကာ ပြောလိုက်၏။
"ဒါကြောင့် ဒီနေ့ ဒီနေရာမှာရှိတဲ့ လူတိုင်းက နွေဦးမိုးကြိုးသစ်သီးတစ်လုံးစီ ရရှိပါလိမ့်မယ်"
ထိုစကားကိုပြောပြီးနောက် သူ့ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ငွေဖြူရောင်အသီးထောင်ပေါင်းများစွာသည် ဘာမှမရှိထားသည့် နေရာမှ ပေါ်လာသကဲ့သို့ အရပ်မျက်နှာအားလုံးကို ပြန့်ကျဲသွားလေ၏။
"ဒင် ဒင် ဒင်!"
"ဒင် ဒင် ဒင်!"
အသီးတချို့က လေထဲတွင် တိုက်မိကုန်ကြသည်။ ချက်ချင်းပင် ကြွေထည်များတိုက်မိသကဲ့သို့ ကြည်လင်ပြတ်သားပြီး သာယာသောအသံများ ထွက်ပေါ်လာကာ လျှပ်စီးများလက်လာသည်။
နတ်ဘုရားဝိညာဉ်စွမ်းအား၏ ဆွဲငင်မှုအောက်တွင် ထိုနွေဦးမိုးကြိုးသစ်သီးများသည် တိကျစွာ ဆင်းသက်လာပြီး လူတိုင်း၏အရှေ့တွင် ပျံဝဲနေကြ၏။
"ကျေးဇူးတင်ပါတယ်!"
"အကြီးအကဲရွှီ ကျေးဇူးတင်ပါတယ်!"
"လေနှင့်မိုးကြိုးချိုင့်ဝှမ်းက အရမ်းရက်ရောတာပဲ"
လူတိုင်းသည် ပြုံးကာ ကျေးဇူးတင်လာကြသည်။ ထို့နောက် သူတို့အရှေ့ရှိ အသီးများကို ဂရုတစိုက် ကောက်ယူကြလေ၏။ လေနှင့်မိုးကြိုးချိုင့်ဝှမ်းအပေါ်၌ သူတို့၏ ကောင်းမွန်သောသဘောထားက များစွာတိုးမြှင့်လာခဲ့သည်။
ထို့နောက် အကြီးအကဲက ဆက်လက်၍ ပြော၏။
"နွေဦးမိုးကြိုးသစ်သီးက ရှားပါးပစ္စည်းအဖြစ် မသတ်မှတ်ထားပေမယ့် သူ့ရဲ့ပမာဏကတော့ အကန့်အသတ်ရှိတယ်၊ ကျုပ်တို့ လေနှင့်မိုးကြိုးချိုင့်ဝှမ်းက လူတစ်ဦးစီကို တစ်လုံးသာ ပေးနိုင်ပါတယ်"
"အားလုံးပဲ နွေဦးမိုးကြိုးသစ်သီးတွေကို ပိုလိုချင်ရင် ပြိုင်ပွဲတွေကနေ တစ်ဆင့်သာ ရရှိနိုင်လိမ့်မယ်"
သူ ခဏရပ်နား၍ ပြောလိုက်သည်။
"ဒီပြိုင်ပွဲကို အဆင့်နှစ်ဆင့် ခွဲထားတယ်၊ ပထမအဆင့် က ဒဿနိကဆိုင်ရာ ဆွေးနွေးပွဲ ဖြစ်ပါတယ်"
"ဒဿနိကဆိုင်ရာဆွေးနွေးပွဲ ဆိုတာက လူတိုင်းက လွတ်လပ်စွာပြောဆိုနိုင်တယ်၊ သိုင်းကျင့်စဥ်လမ်းကြောင်းအပေါ်မှာ မင်းတို့ရဲ့ ထိုးထွင်းသိမြင်မှုတွေကို မျှဝေပြီး အခြားလူတွေကို လှုံ့ဆော်ပေးခြင်းဖြစ်တယ်၊ အခြားလူတွေကို ဉာဏ်အလင်းအများဆုံး ပေးနိုင်တဲ့ လူဆယ်ဦးကို ဆုချပါလိမ့်မယ်"
"ဒီလူဆယ်ဦးကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကတော့...ဒီနေရာမှာရှိတဲ့လူအားလုံးက ပွင့်လင်းတဲ့စိတ်ရှိကြပြီး ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားကြမှာ မဟုတ် ဘူးလို့ ကျုပ် ယုံကြည်ပါတယ်"
"အခု… ဆွေးနွေးပွဲစတင်ပါပြီ!"
အကြီးအကဲက ပြောပြီးသောအခါ နွေဦးမိုးကြိုးရင်ပြင်မှ ထွက်သွားပြီး ထိုနေရာကို လူငယ်များ အတွက် ချန်ထားခဲ့သည်။
ချက်ချင်းပင် ရင်ပြင်က တိတ်ဆိတ်သွားလေ၏။
လူငယ်ထောင်ပေါင်းများစွာသည် နွေဦးမိုးကြိုးသစ်သီးပင်ကို ဝန်းရံ၍ စက်ဝိုင်းပုံစံ ထိုင်နေကြကာ အချင်းချင်း အကြည့်များ ဖလှယ်နေကြသည်။ သို့သော်ငြား မည်သူကမှ အချိန်ကြာသည့်တိုင်အောင် စကားမပြောကြပေ။
"ကျုပ် အရင်ဆွေးနွေးပါရစေ"
နောက်ဆုံးတွင် တစ်စုံတစ်ဦးက ထရပ်လာပြီး သူ့လက်များကို ယှက်ကာ ပရိသတ်ကို ဂါရဝပြု၍ ပြော လာ၏။
"ကျုပ်က ဟွမ်စစ်လန်ပါ၊ ကျုပ်ရဲ့အညတရယူဆချက်တချို့ကို မျှဝေပါ့မယ်"
"ကျုပ် ယုံကြည်တယ်၊ ကျင့်ကြံခြင်းမှာ အရေးအကြီးဆုံးအရာက စိတ်ကို ကျင့်ကြံခြင်းပဲ၊ ခိုင်မာတဲ့ တာအိုစိတ်နှလုံးက ဒုက္ခပင်လယ်ကို ဖြတ်ကျော်နိုင်ပြီး နောက်ဆုံးမှာ ထိပ်ဆုံးကို ရောက်ရှိနိုင်တယ်၊ ဟိုးအရင်က ခုနစ်ညသိုင်းအင်ပါယာလိုပေါ့...သူ့မှာ ကျောက်ဆောင်လို မာကျောတဲ့ တာအိုစိတ်နှလုံး ရှိခဲ့တယ်…"
ထိုသူသည် အချိန်အတော်ကြာအထိ စိတ်အားထက်သန်စွာ ပြောဆိုခဲ့သည်။
သို့သော်ငြား သူပြောပြီးသည်နှင့် လက်ခုပ်သံများမရှိခဲ့ပေ။ သူ့ပတ်ပတ်လည်ရှိ လူများမှာ အိပ်ပျော်လုနီးပါး ဖြစ်နေခဲ့၏။ တချို့ကျတော့ သိထားပြီးသားအကြောင်းအရာများကြောင့် ခပ်ပြုံးပြုံးလုပ်နေပြီး ဗျူဟာကျကျ အနောက်ကို မှီထားကြသည်။
သူတို့သည် *'စိတ်ဝိညာဥ်အားဖြည့်ပေးသော ကြက်စွပ်ပြုတ်'ဟူသောဝေါဟာရကို မသိသော်ငြား သူတို့အားလုံးသည် ထိုလူ၏ တာအိုစိတ်နှလုံးအကြောင်း ပြောဆိုမှုကို လှောင်ပြောင်နေကြ၏။ အဓိကပြဿနာ မှာ...
မင်းက စကားလှလှလေးတွေ ပြောနေတယ်၊ တစ်ကယ့်ပြဿနာက အတိအကျ ဘာလုပ်ရမှာလဲ။
မင်း ဘယ်လိုလုပ်ရမလဲ ဆိုတာ မသိဘူးလား။
ဒါဆိုရင် မင်း ပြောဆိုနေတာက ဘာမှမပြောနေတာနဲ့ အတူတူပဲ။
(T/N - Internet slangအနေနဲ့ ကြက်စွပ်ပြုတ်ကို 'စိတ်ဓာတ်မြှင့်တင်ပေးတဲ့စကား' အနေနဲ့ သုံးပါတယ်၊ "Stop giving me chicken soup; I want real solutions" အားပေးစကားတွေမလိုဘူး၊ တစ်ကယ့်ဖြေရှင်းနည်းပဲ လိုချင်တယ်ဆိုပြီးတော့လည်း သုံးကြပါတယ်)
သို့သော်ငြား ဟွမ်စစ်လန်က ရေခဲအတားအဆီးကို ချိုးဖျက်ခဲ့သောကြောင့် နောက်ပိုင်းတွင် အခြားလူများက စိတ်အားထက်သန်စွာ စတင်ပြောဆိုလာကြသည်။ နောက်ဆုံး၌ ဆွေးနွေးပွဲတစ်ခုအဖြစ် ပြောင်းလဲသွားလေပြီ။
တချို့ဆိုလျှင် စကားအနည်းငယ်သာ ပြောခဲ့ရသေးသော်ငြား ပရိသတ်က ချက်ချင်းပင် ချေပခဲ့ကြသောကြောင့် မျက်နှာနီမြန်းလျက် ဆုတ်ခွာသွားခဲ့ကြ၏။ တခြားလူများကတော့ အားနှင့်မာန်ဖြင့် အလယ်ဗဟိုတွင် ရပ်တည်နေကာ လာသူများအားလုံး ကို ဆွေးနွေးနေကြသည်။ သူတို့၏စကားများက မကြာခဏပင် နက်နဲသောအတွေးများကို ဖြစ်ပေါ်စေခဲ့၏။
ဆွေးနွေးပွဲက ပို၍ပြင်းထန်လာသည်နှင့်အမျှ မူလက စနစ်တကျရှိခဲ့သော ဖွဲ့စည်းပုံသည်လည်း စဉ်ဆက်မပြတ် ပါဝင်သူများ ပေါ်ပေါက်လာခြင်းနှင့် ကျဆုံးခြင်းများကြောင့် ရှုပ်ထွေးလာခဲ့သည်။ တချို့လူများက ဆွေးနွေးရန် အရှေ့ကို တက်လာနေကြပြီး အခြားလူများက သူတို့၏ထိုင်ခုံများသို့ ဆုတ်ခွာနေကြ၏။
များစွာသောလူများသည် သူတို့ ပြန်ရောက်လာသောအခါ သူတို့၏ထိုင်ခုံများကို အခြားလူများက သိမ်းပိုက်ထားသည်ကို တွေ့လိုက်ရသည်။ ထိုကြောင့် သူတို့လည်း အခြားနေရာများ၌ ထိုင်ခဲ့ကြရပေ၏။
ထို့ကြောင့် နေရာက လုံးဝပင် ရှုပ်ထွေးသွားခဲ့သည်။ လှုပ်ရှားမှုများက စဥ်ဆက်မပြတ်ရှိနေပြီး လူတိုင်းက မမှန်မကန်ထိုင်နေကြသည်။
မည်သို့ပင်ဆိုစေကာမူ အခင်းများအားလုံးက အတူတူ ပင် ဖြစ်၏။
သူတို့၏အမြင်များကို ဖော်ပြ၍ ပြင်းထန်စွာ ဆွေးနွေးကြသူများသည် အထူးခြားဆုံး ပါရမီရှင်များ မဟုတ် သည်ကို တွေ့ရပေသည်။
အဘယ်ကြောင့်ဆိုသော် တကယ့်တစ်ကယ် ယုံကြည်မှုရှိကြသော မာနကြီးသူများသည် ထိုဆွေးနွေးပွဲထဲသို့ ဝင်ရောက်ဆွေးနွေးရခြင်းကို မထီမဲ့မြင်ပြုကြ၏။ သူတို့က တိတ်တဆိတ်သာ ကြည့်ရှုနေကြပြီး အခြားလူများ၏ ထင်မြင်ချက်များကို မထီမဲ့မြင်ပြုနေကြသည်။ သို့သော်ငြား ချေပရန်လည်း ပျင်းရိနေကြကာ ပွဲကြည့်သူများပင် ဖြစ်ချင်ကြ၏။
ဥပမာအားဖြင့် မင်းသားကြီးယန်ချီထျန်း။
ဥပမာအားဖြင့် ချင်ကျီ။
ဥပမာအားဖြင့် လျှို့ဝှက်ပါရမီရှင်အချို့…
"ကျွန်မ လျိုရူရွှမ်းက မင်းသားကြီးကို ဂါရဝပြုပါတယ်"
ထိုအချိန်တွင် အဖြူရောင်ဝတ်စုံဝတ်ထားပြီး ကြည်လင်သောရုပ်ရည်ရှိသူ မိန်းမငယ်လေးတစ်ဦးသည် မင်းသားကြီးအရှေ့ကိုရောက်ရှိလာပြီး ရိုသေစွာဦးညွှတ်လာသည်။
ယန်ချီထျန်း မော့ကြည့်လိုက်ရာ မိန်းကလေး၏ မျက်လုံးထဲ၌ မဖုံးကွယ်ထားနိုင်သော လေးစားကြည်ညိုမှုနှင့် ရှက်ရွံ့မှုများ ပြည့်နှက်နေသည်ကို တွေ့ လိုက်ရ၏။ သူ ချက်ချင်းပင် စိတ်ဝင်စားမှု ကင်းမဲ့သွားသည်။
သူသည် သူ့ကိုမြင်တိုင်း မိမိပုံရိပ်ကို ပစ်ချတတ်သော အမျိုးသမီးများကို အထင်မကြီးပေ။ သူ့ကို လျစ်လျူရှုထားသော လူများက ပို၍စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်ပေ၏။
ထိုသို့စဉ်းစားလျက် သူသည် အနည်းငယ်လှုပ်ရှားကာ မနီးမဝေးမှ နောက်ထပ်မိန်းကလေးတစ်ဦးကို ကြည့်လိုက်သည်။ သူမက အခင်းတစ်ခုအပေါ်၌ တိတ်ဆိတ်စွာ ထိုင်နေပြီး ဆွေးနွေးပွဲကို အာရုံစိုက်၍နားထောင်နေ၏။ အသုံးဝင်သော အချက်အလက်တိုင်းကို ရယူရန် ရည်ရွယ်ထားဟန် ပေါ်သည်။
အနည်းငယ်ကိုးရိုးကားရားနိုင်ပုံပေါ်သော်လည်း လုံ့လဝီရိယရှိ၏။
"အမ်..."
လျိုရူရွှမ်းသည် ယန်ချီထျန်း၏ အကြည့်နောက်သို့ လိုက်ကြည့်ခဲ့ရာ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ မိန်းကလေးကို တွေ့လိုက်ရသည်။ သူမ၏မျက်ခုံးများ က အနည်းငယ်တွန့်သွားလေ၏။
***********************