← Chapters

ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်

Vol. 5 Ch. 63

ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်

Vol. 5 Ch. 63

မကြာခင်မှာ ရွှေ့ချင်းဟန်က မြေနိမ့်ချိုင့်ကြီးထဲမှ ထွက်သွားခဲ့သည်။

သူသည် အပြင်ထွက်ပြီး အိမ်သာသွားရန် ဟန်ဆောင်ခဲ့ခြင်း ဖြစ်သောကြောင့် သူ့အခန်းဖော်များ သံသယဝင်သွားမည်ကို စိုးရိမ်ကာ အပြင်မှာ အကြာကြီး မနေခဲ့ပေ။

ထို့အပြင် ချင်ချွမ်းကလည်း ရန်သူကို အလန့်တကြား မလုပ်ခဲ့ပေ။ သူသည် ထိုအဘိုးအို၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အရင်ဦးဆုံး ရှာဖွေရန် ဆုံးဖြတ်ခဲ့၏။

သူသည် ထိုအဘိုးကြီးက လူကောင်း မဖြစ်နိုင်သလို သူ့စကားများက အဓိပ္ပာယ်မရှိနိုင်ဘူးဟု ခံစားခဲ့ရသည်။

"စာကြည့်တိုက်ထဲမှာ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းရဲ့ သမိုင်းကို မှတ်တမ်းတင်ထားတဲ့ စာအုပ်ဟောင်း တစ်အုပ် ရှိတာကို ငါ မှတ်မိသေးတယ်၊ ဘာတွေများ ဖော်ပြထားမလဲ ကြည့်ရအောင်"

သူသည် စာကြည့်တိုက်၏စာအုပ်များစွာထဲကမှ မတော်တဆတွေ့ခဲ့သော စာအုပ်တစ်အုပ်ကို ရုတ်တရက် သတိရသွားခဲ့၏။

ယခင်က သူ ထိုစာအုပ်ကို စိတ်မဝင်စားခဲ့ပေ။ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏သမိုင်းကို သိရန်အတွက် ဘာကြောင့် အချိန်ဖြုန်းရမည်နည်း။

သူက စာမေးပွဲဖြေမှာလည်း မဟုတ်ပေ။

သူ့အတွက် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းသည် ရိုးရိုးသာမန် မူလတန်းကျောင်းအဆင့်ဖြစ်သည်။ ထို့အပြင် ကျောင်းပြီးခါနီးကျမှ သူသည် ကျောင်းတည်ထောင်ခဲ့သောသမိုင်းအကြောင်းကို သင်ယူရန် အချိန်ဖြုန်းနေမည့်အစား အလယ်တန်းဝင်ခွင့်စာမေးပွဲများအတွက် ပြင်ဆင်နေရန် လိုအပ်၏။

သို့သော်ငြား ယခုတော့ လိုအပ်နေလေပြီ။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏သမိုင်းတွင် ဂိုဏ်းသစ္စာဖောက်ကဲ့သို့ တည်ရှိမှုမျိုး ရှိခဲ့ဖူးလားဆိုတာကို သူ သိချင်ရုံသက်သက်ပင်။

မကြာခင်မှာပင် သူသည် "ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏လျှို့ဝှက်သမိုင်း"ဟု အမည်ပေးခံထားရသော စာအုပ်ဟောင်းတစ်အုပ်ကို အလွယ်တကူ ရှာတွေ့ခဲ့သည်။

သူ အမြန် ရှာဖွေခဲ့ပြီးနောက် တကယ်ကို သဲလွန်စတချို့ တွေ့ရှိခဲ့၏။

"ဆဋ္ဌမမြောက်ဘိုးဘေး၏တပည့်တစ်ဦးသည် တစ်ချိန်က နတ်ဆိုးလမ်းစဉ်သို့ ကျရောက်ခဲ့ပြီး သွေးထွက်သံယို မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ဆုံးတွင်မူ ဆဋ္ဌမမြောက်ဘိုးဘေးသည် ထိုပရမ်းပတာဖြစ်ရပ်ကို ငြိမ်သက်စေရန်အတွက် ကိုယ်တိုင်လုပ်ဆောင်ခဲ့၏"

ထိုမိတ်ဆက်စာတစ်ကြောင်းသာ ရှိခဲ့သည်။ သို့သော်ငြား ချင်ချွမ်းသည် ၎င်းက ထိုကိစ္စပဲဟု သေချာလုနီးပါး ထင်ခဲ့၏။

ပရမ်းပတာဖြစ်ရပ်ကို ငြိမ်သက်စေခြင်းဆိုသည်မှာ စကားလုံးအလှတစ်မျိုး ဖြစ်သည်။ ဆိုလိုရင်းမှာ နတ်ဆိုးတပည့်ကို ဖိနှိပ်နှိမ်နင်းခဲ့သည်ဟု ဆိုလို၏။ ဖိနှိပ်နှိမ်နင်းပြီးနောက် ဘာဖြစ်ခဲ့လဲဆိုတာကိုတော့ မသိရပေ။

ယေဘုယျအားဖြင့် ထိုကဲ့သို့စကားလုံးအလှများကို ရှက်ရွံ့ခြင်းအား ဖုံးကွယ်ရန်အတွက် အသုံးပြုကြသည်။ ဆိုလိုရင်းမှာ ဆဋ္ဌမမြောက်ဘိုးဘေးသည် ထိုပုန်ကန်သူတပည့်အား သတ်ခဲ့ခြင်း မဖြစ်နိုင်ဟု ဆိုလို၏။

သို့သော်ငြား သူ့ကို ချုပ်နှောင်ထားခဲ့ကြသည်။

"ဒီတော့ မြေနိမ့်ချိုင့်ကြီးထဲက အဘိုးကြီးက ပုန်ကန်သူတပည့် ဖြစ်နိုင်ခြေများတယ်"

ချင်ချွမ်းသည် သူ့ညာဘက်လက်ဖြင့် မေးစေ့ကို ပွတ် ကာ စဉ်းစားလိုက်၏။

"ဒီအဘိုးကြီးက နတ်ဆိုးဖြစ်နေသောကြောင့် သူ ရွှေ့ချင်းဟန်ကို ဒီလောက်အထိ ကြင်ကြင်နာနာနဲ့ သင်ကြားပေးမှာ မဟုတ်ဘူး၊ သူက ရွှေ့ချင်းဟန်ကို စားကျက်မြေမှာ လွှတ်ထားရုံပဲ၊ နောက်မှစားဖို့အတွက် ဝဖြိုးအောင် အရင်လုပ်နေတာ ဖြစ်နိုင်တယ်"

"သူက အကြံသမား ဖြစ်နေပြီးသားဆိုတော့ ငါ့မှာဖိအားမရှိဘူး၊ တံခါးလေးပိတ်ပြီး ချင်ကျီကို လွှတ်လိုက်ဖို့ပဲ လိုအပ်တယ်"

ထိုအရာကို စဉ်းစားပြီးနောက် ချင်ချွမ်းသည် စာအုပ်ကိုပိတ်၍ စာအုပ်ငယ်လေးနှစ်အုပ်ကြားမှ အနက်ရောင်အက်ကွဲကြောင်းထဲသို့ ထောင်(ဒေါင်)လိုက် ထည့်သွင်းလိုက်သည်။

…

"အဖေ ဘာလို့ ကျွန်တော့်ကို ဒီခေါ်လာတာလဲ"

ချင်ကျီသည် မြေနိမ့်ချိုင့်ကြီး၏ အစွန်တွင် ရပ်၍ အောက်ကို တစ်ချက်ကြည့်လိုက်၏။ အောက်တွင် အမှောင်ထုမှအပ ဘာမှမမြင်ရပေ။

"အဲ့ဒီအောက်မှာ နတ်ဆိုးတစ်ကောင် ပိတ်မိနေတယ်၊ မင်း ဆင်းသွားပြီး သူ့ကိုနှောင့်ယှက်ရဲလား”

ချင်ချွမ်းက အပြုံးဖြင့် ပြောလာသည်။

"အာ..."

ချင်ကျီတစ်ယောက် သူ့လည်ပင်းကို ကျုံ့လိုက်မိ၏။ ယခင်က သူ့ကို သိမ်းပိုက်လုနီးပါးဖြစ်ခဲ့သော ထိုနတ်ဆိုးအဘိုးကြီးကို သတိရသွားကာ အနည်းငယ် ကြောက်ရွံ့သလို ခံစားနေရသည်။

"ဘာလဲ မင်း ကြောက်နေတာလား"

ချင်ချွမ်းက သူ့မျက်ခုံးများကို ပင့်လာ၏။

"အာ… ကျွန်တော်က ဘယ်လိုလုပ်ပြီး ကြောက်နိုင်မှာလဲ၊ အဖေတစ်ယောက်လုံး ဒီမှာရှိနေတာပဲကို...ကျွန်တော်က ဘာကိုကြောက်ရမှာလဲ၊ ဒါ့အပြင် အဖေက ကျွန်တော့်ကို ဘာမှဖြစ်ခွင့်ပြုမှာမဟုတ်ဘူး"

ချင်ကျီ လျင်မြန်စွာ ပြောလိုက်သည်။

ထိုစကားများက သူ့အဖေအပေါ်ထားသည့် ယုံကြည်မှု ကို ပြသခြင်း ဖြစ်သလို သူ့စိတ်အခြေအနေကိုလည်း မြှင့်တင်ရန် ကြိုးစားနေခြင်း ဖြစ်၏။

သူ ထိုတာဝန်ကို ငြင်းဆန်လို့ မရဘူးဆိုတာ သူ သိ သည်။ ထို့အပြင် သူ့ဘက်ကသာ ကြောက်ရွံ့မှုကို ပြသ နေလျှင် သူ့အဖေကို စိတ်ပျက်စေလိမ့်မည်။

ထို့အပြင် သူ့အဖေက သူ့သတ္တိကို တည်ဆောက်ပေးရန်အတွက် တမင်သက်သက် ဤကဲ့သို့လုပ်နေတာကို သူ နားလည်ပေ၏။

ဘယ်လောက်တောင်မှ စေတနာပါတဲ့ ကြိုးပမ်းမှုလဲ!

"ကောင်းပြီ"

ချင်ချွမ်းက ကျေနပ်စွာ ခေါင်းညိတ်လေသည်။ သူ သူ့သား၏ ခေါင်းကို ပုတ်လျက် ညွှန်ကြားလိုက်၏။

"မင်းမှာ တာဝန်တစ်ခုပဲ ရှိတယ်၊ နည်းလမ်းမျိုးစုံကို အသုံးပြုပြီး သူ့ကို စော်ကား၊ ကျိန်ဆဲပါ၊ သူ့ကိုလှောင်ပြောင်ပြီးတော့ မင်း သူ့အပေါ်မှာတောင် ဆီး သွားလို့ရတယ်"

"မင်းမှာ အပြစ်ရှိတယ်လို့ ခံစားဖို့ မလိုဘူး၊ ဘာကြောင့်လဲဆိုတော့ သူက တစ်ချိန်က နတ်ဆိုးအဖြစ်နဲ့ သွေးထွက်သံယိုမုန်တိုင်းတွေကို ဖြစ်စေခဲ့တယ်၊ ရေတွက်လို့မရတဲ့ အသက်တွေကို ထိခိုက်စေခဲ့တယ်"

"အဖေ စိတ်မပူပါနဲ့! အဖေရဲ့သွန်သင်ချက်တွေအားလုံးကို ကျွန်တော် မှတ်မိပါတယ်"

ချင်ကျီသည် ယုံကြည်မှုရှိစွာဖြင့် သူ့ရင်ဘတ်ကို ပုတ် လိုက်သည်။ သူ့အဖေ ယခင်က ပြောခဲ့သည်မှာ ကြောက်ရွံ့မှုကို ကျော်လွှားရန်အတွက် ထိုအရာကို တိုက်ရိုက်ရင်ဆိုင်ရမည်။ နှိုးဆွပေးရမည်။

"ကျွန်တော် ဆင်းပြီ"

ချင်ကျီ အသက်ပြင်းပြင်းရှူသွင်းလိုက်လေ၏။ သူ့တစ်ကိုယ်လုံးက ရွှေရောင်အလင်းများဖြင့် တောက်ပ နေပြီးနောက် အောက်ကို ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။

ချင်ချွမ်းကတော့ နေရာတွင်သာ ရပ်နေပြီး အောက်မှ အခြေအနေကို တိတ်ဆိတ်စွာ စောင့်ကြည့်ရန်အတွက် နတ်ဘုရားဝိညာဉ်စွမ်းအားကို အသုံးပြုထား၏။ စွန့်စားရဲသောသားဖြစ်သူကို အချိန်မရွေးကယ်တင်ရန် အသင့်ရှိနေလေသည်။

မကြာခင်မှာပင်...

ဒေါသတကြီးအော်သံတစ်ခုက အောက်မှ ထွက်ပေါ်လာခဲ့၏။

"အား!"

ထိုအော်သံမှာ ပြင်းထန်စွာသော မယုံကြည်နိုင်မှု၊ အကူအညီမဲ့မှုနှင့် သိက္ခာပျက်စီးရမှုများကို ဆောင်ကျဥ်းထားလေသည်။

"ဒင်! မင်းရဲ့သားက ကောင်းကင်တက်လှမ်းနယ်ပယ်ရဲ့ ဆဋ္ဌမအဆင့်မှာရှိတဲ့ မဟာနတ်ဆိုးကို ဆွခဲ့တယ်၊ 'ဖခင်တစ်ယောက်၏ မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ပင်' ဆိုတဲ့အခြေခံမူကို ထိန်းသိမ်းရမှာဖြစ်လို့ မင်းရဲ့ကျင့်ကြံမှုကို ကောင်းကင်တက်လှမ်းနယ်ပယ်ရဲ့ စတုတ္ထအဆင့်ထိ မြင့်တက်ပေးခဲ့တယ်၊ အဆင့်တူထဲမှာဆို မင်းကို ယှဉ်နိုင်တဲ့သူမရှိဘူး"

"ဒင်! မင်းရဲ့ကျင့်ကြံမှုက ရန်သူရဲ့အဆင့်ထိ မရောက်ရှိခဲ့တာကြောင့် စနစ်က နတ်ဘုရားပညာရပ်တစ်ခုကို လျော်ကြေးအဖြစ် ပေးခဲ့တယ်"

"ဘုန်း!"

တစ်ချိန်တည်းမှာပင် မြေနိမ့်ချိုင့်ကြီး၏အောက်မှ ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရားဝိညာဉ်စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာပြီး ဖျက်ဆီးနိုင်သည့် အစွမ်းကို ထုတ်လွှတ်နေလေ၏။

သို့သော်ငြား တစ်ချိန်တည်းမှာပင် သူ့သား၏ဘေးမှာ ဝှက်ထားသော ချင်ချွမ်း၏ နတ်ဘုရားဝိညာဉ်စွမ်းအား မှာ ပုံပေါ်လာပြီး ချင်ကျီကို ကာကွယ်ပေးလိုက်သည်။

သူ့ခန္ဓာကိုယ်ကလည်း ချက်ချင်းပင် မြေနိမ့်ချိုင့်ကြီး၏အောက်သို့ ရောက်ရှိလာပြီး ချင်ကျီ၏အရှေ့ မှာ ရပ်ကာ သူ့အရှေ့ကိုကြည့်လိုက်၏။

သူသည် သံကြိုးခတ်ခံထားရသော အဘိုးအိုကို တွေ့ လိုက်ရသည်။ ထိုလူက ဆံပင်များ ဖရိုဖရဲဖြစ် နေပြီး မျက်လုံးများက သွေးရောင်သန်းနေကာ အရူးကဲ့သို့ပင်။

"အား! သေစမ်း! သေစမ်း!"

အဘိုးအိုက ဟိန်းဟောက်အော်ဟစ်နေပြီး သူ၏ နတ်ဘုရားဝိညာဉ်စွမ်းအားသည်လည်း ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးများကဲ့သို့ ကျဉ်းကျုံ့သော နေရာတွင် အကြမ်းပတမ်း ပြုမူနေလေ၏။

သို့သော်ငြား ချင်ချွမ်းသည် အသစ်ရရှိထားသော နတ်ဘုရားပညာရပ်ကို တိုက်ရိုက်အသုံးပြုခဲ့ရာ သူ့ကိုယ်သူနှင့် သူ့သားကို ရွှေရောင်ခေါင်းလောင်းဖြင့် ဖုံးအုပ်ထားခဲ့သည်။

ရွှေရောင်ခေါင်းလောင်း၏အောက်တွင် အဘိုးအို၏ တိုက်ခိုက်မှုများအားလုံးကို ဘေးလွတ်ခဲ့၏။ အပြင်ဘက်တွင် မည်မျှပင် မုန်တိုင်းထန်နေပါစေ အတွင်းဘက်မှာတော့ ငြိမ်သက်နေလေသည်။

ထိုသည်သာမက သူသည် နတ်ဘုရားဝိညာဉ်စွမ်းအားကို ထုတ်လွှတ်၍ မြေနိမ့်ချိုင့်ကြီး၏ ထွက်ပေါက်ကို စည်းတံဆိပ်ခတ်လိုက်ပြီး မည်သည့် အနှောင့်အယှက်မှ အပြင်သို့ ယိုစိမ့်ခြင်း မရှိအောင် ကာကွယ်ထားခဲ့၏။

"မင်း ဘာလုပ်လိုက်တာလဲ"

ချင်ချွမ်း သူ့သားကို ကြည့်လိုက်သည်။ သူ့သား၏ ထူးခြားသော ကျွမ်းကျင်မှုကြောင့် သူပင် အံ့အားသင့်သွားရ၏။

ကောင်းကင်တက်လှမ်းနယ်ပယ်မှ ထိုကဲ့သို့သောနတ်ဆိုးများသည် စိတ်ပိုင်းဆိုင်ရာသန်မာကြပြီး အလွယ်တကူ ဒေါသထွက်မည် မဟုတ်ပေ။ ဤကဲ့သို့ အရူးတစ်ကောင်အလား ဖြစ်သွားရန်မှာ ဝေးသေးပင်။

"ဟဲဟဲ ဒီအဘိုးကြီးက သူ့သဘောနဲ့သူ လုပ်ခဲ့တာလေ"

ချင်ကျီက ကျေနပ်အားရစွာ ပြောလာသည်။

"ကျွန်တော် အရင်ဆင်းလာတုန်းက သူက ကျွန်တော့်ကို လှည့်စားဖို့ ကြိုးစားခဲ့တယ်လေ၊ သူက ဂိုဏ်းရဲ့ဆရာဘိုးဘေး ဖြစ်တယ်ဆိုတဲ့အကြောင်း၊ မကောင်းဆိုးဝါးတပည့်က သစ္စာဖောက်လို့ ဒီမှာပိတ်မိ နေတယ်ဆိုတဲ့ ဇာတ်လမ်းတွေကို ပြောပြလာတယ်၊ ဒါက အရမ်းရင်းနှီးမနေဘူးလား"

"ကံကောင်းလို့ ကျွန်တော်က အမှန်တရားကို အရင်သိထားခဲ့တယ်၊ မဟုတ်ရင် သူ့လက်ထဲ ကျဆုံးသွားလောက်တယ်"

"သူ ဘယ်လောက်ထိ ဇာတ်လမ်းကောင်းကောင်း ပြောတတ်နေလဲဆိုတာကို မြင်ရတော့ ကျွန်တော်လည်း လိုက်လိုက်လျောလျောနဲ့ ဇာတ်လမ်းတစ်ပုဒ် လုပ် လိုက်ရော၊ ဂိုဏ်းတူညီမတစ်ယောက်က ကျွန်တော့်ကို သစ္စာဖောက်ခဲ့လို့ အရှက်ရခဲ့တယ်ပေါ့"

"အဲ့ဒီအခါကျ သူက ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်တယ်တဲ့၊ ပြီးတော့ ကျွန်တော်လည်း သဘောတူဟန်ဆောင်လိုက်တယ်"

"ပြီးတော့ ကျွန်တော်က သူ့ကို ဂါရဝပြုလာဖို့ သူ စောင့်ဆိုင်းနေတဲ့အချိန်၊ သူ့နှုတ်ခမ်းပေါ်မှာ အောင်ပွဲအတွက် အပြုံးခပ်သေးသေးရှိနေတဲ့အချိန်မှာ ကျွန်တော် သူ့မျက်နှာပေါ် သေးပန်းလိုက်တယ်"

"အဘိုးကြီးက ချက်ချင်းပဲ ကြောင်သွားတော့တာပေါ့!"

"အဲ့တာနဲ့ ကျွန်တော်လည်း အရင်ဆုံး ချိုလားလို့ မေး လိုက်တယ်၊ ပြီးတော့ သူ့ကို ဆက်ပြီးလှောင်နေခဲ့တယ်၊ သူ့ရဲ့အပေါစားအကြံကို ခွဲခြမ်းစိတ်ဖြာပြပြီးတော့ သူက လူရွှင်တော်ဖြစ်နေခဲ့တယ်ဆိုတဲ့ အမှန်တရားကို သိစေခဲ့တယ်လေ"

ချင်ချွမ်း ဆွံ့အသွားရ၏။

အာ...ဒါ က

၎င်းမှာ ရုပ်ခန္ဓာနှင့် ကိုယ်ရည်ကိုယ်သွေးနှစ်ခုစလုံးကို လှောင်ပြောင်ခြင်းပင်။

ဒီကလေးက ဒီလိုအဓိကကျသော နည်းစနစ်ကို ဘယ်တုန်းက ကျွမ်းကျင်သွားသနည်း။

ဒါက ဒဏ္ဍာရီလာ…မွေးကတည်းက ပါလာတဲ့ ပါရမီများလား။

".အား!! အား!!"

အဘိုးအိုသည် ဒေါသကို ထုတ်ဖော်ပြီးနောက် တဖြည်းဖြည်း စိတ်ငြိမ်သွားခဲ့သည်။ သူ၏ ဒီရေလှိုင်း ကဲ့သို့ နတ်ဘုရားဝိညာဉ်စွမ်းအားများက ပြန်လည်ဆုတ်သွားခဲ့၏။

သူက ပြင်းထန်စွာ မောဟိုက်နေပြီး သူ၏ ကျားကဲ့သို့ မျက်လုံးများက ချင်ချွမ်းနှင့် သူ့သားကို ကြည့်ကာ မေးလိုက်သည်။

"မင်း… မင်းတို့က တစ်ကယ်ပဲ ဘယ်သူတွေလဲ!"

"ကျုပ်တို့က ဘယ်သူတွေလဲဆိုတာကို ခင်ဗျားလို ပုရွက်ဆိတ်တွေက သိပိုင်ခွင့်မရှိဘူး"

ချင်ချွမ်းက မထီမဲ့မြင်ပြုစွာ ငုံ့ကြည့်လာ၏။

"ဟားဟားဟား! လူမမယ်လေး မင်းက ကောင်းကင်တက်လှမ်းနယ်ပယ်ရဲ့စတုတ္ထအဆင့်ပဲ ရှိသေးတယ်၊ ဒါတောင်မှ ဒီလို မာနကြီးနေနိုင်တယ်၊ တကယ်ကို မသိနားမလည်၊ မကြောက်မရွံ့တတ်တဲ့ ကလေးတွေ!"

အဘိုးအိုက လှောင်ပြောင်လာသည်။

"ငါ အထွတ်အထိပ်ရောက်နေတဲ့ အချိန်ကာလတုန်းကဆိုရင် မင်းတို့လိုပုရွက်ဆိတ်တွေကို ခြေတစ်ဖက်တည်းနဲ့ ချေမွှပစ်နိုင်တယ်!"

ချင်ချွမ်း၏ မျက်လုံးများက တောက်ပသွား၏။

သူ အဘိုးအိုအား စိတ်ဝင်တစားကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်သွားလေ၏။

"ဒါဆို ခင်ဗျားက အရင်တုန်းကဆိုရင် အရမ်းသန်မာ ခဲ့တယ်ပေါ့"

"ဟက်!"

အဘိုးအိုက မထီမဲ့မြင် ရယ်မောလာပြီး ဆက်ပြောရန် ငြင်းဆန်ခဲ့သည်။

"ဒီလိုဆိုရင်ရော ခင်ဗျား အထွတ်အထိပ်ဖြစ်ခဲ့တဲ့အချိန်ကို ပြန်ပိုင်ဆိုင်ရအောင်လို့ ကျုပ် ခင်ဗျားကို အခွင့်အရေးပေးမယ်၊ ပြီးရင် ခင်ဗျားဘက်က ရှုံးနိမ့်ခဲ့ပြီဆိုတာကို လက်ခံသွားစေရမယ်"

ချင်ချွမ်းက တည်ငြိမ်စွာ ပြော၏။

" ဘာ!"

အဘိုးအိုက ထိတ်လန့်စွာပင် မော့ကြည့်လာတော့သည်။

******************

All Chapters