← Chapters

ပေတစ်သောင်းသားရဲ

Vol. 39 Ch. 534

ပေတစ်သောင်းသားရဲ

Vol. 39 Ch. 534

လေပြေလေညှင်းများနှင့်အတူ ကောင်းကင်ထက်မှ ပုံရိပ်အချို့ ဆင်းသက်လာကြသည်။ ထိုပုံရိပ်များမှာ အလွန်ပင် ခန့်ညားထည်ဝါလွန်းလှ၏။

အခြားတောင်ထွတ်ငါးခုမှ တပည့်များမှာလည်း အတူတကွ လိုက်ပါလာကြသည်။

ဇူယွမ်မှာ ဦးဆောင်ထားသော ပုံရိပ်များထဲမှ အချို့ကိုသာ ရင်းနှီးကျွမ်းဝင်၏။

ချူချင်း၊ လီချင်းချန်၊ ယဲ့ကယ်စသည်....

တပည့်များအား ဦးဆောင်ရောက်ရှိလာသော ပုံရိပ်များမှာ မလွဲမသေပင် အခြားသော တောင်ထွတ်ငါးခုမှ ရွေးချယ်ခံတပည့်များ ဖြစ်လေသည်။

မူလသူတော်စင်တောင်ထွတ်၏ တပည့်များမှာ ရောက်ရှိလာသော ရွေးချယ်ခံများအား နားမလည်နိုင်သော မျက်ဝန်းများဖြင့် ကြည့်ရှုနေကြ၏။ ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များအား အဆုံးသတ်ပေးတော့မည့် အချိန်တွင်မှ ထိုသူများသည် အဘယ်ကြောင့် ရောက်ရှိလာရပါသနည်း။

ရွေးချယ်ခံများမှာလည်း ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် မူလသူတော်စင်တောင်ထွတ်နှင့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကြည့်ရှုစစ်ဆေးလိုက်ကြပြီးနောက် အလွန်ပင် အံ့အားသင့်သွားကြရသည်။ အဘယ့်ကြောင့်ဆိုသော် လူအင်အားဆယ်ဆကျော်မျှသာလွန်သည့် ဓားကပ်ဘေးတောင်ထွတ်မှ တပည့်များမှာ မရှုမလှပင် အရေးနိမ့်နေရသောကြောင့် ဖြစ်သည်။ လက်ရှိအချိန်တွင် ဓားကပ်ဘေးတောင်ထွတ်မှာ အလွန်ပင် လူအင်အားလျော့ပါးနေရပြီး သနားစဖွယ် ဖြစ်နေ၏။

ယဲ့ကယ်မှာ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။ "ဘာတွေဖြစ်နေတာလဲ။ ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကရော ဘယ်ရောက်သွားတာလဲ။ ဒီမှာရှိနေတာ အကုန်ပဲလား။"

"ဘယ်ရောက်သွားရမှာလဲ။ ပြိုင်ပွဲကနေ ထုတ်ခံလိုက်ရတာပေါ့ကွ။ အခုက ဆော့နေတယ်ထင်လို့လား။" ချူချင်းမှ တောက်ပြောင်နေသော ဦးခေါင်းအားပွတ်ကာ စကားဆိုလိုက်သည်။

"မူလသူတော်စင်တောင်ထွတ်က လူအင်အားငါးရာလောက်ပဲ ရှိတာလေ။ အဲ့လောက်လူနည်းနည်းလေးနဲ့ ဓားကပ်ဘေးတောင်ထွတ်ကို သမလိုက်တယ်ပေါ့။" ယဲ့ကယ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

"စုန်းမကြီးတစ်ယောက်လုံး ရှိနေတာလေ။ အရင်လိုမှ မဟုတ်တာ။ အဲ့မိန်းမရှိနေတဲ့ မူလသူတော်စင်တောင်ထွတ်ကို အရင်လိုလျှော့တွက်လို့ရမလား။" ခုန်းရှန်မှာ တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် ခုန်းရှန်နှင့် ယောင်ယောင်နှစ်ဦး တိုက်ခိုက်နေကြသောနေရာအား လှမ်း၍ကြည့်ရှုလိုက်သည်။ "အဟက်...ကြည့်ရတာ ခုန်းရှန်လည်း ဒုက္ခရောက်နေပြီနဲ့တူတယ်။ ငါပြောပါတယ် အဲ့မိန်းမက တကယ်မလွယ်ပါဘူးလို့။"

ယဲ့ကယ်မှ ခုန်းရှန်အား မျက်စောင်းထိုးကာ ပြောလိုက်သည်။ "သူမကို စုန်းမလို့မပြောနဲ့။ အခုဖြစ်ပျက်သမျှက ဓားကပ်ဘေးတောင်ထွတ်ကိုပဲ အပြစ်တင်ရမှာ။ သူတို့ဖက်က စတာလေ။ မဟုတ်လို့လား။"

ချူချင်းမှ သွားဖြဲ၍ရယ်ကာ စကားဆိုလိုက်သည်။ "အဟီးဟီး မင်းရဲ့ရင်တွင်းဒဏ်ရာက ကြပ်သွားပြီထင်တယ်။ ငါတို့ကို သူမမျက်နှာလွှဲခဲပစ်လုပ်ခဲ့တုန်းက မျက်တောင်တောင်ခပ်တာမဟုတ်ဘူး။ သူမက အရမ်းသွေးအေးတဲ့မိန်းကလေးပဲ။ ငါ့ရဲ့ကြီးမြတ်တဲ့စိတ်ထားနဲ့ ကယ်ဆယ်မှုတွေကြောင့်သာမဟုတ်ရင် အခုချိန် မင်းအသက်ရှင်နေဦးမယ် ထင်လို့လား။ မင်းသာကျေးဇူးတရားသိတက်ရင် ငါ့ကိုအကြိမ်တစ်ထောင်လောက် အရိုအသေပေးသင့်တာ။"

ယဲ့ကယ်မှ ပြုံးကာပြောလိုက်သည်။ "မင်းကအမြဲ ဘဝင်မြင့်ပြီး အပျင်းတစ်နေတာလေ။ သူမနဲ့ အဆင်မပြေတာ မဆန်းပါဘူး။"

ချူချင်းမှာ အလွန်နာကျင်သွားဟန်ဖြင့် ရင်ဘတ်အားဖိကာ စကားဆိုလိုက်သည်။ "မင်း..မင်းကွာ ငါ့ကိုဘဝင်မြင့်ပြီး အပျင်းတစ်တယ်တဲ့လား။ ငါကဒီလောက် ခင်မင်စရာကောင်းပြီး ချောမောခန့်ညားတာကို။ တကယ်ဆိုရင် အဲ့ကောင်းကင်အဆင့်တာဝန်မှာက သူမကြောင့်သာမဟုတ်ရင် ငါတို့တိုက်ခိုက်စရာလိုမှာ မဟုတ်ဘူး။ ရတနာတွေကို တခြားကလန်နဲ့ မျှပြီးခွဲဝေလိုက်တာက စွမ်းအင်ချွေတာရာရောက်တယ်လေ။ ငါပြောတာ မဟုတ်လို့လား။"

လီချင်းချန်မှ အေးစက်နေသော မျက်ဝန်းများဖြင့် ချူချင်းနှင့် ယဲ့ကယ်အားကြည့်ကာ ပြောလိုက်သည်။ "နင်တို့နှစ်ယောက်လုံး ပါးစပ်ပိတ်ထားကြစမ်း။ နားကိုငြီးတယ်။"

ထို့နောက် လီချင်းချန်မှာ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ကြည့်ရှုစစ်ဆေးလိုက်သောအခါတွင် ဓားကပ်ဘေးတောင်ထွတ်၏ တပည့်အရေအတွက်မှာ အတော်ပင် လျော့ပါးနေရသည်ကို သတိပြုလိုက်မိ၏။

မည်သူကမှ မူလသူတော်စင်တောင်ထွတ်ထက် လူအင်အားဆယ်ဆကျော်မျှသာလွန်သော ဓားကပ်ဘေးတောင်ထွတ်သည် ထိုသို့ဆိုးရွားစွာ ရှုံးနိမ့်သွားရလိမ့်မည်ဟု မျှော်လင့်မထားကြပေ။ ဇူယွမ်နှင့် ယောင်ယောင်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် တိုက်ပွဲအလှည့်အပြောင်းများကို ဖြစ်ပေါ်စေခဲ့လေသည်။

ထိုအချိန်မှာပင် ဇူယွမ်မှာ ရွေးချယ်ခံများကြည့်ကာ အရိုအသေပြု၍ မေးမြန်းလိုက်သည်။ "စီနီယာအမတော်လီချင်းချန် ဘာကိစ္စနဲ့များ ဒီကိုရောက်လာကြတာလဲ။"

ဇူယွမ်၏ မျက်ဝန်းများမှာ အလွန်ပင် လေးနက်တည်ကြည်နေ၏။ လက်ရှိတွင် ဤနေရာသို့ ရွေးချယ်ခံများအားလုံး ရောက်ရှိလာကြခြင်းအား လျစ်လျူရှုထား၍ မရနိုင်ပေ။ အထူးသဖြင့် ဓားကပ်ဘေးတောင်ထွတ်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေရချိန်၌ ရောက်ရှိလာကြခြင်းပင် ဖြစ်သည်။

လီချင်းချန်မှ ဇူယွမ်အားကြည့်ကာ ညင်သာစွာ စကားဆိုလိုက်၏။ "ငါတို့မှာ ဆွေးနွေးစရာရှိလို့ ဒီကိုလာခဲ့ကြတာ။"

သူမသည် ခေတ္တမျှ ငြိမ်သက်သွားပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။ "အရင်ဆုံး ခုန်းရှန်နဲ့ ကျောင်းဇူကိုခေါ်လို့ရမလား။ ဒီကိစ္စက သူတို့နဲ့လည်း ဆွေးနွေးရမှာမို့ပါ။"

လီချင်းချန်၏စကားအား ခုန်းရှန်နှင့် ယောင်ယောင်တို့လည်း ကြားလိုက်ကြရ၏။

ယောင်ယောင်မှာ ရွေးချယ်ခံများအားလုံး ရောက်ရှိလာကြခြင်းအပေါ် အနည်းငယ်မျှ အံ့အားသင့်နေမိလေသည်။ သို့သော် သူမသည် လီချင်းချန်၏စကားအား အလျင်စလို လက်ခံပေးလိုက်ခြင်းမရှိပဲ ဇူယွမ်အားကြည့်ကာ မျက်ဝန်းပင့်၍ မေးမြန်းလိုက်၏။

ဇူယွမ်မှာ အချိန်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ပြကာ သဘောတူလိုက်သည်။ ယောင်ယောင်မှာ စုတ်တံအားလှုပ်ယမ်း၍ အစီအရင်များအား ချေဖျက်ပေးလိုက်သည်။ ထို့နောက် ထန်ထန်အား အချက်ပြကာ ခေါ်ဆောင်လိုက်၏။ သူမအချက်ပြသည်အား မြင်တွေ့လိုက်ရသည်နှင့်တကွ အဝေး၌ တိုက်ခိုက်နေသော ထန်ထန်မှာ ခွေးပေါက်စလေးအလား လျင်မြန်စွာပင် ပျံဝဲလာတော့သည်။

ဝှစ်....

ဤသို့ဖြင့် ခုန်းရှန်နှင့် ကျောင်းဇူမှာ အတူတကွ စုစည်းမိသွားကြ၏။ သို့သော် ၎င်းတို့၏ အမူအရာမှာ အလွန်ပင် ခက်ထန်နေရသည်။

ကျောင်းဇူမှ အေးစက်စွာ အော်ဟစ်လိုက်၏။ "ဇူယွမ်...ငါတို့ဓားကပ်ဘေးတောင်ထွတ်က တပည့်တွေကို လွှတ်ပေးလိုက်စမ်း။"

ဇူယွမ်မှာ ကျောင်းဇူအား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် အလေးပင်မထားဟန်ဖြင့် တစ်ဖက်သို့ လှည့်သွားလေသည်။

ကျောင်းဇူမှာ ဇူယွမ်၏ လျစ်လျူရှုခြင်းအား ခံလိုက်ရသောကြောင့် အလွန်ပင် ဒေါသထွက်သွားရသည်။

ယဲ့ကယ်မှ စကားဆိုလိုက်၏။ "ဂျူနီယာညီတော်ကျောင်းဇူ အရမ်းလည်း ဒေါသမဖြစ်ပါနဲ့။ မူလသူတော်စင်တောင်ထွတ်နဲ့ ဓားကပ်ဘေးတောင်ထွတ်တို့ရဲ့ မပြေလည်မှုတွေကလည်း ငြိမ်းအေးသင့်နေပါပြီ။ ဘာပဲပြောပြော ငါတို့က ကလန်တစ်ခုထဲမလား။"

"ကျေအေးရမယ် ဟုတ်လား။ မင်းရူးနေတာလားကွ ဟမ်။ သူတို့မူလသူတော်စင်တောင်ထွက်က ငါတို့ဓားကပ်ဘေးတောင်ထွတ်ရဲ့ တပည့်ထောင်ချီကို ပြိုင်ပွဲက ထုတ်ပစ်လိုက်တာလေ။ ပိုင်လီချွီးကိုတောင် မချန်ဘူး။ အဲ့ဒါကို ငါတို့က ဘာလုပ်ရမှာလဲ။ ကျေးဇူးတင်လွန်းလို့ဆိုပြီး အရိုအသေပြုပေးရဦးမှာလား။ မကျေအေးပေးနိုင်ဘူးကွ။" ကျောင်းဇူမှ ဒေါသထွက်စွာ အော်ဟစ်​ပြောဆိုလိုက်၏။

ကျောင်းဇူ၏ စကားကြောင့် ရွေးချယ်ခံများအားလုံးမှာ ဇူယွမ်အား ကြည့်ရှုလိုက်ကြသည်။

၎င်းတို့၏ အမြင်တွင်မူ မူလသူတော်စင်တောင်ထွတ်၏ တပည့်ခေါင်းဆောင်ဖြစ်သူဇူယွမ်မှာ အခြားသော တောင်ထွတ်များမှ တပည့်ခေါင်းဆောင်များထက် ပိုမိုအင်အားနည်းသင့်သည်။ ထို့ကြောင့် သူတို့အားလုံးမှာ ဇူယွမ်မှ ပိုင်လီချွီးအား အနိုင်ရရှိခြင်းအပေါ်တွင် မယုံကြည်နိုင် ဖြစ်နေကြရ၏။

"ဟိုစုန်းမကို ဆွဲဆောင်နိုင်တယ်ဆိုထဲက ဒီကောင်လေးက ထူးခြားနေပြီလေ။ အဲ့ဒါကြောင့် ပိုင်လီချွီးကို နိုင်တာလောက်ကတော့ ဘာမှမထူးဆန်းပါဘူး ဟဲဟဲ။" ချူချင်းမှာ အနည်းငယ်မျှပင် အံ့အားသင့်ခြင်း မရှိဟန်ဖြင့် စကားဆိုလိုက်သည်။

ယောင်ယောင်မှာ အေးစက်ခက်ထန်နေသော မျက်ဝန်းများဖြင့် ချူချင်အားကြည့်ကာ ပြောလိုက်သည်။ "စုန်းမဆိုတာ ဘယ်သူ့ကို ပြောတာလဲ။"

ချူချင်းမှာ ပြာပြာသလဲပင် ကိုယ့်ပါးကိုယ်ရိုက်ကာ ပြောလိုက်သည်။ "ငါစကားမှားတာပါ။ စကားမှားတာပါ။ နင်ကစုန်းမ မဟုတ်ပါဘူး။ နတ်သမီးလေးပါ ဟီးဟီး။"

ခုန်းရှန်မှ အေးစက်စွာ စကားဆိုလိုက်၏။ "မင်းတို့တွေ ဒီကိုဘာလာလုပ်ကြတာလဲ။ ဒီနေ့က ငါတို့ဓားကပ်ဘေးတောင်ထွတ် ဒါမှမဟုတ် မူလသူတော်စင်တောင်ထွတ်က မူလရေကန်ကနေ ထွက်သွားရမယ့်နေ့ပဲ။ ငါတို့မှာ အချိန်မရှိဘူး။ ပြောစရာရှိတာ မြန်မြန်ပြော။"

ယောင်ယောင်မှ တည်ငြိမ်စွာပင် ဝင်ရောက်ပြောဆိုလုိက်သည်။ "ပြိုင်ပွဲက ထွက်သွားရမှာက ဓားကပ်ဘေးတောင်ထွတ်ဆိုတာ သိသာနေတာပဲ။"

"လာလေ။ စမ်းကြည့်လိုက်စမ်းပါ။" ကျောင်းဇူမှ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဝေါင်း...."

ထန်ထန်မှာ ကျောင်းဇူ၏အမူအရာအား သဘောမကျဟန်ဖြင့် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ ကျောင်းဇူမှာ အလျင်အမြန်ပင် အနောက်သို့ ဆုတ်သွားရ၏။

လီချင်းချန်မှာ နောက်ထပ်တစ်ဖန် တိုက်ခိုက်ကြမည်အား စိုးရိမ်သောကြောင့် လျင်မြန်စွာပင် ဝင်ရောက်တားဆီးလိုက်သည်။ "နှစ်ဖက်လုံး တော်ကြပါတော့။"

"စီနီယာအမတော်လီချင်းချန် လာရင်းကိစ္စကို ပြေပါဦး။" ဇူယွမ်မှ လေးနက်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။

"မင်းတို့ တိုက်ခိုက်နေတဲ့ အချိန်မှာပဲ မူလရေကန်မှာ ထူးခြားတဲ့လှုပ်ရှားမှုကို ငါတို့တွေ့ခဲ့တယ်။ ငါမှန်းတာမမှားရင် ဒီအခမ်းအနားအတွက် အကောင်ကြီးကြီးကတော့ ပေါ်လာပြီ။" အရပ်ရှည်ရှည်နှင့် လူငယ်လေးတစ်ဦးမှ ဝင်ရောက်ပြောဆိုလိုက်၏။ ထိုလူငယ်လေး၏ ဆံပင်များမှာ သေသေသပ်သပ် ရှိမနေပဲ ပုခုံးထက်သို့ အရိုင်းဆန်စွာ ဖြာကျနေသည်။

ဇူယွမ်မှာ ထိုလူငယ်လေးအား ကြည့်ရှုလိုက်သောအခါတွင် ကျောက်စိမ်းရောင်ကဲ့သို့ ကြည်လင်ဝင်းမွတ်နေသော အသားအရေအား သတိထားမိလိုက်သည်။ အသာအးရေမှာ ကောင်းမွန်လှသကဲ့သို့ ခန္ဓာကိုယ်မှာလည်း တောင့်တင်းသန်မာလှ၏။

ထိုကျောက်စိမ်းရောင်အသားအရေသည် ဇူယွမ်၏ ဆန်းကြယ်သောခန္ဓာကျင့်စဉ်ငယ်နှင့် တူညီနေလေသည်။

ကန်ရွှမ်းကလန်တစ်ခုလုံး၌ ဇူယွမ်မှလွဲ၍ ဆန်းကြယ်သောခန္ဓာကျင့်စဉ်အား ကျင့်ကြံနိုင်သည့်သူမှာ ဟုန်ယာတောင်ထွတ်မှသာ ဖြစ်ပေလိမ့်မည်။

ထိုလူငယ်လေးသည် ဟုန်ယာတောင်ထွတ်၏ ရွေးချယ်ခံဖြစ်ပြီး ကန်ရွှမ်းကလန်တစ်ခု၏ အဆင့်လေး ရွေးချယ်ခံဖြစ်သူ ရှန့်ချွမ်ချူးပင် ဖြစ်သည်။

"အကောင်ကြီးကြီးဟုတ်လား။" ဇူယွမ်မှာ အနည်းငယ် ကြောင်အသွားရပြီးနောက်တွင်မှ ရေနေသားရဲကြီးအား ဆိုလိုခြင်းဖြစ်ကြောင်း သိရှိသွားရသည်။

လီချင်းချန်မှ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "အခုတစ်ခါ ပေါ်လာတဲ့အကောင်က....."

"ပေတစ်သောင်းလောက် ရှိမယ်။"

"ပေတစ်သောင်းရှိတဲ့ ရေနေသားရဲ ဟုတ်လား။"

ဇူယွမ်သည်သာမက ခုန်းရှန်နှင့် ကျောင်းဇူတို့သည်ပင် အလွန်အံ့အားသင့်သွားကြရသည်။

စင်စစ်အားဖြင့်ဆိုလျှင် ပေတစ်ထောင်မျှရှိသော ရေနေသားရဲသည်ပင် နဂါးရှစ်ကောင်ကောင်းချီးရရှိရန်အတွက် လုံလောက်နေပြီ ဖြစ်၏။ ထို့ကြောင့် ပေတစ်ထောင်သားရဲ ပေါ်လာသော အချိန်တိုင်းတွင်ပင် ရွေးချယ်ခံများ အလုအယက် ရယူကြရသည်။ သို့သော် ယခုအခါတွင် ပေါ်ပေါက်လာသည်မှာ ပေတစ်သောင်းသားရဲ ဖြစ်၏။ ထိုသားရဲကြီးသည် မည်မျှပင် ကြောက်မက်ဖွယ် ကောင်းလိမ့်ပါမည်နည်း။

"ပေတစ်သောင်းသားရဲ နောက်ဆုံးပေါ်လာတာ လွန်ခဲ့တဲ့ နှစ်တစ်ရာဝန်းကျင်ကပဲ။ အဲ့တုန်းကဆို တောင်ထွတ်ခုနစ်ခုလုံးက တပည့်တွေအကုန်လုံး ပြိုင်ပွဲကနေ ထုတ်ခံခဲ့ရတယ်။"

လီချင်းချန်မှ ဇူယွမ်၊ ယောင်ယောင်၊ ခုန်းရှန်နှင့် ကျောင်းဇူအားကြည့်ကာ ပြောလိုက်၏။

"အဲ့ဒါကြောင့် အခုအချိန်မှာ နင်တို့ရဲ့ အငြိုးအတေးတွေကို ခဏဘေးဖယ်ထားစေချင်တယ်။ ငါတို့ တောင်ထွတ်ခုနစ်ခုလုံးပေါင်းပြီး ဒီရေနေသားရဲကြီးကို တိုက်ခိုက်ကြတာပေါ့။"

All Chapters