← Chapters

ခြေမွှပစ်ခြင်း

Vol. 5 Ch. 70

ခြေမွှပစ်ခြင်း

Vol. 5 Ch. 70

"သေချာလား"

ချင်ကျီက သူ့မျက်လုံးများကို မှေးကျဥ်းလျက် မေး၏။

"ငါ နောက်နေတယ်လို့ မင်းထင်နေတာလား"

ယန်ချီထျန်းက အေးစက်စွာ ပြန်ဖြေလေသည်။

"ငါ့မှာ အခြေခံမူတစ်ခုရှိတယ်၊ တစ်ပါးသူက ငါ့အပေါ် ဘယ်လိုလုပ်ခဲ့လဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ငါ သူ့ကို အတိအကျ ပြန်ပေးဆပ်ခိုင်းတတ်တယ်"

ချင်ကျီက တည်ငြိမ်စွာ ပြော၏။

သူ ထိုစကားကိုပြောရင်း သူ့ခေါင်းကို အနည်းငယ်လှည့်ကာ ရင်ပြင်အပြင်ဘက်ရှိ နားနေဆောင်တစ်ခုကို ကြည့်လိုက်သည်။ သူ့အဖေက ပြုံးလျက် သူ့ကို ခေါင်းညိတ်ပြနေသည်ကို သူ မြင်လိုက်ရ၏။

လုပ်ချင်ရာလုပ်ဟု ပြောနေသည့်အလားပင်။

"အိပ်မက်မက်နေလိုက်!"

ယန်ချီထျန်းက နှာမှုတ်လာပြီး သူ့ညာဘက်လက်ကို ချက်ချင်း ရိုက်ချလာသည်။

ဒုန်း!

သူ ပြောထားသကဲ့သို့ပင် ပထမဆုံးရိုက်ချက်နှင့်တင် သူ့ခွန်အားကို သိနိုင်လေ၏။ ထိုလက်ဝါး၏ စွမ်းအားက အလွန်ကြီးမားပြီး ဒီရေလှိုင်းများ တက်လာသကဲ့သို့ အရှိန်အဝါ မသေးပေ။

"အရမ်းသန်မာတယ်!"

"အနည်းဆုံးတော့ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်ရဲ့ ပဉ္စမအဆင့်မှာရှိရမယ်!"

"မင်းသားတစ်ပါးအနေနဲ့ တကယ်ထိုက်တန်တာပဲ၊ တိုင်းတာလို့မရအောင် ကြောက်စရာကောင်းတယ်!"

ပရိသတ်သည် အံ့အားသင့်လျက် ဘေးဘက်ကို ဆုတ်ခွာသွားခဲ့ကြသည်။

သို့သော်ငြား ချင်ကျီသည် ထိုမျှအားကောင်းသောတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရသော်လည်း ကြောက်ရွံ့မှုမပြခဲ့ဘဲ ထိုအစား ပြင်းထန်သောတိုက်ခိုက်ရေးသမားစိတ်ဓာတ်ကိုသာ ပြသခဲ့၏။

"လာစမ်း!"

သူ့ညာခြေထောက်ကို ထောက်ချလိုက်သည်နှင့် အဖြူရောင်အလင်းတန်း ဒါဇင်ပေါင်းများစွာက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး သူ့အနောက်တွင် ကြီးမားသော အဖြူရောင်အတောင်ပံတစ်စုံအဖြစ် ဖွဲ့စည်းလိုက်လေ၏။ အတောင်မွှေးတိုင်းက သတ္တုရောင်ကဲ့သို့ တောက်ပြောင်မှုများ စီးဆင်းလျက်ရှိသည်။

ထိုအတောင်ပံများက အရှေ့သို့ထိုးချလိုက်လေရာ ယန်ချီထျန်း၏ လက်ဝါးတံဆိပ်ကို တိုက်ရိုက်တိုက်ခတ်သွားခဲ့၏။ လက်ဝါးတံဆိပ် ပျက်စီးသွားသောအခါ ကျယ်လောင်သည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုမျှသာမက၊ ချင်ကျီ၏ ခန္ဓာကိုယ်သည် ကြီးမားသောအတောင်ပံများဖြင့် သုံးရာ့ခြောက်ဆယ်ဒီဂရီ လည်ပတ်သွားခဲ့ပြီး ယန်ချီထျန်းကို ရိုက်ချလာခဲ့၏။

"အဲ့ဒါက ဘာကြီးလဲ!"

ယန်ချီထျန်းတစ်ယောက် အနည်းငယ် အံ့အားသင့်သွားရသည်။ ယခင်က တိုက်ရိုက်ထိမှန်လာမှုကို ရှောင်ရှားခဲ့ပြီးနောက် သူ့ညာခြေထောက်ကို ပြင်းထန်စွာ နင်းကာ ထိုတောင်ပံရိုက်ချက်ကို ထပ်ရှောင်ရှားရန်အတွက် ကောင်းကင်ကို ပျံတက်ခဲ့၏။

ပစ်မှတ်လွဲချော်သွားသောအခါ အတောင်ပံများက ထပ်မံလှည့်လာပြီး ယန်ချီထျန်းကို လိုက်ဖမ်းနေသော ဧရာမငှက်ကြီးကဲ့သို့ အပေါ်ထိ လိုက်တက်လာခဲ့သည်။

"ကောင်းကင်တက်လှမ်းသော အံ့ဖွယ်ဆင်၏ ခြေထောက်!!"

ယန်ချီထျန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လျက် သူ့ညာခြေထောက်ကို နင်းချလိုက်ရာ ကြီးမားသောဆင်ခြေထောက်တစ်ခုက ဆင်းသက်လာခဲ့၏။

"ဖောင်း ဖောင်း ဖောင်း!"

ထိုဆင်ခြေထောက်၏စွမ်းအားက အံ့မခန်းပင်။ ၎င်းက ကျဆင်းလာသောအခါ လေထုသည် အလွှာလိုက်ပေါက်ထွက်လာပြီး အသံလှိုင်းပေါက်ကွဲမှုကို ဖြစ်ပေါ် စေခဲ့သည်။

ချင်ကျီသည် လိုက်လျောညီထွေရှိစေရန်အတွက် ချက်ချင်းပင် သူ့အတောင်ပံများကို အမြန်ဖြုတ်ချခဲ့၏။ သူ့ပတ်ပတ်လည်မှာ ရစ်ဝဲနေသော အဖြူရောင်အတောင်ပံများက ဆင်ခြေထောက်ကို တိုက်ခိုက်ရန်အတွက် 'လွန်'သဏ္ဍာန်ရှိသော အဖြူရောင်ခရုပတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။

(T/N - Drill - 'လွန်'က မြင်သာအောင် ပြောရရင် ဒီဘက်ခေတ်မှာ နံရံတွေ သစ်သားတွေကို အပေါက်ဖောက်တဲ့စက်ပစ္စည်းပုံစံပါ )

"ဒုန်း! ဗုန်း! ဗုန်း! ဗုန်း!"

ထိုနှစ်ခု တိုက်မိသွားစဥ်တွင် အဖြူရောင်'လွန်'သည် ချွန်ထက်သော ဓားများကဲ့သို့ ဧရာမဆင်ခြေထောက်ကြီးအား ဆက်တိုက် ဖြတ်ပစ်နေခဲ့၏။ ချင်ကျီ၏ 'လွန်'က အားနည်းလာချိန်တွင် ဆင်ခြေထောက်သည်လည်း မပြည့်စုံတော့ဘဲ အက်ကြောင်းများ ပျံ့နှံ့နေလေပြီ။

"ချိုးဖျက်စမ်း!!"

အဖြူရောင်'လွန်'က ပျောက်ဆုံးလုနီးပါး ဖြစ်သွားသည့်အချိန်တွင် အောက်တွင်ရှိသော ချင်ကျီသည် သူ့လက်သီးကို အားကုန်သုံး၍ ထိုးချလိုက်သည်။

"ဒုန်း!!!"

ထိုလက်သီးအရိပ်မှာ နေမင်းကဲ့သို့ ပူပြင်းပြီး အားကောင်းလှ၏။ ၎င်းက ကြီးမားသောဆင်ခြေထောက်ကြီးအား လုံးဝပျက်စီးစေခဲ့ပြီး ကျန်ရှိသောစွမ်းအားမှာမူ အလင်းတိုင်လုံးအဖြစ် ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။

ယန်ချီထျန်းကလည်း နောက်ဆက်တွဲရိုက်ခတ်မှုကို ခံခဲ့ရပြီး ဆယ်ကြိမ်ကျော်မျှ နောက်ပြန်လွင့်ထွက်သွားခဲ့၏။

သို့သော်ငြား သူ့ခန္ဓာကိုယ်က ထိပ်ဆုံးသို့ ရောက်သွားသည်နှင့် သူ အောက်ဘက်ကို မျက်နှာမူလိုက်သည်။ ထို့နောက် သူ့စွမ်းအားအားလုံးကို စုစည်းကာ သူ့ဆီ လိုက်လံလာသော ချင်ကျီထံ သူ့လက်ဝါးများကို တွန်းထုတ်လိုက်လေ၏။

"အောင်းဝ် အောင်းဝ် အောင်းဝ်!!"

မီးနဂါးသုံးကောင်က ရစ်ခွေထွက်လာပြီး ခြေသည်းလက်သည်းများကို ရက်စက်ပြင်းထန်စွာ ကုတ်ခဲလျက် ချင်ကျီအား ဆွဲဖြဲရန် ပြင်နေသည်။ ထိုပူလောင်၍ ကြမ်းတမ်းရက်စက်သော စွမ်းအားသည် ကောင်းကင်တစ်ခုလုံးကို ဝန်းရံထားလေ၏။

ကြီးမားသောမီးနဂါးသုံးကောင်သည် တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်ကာ မထိုးဖောက်နိုင်သော မီးတံတိုင်းတစ်ခုကို ဖွဲ့စည်းခဲ့သည်။ ၎င်းက တိုက်ခိုက်မှုအပြင် အကာအကွယ်အတွက်ပါ ဆောင်ရွက်နိုင်လေ၏။

"အရေးမပါတဲ့ လှည့်ကွက်တွေ!"

ချင်ကျီက အထင်သေးစွာ ရယ်မောလာသည်။ ရွှေရောင်ရောင်ခြည်သုံးခုက သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး မီးနဂါးသုံးကောင်ကို လျစ်လျူရှုကာ အပေါ်သို့ ဆက်တက်ရန် အားထုတ်ခဲ့၏။

"ဖောက်!!!"

မီးနဂါးသုံးကောင်သည် အပေါက်ဖောက်ခံခဲ့ရသဖြင့် အသံခပ်အုပ်အုပ်တစ်ခု ထွက်ပေါ်ခဲ့လေသည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"

ယန်ချီထျန်း ထိတ်လန့်နေရလေပြီ။ သူ၏နတ်ဘုရားပညာရပ်က ချင်ကျီအား မထိခိုက်စေခဲ့သည်ကို သူ မယုံကြည်နိုင် ဖြစ်နေမိ၏။

"မဖြစ်နိုင်တဲ့အရာ မရှိဘူး"

ချင်ကျီက အေးစက်စွာ ပြောလာသည်။ သူ့ခန္ဓာကိုယ်ကမူ မယှဉ်သာနိုင်သောခွန်အားကို သယ်ဆောင်လျက် ယန်ချီထျန်းဆီသို့ အမြန်လာနေ၏။

"သတ်!!"

ယန်ချီထျန်း၏ နှလုံးသားက လက်ရှိမှာ ရှုပ်ထွေးနေလေပြီ။ သူ အမြန်ပင် လက်ဝါးတံဆိပ်များစွာ ထုတ်လွှတ်ခဲ့သော်လည်း ချင်ကျီကတော့ မရပ်မနားဆက်တိုးနေဆဲပင်။ သူ့ခန္ဓာကိုယ်ဟာ ရွှေရောင်ရောင်ခြည်သုံးခုဖြင့် ဖုံးအုပ်ခံထားရပြီး သိုင်းပညာရပ်များအားလုံးကို ခုခံနိုင်သည့်အလားပင်။ သူက ယန်ချီထျန်း၏အရှေ့ကို ချက်ချင်း ရောက်ရှိ လာခဲ့သည်။

"ဖုန်း! ဖုန်း! ဖုန်း!"

ချင်ကျီသည် ပထမဦးစွာ သူ့လက်ချောင်းငါးချောင်းစလုံးကို ပူးကပ်လျက် ယန်ချီထျန်း၏ ရင်ဘတ်ကို ရိုက်နှက်ခဲ့၏။ ထို့နောက် လက်ချောင်းတို့အား လက်သီးအဖြစ် ရုတ်တရက်ဆုပ်ကာ နောက်ဆုံးတွင်မူ လက်သီးမှ လက်ဝါးအသွင်သို့ ကူးပြောင်း၍ ပြင်းထန်စွာ တွန်းပို့ခဲ့သည်။

ခွန်အားသုံးလွှာ၊ တစ်ခုပေါ်တစ်ခု ထပ်ခြင်း!

"ဆုတ်ဖြဲ!"

ယန်ချီထျန်း၏ ရွှေရောင်နဂါးဝတ်ရုံက ပေါက်ပြဲသွားခဲ့ပြီး သူသည် စုတ်ပြတ်သတ်နေသော အဝတ်အစားတို့ဖြင့် နောက်ပြန်လွင့်ထွက်ကာ အောက်ကိုပြုတ်ကျခဲ့၏။

ထိုအချိန်၌ လောကကြီးက တိတ်ဆိတ်သွားလေသည်။

မင်းသားကြီးက ရှုံးနိမ့်ခဲ့လေ၏။

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ တပည့်ခေါင်းဆောင်သည် သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်မား သော မင်းသားကြီးကို လူတိုင်း၏ မျက်စိရှေ့တွင် အားထုတ်၍ အနိုင်ယူနိုင်ခဲ့သည်။

သေချာပေါက် လူတိုင်းကို အထိတ်တလန့်ဖြစ်စေဆုံးအရာမှာ ချင်ကျီ၏ခွန်အား မဟုတ်နေပေ။

သူက ဒီလိုမျိုး ဘယ်လိုလုပ် လုပ်ရဲတာလဲ။

သူက မင်းသားကြီးကိုသာ ရိုက်နှက်နေရုံမကဘဲ တော်ဝင်မိသားစု၏မျက်နှာကိုပါ ရိုက်နှက်နေခြင်းဖြစ်၏။

"အရှင့်သား!"

မိန်းမစိုးအိုကြီးသည် နားနေဆောင်ထဲမှ ချက်ချင်း ပြေးထွက်လာကာ ပြုတ်ကျလာသော ယန်ချီထျန်းကို ဖမ်းပွေ့လိုက်လေသည်။ ထို့နောက် ချင်ကျီကို သတ်ဖြတ်လိုသော အကြည့်ဖြင့် လှည့်ကြည့်ကာ...

"နန်းတော်ရဲ့အချုပ်အခြာအာဏာကို စော်ကားခြင်းရဲ့ပြစ်ဒဏ်က သေဒဏ်ပဲ"

သူ့စကားသံ ပြီးသွားသည်နှင့် ရွှေရောင်အလင်းတန်းတစ်ခုက သူ့နဖူးမှ ထွက်ပေါ်လာပြီး အဆုံးမဲ့ ကြမ်းတမ်းရက်စက်သော အော်ရာကို သယ်ဆောင်လျက် ချင်ကျီအား တိုက်ခိုက်လာခဲ့၏။

ဝုန်း!

ရွှေရောင်အလင်းတန်းက စစချင်းမှာ သေးငယ်သော်ငြား ရွှေရောင်ရေစီးကြောင်းအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့သည်။ နောက်ဆုံး တွင်မူ မြစ်ကြီးတစ်စင်းနှင့်ပင် တူလာပြီး ၎င်းအား တားဆီးနိုင်တော့မည့်ပုံမပေါ်ပေ။

မိန်းမစိုးအိုကြီး၏ တိုက်ခိုက်မှုက တိုင်းတာ၍မရအောင် ကြောက်မက်ဖွယ်ကောင်း၏။

ထိုရိုက်ချက်အောက်တွင် အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ အစောပိုင်းအဆင့်မှာရှိသော ချင်ကျီအတွက် သေခြင်းတရားမှလွဲ၍ အခြားရွေးချယ်စရာ မရှိနိုင်ပေ။ အသစ်တစ်ဖန်မွေးဖွားခြင်းနယ်ပယ်၊ အထွတ်အထိပ်မှာရှိသောလူများပင်လျှင် မလွတ်မြောက်နိုင်ပေ။

"ချင်ကျီရှစ်ရှုန်း!"

ရွှေ့ချင်းရို၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ အခြားလူများလည်း ကြက်သေသေနေကာ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်နေလေ၏။

"ဒေါင်!"

အရေးကြီးသောအခိုက်အတန့်တွင် ထင်ရှားပြတ်သားသောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်မြစ်ကြီးအား ကြီးမားသော အပြာရောင်အလုံးတစ်ခုက ပိတ်ဆို့ထားခဲ့၏။

အချင်းမီတာတစ်ရာခန့်ရှိသော ထိုအပြာရောင်အလုံးသည် ကြည်လင်နေပြီး ပင်လယ်ကဲ့သို့ နက်ရှိုင်းလှသည်။ ထိုအရာက ဆရာဖန်ချီမှ ချင်ချွမ်းကို ပေးခဲ့သော ကျောက်စိမ်းပင်လယ်ပုလဲပင်။

"ငါ့အရှေ့မှာ ငါ့သားကို သတ်ဖို့ ကြိုးစားနေတာလား၊ မိန်းမစိုးတစ်ယောက်ဆီမှာ ဒီလိုရဲတင်းတဲ့အာဏာမျိုး ပိုင်ဆိုင်ထားလို့လား!"

အေးစက်သောအသံက ပဲ့တင်သံထပ်သွားခဲ့၏။

လူတိုင်းက သူတို့၏ခေါင်းများကို လှည့်ကြည့်လာကြသည်။

နှင်းကဲ့သို့ ဖြူဖွေးသော ပုံရိပ်တစ်ခုက နားနေဆောင်ထဲမှ ထွက်ပေါ်လာလေ၏။ သူသည် မမြင်နိုင်သော လှေကားများပေါ် လျှောက်နေသကဲ့သို့ လေဟာနယ်ထဲကနေ ဒီဘက်ကို တဖြည်းဖြည်းလျှောက်လှမ်းလာသည်။

"ချင်ချွမ်း မင်း တော်ဝင်မိသားစုကို ဆန့်ကျင်ချင်တာ သေချာပြီလား!"

မိန်းမစိုးအိုကြီး၏မျက်နှာက မည်းပြာသွားပြီး အေးစက်စွာ ပြော၏။

"အမိန့်မနာခံတဲ့သားတစ်ယောက် သေသွားရင် နောက်တစ်ယောက် ထပ်မွေးနိုင်တယ်၊ ဒါပေမဲ့ မင်း ခြေတစ်လှမ်း မှားရင်တော့ ပြန်လှည့်လို့ မရတော့ဘူး၊ ကိုယ့်ကိုယ်ကိုယ် ထိခိုက်မှုမဖြစ်စေနဲ့!"

"ဟား! ဒီနေရာက မင်း သင်ခန်းစာပြရမယ့်နေရာလား"

ချင်ချွမ်းသည် လှောင်ပြောင်ရယ်မောလျက် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ ကြီးမားသောကျောက်စိမ်းပင်လယ်ပုလဲသည် အပေါ်သို့ ရုတ်တရက်ထိုးတက်သွားပြီး မိန်းမစိုးအိုကြီးရှိရာသို့ ဟစ်အော်လိုက်လေသည်။

ဖျပ်! ဖျပ်! ဖျပ်!

နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော ရွှေရောင်မြစ်ကြီးက အပိုင်းပိုင်း ပေါက်ကွဲသွားခဲ့ရာကောင်းကင်တစ်ခုလုံးသည် ရွှေရောင်များ ပက်ဖျန်းခံလိုက်ရသကဲ့သို့ ကြည့်ရတာ အလွန်ခမ်းနားလှပနေလေ၏။

"ဟမ့်! မင်းကို ငါက ကြောက်မယ်တဲ့လား! ဒီနေ့ပဲ ဆုံးဖြတ်ကြတာပေါ့...ပြီးရင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက ဘာပြောရဲသေးမလဲဆိုတာ ကြည့်ဦးမယ်!"

မိန်းမစိုးအိုကြီးသည် အနားသို့ အလျင်စလို ရောက်လာသော ဓားကိုင်ဆောင်ထားသည့် မိန်းကလေးတစ်ဦးထံ၌ ယန်ချီထျန်းကို အပ်နှင်းခဲ့သည်။ ထို့နောက် တစ်ဖက်ကို ပြန်လှည့်ကာ ကျောက်စိမ်းပင်လယ်ပုလဲဆီသို့ လက်ဝါးတစ်ချက် ရိုက်ချခဲ့၏။

ဘန်း!

ကမ္ဘာမြေကြီးက ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ကျောက်စိမ်းပင်လယ်ပုလဲထဲမှ အစွမ်းထက်တုန်ခါလှိုင်းများက ပျံ့နှံ့လာကာ ကောင်းကင်နှင့်မြေကြီး တစ်လျှောက် ကြီးမားစွာ အုတ်အော်သောင်းတင်း ဖြစ်စေခဲ့သည်။

ကျောက်စိမ်းပင်လယ်ပုလဲက ကောင်းကင်ယံထက်၌ ရပ်တန့်သွားခဲ့ပြီး ၎င်းအား မှိန်ဖျော့ဖျော့သာ မြင်နိုင်တော့၏။ ကျောက်စိမ်းပင်လယ်ပုလဲ၏ ဘေးနှစ်ဖက်ရှိ လေထုက တွန့်လိမ်နေလေသည်။ ထိုအရာများက မမြင်နိုင်သော စွမ်းအားနှစ်ခု တိုက်မိနေခြင်းကြောင့် ဖြစ်သည်။

"ရှဲ! ရှဲ! ရှဲ!"

လေထုမီးလောင်သွားသကဲ့သို့ နက်နဲသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့၏။ တိုက်မိနေသော စွမ်းအား နှစ်ခုစလုံးက အင်အားတူနေလေသည်။

"မဖြစ်နိုင်ဘူး! မင်းက ကောင်းကင်တက်လှမ်းနယ်ပယ် ရဲ့ စတုတ္ထအဆင့်မှာပဲ ရှိနေသေးတယ် မဟုတ်ဘူးလား!"

မိန်းမစိုးအိုကြီးက ထိတ်လန့်တကြား အော်ဟစ်လာခဲ့၏။

ကောင်းကင်တက်လှမ်းနယ်ပယ်၊ ဆဋ္ဌမအဆင့်မှာ ရှိသော သူက စတုတ္ထအဆင့်ရှိသူကို မလွှမ်းမိုးနိုင် ဖြစ်နေသည်။

သူ တကယ်ပဲ ဒီလောက်တောင် အားနည်းသွားတာလား။

"အတွေ့အကြုံမရှိလိုက်တာ"

ချင်ချွမ်းသည် ဤကိစ္စအား လွယ်ကူစွာ ကိုင်တွယ်နေရသကဲ့သို့ ပြုံးကာ ခေါင်းခါယမ်းလာခဲ့သည်။ ထို့နောက် သူ၏ညာလက်ချောင်းငါးချောင်းကို ဖွင့်ဟကာ ထိုလက်ဝါးကို အရှေ့သို့တွန်းပို့ခဲ့လေ၏။

"အောင်းဝ်!!!!"

အဖြူရောင်နဂါးကိုးကောင်သည် မဖျက်ဆီးနိုင်သော ချေမှုန်းနိုင်စွမ်းဖြင့် ရစ်ခွေလျက် ထွက်ပေါ်လာခဲ့၏။ ၎င်းတို့က အချင်းချင်း ယှက်နွယ်နေသည်မှာ ကောင်းကင်ကြီးအား ဆုတ်ဖြဲတော့မည့်အလားပင်။

"ကောင်းကင်ဘုံကလေးစိတ်ဝိညာဥ်ကျင့်စဉ်!"

မိန်းမစိုးအိုကြီးက အော်ဟစ်လာခဲ့သည်။ သူ့လက်မောင်းများကို ကျယ်ပြန့်စွာ ဖြန့်လိုက်ရာ သူ့ခန္ဓာကိုယ်ထဲမှ ကြည်လင်သောစက်ဝိုင်းတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကိုမူ ၎င်း၏ အလယ်ဗဟိုတွင် ထားလျက် ကာကွယ်ထားလေ၏။

"သတ်!!"

"သေစမ်း!"

ထိုအချိန်မှာပင် ထွားကျိုင်းသောပုံရုပ်သုံးခုက ချင်ချွမ်းကို သုံးဖက်သုံးတန်မှ အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

"ဟက်! ပုရွက်ဆိတ်သာသာလေးတွေ"

ချင်ချွမ်းသည် မထီမဲ့မြင်ပြုစွာ လှောင်ပြောင်ရယ်မောနေလေ၏။ သူ့လက်များကို ဘေးတစ်ဖက်တစ်ချက်ဆီသို့ ဖြန့်လိုက်ရာ နူးညံ့သောလေပြေက သူ့ဝတ်ရုံကို ညင်သာစွာ လွင့်စေခဲ့သည်။

"ကျည်! ကျည်!"

တောက်ပနေသော ရွှေရောင်နတ်ဘုရားမီးပြင်းဖိုတစ်ခုက သူ့ခေါင်းပေါ်မှ ထွက်ပေါ်လာခဲ့၏။ ၎င်း၏အလင်းတန်းသည် ကောင်းကင်ယံမှာ ရှိနေသော နေမင်းကြီးကဲ့သို့ ပြင်းထန်စွာ ပူပြင်းလောင်ကျွမ်းနေလေသည်။

ကောင်းကင်မှာရှိနေသော နတ်ဘုရားမီးပြင်းဖိုကြောင့် သူ့ကို ချုံခိုတိုက်ခိုက်လာသည့် ထွားကျိုင်းသော ပုံရိပ်သုံးခုသည် တောက်ပသော ရွှေရောင်မီးလျှံဖြင့် မီးစွဲဲလောင်သွားလေရာ လေထုအလယ်၌ ပိတ်မိသွားခဲ့ပြီး မရွေ့လျားနိုင်ကြတော့ပေ။

ဘန်း!

တစ်ချိန်တည်းမှာပင် နဂါးစွမ်းအင်ကိုးခုသည်လည်း မိန်းမစိုးအိုကြီး၏ ကောင်းကင်ဘုံကလေးစိတ်ဝိညာဥ်ကျင့်စဉ် အတားအဆီးကို ချက်ချင်း ဆုတ်ဖြဲကာ မိန်းမစိုးအိုကြီးကိုလည်း အပိုင်းပိုင်းဖြစ်အောင် ကိုက်ဖြဲခဲ့လေ၏။

မိန်းမစိုး သေလေပြီ!

********************

All Chapters