သုံးကြိမ်ဝပ်တွားပြီး ကိုးကြိမ်တိုင်တိုင် ဦးခေါင်းမြေထိအောင် ဦးညွတ်ရမယ်
Vol. 5 Ch. 69
လျိုရူရွှမ်းသည် လူသိရှင်ကြား အပြစ်တင်ခံခဲ့ရကာ သူမ၏မျက်နှာမှာ အလွန်အမင်း ရှက်ရွံ့မှုကြောင့် နီမြန်းသွားခဲ့သည်။
ယခုလိုအခြေအနေမျိုး၌ လူအများစုသည် တကယ် တမ်း၌ ဘယ်သူကမှန်ပြီး ဘယ်သူကမှားလဲဆိုတာကို မသိကြတော့ပေ။ ဘယ်သူက ပိုပြီးစွမ်းအားရှိလဲ ဆိုသည့်အချက်ကိုသာ သူတို့ ကြည့်တော့၏။
စွမ်းအားပိုရှိသူတိုင်း မှန်ကန်သည့်အတိုင်းပင်။
အကြောင်းရင်းမှာ ပုံမှန်အားဖြင့် တကယ်မှန်ကန်သော အဖွဲ့က ယုံကြည်မှုပိုရှိတတ်ကြသည်။ သေချာပေါက် လူအနည်းစုကိုလည်း ချန်လှပ်ထားလို့မရပေ။ မှားယွင်းနေလျှင်တောင် ဖြောင့်မတ်သလို ဟန်ဆောင်နိုင်သည့် လူဆိုးများလည်း ရှိ၏။ သို့သော် သူတို့က လူနည်းစုပင်။
လူတိုင်းက ထိုအချက်ကို အလိုအလျောက် လျစ်လျူရှုခဲ့ကြသည်။
လက်ရှိအချိန်၌ ချင်ကျီက အသာစီးရပြီး ကျယ်လောင်စွာ ပြစ်တင်ဆုံးမလိုက်သောအခါ လူတိုင်းသည် သတိတောင်မထားမိဘဲ ချင်ကျီဘက်ကနေ ပါဝင်ခဲ့ကြ၏။
ထို့ကြောင့် လျိုရူရွှမ်းကို ကြည့်သော သူတို့၏အကြည့်များက ပြောင်းလဲသွားခဲ့သည်။ လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှ ထိုလေးစားခံရသောတပည့်က ဘယ်လိုလုပ် ဒီလိုလုပ်ရသနည်းဟု ပြောချင်နေသည့်အလားပင်။
"နင်! နင်!"
ဒေါသထွက်နေသော လျိုရူရွှမ်းသည် ချင်ကျီကို လက်ညှိုးထိုးလာပြီး ပြင်းထန်သောစကားများကို ပြောထွက်လုနီးပါးဖြစ်နေသော်လည်း သူမ၏အဆင့်အတန်းကို ထည့်သွင်းစဉ်းစား၍ မသင့်တော်ကြောင်း တွေ့ရှိခဲ့ရာ လက်လျှော့ခဲ့ရ၏။
သူမ ထွက်သွားရန် ပြင်ဆင်ခဲ့သော်လည်း ချင်ကျီက သူမ၏လမ်းကို ပိတ်ဆို့၍ တည်ငြိမ်စွာ ပြောလာသည်။
"လူတစ်ယောက်ပေါ်မှာ ရေညစ်တွေသွန်ပြီးတော့ ရှင်းရှင်းလင်းလင်း မရှင်းပြဘဲ ထွက်သွားသင့်လား!"
"ဖယ်!"
လျိုရူရွှမ်း အေးစက်စွာ ပြောလိုက်၏။
"တောင်းပန်!"
ချင်ကျီက လက်မလျှော့ခဲ့ပေ။
"ဘေးဖယ်စမ်း!"
လျိုရူရွှမ်းက ထပ်ပြောသည်။
"တောင်းပန်စမ်း!"
ချင်ကျီကလည်း သူ့အသံကို မြှင့်ခဲ့၏။
လျိုရူရွှမ်းက စကားမပြောတော့ပေ။
သူမ၏မျက်လုံးများက တဖြည်းဖြည်း ကျဥ်းမြောင်းလာသည်။ ထို့နောက် သူမ၏မျက်စိသူငယ်အိမ်များထဲမှ အေးစက်သော အလင်းရောင်များ ထွက်ပေါ်လာခဲ့၏။
"နင် ခုနကမြင်ခဲ့တာက ငါ့ခွန်အားအလုံးစုံလို့ ထင်နေတာလား!"
"မင်း ဘယ်လောက်ပဲ ခွန်အားရှိရှိ မရှိရှိ ငါ စိတ်မဝင်စားဘူး၊ မင်း ဒီနေ့ ငါ့ရှစ်မေ့ကို မတောင်းပန်ရင် ငါ မင်းကို အပိုင်းပိုင်းဖြစ်အောင် လုပ်ပစ်မယ်!"
ချင်ကျီက အေးစက်စွာ ရယ်မောပြီး ပြင်းထန်စွာ ပြောလာသည်။
"ချင်ကျီရှစ်ရှုန်း လွှတ်ပေးလိုက်ပါတော့"
ထိုအချိန်၌ ရွှေ့ချင်းရိုက အရှေ့ကို တိုးလာပြီး ရှက်ရွံ့စွာဖြင့် ချင်ကျီ၏လက်မောင်းကို ဆွဲကာ ငြိမ်းချမ်းရေးယူလိုသည့်အလား ပြော၏။
"ရှစ်မေ့ မကြောက်ပါနဲ့၊ ငါရှိနေရင် မင်းကို ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး"
ချင်ကျီသည် သူ့ခေါင်းကို လှည့်ကာ ပြုံးပြ၍ ရွှေ့ချင်းရို၏လက်သေးသေးလေးကို ပုတ်လိုက်သည်။
ရွှေ့ချင်းရို၏လှပသောမျက်နှာလေးမှာ အနည်းငယ်နီရဲသွားခဲ့ပြီး ရှက်ရွံ့စွာ ခေါင်းငုံ့သွားခဲ့၏။ သူမ ဘာမှမပြောတော့ဘဲ ခင်ပွန်းဖြစ်သူကို ကိစ္စအဝဝ တာဝန်ယူခွင့်ပေးလိုက်သော ဇနီးငယ်လေး၏ အမူအရာကို ပြသလာခဲ့သည်။
ထိုချစ်စဖွယ်မြင်ကွင်းမှာ မင်းသားကြီးယန်ချီထျန်း၏မျက်လုံးထဲသို့ ကျရောက်သွားခဲ့ပြီး သူ့အမူအရာ မှာ ပို၍အေးစက်လာခဲ့၏။
တစ်နည်းအားဖြင့် သူသည် "ခွေးစာ" များဖြင့် လွှမ်းမိုး ခံလိုက်ရသည်။
(T/N - မိမိအရှေ့မှာ အတွဲတွေ ကြည်နူးပြနေတာကို ကြည့်နေရရင် 'ခွေးစာ စားလိုက်ရပြီ'ဆိုပြီးတော့ တရုတ်တွေက ဒီဘက်ခေတ်မှာ သုံးနှုန်းကြပါတယ်)
သူသည် မာနကြီးကာ သီးသန့်ဆန်ပြီး ချောမောလှပသော အမျိုးသမီးများအားလုံးကို အထင်အမြင်သေးခဲ့၏။ သူ နှစ်သက်သော မိန်းကလေးတစ်ဦးကို နောက်ဆုံးမှာ တွေ့ခဲ့ရသော်လည်း ဤကဲ့သို့မြင်ကွင်းမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။
သူ့နှလုံးသားထဲ၌ ထိုမိန်းကလေးသည် ကန်ရေပြင်အလယ်မှာ ပွင့်လန်းနေသော ကြာပန်းတစ်ပွင့်ကဲ့သို့ပင်။ သူမသည် တိတ်ဆိတ်စွာ ပွင့်လန်းနေပြီး လေညင်းအဝေ့မှာ နွဲ့နောင်းလျက်ရှိ၏။
သူမက တိတ်ဆိတ်အေးချမ်းသည်။ လောကကြီး၏ အနှောင့်အယှက်များကို မခံယူထားဘဲ ရိုးရှင်းသောစိတ်နေစိတ်ထားရှိ၏။ စိတ်သဘောထား မရှုပ်ထွေးသော်ငြား ဇွဲရှိသည်။ အနည်းငယ်ရိုးအသော်လည်း ချစ်စရာကောင်း၏။
ထိုကဲ့သို့မိန်းကလေးမျိုးက အလွန်လှပ၍ဖြူစင်သောကြောင့် သူ့ဗီဇအရ သူမကို ကာကွယ်ပေးချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ သို့သော်ငြား အလွန်အကျွံလည်း နီးနီးကပ်ကပ် သွားမဆက်ဆံရဲခဲ့ပေ။ သူမ၏စိတ်ထဲ၌ သူ့ကို ပေါ့ပေါ့တန်တန် ထင်သွားမည်ကို စိုးရိမ်ခဲ့၏။
လူအများက သူ့ကို လေးစားကြည်ညိုပြီး စိတ်မညစ်ညူးစေရန် နှိမ့်ချဆက်ဆံတတ်ကြသည်။ သူသည် တစ်လောကလုံးကို ပိုင်ဆိုင်ထားသော်လည်း သူမ မနှစ်သက်မှာကိုတော့ စိုးရိမ်နေဆဲပင်။
သို့သော်...
သူ ပေါ့ပေါ့တန်တန် မချဉ်းကပ်ရဲခဲ့သော ထိုမိန်းကလေးက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ တပည့်ခေါင်းဆောင်ဟု ခေါ်ဆိုသော သူနှင့် ကလူနေလေ၏။
ထို့အပြင် သူမက ၎င်းကို ကသိကအောင့် မခံစားရသည့်အလားပင်။
ဒါက သူ့ကို မယုံနိုင်စရာကောင်းလောက်အောင် ဒေါသထွက်စေသည်။
ငါတောင် သူမကို အလွယ်တကူချဉ်းကပ်ဖို့ သတိထား နေရတယ်၊ မင်းကများ သူမအရှေ့မှာ သူရဲကောင်း လုပ်ပြီး မျက်နှာသာရဖို့ လုပ်ရဲတယ်လား။
မင်းကိုယ်မင်း ဘယ်သူထင်နေလဲ!
မင်းက ထိုက်တန်လို့လား!
မနာလိုဖြစ်နေသော မင်းသားကြီးသည် ယခုအချိန်၌ ပေါက်ကွဲလုနီးပါး ဖြစ်နေလေ၏။ သူသည် ထိုမုန်းစရာကောင်းသော မျက်နှာကို ချက်ချင်းပင် ရိုက်ပစ်ချင်စိတ် ဖြစ်ပေါ်နေသည်။
မည်သည့်ယောက်ျားမဆို သူချစ်သော အမျိုးသမီး၏ အရှေ့၌ ချောမောသောယောက်ျားလေးတစ်ယောက်က မိုက်ရူးရဲဆန်စွာ လုပ်ပြနေသည်ကို မြင် လျှင် ဒေါသထွက်နိုင်လေ၏။ ထိုအပြုအမူက သူမကို လေးစားကြည်ညိုစိတ် ဖြစ်ပေါ်စေနိုင်သည်မဟုတ်ပါလော။
ထိုကဲ့သို့ဒေါသမျိုးက အထောက်အထားများနှင့် မဆိုင်သလို လူမှုအဆင့်အတန်းနှင့်လည်း မဆိုင်ပေ။
ထိုအချိန်၌ ချင်ကျီက လျိုရူရွှမ်းကို ဆက်ပြောနေသည်။
"ငါ့ရှစ်မေ့ကို မြန်မြန်တောင်းပန်လိုက်၊ မင်းလုပ်ခဲ့တဲ့ ရှုပ်ထွေးမှုကို တစ်ခါတည်းဖြေရှင်းခဲ့၊ မဟုတ်ရင်… ငါ မင်းကို လျက်ပြီး ရှင်းခိုင်းမယ်!"
"နင် လုပ်ရဲလား!"
လျိုရူရွှမ်းက ဒေါသတကြီး အော်ဟစ်လာ၏။ ဒီလူက ဘာကြောင့်များ ဒီလောက်အထိ မကြောက်မရွံ့ ဖြစ်နေ ရတာလဲဆိုတာကို နားမလည်သောကြောင့် သူမ စိတ်ရှုပ်ထွေးနေမိသည်။
သူက အခု လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှာ ရောက်နေတယ်ဆိုတာကို သတိမထားမိဘူးလား။
အသစ်တစ်ဖန်မွေးဖွားခြင်းပါရမီရှင်တစ်ယောက်တည်းက အစွမ်းထက်သူများ ပြည့်နှက်နေသော ဤနေရာတွင် မည်ကဲ့သို့လှုပ်ရှားမှုမျိုး ဖြစ်ပေါ်စေနိုင်မည်နည်း။
"ဘာကို မလုပ်ရဲရမှာလဲ၊ ငါ့ကို အဆုံးထိလုပ်အောင် တွန်းအားမပေးနဲ့၊ ငါ တစ်ကြိမ်လုပ်ခဲ့မိရင် မင်းရဲ့ဂုဏ်သိက္ခာတွေ တစ်စမှ ကျန်မှာ မဟုတ်ဘူး"
ချင်ကျီက အေးစက်စွာ ပြော၏။
"ဒါဆို နင်က ငါ့ရဲ့ဂုဏ်သိက္ခာကို ဘယ်လိုနင်းခြေမလဲဆိုတာ ကြည့်ရအောင်!"
လျိုရူရွှမ်းက အေးစက်စွာ နှာခေါင်းရှုံ့သည်။ အနီရောင်လေကြမ်းများနှင့် မိုးကြိုးများက သူမ၏ပတ်ပတ်လည်တွင် ဝိုင်းရံနေသည်။
*လူတွေက အသက်ရှူနိုင်ဖို့ တိုက်ခိုက်တယ်...ဗုဒ္ဓက အမွှေးနံ့သာတစ်တိုင်အတွက် တိုက်ခိုက်တယ်။ စကားလုံးတွေက ထိုအဆင့်ထိ ရောက်ရှိလာသောအခါ သူမ ဘယ်လိုလုပ်ပြီး နောက်ဆုတ်နိုင်မည်နည်း။
(T/N - တရုတ်စကားပုံတစ်ခုပါ၊ လူတိုင်းက 'ဂုဏ်သိက္ခာ၊ အာဏာနဲ့ တန်ဖိုးအဆင့်အတန်းတွေကို မရပ်မနားဘဲ ရယူတတ်တဲ့စိတ်ရှိကြောင်းကို ဖော်ပြထားတာပါ)
အင်အားမမျှတလျှင်တောင် တိုက်ခိုက်ရန် လိုအပ်၏။
"မင်းက အရှက်ရဖို့ တောင်းဆိုနေတာပဲ!"
ချင်ကျီသည် သူ့ညာခြေထောက်ဖြင့် အရှေ့သို့တိုးလိုက်သည်။ ထို့နောက် ရွှေရောင်ရောင်ခြည်တော်သုံးခုက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး သူ့စွမ်းအားက သုံးဆ မြင့်တက်လာလေ၏။
သူသည် သိသာစွာပင် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၏ ဒုတိယအဆင့်မှာသာ ရှိသော်လည်း သူ့အော်ရာက စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမအဆင့်ထက်ပင် ပို၍ပြင်းထန်နေပြီး အန္တရာယ်ရှိသယောင် ထင်ရသည်။
"ငါကြောက်မယ်လို့ ထင်နေလား!"
လျိုရူရွှမ်းသည် ချင်ကျီက လျှို့ဝှက်ကျင့်စဉ်တစ်ခု အသုံးပြုခဲ့သည်ဟု ထင်မှတ်ခဲ့ပြီး သူမလည်း သူမ၏အသက်သွေးကို လောင်ကျွမ်းစေသော ကျင့်စဉ်ကို အသုံးပြုခဲ့၏။ သူမ၏စွမ်းအားကလည်း အလွန်မြင့်တက်လာခဲ့သည်။
တိုက်ပွဲ ဖြစ်ပွားတော့မည့် ဆဲဆဲတွင်...
ထိုအချိန်၌ တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာလေ၏။
"တော်သင့်ပြီ"
ထိုအသံမှာ ငြိမ်းချမ်းသယောင်ထင်ရသော်လည်း ငြင်းဆန်၍မရသော အာဏာကို သယ်ဆောင်ထားသည်။
ပွဲကြည့်သူများက သူတို့၏ခေါင်းများကိုတစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။ ပြောဆိုလာသူက မင်းသားကြီးယန်ချီထျန်းမှတစ်ပါး အခြားသူမဟုတ်ပေ။
"မင်းသားကြီး…"
လျိုရူရွှမ်းကလည်း မင်းသားကြီးကို လှည့်ကြည့်လာသည်။ သူမ၏မျက်လုံးများထဲတွင် ပျော်ရွှင်မှုနှင့် ကျေးဇူးတင်မှုကို ပြသနေခဲ့၏။ သူမ၏အကြည့်များက ရေကဲ့သို့ နူးညံ့နေလေသည်။
တစ်ချိန်တည်းမှာပင် ချင်ကျီလည်း သူ့မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ယန်ချီထျန်းကို မကြောက်မရွံ့စိုက်ကြည့်ကာ မေးလိုက်၏။
"မင်းက ဘာလုပ်ချင်တာလဲ"
"ဒီမှာပဲ အဆုံးသတ်လိုက်ကြတာပေါ့"
ယန်ချီထျန်းက ပေါ့ပေါ့ပါးပါး ပြောလာပြီး ချင်ကျီကို မကြည့်ဘဲ နေနေသည်။ ၎င်းက မထီမဲ့မြင်ပြုခြင်း မဟုတ်ဘဲ မမြင်ချင်သောကြောင့်ပင်။
"ဒီမှာပဲ အဆုံးသတ်ရမယ်? ဘာကြောင့်လဲ"
ချင်ကျီ မေးလိုက်မိ၏။
"မင်းရဲ့အဓိပ္ပာယ်မဲ့တဲ့လုပ်ရပ်တွေကို တားဖို့ ငါ့မှာ လုံလောက်တဲ့ အကြောင်းပြချက်ရှိတယ်"
ယန်ချီထျန်းသည် အပေါ်စီးမှနေ၍ အာဏာဆန်ဆန် ပြောလိုက်သည်။
"ဒါပေမဲ့ မင်းက ဘာကြောင့်လဲမေးရင်တော့ ငါပြော နိုင်တာက အကြောင်းပြချက်မရှိဘူး၊ ဒီအတိုင်း ငါပြောတဲ့စကားမို့လို့ပဲ!"
သူ့စကားလုံးများက အားကောင်း၍ခိုင်မာလှ၏။
ပတ်ဝန်းကျင်ရှိ လူများ၏အတွင်းစိတ်ထဲ၌ တုန်ယင် သွားရသည်။ ယန်ချီထျန်းကို ကြည့်နေရင်း လေးစားသောစိတ်တစ်ခုက သူတို့၏နှလုံးသားထဲ၌ ရှင်းပြရခက်စွာပင် မြင့်တက်လာခဲ့သည်။
ဒါက တော်ဝင်မိသားစုရဲ့ စိတ်ဝိညာဥ်များလား။
သာမန်လူများအနေဖြင့် တော်ဝင်မိသားစု၏ ပါရမီရှင် နှင့် ရင်ဆိုင်ရသောအခါ သူတို့၏ခေါင်းများကို တစ်ကယ် မထောင်နိုင်ကြပေ။
သို့သော်ငြား အဆင့်အတန်းကြောင့်ဖြစ်ပေါ်လာရသည်ဟု ယူဆရသော ထိုဂုဏ်သိက္ခာသည် ချင်ကျီ၏အရှေ့၌ ဘယ်တော့မှ အရေးမပါခဲ့ပေ။
သူ လှောင်ပြောင်ရယ်မောမိရင်း ပြောလိုက်သည်။
"မင်းကပြောလို့ ဟုတ်လား၊ ဒါဆို ငါမေးပါရစေ၊ မင်းက ဘယ်သူလဲ၊ ငါ့ကိုအမိန့်ပေးဖို့ မင်းမှာ ဘာအခွင့်အရေးရှိလို့လဲ"
"ရိုင်းစိုင်းလိုက်တာ!"
"ရဲတင်းလွန်းတယ်!"
အသံနှစ်သံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့ပြီး ပထမအသံက ယန်ချီထျန်းမှ ဖြစ်ပြီး ဒုတိယအသံက ရုတ်တရက် ထွက်ပေါ်လာသော မိန်းမစိုးအိုကြီးဖြစ်သည်။
ထိုမိန်းမစိုးအိုကြီးသည် ယန်ချီထျန်း၏အရှေ့မှာ ရပ်၍ သူ၏ အမွှေးဖွားဖွားတုတ်တံက ချင်ကျီကို ညွှန်ထားကာ ပြင်းထန်စွာ ဆုံးမလာခဲ့၏။
"သာမန်လူငယ်လေးတစ်ယောက်က မင်းသားတစ်ပါးကို ရန်စပြီး တော်ဝင်မိသားစုရဲ့အာဏာကို မထီမဲ့မြင်ပြုရဲတယ်၊ မင်းက သေချင်နေတာပဲ"
သို့သော်ငြား ချင်ကျီက သူ့ကိုလုံးဝလျစ်လျူရှုထားသည်။ ထိုအစား လှောင်ပြောင်သော အကြည့်ဖြင့် ယန်ချီထျန်းကို ကြည့်၍ ဆက်ပြောခဲ့၏။
"ဒါဆို မင်းက မိန်းမစိုးအိုကြီးရဲ့အနောက်မှာ ပုန်းပြီး မာန်ဖီဖို့ပဲသိတဲ့ အသုံးမကျတဲ့ လူဖြစ်နေတာကို"
"ရိုင်းစိုင်းတဲ့ကောင်လေး မင်း သေချင်နေပြီလား!"
မိန်းမစိုးအိုကြီး၏မျက်နှာက ညိုမည်းသွားကာ ထိုမလေးမစားပြုမူနေသော လူငယ်ကို သင်ခန်းစာပေးရန် အသင့် ဖြစ်နေလေသည်။
သို့သော်ငြား ယန်ချီထျန်းက သူ့ကိုတားခဲ့၏။ ထို့နောက် အရှေ့သို့ ခြေနှစ်လှမ်းတိုးကာ အရှေ့ဆုံးမှာ ရပ်လိုက်သည်။
"မင်းရဲ့မာနကို ငါနားလည်တယ်၊ နောက်ဆုံးမှာတော့ အင်အားနည်းနည်းရှိလာတိုင်း မာနကြီးကြမှာပဲလေ၊ ခွေးတောင်မှ ဗိုက်ပြည့်ရင် ဟောင်သေးတာပဲ"
ယန်ချီထျန်းသည် ချင်ကျီကို ကြည့်၍ အေးစက်စွာပြော၏။
"ဒါပေမဲ့ မင်းက မင်းသားဆိုတဲ့အရာကို ခေါင်းစဉ် သက်သက်ပဲလို့ ထင်နေတယ်ဆိုရင် ငါ ပြောနိုင်တာက…မင်း လုံးဝ မိုက်မဲလွန်းတာပဲ"
နောက်တစ်ခဏတွင် ရွှေရောင်ရောင်ခြည်တန်းတစ်ခုက သူ့ဆီမှ ထွက်ပေါ်လာပြီး တိမ်များကို ထိုးဖောက်သွားခဲ့သည်။ သူ့ဝတ်ရုံက လေထဲမှာ လွှင့်မျောလျက်ရှိကာ အေးစက်စွာ ပြောလာခဲ့၏။
"ဒီနေ့ မင်း သုံးကြိမ်ဝပ်တွားပြီး ကိုးကြိမ်တိုင်တိုင် ဦးခေါင်းမြေထိတဲ့အထိ ငါ့ကို ဦးညွတ်စေရမယ်"
**************