← Chapters

ကောင်းကင်တက်လှမ်းနယ်ပယ်၊ ဆဋ္ဌမအဆင့်။ သုံးယောက် ထိပ်တိုက်ဆုံခြင်း။

Vol. 5 Ch. 73

ကောင်းကင်တက်လှမ်းနယ်ပယ်၊ ဆဋ္ဌမအဆင့်။ သုံးယောက် ထိပ်တိုက်ဆုံခြင်း။

Vol. 5 Ch. 73

တောထူထပ်ရာ ချိုင့်ဝှမ်းကြီး၏ အောက်ဘက်တွင် ဖြစ်သည်။

ထပ်ခါထပ်ခါ သတင်းပို့ခဲ့သော်လည်း တုံ့ပြန်မှုမရှိခဲ့သောကြောင့် နတ်ဆိုးအဘိုးကြီးသည် နောက်ဆုံးမှာတော့ ရက်စက်လှသော အမှန်တရားတစ်ခုကို အတည်ပြုနိုင်ခဲ့၏။ ထိုကလေးက ထွက်ပြေးသွားလေပြီ။

သူ့နှလုံးသားက ဒေါသများ ပြည့်နှက်လာသည်။

ရူးသွပ်ခြင်းနှင့် ဖျက်ဆီးလိုခြင်း။

သူ့ဆရာက ဒီနေရာ၌ သူ့ကို ဖိနှိပ်ချုပ်ချယ်ခဲ့သည့်အဖြစ်မှလွဲ၍ သူ့တစ်သက်တာအတွင်း၌ ဒီလောက်အထိ ကြီးမားသောဆုံးရှုံးမှုမျိုးကို တစ်ခါမှ မခံစားခဲ့ရဖူးပေ။

သူ ထိုကလေးအား အလွန်ကောင်းမွန်သော အရာများကို ပေးအပ်ခဲ့လေ၏။ သူ၏မူလစွမ်းအင်ကိုပင် စိုက်ထုတ်၍ ထိုကလေး၏ရိုးတွင်းခြင်ဆီကို သန့်စင်ပေးခဲ့ကာ သူ့ကျင့်ကြံမှုကို တိုးတက်အောင် ကူညီပေးခဲ့သည်။

အသီးမှည့်သွား၍ ခူးယူရန် အသင့်ဖြစ်ကာမှ မမျှော်လင့်ထားဘဲ… အသီးက ထွက်ပြေးသွားခဲ့၏။

လုံးဝ ရက်စက်လွန်းသည်။

တကယ်တော့ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်မှာ ကုန်ခဲ့သည့်အရာများ ဆုံးရှုံးသွားခဲ့ခြင်းကြောင့် မဟုတ်ဘဲ လှည့်စားခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ရှက်ရွံ့မှုကြောင့်ပင်။

သူသည် သူ့ကိုယ်သူ အလွန့်အလွန် လိမ္မာပါးနပ်သည်ဟု အမြဲထင်ခဲ့၏။ အခြားလူများ၏ဘဝအား သူ့လက်ထဲ၌ ခိုင်ခိုင်မြဲမြဲ ဆွဲကိုင်ထားခဲ့သည်။ သို့သော် နောက်ဆုံးမှာတော့ သူကသာလျှင် လှည့်စားခံခဲ့ရသူ ဖြစ်ကြောင်း သိရှိခဲ့ရ၏။

ဉာဏ်ရည်သာလွန်သည်ဟူသော ခံစားချက်က သူ့ထံ၌ လုံးဝပျောက်ကွယ်သွားခဲ့သည်။

ထို့အပြင်… ထိုသေသင့်သည့်ကောင်လေးက အတွင်းစိတ်ထဲ၌ ဘယ်လိုတောင် လှောင်ပြောင်နေမလဲဆိုတာကို သူ မြင်ယောင်ကြည့်နိုင်ပေ၏။

ထိုကောင်လေးက ညတိုင်းညတိုင်း စောင်များအောက် တွင် ပုန်းအောင်းလျက် သူ၏ စဉ်းစားတွေးခေါ်တတ်သော ဆရာကို ခိုးရယ်နေလိမ့်မည်။

"အား! အား! အား! အယုတ်တမာကောင်လေး!!"

သူ ဒေါသတကြီးဖြင့် အပေါ်သို့ မော့ကာ အော်ဟစ်လိုက်သည်။ သူ့လက်များကို အပေါ်သို့ မြှောက်ရန် ကြိုးစားခဲ့သော်လည်း သူ့လက်ကောက်ဝတ်များမှာ သံကြိုးများဖြင့် ချုပ်နှောင်ခံထားရရှာ၏။ ၎င်းတို့ကို အပြည့်အဝ မမြှောက်နိုင်ဘဲ တစ်ဝက်သာ မြှောက်နိုင်ခဲ့သည်။

သူ ထပ်အော်ရန်အတွက် ပါးစပ်ကို အကျယ်ကြီး ဖွင့် လိုက်ပြန်၏။

ထို့နောက်...

ချိုင့်ဝှမ်းအပေါ်မှ အရည်တစ်ခု ကျဆင်းလာသည်။ ကောင်းကင်ဘုံကိုးထပ်မှ ဆင်းသက်လာသော နတ်လမ်းကဲ့သို့ပင် သူ့ပါးစပ်ထဲသို့ တန်းတန်းဝင်လာလေ၏။

အင်း...အရသာက…နည်းနည်း ငန်သလိုပဲ။

"အမ်..."

သူ ခေတ္တ တောင့်တင်းသွားပြီးနောက် သဘောပေါက်သွားခဲ့ရ၏။ သူ့မျက်လုံးများက ရုတ်ချည်း ပြူးကျယ်လာကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"မင်း အယုတ်တမာကောင်! မင်း ဟုတ်တယ်မလား!!"

စဉ်းစားစရာပင်မလိုအောင် ဘယ်သူလဲဆိုတာကို သူ အတိအကျ သိလေ၏။ ပြီးခဲ့သည့်တစ်ကြိမ်က သူ့အပေါ် သေးပေါက်ခဲ့သော ထိုကောင်စုတ်လေးမှလွဲ၍ ဘယ်သူဖြစ်နိုင်မည်နည်း။

"ဟားဟားဟား! အဘိုးကြီး ကျုပ်ပြန်ရောက်လာပြီ"

ချင်ကျီက ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ သူ့မျက်နှာပေါ်၌ အပြုံးများပြည့်နှက်နေလေ၏။ မသိလျှင် အကူအညီပေးရန် ရောက်လာသော လူငယ်လေး တစ်ယောက်အလားပင်။

"မင်း ဒီကို ဘာလာလုပ်တာလဲ...မင်းအဖေက ဘယ်မှာလဲ"

နတ်ဆိုးအဘိုးကြီးက သတိထားလျက် မေးလာခဲ့၏။

ဒီကောင်စုတ်လေးဆိုလျှင်တော့ ကိစ္စမရှိပေ။ သို့သော် ဒီကလေး၏အဖေမှာတော့ မရိုးသားသောစရိုက် ရှိကာအန္တရာယ်များနိုင်သည်။

သူ ထိုပုဂ္ဂိုလ်ကို ဖယ်ရှားရန်အတွက် ရွှေ့ချင်းဟန်အား အချိန်မတန်ခင် အရွယ်ရောက်စေကာ ခန္ဓာကိုယ်ယူဆောင်ရန် အရင်ဆုံး ဆုံးဖြတ်ခဲ့လေ၏။

သူ့ထံ၌ ယုံကြည်မှုရှိသော်ငြားလည်း ထိုပုဂ္ဂိုလ်ကို ကြောက်ရွံ့နေမိသည်။ သူ့ခွန်အား ပြန်လည်ရရှိအောင် ကူညီရန် ဆန္ဒရှိနေသည်မှာ တစ်ခုခုကို အားကိုးနေသောကြောင့် ဖြစ်ရမည်။

"ကျုပ်အဖေဆီမှာ အလုပ်တွေရှိနေလို့ ခင်ဗျားဆီ အရင်းအမြစ်တွေ ယူသွားပေးဖို့ ကျုပ်ကို ခိုင်းလိုက်တာ၊ ခင်ဗျားလည်း စောစောစီးစီး ပြန်ကောင်းလာပြီးတော့ ကတိပေးထားတဲ့ သဘောတူညီချက်ကို ဖြည့်ဆည်းပေးနိုင်အောင်လို့ပေါ့"

ချင်ကျီက ဂရုမစိုက်စွာ ပြောလာပြီး သိုလှောင်လက်စွပ်ထဲမှ ဆေးဝါးများနှင့် စိတ်ဝိညာဉ်မြက်အပုံလိုက်ကြီးကို ထုတ်ပေးလာခဲ့၏။

ထိုအရာများသည် အလွန်များပြားလှသောကြောင့် သဲများကဲ့သို့ မြေပြင်ပေါ် ကျဆင်းနေလေသည်။ အလွှာအထပ်ထပ်များဖြစ်ပေါ်လာပြီးနောက် ထိုပစ္စည်းများက တောင်ကုန်းငယ်တစ်ခုအဖြစ် ပုံပေါ်သွားခဲ့၏။

အဆိုပါအရာများသည် သိမ်မွေ့သော စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လျက်ရှိပြီး ၎င်းတို့အား ပတ်ဝန်းကျင်ရှိ နံရံဆေးရေးပန်းချီများက လျင်မြန်စွာစုပ်ယူနေလေသည်။

ထိုအရာက ဆဋ္ဌမမြောက်ဘိုးဘေး ထားရှိခဲ့သော နည်းလမ်းတစ်ခု ဖြစ်လေ၏။ နတ်ဆိုးအဘိုးကြီး၏ ပြန်လည်ကျင့်ကြံနိုင်စွမ်းကို တားဆီးရန်အတွက် ချိုင့်ဝှမ်းအောက်၌ စိတ်ဝိညာဉ်စွမ်းအင်များ လုံးဝမရှိ စေရန် သေချာအောင် လုပ်ဆောင်ခဲ့သည်။

"ဟားဟားဟား! အရမ်းကောင်းတယ်! သိပ်ကောင်း တယ်!"

နတ်ဆိုးအဘိုးကြီးက သူ့ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လိုက်ရာ ချက်ချင်းပင် ဆေးဝါးအမြောက်အမြားက သူ့ပါးစပ်ထဲသို့ ပျံသန်းလာကြ၏။ ၎င်းတို့အား သူ အကုန်လုံး မျိုချခဲ့သည်။

သူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလာပြီး သူ၏ စုတ်ပြဲနေသော အဝတ်များက လေမတိုက်ဘဲ လှုပ်ရှားနေလေ၏။ ရွှေရောင်အလင်းတန်းတစ်ခုက ထွက်ပေါ် လာပြီး အော်ရာက ပို၍ပြင်းထန်လာကာ မြန်မြန်ဆန်ဆန် မြင့်တက်လာခဲ့သည်။

တစ်ကယ်တမ်း၌ သူ့သိုင်းအဆင့်က မကျဆင်းခဲ့ပေ။ စွမ်းအင်သာ လိုအပ်ခဲ့ခြင်းဖြစ်၏။ တစ်ကြိမ်မျှ ဖြည့်ဆည်းပြီးသည်နှင့် သူ့ကျင့်ကြံမှုက လျင်မြန်စွာပြန်ကောင်းလာခဲ့သည်။ ရေကို စုပ်ယူပြီးနောက် လျင်မြန်စွာ ဖောင်းပွလာသော ခြောက်သွေ့နေသည့် ငွေရောင်မှိုနားရွက်ကဲ့သို့ပင်။

နတ်ဆိုးအဘိုးကြီးသည် ဆေးဝါးများနှင့် စိတ်ဝိညာဉ်မြက်များအား နွားမှ ဘိန်းပန်းများကို ဝါးစားနေသကဲ့သို့ ဆိုးရွားစွာသော လောဘဖြင့် ဆက်လက်စားသောက်နေခဲ့၏။

ထိုနတ်ဆိုးအဘိုးကြီး၏အော်ရာများ မြင့်တက်လာသည်ကို ကြည့်၍ ချင်ကျီ၏နှလုံးသားထဲ၌ ပင်လယ်လှိုင်းလုံးများ ရိုက်ခတ်သွားသကဲ့သို့ အအေးဓာတ်ကို ခံစားခဲ့ရသည်။ ၎င်းမှာ ခွန်အားအပေါ်ထားရှိသော အလိုလိုလေးစားမှုတစ်မျိုးပင်။

"ဝုန်း!!"

ပစ္စည်းများအား တစ်ဝက်ကျော် စားသုံးပြီးနောက်တွင် ရွှေရောင်အလင်းတန်းက ရုတ်တရက် ထွက်ပေါ်လာပြီးသူ့ခေါင်းထက်၌ ကြီးမားသော နတ်ဘုရားစိတ်ဝိညာဉ်မီးပြင်းဖိုတစ်ခု ပေါ်လာခဲ့၏။ ၎င်း၏အထဲ၌ နန်းတော်တစ်ခုကို ဝိုးတဝါး မြင်နိုင်ပေသည်။

"ချွမ်း! ချွမ်း! ချွမ်း!"

သူ့လက်နှင့်ခြေထောက်များကို အားစိုက်ရုန်းကန်လိုက်သည်နှင့် သူ့ကို ချည်နှောင်ထားသော သံကြိုးလေးချောင်းက မီးပွင့်များ ထွက်ပေါ်ကာ ပြတ်တောက် သွားခဲ့၏။

"ဟားဟားဟား! ငါ လွတ်မြောက်လာပြီ! ငါ နောက်ဆုံးတော့ လွတ်ပြီ!! ဟားဟားဟား! အဘိုးကြီး! ခင်ဗျား ကျုပ်ကို မချုပ်နှောင်ထားနိုင်ပါဘူး!"

နတ်ဆိုးအဘိုးကြီးက ခေါင်းမော့၍ အော်ဟစ်ကာ စိတ်ခံစားချက်များကို လွတ်လပ်စွာ ဖော်ထုတ်နေသောကြောင့် သူ၏ လက်ရှိပုံစံမှာ လှောင်အိမ်မှလွတ်လာသော ကျားတစ်ကောင်ကဲ့သို့ပင်။

"အဘိုးကြီး ခင်ဗျား ရူးသွားပြီလား!"

ထိုအချိန်၌ ချင်ကျီက အထင်သေးစွာဖြင့် မျက်လုံးများ ကျဥ်းမြောင်းလျက် ပြောလာသည်။

"ပျော်နေတာကြည့်ဦး...ခင်ဗျား လွတ်လာတော့ရော ဘာဖြစ်လဲ၊ ခင်ဗျားက ကျုပ်တို့ရဲ့ကျွန်အဖြစ် ဆက်နေရဦးမှာ"

"ဟမ်"

နတ်ဆိုးအဘိုးကြီးသည် ချင်ကျီဘက်သို့ ပြင်းထန်စွာလှည့်လာပြီး သွားဖြူများကို ဖြဲပြကာ လှောင်ပြောင်လာခဲ့၏။

"ငါက ဘာလို့ မင်းရဲ့ကျွန်ဖြစ်ရမှာလဲ"

"ခင်ဗျား ကျုပ်အဖေနဲ့ သဘောတူညီထားတာ ရှိတယ်လေ၊ ခင်ဗျားက တော်တော်အားကောင်းပေမယ့် ကျုပ်အဖေကို ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး၊ နောက်ဆုံးတော့ ကျုပ်ရဲ့ကျွန်အဖြစ်နဲ့ပဲ အဆုံးသတ်ရလိမ့်မယ်"

ချင်ကျီက အမှန်အတိုင်းပြောလာသည်။

"ဟက်! ငအ!"

နတ်ဆိုးအဘိုးကြီးက လှောင်ရယ်နေလေ၏။ သူသည် ချင်ကျီထံသို့ ချဉ်းကပ်ရင်း အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းသော အော်ရာကို ထုတ်လွှတ် လျက် ပြောလာသည်။

"ငါက အဲ့ဒီသဘောတူညီချက်ကို လိုက်နာလိမ့်မယ်လို့ မင်း ထင်နေတာလား"

"ခင်ဗျား...ခင်ဗျား ဘာလုပ်ချင်တာလဲ!"

ချင်ကျီက ထိတ်လန့်သောအမူအရာကို ပြသ၍ ဖြည်းဖြည်းချင်း နောက်ဆုတ်သွားလေ၏။

"ငါ ဒီနေ့…"

နတ်ဆိုးအဘိုးကြီးသည် ယခုကဲ့သို့ ပျော်ရွှင်ရသောခံစားချက်ကို နှစ်သက်နေလေသည်။ ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို သူ ပြောချင်နေလေ၏။ ချင်ကျီကို မသေဆုံးခင်မှာ စိတ်ပျက်အားငယ်ပြီး နောင်တရစေချင်နေသည်။

သို့သော်ငြား သူ့စကားမဆုံးခင်မှာ ချင်ကျီက ရုတ်တရက် ပြုံးလာရင်း...

"ဟဲဟဲ ခင်ဗျား ဘာပဲလုပ်ချင်လုပ်ချင် အရင်ဆုံး ဒီဟာကို စားလိုက်!"

ထိုသို့ပြောပြီးနောက် သူ့ညာလက်ကို ဝှေ့ယမ်းခဲ့ရာ အနက်ရောင်အလုံးတစ်လုံးက ပျံသန်းသွားခဲ့ပြီးနတ်ဆိုးအဘိုးကြီး၏ နဖူးကို မတော်တဆထိမှန်သွားခဲ့၏။

"ဖောင်း!"

နတ်ဆိုးအဘိုးကြီးသည် သူ့ဟာသူ အလွန်ပျော်ရွှင်နေခဲ့ပြီး ဤနေရာ၌ အန္တရာယ်မရှိဘူးဟု ခံစားခဲ့ရသောကြောင့် အကာအကွယ်ထားခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းများ မပြုခဲ့ပေ။ ထို့ကြောင့် ထိုအလုံးဖြင့် ထိမှန်ခဲ့ရသည်။

"ဒါ… ဒါ…"

သူ ဖြည်းဖြည်းချင်း လက်ဆန့်၍ နဖူးပေါ်၌ ကပ်နေသော ခြောက်သွေ့နေသည့် ဥအခွံကို ဖယ်ရှားလိုက်သည်။ ထို့နောက် သူ့နဖူးပေါ်မှ စီးကျလာသော ညစ်ပတ်သည့် အရည်များကို ကြည့်လိုက်မိ၏။ ၎င်းထံမှ ထွက်ပေါ်လာသည့် စူးရှသောအနံ့ကို ရှူရှိုက်မိပြီးနောက် သူ့မျက်နှာက တွန့်လိမ်သွားခဲ့သည်။

၎င်းက… ပုပ်နေသော ဥပင်။

ထိုမျှသာမကဘဲ အနည်းဆုံး ဆယ်နှစ်လောက် ပုပ်နေ သော ဥပင်။ အတွင်းပိုင်းအထိ ပုပ်သိုးကာ ဆွေးမြေ့ နေပြီး အဆုံးစွန်အထိ အချဉ်ဖောက်ခံထားရ၏။

"အား! အား! အား! ခွေးကောင်လေး သေစမ်း!!!"

လက်ရှိအချိန်တွင် သူ့ဒေါသနှင့် သတ်ဖြတ်လိုစိတ်က အဆုံးစွန်အထိ မြင့်တက်သွားလေပြီ။ ထို့နောက် သူ့ညာဘက်လက်ကို မြှောက်၍ တစ်ခါတည်း ရိုက်ချခဲ့သည်။

ထိုရိုက်ချက်တွင် ကောင်းကင်တက်လှမ်းနယ်ပယ်၊ နဝမအဆင့်မှ ကျင့်ကြံသူ၏ ကြောက်မက်ဖွယ်စွမ်းအားများ ပါဝင်နေလေ၏။ ထိုလွှမ်းမိုးမှုက တောင်တစ်လုံးကိုပင် ချက်ချင်း ပြားချပ်စေနိုင်သည်။

သို့သော်ငြား ချင်ကျီသည် လုံးဝ မတုန်လှုပ်ခဲ့ဘဲ ထိုမြင်ကွင်းကို မထီမဲ့မြင်ပြုစွာ ကြည့်နေလေ၏။

ငါ့အဖေက ဒီမှာရှိတယ်! ဘယ်သူက ငါ့ကို သတ်နိုင်မှာလဲ!

"ဒေါင်!"

နောက်ခဏအကြာတွင် ခေါင်းလောင်းသံတစ်ခုက ထွက်ပေါ်လာပြီး ချောက်တစ်ခုလုံး တုန်ခါသွားခဲ့သည်။ ထိုအသံအား ပတ်ဝန်းကျင်ရှိ နံရံဆေးရေးပန်းချီများက စုပ်ယူသွားခဲ့၏။

"မင်း ပါလား!"

နတ်ဆိုးအဘိုးကြီးလည်း ထိတ်လန့်သွားရကာ အံကြိတ်လိုက်မိသည်။ ချင်ကျီက ထိခိုက်မှုမရှိဘဲ ရပ် နေသည်ကို သူ မြင်နေရ၏။ ရွှေရောင်ခေါင်းလောင်း တစ်ခုက သူ့ကို ဝန်းရံထားလေသည်။

ရွှေရောင်ခေါင်းလောင်း၏ထိပ်တွင် သွယ်လျလျပုံသဏ္ဌာန်ရှိသည့် အဖြူရောင်ဝတ်ပုဂ္ဂိုလ်တစ်ဦးက ရပ်နေပြီး သူ၏အဖြူရောင်အဝတ်များက လေမတိုက်ဘဲ လွင့်နေကာ ထူးကဲသော ကျက်သရေရှိမှုကို ထုတ်လွှတ်နေလေ၏။

သူက ချင်ချွမ်းပင်။

"ခင်ဗျား ကတိမတည်ဘူးလို့ ကျုပ် ကြားတယ်"

ချင်ချွမ်းသည် နတ်ဆိုးအဘိုးကြီးအား မှိန်ဖျော့သော အပြုံးဖြင့် ကြည့်နေလေသည်။

"ဟမ့်! ငါ ကတိမတည်တော့ ဘာဖြစ်လဲ! မင်းနဲ့ မင်းသားကို သတ်မှပဲ ငါ့ရဲ့လွတ်လပ်မှုက လုံခြုံမှာ!"

နတ်ဆိုးအဘိုးကြီးက အေးစက်စွာ ပြန်ဖြေခဲ့၏။

"ခင်ဗျား သေချာပြီလား"

ချင်ချွမ်း ပြုံးလိုက်ရာ သူ့အော်ရာက အလွန်မြန်ဆန်စွာမြင့်တက်လာခဲ့သည်။ ပင်လယ်ကိုဖြတ်လာသော မြွေနဂါးကဲ့သို့၊ မြေကြီးထဲမှထွက်လာသော တောင်တစ်လုံးကဲ့သို့ပင်။

ကောင်းကင်တက်လှမ်းနယ်ပယ်၊ ဆဋ္ဌမအဆင့်သို့ ရောက်နေသည်ကို သူ ခံစားသိရှိရပေ၏။ သို့သော်ငြား သူ၏အခြေခံအုတ်မြစ်က မယုံနိုင်စရာလောက်အောင် ခိုင်မြဲသောကြောင့် သူ့စွမ်းအားမှာ ကောင်းကင်တက်လှမ်းနယ်ပယ်၊ နဝမအဆင့်နှင့် ဆင်တူပေသည်။

"ဒါက!!"

နတ်ဆိုးအဘိုးကြီးသည် ခေတ္တခဏ ကြောင်အသွားခဲ့ပြီးမှ အေးစက်စွာ နှာမှုတ်လာခဲ့၏။

"မင်း ဘယ်လောက်ပဲ အဆင့်မြင့်လာပါစေဦး...ကောင်းကင်တက်လှမ်းနယ်ပယ်၊ ဆဋ္ဌမအဆင့်မှာပဲ ရှိသေးတယ်၊ နဝမအဆင့်က ငါ့ကို မင်းက ဘာလုပ် နိုင်မှာတဲ့လဲ"

"ဒါဆို စမ်းကြည့်ကြရအောင်"

ချင်ချွမ်း၏နှုတ်ခမ်းများက အနည်းငယ်ကွေးတက်သွားသည်။ သူ့ခေါင်းထက်တွင် ကြာပန်းများကဲ့သို့ ပန်းသုံးပွင့်က ထွက်ပေါ်လာပြီး တောက်ပကာ လင်းလက်နေလေ၏။

ဝုန်း! ဝုန်း! ဝုန်း!

တစ်ချိန်တည်းမှာပင် နဂိုအစွမ်းထက်ပြီးသား သူ့အော်ရာက သုံးဆအထိ တိုးမြင့်လာခဲ့သည်။ ၎င်းမှာ လုံးဝကို အံ့သြဖွယ်ရာပင်။

*******************

All Chapters