ပုန်းအောင်းနေသော နဂါးကဲ့သို့ ရွှေ့ချင်းဟန်
Vol. 5 Ch. 61
ရွှေ့ချင်းဟန်သည် ရွှေ့ချင်းရို၏ အစ်ကို ဖြစ်သည်။ ရွှေ့ချင်းရို မွေးဖွားစဉ်မှာ သူတို့၏မိခင်သည် မီးဖွားရင်း သေဆုံးခဲ့ရ၏။ ထို့အပြင် သူတို့၏ဖခင်မှာ ရွာထဲမှ အကောင်းဆုံးမုဆိုးဖြစ်သော်လည်း သူတို့အမေဆုံးသွားပြီးနောက် စိတ်ဓာတ်ကျသွားကာ ပျင်းရိသော အရက်သမားအဖြစ် ပြောင်းလဲသွားခဲ့သည်။
နှစ်အနည်းငယ်အကြာမှာ သူတို့၏ အရက်မူးသမားအဖေက အိမ်နီးနားချင်းရွာမှ အရက်သမားတစ်ဦးနှင့် ရန်ဖြစ်ခဲ့ပြီး နှစ်ယောက်စလုံး မြစ်ထဲသို့ ကျကာ ရေသရဲများ ဖြစ်သွားခဲ့ကြ၏။
ထိုအချိန်မှစပြီး အသက်ဆယ်နှစ်ပင်မပြည့်သေးသော မောင်နှမနှစ်ယောက်သည်လည်း အသက်ရှင်သန်ရပ်တည်ရေးအတွက် တစ်ဦးကိုတစ်ဦး စတင်မှီခိုခဲ့ရသည်။ ထို့အပြင် အလွန်ခက်ခဲသော ဘဝကို နေထိုင်ခဲ့ကြလေ၏။
တခြားသူများက ပေါ့ပါးလွတ်လပ်သော ကလေးဘဝကို ပိုင်ဆိုင်ခဲ့ကြသော်လည်း ဒီမောင်နှမအတွက်တော့ ကလေးဘဝသည် ရှည်လျားကာ အန္တရာယ်ရှိသော လမ်းခရီး ဖြစ်ခဲ့သည်။
အစ်ကိုကြီးတစ်ယောက်အနေဖြင့် ရွှေ့ချင်းဟန်သည် ငယ်စဉ်ကတည်းက သူ့ညီမကို အမြဲကာကွယ်ပေးခဲ့သူဖြစ်၏။ သူကိုယ်တိုင်က တော်တော်လေး သာမန်ဆန်သော်လည်း သူမ၏အရှေ့တွင်မူ မည်သည့်အန္တရာယ်ကိုမဆို ရဲရင့်စွာရင်ဆိုင်ပေးခဲ့သည်။
အသက်ရှင်သန်ရပ်တည်ရေးအတွက် သူတို့ ခိုးယူခဲ့သော အသေးအဖွဲ့ခိုးမှုများက ရိုက်နှက်ခြင်းများစွာကို ယူဆောင်လာခဲ့သော်လည်း ၎င်းတို့ကို သူ တစ်ယောက်တည်းကသာ ခံယူခဲ့လေ၏။
ဥပမာအားဖြင့်...
ကန်စွန်းဥခင်းပိုင်ရှင်က တုတ်ဖြင့် ရောက်လာသောအခါ သူသည် ရွှံ့များ ပေကျံနေသော ကန်စွန်းဥများကို ကိုင်ထားသော သူ့ညီမ ထွက်ပြေးနိုင်ရန်အတွက် အချိန်ဆွဲရန် တစ်ဖက်လူ၏ ခြေထောက်ကို အသည်းအသန် ဖမ်းဆုပ်ထားလိမ့်မည်။ တစ်ချိန်တည်းမှာပင် သူ ပွန်းပဲ့အောင် ရိုက်နှက်ခံခဲ့ရသည်။
သို့မဟုတ်...
အသီးခြံကို စောင့်နေသောခွေးက သူတို့ကို ခုန်အုပ် သောအခါ သူသည် ကြောက်လန့်နေသည့် သူ့ညီမအား သူ့အောက်တွင် ထားလျက် သူ့ကျောကုန်းပေါ်မှ အဝတ်များစုတ်ပြဲပြီး သွေးများထွက်လာသည့်တိုင်အောင် ကာကွယ်ပေးထားခဲ့၏။
တစ်ချိန်က သူ့ညီမကို စော်ကားရန် ကြိုးစားခဲ့သော အသက်ကြီးသူတစ်ယောက်ကိုပင် ဓားမဖြင့် ခုတ်သတ်ရန် ဝန်မလေးပေ။ ထိုအချိန်က သူ အသက်ဆယ့်နှစ်နှစ်သာ ရှိသေးသည်။
သူ ထိုအရာများကို လုပ်ဆောင်ခဲ့ခြင်းမှာ သူ့မိဘများကို ကတိပေးထားခဲ့ခြင်းကြောင့် မဟုတ်သလို အစ်ကို တစ်ယောက်၏ တာဝန်ဖြစ်သောကြောင့်လည်း မဟုတ်ပေ။ ရိုးရှင်းစွာပင် သူ ထိုအရာကို အသားကျ နေသောကြောင့် ဖြစ်၏။
အစ်ကိုများက သူတို့၏ညီမများကို ကာကွယ်ကြရသည်။
၎င်းမှာ ကလေးဘဝကတည်းက ထိုကဲ့သို့ အမြဲဖြစ်ခဲ့သည်ပင်။
သူ အသားကျနေပေ၏။
သို့သော်ငြား ယခုအချိန်၌ သူ ရုတ်တရက်သဘောပေါက်လိုက်သည်မှာ သူ့ညီမသည် သူ့ကာကွယ်မှုကို မလိုအပ်တော့ပေ။
ယခုဆိုလျှင် သူမသည် မဟာအကြီးအကဲ၏ တပည့် ဖြစ်သွားပြီဖြစ်ရာ အသန်မာဆုံးနောက်ခံ ရှိနေလေပြီ။ ထို့အပြင် ဘယ်သူကမှ သူမကို ထပ်ပြီး အနိုင်မကျင့်ရဲတော့ပေ။
ထို့အပြင် သူမက လျှို့ဝှက်ဆန်းကြယ်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုကို နိုးထစေနိုင်ခဲ့ပြီး သူမ၏ သာမန်ဆန်သောအစ်ကိုကို အနောက်တွင် ဝေးကွာစွာချန်ထားလျက် အထက်ကို ပျံတက်ရန် အသင့်ဖြစ်နေလေပြီ။
ထို့အပြင်...
သူမ၏လက်ရှိအလှနှင့်ဆိုလျှင် သူမပတ်ပတ်လည်ရှိ ပိုးပန်းနေသော ထိုလူများပင်လျှင် သူ့ထက် ပို၍သန်မာကြသည်။
သူ့ညီမ၏ အခက်အခဲများက ပြီးဆုံးသွားခဲ့လေပြီ။ ထို့အပြင် သူလည်း တကယ်ကို ပျော်ရွှင်မိ၏။ သို့သော်ငြား ကံမကောင်းသည်မှာ သူ့ညီမဘေး၌ သူ့အတွက် နေရာမရှိတော့ပေ။
သူ့ညီမက ပြောင်းလဲသွား၍ မဟုတ်ပေ။
သူမက ယခင်ကအတိုင်း သူ့ညီမတစ်ဦး ဖြစ်နေဆဲပင်။ သူ့ကို အစ်ကိုအဖြစ် ဆက်လက်ပြီး လေးစားနေဆဲပင်။ သို့သော်ငြား သူကတော့ သူမကို ထပ်ပြီး မကာကွယ်ပေးနိုင်တော့ပေ။
အန္တရာယ်သာ ထပ်မံပေါ်ပေါက်လာခဲ့လျှင် သူသည် သူမ၏အရှေ့တွင် ရပ်တည်ပေးနိုင်ရန် ဘယ်တော့မှ အခွင့်အရေး မရှိတော့ပေ။ ထိုအစား သူမကသာ သူ့အရှေ့မှာ ရပ်တည်ပေးရလိမ့်မည်။
ဒီလိုနှင့်...
သူ ကလေးဘဝကတည်းက ပုံသွင်းခဲ့သော အကျင့် သည် ဆက်လက်တည်ရှိရန် နေရာမရှိသလို ဖြစ်သွားခဲ့ပြီး ရယ်စရာတစ်ခု ဖြစ်လာသည်။
ထိုအရာမှာ အလုပ်လုပ်နေသော ဖခင်တစ်ဦးက သမီးဖြစ်သူကို မြို့ထဲ၌ ကောင်းကောင်းနေနိုင်ရန် ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်ခဲ့ခြင်းနှင့် တူလှ၏။
သို့သော်ငြား ကြက်မတစ်ကောင်ကို ယူ၍ သူ့သမီးဆီသို့ သွားရောက်လည်ပတ်သောအခါ ကောင်းမွန်စွာဝတ်ဆင်ထားသည့် သူမ၏သူငယ်ချင်းများကို မြင်သွားခဲ့သည်။ ထို့နောက် သူကိုယ်တိုင်၏ ရွှံ့များပေကျံနေသော ဖိနပ်နှင့်ဘောင်းဘီကို မြင်သောအခါ သူ ရုတ်တရက် သဘောပေါက်သွားခဲ့၏။ သူက သူ့သမီးအတွက် ရှက်စရာဖြစ်နေလေသည်။
၎င်းကို သူ မလိုလားပေ။
သူ့ညီမကို ကာကွယ်ခြင်းက သူ့ဘဝ၏အဓိပ္ပာယ် ဖြစ် နေခဲ့တာ ကြာလေပြီ။ သူမကသာ သူ့ကာကွယ်မှုကို မလိုအပ်တော့လျှင် သူ့ဘဝက ဘယ်အဓိပ္ပာယ်ရှိတော့မည်နည်း။
"ဟက် ဖြစ်နိုင်တာကတော့ အဲ့ဒီနေရာကို စမ်းကြည့်ဖို့ အချိန်တန်ပြီ"
သူ အသက်ပြင်းပြင်းရှူသွင်းကာ သူ့ကိုယ်သူ တိုးတိုးလေး ပြောလိုက်၏။
"အရင်က ငါ သေဖို့ ကြောက်ခဲ့တယ်...ဘာကြောင့်လဲဆိုတော့ ငါ ချင်းရိုကို ထားခဲ့လို့မရလို့၊ သူမတစ်ယောက်တည်း အကူအညီမဲ့ပြီး ကျန်ခဲ့မှာကို ကြောက်လို့ပဲ"
"အခု ညီမလေးက ငါ့ရဲ့ဂရုစိုက်မှုကို မလိုအပ်တော့ဘူး၊ ငါ ဘာကိုများ ကြောက်စရာကျန်သေးလို့လဲ၊ သာမန်ဘဝနဲ့ နေထိုင်နေတာထက် ရဲရဲရင့်ရင့်နဲ့ စွန့်စားမှု တစ်ခု လုပ်လိုက်တာက ပိုကောင်းတယ်"
တကယ်တော့ သူ့နှလုံးသား၌ သိမ်းဆည်းထားသော လျှို့ဝှက်ချက်တစ်ခု အမြဲရှိနေခဲ့သည်။
သူ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲကို ဝင်ရောက်ခဲ့ကတည်းက သူ့ကို အမြဲတမ်းခေါ်နေသော ခပ်တိုးတိုးအသံတစ်ခု ရှိခဲ့၏။ သို့သော်ငြား သူ ဘာပြောနေလဲဆိုတာကို သူ ခွဲခြားလို့ မရခဲ့ပေ။
တစ်လခွဲလောက် စူးစမ်းလေ့လာပြီးနောက် နောက်ဆုံးမှာတော့ အသံ၏ အရင်းအမြစ်ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် အလွန်လျှို့ဝှက်နက်နဲသော မြေနိမ့်ချိုင့်ကြီး ဖြစ်နေလေ၏။
ထို့အပြင် သူ မြေနိမ့်ချိုင့်ကြီး၏ အပြင်ဘက်၌ ရပ်နေခဲ့စဥ်တွင် ထိုအသံက ဘာပြောနေလဲဆိုတာကို နားလည်ခဲ့သည်။ အောက်ခြေမှ အဘိုးအိုတစ်ဦး၏ အသံက သူ့ကို အောက်ဆင်းလာရန် တောင်းဆိုနေလေ၏။
မြေနိမ့်ချိုင့်ကြီးသည် အောက်ခြေကို မမြင်ရဘဲ နက်မှောင်နေကာ သူ့စိတ်ဝိညာဉ်ကိုပင် ဝါးမျိုနိုင်သကဲ့သို့ ထင်ရသောကြောင့် သူ အောက်မဆင်းရဲခဲ့ပေ။
ထိုအရာက ကြီးမားသောအခွင့်အရေး ဖြစ်နိုင်သော်လည်း အသက်သေစေနိုင်သည့် အန္တရာယ်တစ်ခုလည်း ဖြစ်သွားနိုင်သည်။
နောက်ဆုံးတစ်ကြိမ်၌ သူ့ညီမအား ဝူရှို့၏ နောက်လိုက်များက စော်ကားခဲ့သောအခါ သူ ဒေါသတကြီးဖြင့် မြေနိမ့်ချိုင့်ကြီးထဲသို့ ဝင်လုနီးပါး ဖြစ်ခဲ့သေး၏။ သို့သော်ငြား ချင်ကျီက ဝင်ရောက်စွက်ဖက်ခဲ့ပြီး သူတို့မောင်နှမနှစ်ယောက်ကို ကူညီပေးခဲ့သည်။ ဒါကြောင့် သူလည်း ထိုအတွေးကို ပယ်ချခဲ့လေ၏။
အခုတော့ သူ ဆင်းသွားပြီး ကြည့်ရှုရန် အသင့်ဖြစ်နေလေပြီ။
၎င်းက သေစေနိုင်သော ထောင်ချောက်ဖြစ်နေလျှင် သူ သေဆုံးသွားလည်း ဖြစ်သည်။ အကြောင်းမှာ သူ့ထံ၌ ထပ်မံ၍ တွယ်တာစရာ မရှိတော့သောကြောင့်ပင်။
သို့သော်ငြား ၎င်းကသာ ကြီးမားသောအခွင့်အရေး ဖြစ်ခဲ့လျှင် သူ လက်ရှိအဆင့်ထက် ထပ်မံတက်လာ နိုင်ပြီး သူ့ညီမကို ကာကွယ်နိုင်မည့်စွမ်းအားကို ရရှိနိုင်လေ၏။
"ရှင်မလား သေမလား... ဒီမှာ စွန့်စားကြည့်တာပေါ့"
သူ အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် ခိုင်မာသော အမူအရာနှင့်အတူ ဝမ်းနည်းစရာကောင်းသည့် ဆုံးဖြတ်ချက်ဖြင့် အပြင်ဘက်သို့ လျှောက်သွားခဲ့လေ၏။
"ရွှေ့ချင်းဟန်ရှစ်ရှုန်း"
"ဟဲဟဲ မင်္ဂလာနံနက်ခင်းပါ ရွှေ့ရှစ်ရှုန်း"
"ရွှေ့ရှစ်ရှုန်း"
လမ်းတစ်လျှောက်တွင် တပည့်များစွာက ရွှေ့ချင်းဟန် ကို ယဉ်ကျေးစွာ လာနှုတ်ဆက်ကြသည်။ အတွင်းဂိုဏ်းတပည့်များပင်လျှင် သူ့ကို 'ရှစ်ရှုန်း'ဟု ခေါ် လာကြ၏။
စကားပုံ ရှိလေသည်။
~လူတစ်ဦး တာအိုအသိကို ရသွားရင် သူ့ပတ်ပတ်လည်က လူတွေအားလုံး ထွန်းကားလာကြတယ်~
ရွှေ့ချင်းရိုက လျှို့ဝှက်ဆန်းကြယ်သော ခန္ဓာကိုယ်ဖွဲ့စည်းပုံ နိုးထလာပြီး မဟာအကြီးအကဲ၏ တပည့် ဖြစ်လာခြင်းက ဂိုဏ်းအတွင်း၌ တော်တော်လေး ဂယက်ထခဲ့၏။
ရွှေ့ချင်းရို၏ အဆင့်အတန်းမြင့်မားလာသည်နှင့်အတူ ဂိုဏ်းအတွင်း၌ သူမ၏အဆင့်အတန်းက မြင့်တက်သွားသောကြောင့် သူမ၏အစ်ကိုဖြစ်သော ရွှေ့ချင်းဟန်သည်လည်း သဘာဝကျစွာပင် ဤကဲ့သို့ အကျိုးကျေးဇူးများ ရရှိခဲ့သည်။
သို့သော်ငြား ရွှေ့ချင်းဟန်သည် ထိုဖော်ရွေသောစကားလုံးများကို လျစ်လျူရှုခဲ့ကာ လှည့်မကြည့်ဘဲ လျှောက်သွားခဲ့လေ၏။
ပုံမှန်နေ့ဆိုလျှင် သူ ဒီလောက်အထိ မေတ္တာစိတ်ကင်းမဲ့နေမည် မဟုတ်ပေ။ ထိုအစား သူ့ထံ၌ လောကီအမြင်က တော်တော်လေး ရှိခဲ့ကာ ဘယ်အချိန်၌ လက်လျှော့ရမလဲ ဘယ်အချိန်၌ ရှေ့ထွက်ရမလဲဆိုတာကို သိခဲ့သည်။
သူများ မကြုံခဲ့ဖူးလောက်သောအရာများကို သူ ခံနိုင်ရည်ရှိခဲ့တာကြောင့် သူသည် အန္တရာယ်များနှင့် ပြည့်နှက်နေသော လောကကြီးထဲတွင် သူ့ညီမကို လုံခြုံစွာ ပြုစုပျိုးထောင်နိုင်ခဲ့၏။
သို့သော်ငြား ဒီနေ့တွင် သူ ထိုလူများကို မဆက်ဆံ ချင်ပေ။ အကြောင်းမှာ သူသာ ပြန်နှုတ်ဆက်လိုက်လျှင် သို့မဟုတ် ပြုံးပြလိုက်လျှင် သူ့ညီမအပေါ်၌ ထားရှိခဲ့သော စိတ်အစဥ်မှာ ပျက်စီးသွားမည်မဟုတ်ပါလော။ အလွန်လျင်မြန်စွာပင် သူ ခပ်ဝေးဝေးကို လျှောက်လာခဲ့သည်။
သူ့ကို နှုတ်ဆက်ခဲ့သော လူများသည် ခဏတာမျှ ကသိကအောင့် ဖြစ်သွားကြပြီးနောက် ထိုခံစားချက်များကို ဖုံးကွယ်ရန် စတင် လှောင်ပြောင်ခဲ့ကြ၏။
"ဟဲဟဲ ရွှေ့ချင်းဟန်က အခုဆို အရင်ကနဲ့ အရမ်းကွာခြားသွားပြီ...ငါတို့ကိုတောင် မကြည့်တော့ဘူး"
"ဖီး! သူက ဘာကို မော်ကြွားနေတာလဲ...သူ့ညီမကို အားကိုးပြီးတော့လား၊ ဒါ့အပြင် သူမက ကံကောင်းသွားရုံပဲလေ ဒါက ခွန်အားကို အခြေခံထားတာ မဟုတ်လို့ ဘာဂုဏ်ယူစရာမှ မရှိဘူး"
"မှန်တယ်...ကံကြောင့် ရရှိတဲ့အရာက နောက်ဆုံးမှာတော့ ခွန်အားမရှိရင် ဆုံးရှုံးရလိမ့်မယ်၊ သူမရဲ့လက်ရှိမြင့်မားနေတဲ့ အဆင့်အတန်းကို သွားမယုံနဲ့၊ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူက သိမှာလဲ"
"ဟုတ်တယ် ငါ ကြားဖူးတာက တချို့ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေက အပြင်ပန်းသက်သက်ပဲ၊ ကောင်းကောင်း မကျင့်ကြံနိုင်ရင် သူတို့က သာမန်ပဲ ဖြစ်နေဦးမှာ"
ထိုမှတ်ချက်များကို ရွှေ့ချင်းဟန်ကတော့ သဘာဝကျစွာပင် မကြားခဲ့ရပေ။ ထို့အပြင် ကြားခဲ့လျှင်တောင် သူ ဂရုစိုက်မည် မဟုတ်ပေ။
သူသည် လူသားများ၏ဆိုးရွားသော သဘောသဘာဝများကို အချိန်ကြာမြင့်စွာ မြင်တွေ့ခဲ့ရသည်။ လျှို့လျှို့ဝှက်ဝှက် ပြသခဲ့ကြသည် ဖြစ်စေ၊ ထင်ထင်ရှားရှား ပြသခဲ့ကြသည် ဖြစ်စေ ခြားနားမှု မရှိပေ။
အချိန်အများစု၌ သူကတော့ သူ၏ ကိုယ်ပိုင်ဉာဏ်ပညာကို အသုံးပြုလျက် ထိုကဲ့သို့ အရုပ်ဆိုးသော အပြုအမူများကို မပြသမိအောင် ကာကွယ်နိုင်ခဲ့၏။
မင်းဘက်က လူတစ်ယောက်ကို ချီးမွှမ်းလျှင် ထိုလူက ယုတ်ညံ့စွာ ပြုမူရန် ရှက်နေရလိမ့်မည်။
မင်းဘက်က သူ့ကို ချီးကျူးခဲ့လျှင် သူက မင်းကို ပြုံး ၍ နှုတ်ဆက်စကားပြောရလိမ့်မည်။
မင်းကသာ မိမိကိုယ်ကိုယ် အားနည်းကြောင်း ပြသလျက် တစ်ဖက်လူကို လေးစားသမှု ဖော်ပြခဲ့လျှင် တစ်ဖက်လူက အကူအညီပေးရသောလူ အဖြစ် ပြောင်းလဲရလိမ့်မည်။
သူ ထိုသဘောတရားကို နားမလည်ခဲ့ခြင်း မဟုတ်ပေ။
သူသည် သာမန်ဆန်သော ပါရမီရှိပြီး သာမန်ကဲ့သို့သာ ပေါ်လွင်သော်လည်း ဤကဲ့သို့ အန္တရာယ်ရှိသည့် လောကကြီးထဲ၌ ညီမ တစ်ယောက်ကို ဆယ်နှစ်သားအရွယ်ဖြင့် ပြုစုပျိုးထောင်ခဲ့သော သူက ဘယ်လိုလုပ် ရိုးရှင်းနိုင်မည်နည်း။
တချို့သောလူများသည် ချောက်နက်ထဲ၌ ပုန်းအောင်းနေသော နဂါးများကဲ့သို့ပင်။
သူတို့က နှစ်ပေါင်းများစွာကြာအောင် တိတ်တဆိတ် ပုန်းအောင်းနေနိုင်ပြီး သတိတောင်မထားမိဘဲ ဘဝတစ်သက်တာလုံးအထိ ပုန်းကွယ်၍ နေထိုင်နိုင်ကြသည်။
သို့သော် အခွင့်အရေးတချို့ ပေါ်လာသည်နှင့် သူတို့သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ချောက်နက်အပေါ်သို့ တက်လာကာ ကောင်းကင်ထိ ပျံသန်းလာလိမ့်မည်။
*******************