← Chapters

လျိုရူရွှမ်း၏ စိတ်ဆွပေးမှု

Vol. 5 Ch. 68

လျိုရူရွှမ်း၏ စိတ်ဆွပေးမှု

Vol. 5 Ch. 68

ယန်ချီထျန်းသည် လျိုရူရွှမ်း၏ အကြည့်ကို မြင်သောအခါ သူ့မျက်ခုံးကို အနည်းငယ်တွန့် ၍ ဂရုမစိုက်စွာ ပြောလိုက်သည်။

"မင်း ပြန်သွားလိုက်ပါတော့"

"ကျွန်မ သွားလိုက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် သူမ၏သွားများကို ကြိတ်ကာ ထွက်လာခဲ့၏။ ဘေးနားရှိ တခြားလူများမှာ သဘာဝကျစွာပင် ထိုမြင်ကွင်းကို မျက်မြင်တွေ့ရှိခဲ့ကြသည်။ သို့သော်ငြား မည်သူ့ကိုမှ ထိခိုက်စေခြင်းမပြုရဲသောကြောင့် မမြင်သလို ဟန်ဆောင်ခဲ့ကြ၏။

မင်းသားကြီးက သူတို့စော်ကားနိုင်သောလူ မဟုတ် သည်မှာ သေချာသည်။ ထို့အပြင် လျိုရူရွှမ်းကလည်း လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှ အန္တိမအကြီးအကဲတစ်ဦး၏ မြေးမ ဖြစ်သည်ဟု ကောလာဟလထွက်ရှိထားရာ သူမကိုလည်း သူတို့ မထိရဲကြပေ။

ဆွေးနွေးပွဲက ဆက်လက် ဖြစ်ပေါ်နေခဲ့၏။

တစ်ချိန်တည်းမှာပင် ရွှေ့ချင်းရိုသည် လူတိုင်း၏ ဉာဏ်အလင်းများကို တိတ်ဆိတ်စွာ နားထောင်နေရင်း ရေမြှုပ်ကဲ့သို့ အသုံးဝင်သောအရာများကို စုပ်ယူနေသည်။

ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ်နိုးထလာပြီးနောက် သူမ၏ကျင့်ကြံမှုက သိသိသာသာမြန်ဆန်လာပြီး သူမ၏နားလည်နိုင်စွမ်းကလည်း များစွာတိုးတက်လာခဲ့၏။ သူမ ယခင်က နားမလည်နိုင်ခဲ့သော အရာများ က ယခု ရှင်းရှင်းလင်းလင်းဖြစ်လာသည်။ ထို့အပြင် သူမသည် အသစ်သစ်သောအရာများကို လျင်မြန်စွာသင်ယူနိုင်ခဲ့၏။

လက်ရှိအချိန်တွင် ပစ္စုပ္ပန်၌ ထူးချွန်ထက်မြက်သော လူငယ်ထောင်ပေါင်းများစွာအနက် လူတိုင်းနီးပါး၏ ကျင့်ကြံမှုက သူမထက် ပိုမြင့်မားသည်။ သူတို့မျှဝေခဲ့သော အတွေ့အကြုံများ နှင့် ထိုးထွင်းသိမြင်မှုများက သဘာဝကျစွာပင် သူမအတွက် ကြီးမားစွာတန်ဖိုးရှိ ၏။ ထို့ကြောင့် သူမ အာရုံစိုက်၍ နားထောင်ခဲ့သည်။

သူမက တိတ်တဆိတ် ထိုင်နေပုံရသော်လည်း ထိုလူများ၏ ဉာဏ်အလင်းများကို နှိုင်းယှဉ်နေခြင်းအားဖြင့် အဆင့်ငယ်နှစ်ဆင့်ကို တိတ်တဆိတ်ချိုးဖောက်နိုင်ခဲ့သည်ဆိုတာကို ဘယ်သူကမှ မသိခဲ့ပေ။

သို့သော်ငြားလည်း သူမက အခုထိ အလွန်အားနည်းနေဆဲပင်။ သန့်စင်သောယန်နယ်ပယ်၏ တတိယအဆင့်မှာသာ ရှိသေး၏။

"ဒါနဲ့ ဒီညီမက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက မဟာအကြီးအကဲတစ်ယောက်ကနေ အသစ်လက်ခံထားတဲ့ တပည့်မလေး ရွှေ့ချင်းရို ဖြစ်မယ်ထင်တယ် ဟုတ်လား"

ရုတ်တရက် နူးညံ့သောအသံတစ်ခုက ထွက်ပေါ်လာသည်။

ရွှေ့ချင်းရိုလည်း အတွေးထဲမှ နိုးထလာ၏။ ထို့နောက် လှည့်ပတ်ကြည့်လိုက်ရာ အဖြူရောင်ဝတ်စုံဖြင့် လှပသော အမျိုးသမီးတစ်ဦးက သူမဆီသို့ အပြုံးဖြင့် ချဉ်းကပ်လာသည်ကို သတိပြုလိုက်မိသည်။

"တစ်… တစ်ခုခု ပြောစရာရှိလို့လား"

ရွှေ့ချင်းရိုသည် အနည်းငယ်သော စိတ်ပူပန်မှုကို ခံစားလိုက်ရ၏။ ထိုမိန်းကလေးက အကြီးအကဲအချို့နှင့် ခပ်ဝေးဝေးမှာ စကားပြောနေသည်ကို သူမ မြင်ခဲ့သည်။ ထို့အပြင် သူမ၏အထောက်အထားက ရိုးရှင်းမှုမရှိသည်ကို သူမ သိ၏။

သူမစိုးရိမ်ပူပန်ရသည့် အဓိကအကြောင်းအရင်းမှာ သူမ၏ စိတ်နေသဘောထားက မပြောင်းလဲသေးသောကြောင့်ပင်။ သူမ၏နှိမ့်ချစွာပြုမူခဲ့ခြင်းက ရေရှည်ဖြစ်ပျက်ခဲ့သောကြောင့် သူမကိုယ်သူမ အလိုလို အရေးမပါဘူးဟု ခံစားရစေသည်။

ထို့အပြင် အခုအချိန်၌ သူမသည် မဟာအကြီးအကဲ၏ တပည့် ဖြစ်သော်လည်း သူမ၏ခွန်အား က လက်ရှိ ပါရမီရှင်များစွာထက် အားနည်းနေသေး၏။ ထို့နောက် သူမ ယုံကြည်မှုမရှိခဲ့ပေ။

"ဘာမှမဟုတ်ပါဘူး၊ အစ်မက ဒီအတိုင်း စပ်စုချင်ရုံပါ၊ ညီမချင်းရိုက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက မဟာအကြီးအကဲရဲ့ လေးစားခံတပည့်မလေး ဖြစ်တဲ့အတွက် သိုင်းပညာကျင့်စဉ်တွေအပေါ်မှာ ထူးခြားတဲ့ ဉာဏ်အလင်းရှိမှာ သေချာတယ်၊ ဒါဆို ဘာကြောင့်များ အပေါ်ကို တက်ပြီး လူတိုင်းနဲ့ မမျှဝေရတာလဲ"

လျိုရူရွှမ်းသည် သူမ၏အပြုံးတွင် ရည်ရွယ်ချက်တစ်ခုကို လျှို့ဝှက်ထားကာ ပြောလိုက်သည်။

"ကျွန်မ… မလုပ်နိုင်ဘူး၊ ကျွန်မရဲ့ကျင့်ကြံမှုက အရမ်းအားနည်းနေသေးတော့ ကျင့်ကြံမှုအပေါ်မှာ ဉာဏ်အလင်းများများ မရှိဘူး"

ရွှေ့ချင်းရိုသည် သူမ၏ လက်သေးသေးလေးများကို ဝှေ့ယမ်းလျက် လျင်မြန်စွာ ခေါင်းခါလိုက်၏။

"ညီမချင်းရိုက အရမ်းနှိမ့်ချတတ်တာပဲ၊ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက မဟာအကြီးအကဲရဲ့ မျက်နှာသာပေးတာကို ခံထားရတဲ့အတွက် ညီမလေးမှာ အရည်အချင်းတချို့ ရှိရမယ် မဟုတ်လား"

လျိုရူရွှမ်းသည် သူမ၏နှုတ်ခမ်းကို အုပ်လျက် ရယ်မောလေသည်။

"ညီမရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ခန္ဓာကိုယ် နိုးထလာလို့ မဟာအကြီးအကဲက တပည့်အဖြစ် လက်ခံခဲ့ရုံသက်သက်ပဲလို့ လူတွေအများကြီး ပြောနေကြပေမယ့် အစ်မကတော့ ဒါကိုမယုံပါဘူး၊ ညီမဆီမှာ နှစ်သက်ဖွယ်ခန္ဓာကိုယ်လေးရှိရုံလေးနဲ့ ဘယ်လိုလုပ်ပြီး ထင်ရှားကျော်ကြားလာနိုင်မှာလဲ"

သူမ၏စကားလုံးများက ပိုပိုပြီး မသင့်လျော်တော့ပေ။ သူမက ရယ်မောနေဟန် ရှိသော်လည်း အဓိပ္ပာယ်သိရန် ခက်ခဲသော စကားလုံးထိုးနှက်ချက်များဖြင့် စိတ်ရင်းကို ဖုံးကွယ်ထားလေ၏။

"ဒါကြောင့် ညီမဆီမှာ ထူးခြားတဲ့အရည်အချင်းအချို့ရှိမှာ သေချာတယ်"

"ပြီးတော့ ညီမရဲ့ကျင့်ကြံမှုက အရမ်းနိမ့်နေသေးပေမယ့်လည်း သန့်စင်သောယန်နယ်ပယ်ရဲ့အစောပိုင်းအဆင့်မှာ ရှိနေပြီလေ၊ ဒီလိုထူးခြားတဲ့ပါရမီက နားလည်နိုင်စွမ်းကြောင့်ပဲ ဖြစ်ရမယ်၊ ကျင့်ကြံမှု အမြန်နှုန်းကြောင့် မဟုတ်လောက်ဘူး"

"ဆိုတော့ ညီမရဲ့သိုင်းပညာကျင့်စဉ်အပေါ်ထားရှိတဲ့ ထိုးထွင်းသိမြင်မှုတွေက ထူးခြားနေရမယ်၊ ဘာလို့များ လူတိုင်းနဲ့ မမျှဝေရတာလဲ...ဒါမှမဟုတ် ဖြစ်နိုင် တာက…ညီမလေးက ဒီနေရာမှာရှိတဲ့ လူအားလုံးကို အထင်သေးနေတာလား၊ သူတို့က မထိုက်တန်ဘူးလို့ ထင်နေတာလားဟင်"

လျိုရူရွှမ်း၏စကားလုံးများက စိတ်ကို အသေသတ်နိုင်သော တိုက်ခိုက်မှု ဖြစ်သည်။ ထိုကဲ့သို့ စွပ်စွဲချက်များဖြင့် ရွှေ့ချင်းရိုကို ကြောင်အသွားအောင် ဖိအားပေးနိုင်ခဲ့၏။

သူမ၏ဘေးမှာရှိသော လူအချို့သည်လည်း လျိုရူရွှမ်း၏ စကားလုံးများကို ကြားလိုက်ရသည်။ ချက်ချင်းပင် သူတို့၏နားများက တစ်ခုပြီးတစ်ခု ထောင်လာခဲ့ကြ၏။

လေထုက စတင်ထူးဆန်းလာခဲ့သည်။ တိတ်ဆိတ်ခြင်းက ပျံ့နှံ့သွားခဲ့၏။

အလယ်တန်းကျောင်း၏ ညဘက်စာကျက်ချိန်၌ ဆူညံနေသောအတန်းက ရုတ်တရက် တိတ်ဆိတ်သွားသကဲ့သို့ သို့မဟုတ် တိပ်ခွေ ပိတ်မိသွားသကဲ့သို့ပင်။

လက်ရှိအချိန်မှာလည်း အတူတူပင် ဖြစ်သည်။ တိတ်ဆိတ်ခြင်းက ထိုနှစ်ယောက်ကို ဗဟိုပြု၍ လျင်မြန်စွာ ပျံ့နှံ့နေလေရာ ရင်ပြင်တစ်ခုလုံးက တိတ်ဆိတ်သွားခဲ့၏။

အလယ်ဗဟို၌ ဆွေးနွေးနေသူများပင်လျှင် အကြောင်းပြချက်မရှိဘဲ ခေတ္တရပ်လိုက်ကြသည်။ ထို့နောက် ရွှေ့ချင်းရိုနှင့် လျိုရူရွှမ်းကို လှည့်ကြည့်လာကြ၏။

ဒီတစ်ကြိမ်၌ လျိုရူရွှမ်းက ထပ်ပြောလာသည်။

"ညီမက လက်ရှိ ပါရမီရှင်တွေအားလုံးကို တစ်ကယ် အထင်သေးနေတာလား၊ သူတို့နဲ့ ဉာဏ်အလင်းတွေ မျှဝေပြီး ဆွေးနွေးဖို့ကို အထင်သေးနေတာလား"

အိုး!

ယခု လူတိုင်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေပြီ။ ရုတ်ချည်းပင် ပါရမီရှင်ပေါင်းများစွာက ပြတ်သားအေးစက်စွာဖြင့် ရွှေ့ချင်းရိုကို ကြည့်လာကြ၏။

နက်နဲစွာအမြစ်တွယ်နေသော မာနနှင့် နိမ့်ကျနေသော တချို့စိတ်ဓာတ်များက လှုံ့ဆော်ခံလိုက်ရသည်။ မျက်နှာပေါ်၌ မာနကြီးသောအမူအရာကို အမြဲတင်ဆောင်ထားသူအများစုသည် အမှန်တစ်ကယ်တော့ စိတ်ထဲ၌ နိမ့်ကျမှုကို ခံစားနေရခြင်းပင်။

ထိုအချိန် မင်းသားကြီးယန်ချီထျန်းကလည်း လှမ်းကြည့်လာခဲ့၏။

ထိုအကျင့်ဖောက်ပြားသော အမျိုးသမီးက တိတ်ဆိတ် စွာနေထိုင်ပြီး လှပသော အမျိုးသမီးအား အနိုင်ကျင့် နေသည်ကို မြင်လိုက်ရသောအခါ သူ့မျက်ခုံးများကို တွန့်လိုက်မိသည်။

ဒါ အတော်လွန်နေလေပြီ!

သူ ဖြည်းဖြည်းချင်း ထရပ်ကာ စကားပြောရန် အသင့်ပြင်လိုက်၏။

သို့သော်။

တစ်စုံတစ်ဦးက ဦးဆောင်သွားခဲ့သည်။

"မင်းပါးစပ်ကို ပိတ်ထား!"

အပြစ်တင်သံပါသောစကားက ဗြုန်းစားကြီး ထွက်ပေါ် လာလေ၏။ လူတိုင်း လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံဝတ်ထားသည့် အရပ်ရှည်ရှည် လူငယ်လေးတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။

သူက ချင်ကျီပင်။

ချင်ကျီသည် ရွှေ့ချင်းရို၏အရှေ့မှာ ရပ်ကာ လျိုရူရွှမ်းကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်၏။

"ငါ့ရဲ့ရှစ်မေ့က ဘာစကားတစ်ခွန်းမှ မပြောရသေးဘူး၊ ဒါပေမဲ့ မင်းကတော့ ရေညစ်တွေကို ပုံးလိုက်သွန်ချနေတယ်၊ လေနှင့်မိုးကြိုးချိုင့်ဝှမ်းက ဧည့်သည်တွေကို ဆက်ဆံတဲ့ နည်းလမ်းက ဒီပုံစံနဲ့လား"

"ရှင်က ဘယ်သူလဲ"

လျိုရူရွှမ်း၏ အမူအရာက အနည်းငယ် အေးစက်သွားသည်။

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ချင်ကျီ!"

ချင်ကျီသည် ထောင်လွှားစွာ ပြောလိုက်၏။

"ဘာ! သူက ချင်ကျီလား!"

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ နံပါတ်တစ်ပါရမီရှင်လေ၊ တကယ်ထူးချွန်ထက်မြက်တဲ့သူပဲ!"

"သူ သန့်စင်သောယန်နယ်ပယ်မှာ ရှိနေတုန်းက အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ် ကျွမ်းကျင်သူငါးယောက်စလုံး ဝိုင်းထားခဲ့တာကိုတောင် လွယ်လွယ်ကူကူ လွတ်မြောက်နိုင်ခဲ့တယ်လို့ ငါ ကြားဖူးတယ်"

ပတ်ဝန်းကျင်ရှိ လူအပေါင်းက လေးစားသောအမူအရာများကို ပြသလာကြသည်။

ဤနေရာရှိ လူတိုင်းသည် သူတို့ကိုယ်သူတို့ ပါရမီရှင်များဟု ခေါ်ဆိုကြသော်လည်း မည်သို့ပင်ဆိုစေကာမူ ပါရမီရှင်များနှင့် စစ်မှန်သောထူးချွန်ထက်မြက်သူများကြားမှာ ကွာဟချက်များ ရှိနေသေး၏။

အဓိကဂိုဏ်းကြီးခြောက်ခုထဲမှ တစ်ခုဖြစ်သော ကိုယ်ခံပညာခုနစ်ဂိုဏ်း၏ ပါရမီရှင်ခေါင်းဆောင် အနေဖြင့် ချင်ကျီ၏ အဆင့်အတန်းက သူတို့ထင်ထားသည်ထက် ပိုအရေးပါသည်။

"ဟမ့်! ဆိုတော့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်ပါလား၊ ဒီလောက်အထိ မာနကြီးနေတာ အံ့သြစရာမရှိတော့ပါဘူး၊ ဒါပေမဲ့… ဒါက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း မဟုတ်ဘူး!"

လျိုရူရွှမ်းက ယုံကြည်မှုရှိစွာ ပြော၏။

"ဘယ်နေရာမှာပဲ ဖြစ်ဖြစ် တစ်ခုခုလုပ်တော့မယ်ဆို အကြောင်းပြချက်က အမြဲရှိသင့်တယ်"

ချင်ကျီ၏ မျက်လုံးများက အေးစက်သွားသလို သူ့အသံကလည်း ရေခဲတမျှ အေးစက်နေသည်။

"ခွန်အားက အကြောင်းပြချက်ပဲ"

လျိုရူရွှမ်းက လှောင်ပြောင်၏။

"တိုက်ဆိုင်လိုက်တာ၊ ငါက အဲ့ဒါကို သယ်ဆောင်လာပြီးသား!"

ချင်ကျီက လှောင်ပြောင်လာပြီး သူ့ညာလက်သီးကို ဆုပ်ကာ ချက်ချင်းပင် အရှေ့ကို ထိုးချလိုက်သည်။

ရွှေရောင်လက်သီးရောင်ခြည်သည် တောင်ပေါ်မှဆင်းသက်လာသော ရက်စက်ပြင်းထန်သည့် ကျား တစ်ကောင်ကဲ့သို့ပင် ဖြစ်ရာ ၎င်း၏စွမ်းအားကို အနိုင်ယူရန် ခက်ခဲသည့်ပုံပင်။ သူ့အရှေ့ရှိ အရာအားလုံးကို ဆုတ်ဖြဲတော့မည့်အလား...

"လေနှင့်မိုးကြိုးလက်ဝါး!"

လျိုရူရွှမ်းကလည်း အော်၍ သူမ၏ညာဘက်လက်ဝါးကို လှုပ်ရမ်း၏။ အနီရောင်လေကြမ်းများနှင့် မိုးကြိုးများက ရစ်ပတ်လာပြီး အရှေ့ကို တွန်းပို့နေသော ကြီးမားသည့် လေမိုးကြိုးလက်ဝါးတံဆိပ်ကို ဖြစ်ပေါ် စေသည်။

"ဒုန်း!!!"

ပေါက်ကွဲမှုကြားတွင် ချင်ကျီ၏ ရွှေရောင်လက်သီးရောင်ခြည်က ပျက်စီးသွားခဲ့၏။ လေနှင့်မိုးကြိုးလက်ဝါးတံဆိပ်ကမူ အက်ကြောင်းများ ပေါ်လာ သော်လည်း ဆက်လက်တိုးဝင်နေသည်။

"ချိုးဖောက်!"

ထိုအချိန်တွင် ချင်ကျီ၏ ခန္ဓာကိုယ်မှာ ပင်လယ်ထဲမှ ထွက်ခွာသွားသော မြွေနဂါးကဲ့သို့ပင် လေနှင့်မိုးကြိုးလက်ဝါးတံဆိပ်ကို ထိုးဖောက်ခဲ့ပြီး ၎င်းကပျက်စီးသွားသော အချိန်တွင် သူသည် လျိုရူရွှမ်း၏အရှေ့သို့ ပြေးလာခဲ့ပြီး နောက်တစ်ကြိမ် ထပ်ထိုးလိုက်၏။

"မုန်တိုင်းခန္ဓာကိုယ်အကာအကွယ်!"

လျိုရူရွှမ်း ထိတ်လန့်သွားရသည်။ သူမ၏ခန္ဓာကိုယ် အပေါ်တွင် အစိမ်းရောင်မုန်တိုင်းတစ်ခုက ရုတ်ချည်း အုံကြွလာခဲ့၏။ သို့သော်ငြား ချင်ကျီ၏ လက်သီး အောက်တွင် ထိုမုန်တိုင်းက ပျောက်ကွယ်သွားခဲ့သည်။

ဘုန်း!

အသံခပ်အုပ်အုပ်တစ်ခု ထွက်ပေါ်ခဲ့ပြီး လျိုရူရွှမ်းသည် အနောက်သို့ ဆယ်မီတာကျော် လွင့်ပျံသွားခဲ့ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။ သူမ၏ လှပသောမျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။

တကယ်တော့ သူမ၏လည်ချောင်းထဲ၌ သွေးတစ်ပွက်စုဝေးလာသေး၏။ သို့သော်ငြား သူမ ပြန်မျိုချခဲ့သည်။ လူတိုင်းသိသည်မှာ သွေးမထွက်သရွေ့ အရှုံးအဖြစ် မသတ်မှတ်ဟူ၍ပင်။

"ဟက်! ဒါက တခြားလူတွေကို အနိုင်ကျင့်ရာမှာ ထားရှိတဲ့ ရင်းနှီးမှုလား"

ချင်ကျီသည် လျိုရူရွှမ်းကို ငုံ့ကြည့်၍ အေးစက်စွာ ပြောလိုက်၏။

"ဘယ်နေရာမှာပဲ ဖြစ်စေ ငါ့ရှစ်မေ့က မင်းရဲ့စီရင်ပိုင်ခွင့်အောက်မှာ မရှိဘူး ဒါကိုမှတ်ထား!!"

"ချင်ကျီရှစ်ရှုန်း"

ချင်ချွမ်း၏အနောက်မှ ရွှေ့ချင်းရိုသည် ချင်ကျီကို မျက်ရည်များပြည့်နေသော မျက်လုံးများဖြင့် ငေးကြည့်နေသည်။ သူမ၏မျက်လုံးများထဲ၌ အဆုံးမဲ့ ကျေးဇူးတင်မှုနှင့် နူးညံ့နွေးထွေးမှုများ ပြည့်နှက်နေလေ၏။

ထို့အပြင် ထိုမြင်ကွင်းကလည်း မင်းသားကြီးယန်ချီထျန်း၏ မျက်လုံးများကို ဖမ်းစားနိုင်ခဲ့သည်။ သူ သူ့လက်သီးများကို တိတ်တဆိတ်ဆုပ်လိုက်ရာ တဆစ်ဆစ်မြည်သံများ ထွက်ပေါ်လာခဲ့၏။

*******************

All Chapters