တံတားကို မီးရှို့ခဲ့သော ရွှေ့ချင်းဟန်
Vol. 5 Ch. 72
ကောင်းကင်ယံထက်တွင် ဂဠုန်ငှက်ကြီးသည် သူ၏အတောင်ပံများကို ဖြန့်ကားလျက် ပျံသန်းနေလေသည်။
"အကြီးအကဲချင် ဒါတွေအားလုံးက ကျွန်မရဲ့အပြစ်တွေပါပဲ၊ ဒီနေ့ဖြစ်ပျက်ခဲ့သမျှအားလုံးက ကျွန်မကြောင့်ပါ၊ ကျွန်မကြောင့်သာ မဟုတ်ခဲ့ရင်…"
ရွှေ့ချင်းရိုသည် အပြစ်ရှိစိတ်များပြည့်နှက်နေသော မျက်နှာဖြင့် ပြောလာခဲ့၏။ သူမ၏အသံက ထိန်းမရအောင် တုန်ယင်နေလေသည်။
"ဒီကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ၊ မင်းကိုသာ သူတို့ကအနိုင်ကျင့်ခဲ့ကြတာပါ၊ မင်းက သူတို့ကို အနိုင်ကျင့်ခဲ့တာ မဟုတ်ဘူးလေ၊ မင်း အနိုင်ကျင့်ခံခဲ့ရတာအတွက် တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နိုင်လို့လား"
ချင်ချွမ်းက သူမကိုကျောခိုင်းလျက် ခေါင်းခါယမ်းကာ ပြုံးလိုက်လေ၏။
"ကျွန်မ…"
ထိုစကားများက နှစ်သိမ့်စကားများ ဖြစ်သော်လည်း ရွှေ့ချင်းရို ကြားလိုက်ရသောအခါ သူမ တိတ်ဆိတ်စွာခေါင်းငုံ့လိုက်မိသည်။ ထို့နောက် သူမ၏နှုတ်ခမ်းကို ကိုက်လိုက်မိ၏။
သူမ တစ်ကယ်ကို အလွယ်တကူ အနိုင်ကျင့်ခံရခြင်း ကြောင့် ဖြစ်ခဲ့သည်ပင်။
သူမ အလွန်အားနည်းခဲ့သည်!!
သူမသာ လုံလောက်စွာ သန်မာခဲ့မည်ဆိုလျှင်၊ သူမသာ လက်ရှိသူမနှင့် မတူခဲ့မည်ဆိုလျှင်၊ လျိုရူရွှမ်းက သူမကို အနိုင်ကျင့်ရဲမည် မဟုတ်သောကြောင့် နောက်ဆက်တွဲကိစ္စများလည်း ဘာမှဖြစ်ပျက်လာလိမ့်မည် မဟုတ်ပေ။
သူမ သူမ၏လက်သီးများကို တိတ်တဆိတ် ဆုပ် လိုက်မိသည်။ သူမ လုံလုံလောက်လောက် ကြိုးစား နေသည်ဟု အမြဲထင်ထားခဲ့သော်လည်း ယခု သူမအနေဖြင့် ကိုယ်တိုင်ကျ စွမ်းအားမရှိဘဲ အခြားလူများကိုပါ ဆွဲချမိနေသည်ကို တွေ့ရှိခဲ့သောအခါ နက်နက်နဲနဲ သဘောပေါက်သွားခဲ့၏။ ထိုကဲ့သို့အရာမျိုးကို 'ကြိုးစားအားထုတ်မှု'ဟူ၍ မိမိကိုယ်ကိုယ် ပြောနေလျှင် ၎င်းက ဆင်ခြေတစ်ခုသက်သက်သာ ဖြစ်သည်။
အကြိမ်ပေါင်းများစွာပင် လူများစွာသည် မိမိကိုယ်မိမိ ကြိုးစားအားထုတ်နေသည်ဟု လှည့်ဖြားကြလေ၏။ ထို့အပြင် ဘာမှမအောင်မြင်ခဲ့လျှင်လည်း မိမိကိုယ်ကို နှစ်သိမ့်ရန်အတွက် 'ကြိုးစားအားထုတ်မှု'ဟူသောအသုံးအနှုန်းကို အသုံးပြုကြသည်။
ငါ ကြိုးစားအားထုတ်ခဲ့ပြီးပြီပဲ ဟူ၍ပင်။
သို့သော်ငြား ဤလောက၌ မင်းရဲ့ကြိုးစားအားထုတ်မှုများက စစ်မှန်သည် ဖြစ်စေ မဖြစ်စေ ဘယ်သူကမှ ဂရုမစိုက်ပေ။
အားနည်းနေခြင်းကသာ အပြစ်ဖြစ်လေ၏။
သူမ၏အားနည်းချက်များ အားလုံးကို ရှူသွင်း လိုက်သကဲ့သို့ သူမ အသက်ပြင်းစွာ ရှူသွင်းလိုက်မိသည်။ ထို့နောက် သူမ၏မျက်ရည်များကို သုတ်ခဲ့လေ၏။ သူမ၏မျက်လုံးအကြည့်များက ပို၍ခိုင်မာလာခဲ့သည်။
သူမ အခုလိုမျိုး ဆက်လုပ်နေလို့မရပေ။
ကိစ္စတစ်ခုခု ဖြစ်ပျက်တိုင်း သူမ လုပ်နေသည့်အရာက ငိုနေခြင်းဖြစ်ပြီး သနားစရာကောင်းကာ အပြစ်ကင်းစင်သည့် ပုံပေါ်နေလေ၏။ ထိုကဲ့သို့သောအားနည်းချက်ကို သူမက ဘာလို့လိုက်ပြနေသနည်း။
သန်မာလာရန်အတွက် ပထမဆုံးအဆင့်မှာ ထိုအားနည်းချက်ကို စွန့်ပစ်ရန် ဖြစ်သည်။ စစ်မှန်သောပြောင်းလဲမှုသည် အတွင်းစိတ်ထဲမှ အရင်စတင်လာခြင်း ဖြစ်၏။
"ရှစ်မေ့ အဆင်ပြေရဲ့လား"
ချင်ကျီလည်း သူ့ဘေးမှ မိန်းကလေး၏ ပြောင်းလဲသွားသော အော်ရာကို ခံစားခဲ့မိသည်။ သူ ရုတ်တရက် စိုးရိမ်သွားခဲ့ရ၏။ သူမ ကိစ္စတစ်ခုခုအား မဆင်မခြင်လုပ်လိုက်မည်ကို သူ ပူပန်မိသည်။
"ရှစ်ရှုန်း ကျွန်မ အဆင်ပြေပါတယ်"
ရွှေ့ချင်းရိုသည် တောက်ပစွာ ပြုံးပြလိုက်လေ၏။ သူမ၏မျက်နှာပေါ်၌ မျက်ရည်စက်များ ရှိနေသေးသော်လည်း သူမ၏အပြုံးကမူ နှိုင်းယှဉ်၍မရနိုင်အောင် တောက်ပနေလေသည်။
ထိုအပြုံး။
ထိုအပြုံးက တိမ်များကို ထိုးဖောက်လာသော နေရောင်ခြည်ကဲ့သို့ပင်။ ၎င်းသည် ရွှံ့နွံများထဲတွင်ရှိသော ရုပ်ဆိုးဆိုးဘဲကလေးက ရွှေရောင်သဲသောင်ပြင် ပေါ်သို့ ပထမဆုံး ခြေလှမ်းလှမ်းလိုက်သကဲ့သို့ပင်။
စိတ်ဓာတ်ကျခြင်းနှင့် အားနည်းချက်တွေအားလုံး ထွက်သွားစမ်း!
သူမ၏အရှေ့မှာရှိသော ချင်ချွမ်းသည်လည်း သဘာဝကျစွာပင် ထိုအော်ရာပြောင်းလဲမှုကို ခံစားမိလေရာ သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။
အခု ပိုပြီးသင့်လျော်သွားလေပြီ။
မင်း လုပ်သမျှအရာအားလုံးက ငိုနေခြင်းဖြစ်ပြီး ကိုယ့်အားကိုယ်ကိုးနိုင်ခြင်းမရှိ သို့မဟုတ် ခွန်အားမရှိနေလျှင် တစ်ဖက်လူက မင်းအကြောင်းကို များစွာ တွေးတော့မည်မဟုတ်ပေ။
အနည်းဆုံးတော့ ထိုကဲ့သို့သောအမျိုးသမီးသည် သူ့ချွေးမ ဖြစ်ရန် မသင့်တော်ပေ။
ဂဠုန်ငှက်ကြီး၏အမြန်နှုန်းက အလွန်မြန်ဆန်သည်။
မကြာလိုက်ပေ၊ သူတို့သုံးဦးသည် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းထဲသို့ ပြန်ရောက်လာခဲ့ကြ၏။ ထို့အပြင် လေနှင့်မိုးကြိုးချိုင့်ဝှမ်းမှ သတင်းများက ဂိုဏ်းဆီ မရောက်သေးတာ သိသာလှပေသည်။
သူတို့က လမ်းမှာလည်း နှောင့်နှေးမှုမရှိဘဲ မြန်ဆန်စွာပျံသန်းခဲ့ကြသည်မဟုတ်ပါလော။ မည်သည့်ကောလာဟလများ၏ အမြန်နှုန်းကိုမဆို သူတို့ ကျော်လွန်ခဲ့ပေ၏။
လေနှင့်မိုးကြိုးချိုင့်ဝှမ်းသည်လည်း သတင်းများပေးပို့ ရန်အတွက် မည်သည့်ရတနာပစ္စည်းကိုမှ အသုံးမပြုခဲ့ပေ။ အကြောင်းမှာ ထိုကဲ့သို့မကောင်းလှသောသတင်းမျိုးက… ကျေးဇူးတင်ခြင်းမခံရသည့် အလုပ်မျိုး ဖြစ်သောကြောင့်ပင်။
"ခင်ဗျားတို့တွေ အစောကြီးပြန်ရောက်လာခဲ့ကြတာလား၊ အကျိုးအမြတ်တွေကရော ဘယ်လိုနေလဲ၊ ချင်ကျီက လူတိုင်းကို အံ့အားသင့်စေပြီး အာရုံစိုက်မှုအားလုံးကို ယူနိုင်ခဲ့ရဲ့လား ပြောပါဦး"
အကြီးအကဲချုပ် ကျားထျန်းဟယ်က အပြုံးဖြင့် မေး လာသည်။
"အင်း… သူ ပြဿနာအကြီးကြီးတစ်ခု ရှာခဲ့မိတယ်"
ချင်ချွမ်းသည် ကျားထျန်းဟယ်အား တည်ငြိမ်စွာကြည့်လိုက်၏။
"အာ"
ကျားထျန်းဟယ်၏မျက်ခွံများက ရုတ်တရက် လှုပ်ခါ လာသည်။ ထို့နောက် သူ ချင်ကျီ၏မျက်လုံးများကို စမ်းသပ်သလို ကြည့်ကာ အတင်းအကြပ်ပြုံးလိုက်မိ၏။
"ခင်ဗျား နောက်နေတာလား"
ချင်ချွမ်းသည် သူ့ကို ကြည့်၍ စကားမပြောခဲ့ပေ။
ကျားထျန်းဟယ်ကလည်း ချင်ချွမ်းကို ကြောင်တောင်တောင်လေး ပြန်စိုက်ကြည့်နေလေသည်။ သူသည် သူ့ပါးစပ်ကို အကြိမ်ပေါင်းများစွာ ဖွင့်ဟခဲ့သော်လည်း အသံမထွက်နိုင်ခဲ့ပေ။
ထိုည၌...
အကြီးအကဲချုပ်ကျားထျန်းဟယ်နှင့် ဂိုဏ်းခေါင်းဆောင်ကျောက်ဖန်လုံတို့သည် လေးနက်သောမျက်နှာထားများဖြင့် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ တားမြစ်ချိုင့်ဝှမ်းထဲသို့ အလျင်စလို ဝင်ခဲ့ကြသည်။
အထဲ၌ ကြောက်မက်ဖွယ်ကောင်းသော အော်ရာများစွာ ထွက်ပေါ်လာခဲ့ပြီး ကျိန်ဆဲခြင်းနှင့် ဆဲဆိုခြင်း အသံများပင် ရှိနေသေး၏။ လေထုတင်းမာမှုမှာ အမြင့်ဆုံး ဖြစ်နေလေသည်။
မဟာအကြီးအကဲများ၏ သဘောထားများက ကွဲလွဲနေပုံရ၏။
သို့သော်ငြား နောက်ဆုံးတွင် အရာအားလုံးက ငြိမ်သက်သွားခဲ့သည်။
ကျောက်ဖန်လုံနှင့် ကျားထျန်းဟယ်တို့နှစ်ဦးသည် ချိုင့်ဝှမ်းထဲမှ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ အမြင့်ဆုံးအမိန့်ကို တစ်ပါတည်းယူဆောင်လာခဲ့ကြ၏။ ၎င်းမှာ-
သူတို့၏ခွန်အားအားလုံးကို သုံး၍ ချင်ချွမ်းနှင့် သူ့သား ကို ကာကွယ်ရန်၊ မည်သည့်စိန်ခေါ်မှုကိုမဆို ဆန့်ကျင်ရန်ပင်။
ထိုအမိန့်ကိုရရန်အတွက် ကျောက်ဖန်လုံ၏ဖခင်၊ ကျောက်ယွင်ရှန်း၏အဘိုးဖြစ်သော ကျောက်ဖူလုံက တစ်ဦးတည်း စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၎င်းက ကျောက်ဖန်လုံနှင့် ကျားထျန်းဟယ်တို့ နှစ်ဦးစလုံးကို သက်ပြင်းချစေခဲ့၏။
ဂိုဏ်းအနေဖြင့် ချင်ချွမ်းနှင့် သူ့သားကို လက်လွှဲပေးရန် မဆုံးဖြတ်ခဲ့ခြင်းမှာ မလွဲမသွေဖြစ်ရမည်ပင်။ သူတို့သာ လက်လွှဲခဲ့လျှင် ပြဿနာများစွာ သက်သာရလိမ့်မည်။
သို့သော်ငြား သူတို့သာ ထိုကဲ့သို့လုပ်ခဲ့လျှင် သူတို့ဂိုဏ်း၏ သမာဓိက မငြိမ်မသက် ဖြစ်သွားလိမ့်မည်။ အကြောင်းမှာ ချင်ချွမ်းနှင့် သူ့သားက ဘာအမှားမှ မလုပ်ခဲ့ကြဘူးဆိုတာကို သူတို့ သိသောကြောင့်ပင်။
အပြစ်မရှိလျှင် ဘာကြောင့် အားနည်းစွာ ပြုမူရမည်နည်း။
ချင်ချွမ်းကတော့ ထိုအချိန်၌ အတော်လေး တည်ငြိမ်နေခဲ့သည်။ အကြောင်းမှာ သူ ညနေ ရောက်သည်အထိ စနစ်၏အသိပေးချက်ကို ဘာတစ်ခုမှ မကြားခဲ့ရသောကြောင့်ပင်။
ဒါက ဘာကို ဆိုလိုသနည်း။
ထိုသဘောမှာ တော်ဝင်မိသားစုက ချင်ကျီကို သတ်ရန် ရည်ရွယ်ချက်မရှိဘူးဟု ဆိုလိုနေခြင်းပင်။
ဒါက ဘာကို ညွှန်ပြနေသနည်း။
"ဖြစ်နိုင်တာက ဒီနွေဦးမိုးကြိုးညီလာခံမှာ မင်းသားကြီးယန်ချီထျန်းက ရည်ရွယ်ချက်ရှိရှိ အရှုံးပေးခဲ့တာကို ညွှန်ပြနေတာပဲ"
"ပြီးတော့ မိန်းမစိုးကြီးက တော်ဝင်မိသားစုကနေ လူမသိသာအောင် ရှင်းပစ်ချင်ခဲ့တဲ့ သူလျှိုဖြစ်နိုင်တယ်"
ထိုအချိန်တုန်းက အခြေအနေနှင့် အင်အားစုများ၏ နောက်ဆက်တွဲတုံ့ပြန်မှုများကို သတိရလိုက်သောအခါ ချင်ချွမ်းသည် မြန်ဆန်စွာပင် ခန့်မှန်းချက် တချို့ကို ရရှိခဲ့လေ၏။
သူ သတိပြုမိခဲ့သည်မှာ သူသည် မသိမသာဖြင့် ကြံစည်မှုအကြီးကြီးတစ်ခုထဲသို့ မတော်တဆဝင်ရောက်မိခဲ့လေပြီ။
သို့သော်…၎င်းက အသေအပျောက်တော့ မရှိခဲ့ပေ။
တကယ်တော့ ထိုကြံစည်မှုအစီအစဥ်၏ နှစ်ဖက်စလုံးက သူ့ကိုကျေးဇူးတင်ရမည်ပင်။ အကြောင်းမှာ သူသည် ထိုကြံစည်မှုအား မတော်တဆဖြင့် အရှေ့ကို တွန်းပို့ပေးခဲ့သောကြောင့်ပင်။ ၎င်းက နှစ်ဖက်စလုံးအား လုပ်ဆောင်မှုများစွာကို သက်သာစေခဲ့သည်။
ဖော်ပြရမည်ဆိုလျှင် သူ့အဖြစ်မှာ tumbler toyလေးကဲ့သို့ပင်။ လေက ဘယ်ဘက်ကို တိုက်သည် ဖြစ်စေ၊ သူကတော့ လုံခြုံလေ၏။
(T/N - tumbler toyက မြန်မာမှာဆို ပစ်တိုင်းထောင်လို ကစားစရာပစ္စည်းပါ)
"ဒါဆို ငါက ပွဲကြည့်နေရုံပဲလား"
ထိုအကြောင်းကို စဉ်းစားလိုက်မိသောအခါ သူ မပြုံးဘဲ မနေနိုင်ခဲ့ချေ။
ပွဲကြည့်ရန်ဆိုမှ ဟိုကလေး ရွှေ့ချင်းဟန်နှင့် မြေနိမ့်ချိုင့်ကြီးထဲမှ နတ်ဆိုးအဘိုးကြီးကို သတိရသွားခဲ့သည်။
ချင်ကျီသည် နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ခဲ့ရာ ၎င်းသည် ချက်ချင်းပင် ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားခဲ့ပြီး ဝေးလံစွာ ပျံ့နှံ့သွားခဲ့၏။
သို့သော် သူ ဂိုဏ်းတစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း ထိုကလေး ရွှေ့ချင်းဟန်ကို ရှာမတွေ့ခဲ့ပေ။ သူက မြေနိမ့်ချိုင့်ကြီးထဲမှာလည်း မရှိနေပေ။
"တစ်လလောက် သတိမမူမိတာနဲ့ အဲ့ဒီကလေးက ပျောက်ကွယ်သွားပါလား၊ ဖြစ်နိုင်တာက… သူ နတ်ဆိုးအဘိုးကြီးရဲ့ရည်ရွယ်ချက်ကို သတိထားမိပြီး ရှောင်တိမ်းသွားတာများလား"
၎င်းက တကယ်ဖြစ်နိုင်ခြေရှိသည်ဟု သူ ထင်သည်။ ထိုရွှေ့ချင်းဟန်က အဖော်မဲ့စွာ ကြီးပြင်းခဲ့ပြီး သူ့ညီမ၏ မှီခိုအားထားရာဖြစ်ခဲ့လေ၏။ ထို့ပြင် ဤကဲ့သို့ ကြမ်းတမ်းသောလောကကြီး၌ သူမနှင့်အတူ ရှင်သန်နိုင်ရန်အတွက် သူ့ထံ၌ လှည့်ဖြားတတ်သောဉာဏ်လေးတချို့ရှိရမည်ပင်။ ထိုကဲ့သို့သောလူက နတ်ဆိုးအဘိုးကြီးအား ဘယ်လိုလုပ် လုံးဝ သတိမထားမိဘဲ နေမည်နည်း။
နတ်ဆိုးအဘိုးအိုကြီး၏ဇာတ်လမ်းက အတော်လေးဆွဲဆောင်မှုရှိသော်လည်း လူမှုဆက်ဆံရေးပေါင်းစုံ၏ နွေးထွေးမှုနှင့် အေးစက်မှုများကို ငယ်ငယ်လေးကတည်းက မြင်ခဲ့ရသော လူငယ်လေးအတွက်မူ ထိုဇာတ်လမ်းက ဟာကွက်များပြည့်နှက်နေလိမ့်မည်။
ထိုကလေးက ရူးမိုက်သလိုဟန်ဆောင်နေခြင်း ဖြစ်နိုင်သည်။ ထိုအကြံအစည်များသော နတ်ဆိုးအဘိုးအိုကြီးဆီကနေ အကျိုးအမြတ်တချို့ ရရှိရန်အတွက် လှည့်စားခြင်းကို အသုံးပြုနေတာ ဖြစ်နိုင်၏။
ဒါ့အပြင် ထိုကလေးသည် မိမိကိုယ်ကိုယ် ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ ဘယ်အချိန်မှာ ရပ်ရမည်နှင့် ဘယ်အချိန်မှာ ဆုတ်ခွာရမည်ကို သိလေသည်။ သူက နတ်ဆိုးအဘိုးအိုကြီး၏သွေးဆောင်မှုကို ဆက်လက်ခံယူနေခြင်းမရှိပေ။
"စဉ်းစားကြည့်လိုက်မှ ဒီကလေးက သိပ်မရိုးရှင်းဘူးပဲ"
ချင်ချွမ်းသည် သူ့မေးစေ့ကို ပွတ်သပ်ကာ မျက်လုံးများ မှေးကျဥ်းမိ၏။ တခြားအရာကို အသာထား၊ သွေးဆောင်မှုကို ခုခံပြီး ထိုကဲ့သို့ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းသည် လူတိုင်းပိုင်ဆိုင်နိုင်သော အရာမဟုတ်ပေ။
ဘာပဲပြောပြော လူဆိုသည့်သတ္တဝါမှာ ဆန္ဒများ သိပ်ရှိကြသည် မဟုတ်ပါလော။
အထူးသဖြင့် အကျိုးအမြတ်များကို မြည်းစမ်းပြီးနောက်မှာ ရပ်တန့်ရန် ခက်ခဲလှသည်။ နောက်ထပ်တစ်ကြိမ်ကျ အကျိုးအမြတ်များ ပိုရလိမ့်မည်ဟု စဉ်းစားမိသောအခါ စိတ်ထဲ၌ နောက်တစ်ကြိမ် စမ်းကြည့်ချင်စိတ်ပေါ်လာပြီး 'နောက်ဆုံးတစ်ကြိမ်ပါပဲ၊ ဒီတစ်ခေါက်ပြီးရင် ငါရပ်မယ်' ဟူသော အတွေးတစ်ခုက ရှိလာလိမ့်မည်။
သို့သော်ငြား ထို"နောက်ဆုံးအကြိမ်"မှာ တကယ် နောက်ဆုံးအကြိမ် မဟုတ်ပေ။ အမှန်တစ်ကယ် နောက်ဆုံးအကြိမ်မှာ မင်း အဖမ်းခံရမည့်အချိန် ဖြစ်၏။
"ဟမ်"
ရုတ်တရက် သူ၏နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက စာရွက်တစ်ရွက်ကို ကိုင်ဆောင်ထားသော ရွှေ့ချင်းရို ကို ရှာဖွေတွေ့ရှိခဲ့သည်။ သူမက ချောက်ကမ်းပါးအစွန် မှာ ရပ်၍ အဝေးကို ငေးကြည့်နေလေ၏။
သူ ထိုစာကို ကြည့်လိုက်သည်။
တကယ်ပင်!
ထိုအရာက ရွှေ့ချင်းဟန်၏နှုတ်ဆက်စာ ဖြစ်နေလေ၏။
လက်ရေးက ဆိုးရွားလှသည်။ ဂဏန်းခြေထောက်များ ကဲ့သို့ ကောက်ကွေးနေသော်လည်း ဖတ်လို့ရနေသေး၏။
"ချင်းရို ညီမလေး ဒီစာကို မြင်တဲ့အချိန်မှာ အစ်ကိုကတော့ ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းကနေ ထွက်ခွာသွားခဲ့ပြီ၊ ဝမ်းမနည်းပါနဲ့ ဘာလို့လဲဆိုတော့ အစ်ကို အရမ်းပျော်နေလို့ပါ"
"တကယ်တော့ အစ်ကိုက ပိုပြီးကျယ်ပြန့်တဲ့ လောကကြီးကို တစ်ယောက်တည်း ခရီးသွားပြီး စူးစမ်းလေ့လာဖို့ အမြဲတောင့်တခဲ့တယ်၊ ဒါပေမဲ့ ညီမလေးကို အစ်ကိုက အမြဲတမ်းစိတ်ပူနေခဲ့ရတယ်"
"အခုတော့ အားလုံးအဆင်ပြေသွားပြီ၊ ညီမလေးကလည်း မဟာအကြီးအကဲရဲ့ တပည့်မလေး ဖြစ်သွားပြီ၊ မဟာအကြီးအကဲက ကာကွယ်ပေးနေတော့ အစ်ကို့အနေနဲ့ ဘာမှစိတ်ပူစရာမလိုတော့ဘူး"
"ကောင်းကောင်း လေ့ကျင့်ရမယ်နော်...အစ်ကို့ကို စိတ်မပျက်စေနဲ့၊ ညီမလေးက အစွမ်းထက်ခန္ဓာကိုယ်ကို နိုးထနိုင်ခဲ့တယ် ဆိုပေမယ့် ညီမလေးရဲ့အစ်ကိုကတော့ အခု တော်တော်လေး ကြောက်ဖို့ကောင်းနေပြီနော်၊ ပြီးတော့ ပိုပြီး ကြမ်းလာဖို့ပဲရှိတယ်...ညီမလေး စိတ်ကူးထားတာထက်တောင် ကျော်လွန်နေဦးမယ်"
"နောက်ဆုံးအနေနဲ့ ညီမလေးရဲ့ဆရာကို ပြောပေးပါဦး၊ ပိယွင်တောင်ထိပ်ရဲ့ညာဘက်ပိုင်းမှာ သစ်ပင်တွေ ရောနှောနေတဲ့ စတုတ္ထမြောက် အမည်မသိတောင်ကုန်းငယ်လေးရှိတယ်၊ အဲ့ဒီမှာ ဂိုဏ်းသစ္စာဖောက်လို့ သံသယရှိရတဲ့ နတ်ဆိုးအိုကြီးကို ချုပ်ထားတဲ့ မြေနိမ့်ချိုင့်ကြီး ရှိတယ်လို့ ဆက်ဆက်ပြောပေးပါ"
လက်မှတ် - ရွှေ့ချင်းဟန်။
"ဟန်"ဟူသော စကားလုံး၏အောက်မှာ မပြည့်စုံသည့် ဆွဲချက် တစ်ခုရှိနေသည်။ ၎င်းက မူရင်းစာဖြစ်ကြောင်း သက်သေပြနေလေ၏။
ရွှေ့ချင်းဟန်က ကျောင်းကို သိပ်မတက်ခဲ့ရပေ။ တကယ်တော့ ရွှေ့ချင်းရိုကလည်း အတူတူလောက်ပင်။ သူမ၏လက်ရေးကလည်း ဆိုးဝါးပေသည်။ သူမ၏ ပါ့ကွားယင်ကိုးမျိုးခန္ဓာကိုယ် မနိုးထခင်ကဆိုလျှင် သူမ၏အခန်းဖော်များသည် သူမ၏လက်ရေးအား "လူကို ထင်ဟပ်စေသော အရေးအသား" ဟူ၍ လူရော လက်ရေးပါ ရုပ်ဆိုးကြောင်း လှောင်ပြောင်ခဲ့ကြ၏။
ရုတ်တရက်ပင် လေပြေတစ်ချက်က တိုက်ခတ်လာပြီးထူးခြားသောရနံ့ကို သယ်ဆောင်လာလေသည်။ ၎င်းက ပန်းရနံ့ ဖြစ်ပုံရပြီး လူတစ်ယောက်ကို အနည်းငယ် မူးမော်စေလေ၏။
ရွှေ့ချင်းရို သမ်းလိုက်မိသည်။
သူမ၏စိတ်အစဥ်က ရုတ်တရက် ငိုက်မျဥ်းလာသည်ကို ခံစားနေရ၏။ ထို့ကြောင့် သူမ၏စာရွက်ကို ခေါက်၍ ဆရာ ပေးထားသော သိုလှောင်လက်စွပ်ထဲသို့ ထည့်ကာ သူမကိုယ်သူမ တီးတိုး ရေရွတ်လိုက်သည်။
"ဒီနေ့ နည်းနည်း ပင်ပန်းနေသလိုပဲ၊ ဒီအကြောင်းကို မနက်ဖြန်မှ ဆရာ့ကို ပြောပြလိုက်တာ ပိုကောင်းမယ်..."
ထိုသို့ပြော၍ သူမ ထပ်သမ်းကာ အိပ်စက်ရန်အတွက် အခန်းထဲသို့ ပြန်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ချင်ချွမ်းသည် ထူးဆန်းသော ပန်းဝတ်မှုန်များပါသည့် ပုလင်းကို ပြန်၍ သိမ်းဆည်း လိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို မှေးကျဥ်းကာ...
"အဲ့ဒီကလေး ရွှေ့ချင်းဟန်က မြစ်ကိုလည်း ဖြတ်ပြီးရော တံတားကို မီးရှို့ခဲ့တာပဲ၊ သူ ပထမဆုံးလုပ်တဲ့အရာက နတ်ဆိုးအဘိုးအိုကြီးကို သစ္စာဖောက်လိုက်တာပဲ၊ မမျှော်လင့်ထားတာတွေ မဖြစ်ပျက်ခဲ့ဘူးဆိုရင် ဂိုဏ်းက နတ်ဆိုးအဘိုးအိုကြီးကို မနက်ဖြန်ကျ ဖြေရှင်းကြလိမ့်မယ်၊ ဒါကြောင့် ငါ့အစီအစဥ်ကို မြန်မြန်လုပ်ဆောင်ရတော့မှာပဲ၊ ပြီးတော့ သူ မသင်္ကာမဖြစ်အောင်လို့ ချင်ကျီကိုလည်း ခေါ်သွားရမယ်"
*****************