← Chapters

နည်းနည်း ပြန်ကောင်းသွားတာ

Vol. 5 Ch. 75

နည်းနည်း ပြန်ကောင်းသွားတာ

Vol. 5 Ch. 75

"ဝှစ်!"

လွှမ်းမိုးနိုင်သော ဖိအားတစ်ခုက တောင်ကျရေ သို့မဟုတ် ဒီရေလှိုင်းများကဲ့သို့ ပျံ့နှံ့သွားကာ ချင်ကျီဆီသို့ ရိုက်ခတ်လာသည်။

ဆံပင်အနီရောင်နှင့် လူအိုကြီးက တိတ်တဆိတ်လှောင်ပြောင်နေခဲ့၏။ ပေါ့တန်တန်ပြုမူတတ်သော အားနည်းသူများသည် နောက်ဆုံးတွင်မူ အရှက်ရမှု ဖြင့် ပြန်ပေးဆပ်ရလိမ့်မည်။

"ဒေါင်!"

သို့သော်ငြား နောက်တစ်ခဏတွင် ညင်သာသော ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး တိတ်တခိုးလှောင်ပြောင်နေသောသူ့ကို ချက်ချင်း ရပ်တန့်စေခဲ့သည်။

ချင်ကျီက သူ ရပ်နေသည့် မူလနေရာတွင်သာ ထိခိုက်မှုမရှိဘဲ ရပ်နေပြီး ရွှေရောင်ခေါင်းလောင်း တစ်ခုက သူ့ကိုဖုံးအုပ်ထားခဲ့၏။

"ဟက်! ခင်ဗျားရဲ့ခွန်အားက သာမန်ပါပဲ၊ ဒါပေမဲ့ ခင်ဗျားရဲ့မာနကတော့ အရမ်းကြီးလွန်းနေတယ်၊ ကျုပ်သားကို သင်ခန်းစာပေးမယ် ဟုတ်လား...ဒါက ခင်ဗျားရဲ့အလုပ် မဟုတ်နေမှာကိုပဲ စိုးရိမ်မိတယ်"

ချင်ချွမ်းသည် ခေါင်းလောင်းဘေးမှာ ရပ်၍ လှောင်ပြောင်သောအပြုံးဖြင့် ပြောလာခဲ့သည်။

"မင်း!!"

ဆံပင်အနီရောင်နှင့် လူအိုကြီးလည်း ထိတ်လန့်သွားခဲ့ရ၏။ အိုမင်းနေသော သူ့မျက်နှာမှာ အလွန်အမင်းရှက်ရွံ့မှုကြောင့် နီရဲသွားခဲ့သည်။ သူ၏တိုက်ခိုက်မှုက ထိုကဲ့သို့ ပိတ်ဆို့ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒါပေမဲ့ ဒီလူက ဘယ်လိုလုပ်ပြီး ဒီလောက်အားကောင်း နေတာလဲ။

သတင်းအချက်အလက်များအရ ထိုလူ၏ကျင့်ကြံမှုသည် ကောင်းကင်တက်လှမ်းနယ်ပယ်၊ စတုတ္ထအဆင့်လောက်မှာသာ ရှိသေးသည်။ သူ့အဆင့်ထက် ကျော်လွန်ပြီး စိန်ခေါ်နိုင်ရင်တောင်မှ ဆဋ္ဌမအဆင့်လောက်သာ စိန်ခေါ်နိုင်မှာ ဖြစ်ပေ၏။

ဘယ်လိုလုပ် သူ့ကို ယှဉ်နိုင်မည်နည်း။

ဆံပင်အနီရောင်နှင့် လူအိုကြီးသာမက တခြားသော လူများလည်း ပြင်းထန်သော အံ့အားသင့်မှုနှင့်အတူ ထိတ်လန့်သွားခဲ့ကြသည်။ သူတို့၏ဖင်ထဲ မီးတောက်များ ဝင်ရောက်လာသကဲ့သို့ ရုတ်တရက် ထရပ်ကာ ချင်ချွမ်းအား ပြင်းပြင်းပြပြ စိုက်ကြည့်လာခဲ့ကြ၏။

ထိုအရာက မိမိအဆင့်အတန်း ဆုံးရှုံးမည်ကို ကြောက်ရွံ့သော ခံစားချက်ပင်။

ခုနလေးကတင် သူတို့သည် မြင့်မားသောနေရာမှ တစ်ဖက်လူကို ကြည့်နေခဲ့ကြသည်။ သို့သော်ငြား တစ်ဖက်လူက သူတို့နှင့် တန်းတူ ရပ်တည်နေနိုင်သည်ကို ရုတ်တရက် သဘောပေါက်ခဲ့ရ၏။

"အကြီးအကဲချင်ချွမ်း မင်းရဲ့ခွန်အားက..."

ကျောက်ဖူလုံကလည်း အသက်ပြင်းစွာ ရှူသွင်း၍ တွန့်ဆုတ်ဆုတ် မေးလာလေသည်။

"နည်းနည်းလေး ပြန်ကောင်းလာလို့ပါ"

ချင်ချွမ်းက တည်ငြိမ်စွာ ပြော၏။

"ပြန်… ပြန်ကောင်းလာတယ်?"

လူတိုင်း၏အမူအရာများက တစ်ပြိုင်နက်တည်းပင် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားကြသည်။

ပြန်ကောင်းသွားတယ်?

နည်းနည်းလေးပဲလား?

၎င်းက ဘာကိုဆိုလိုသနည်း။ ထိုလူသည် တစ်ချိန်က အလွန်သန်မာခဲ့ပြီး လက်ရှိသူတို့ထက်တောင် ပို၍သန်မာခဲ့ကြောင်း ဆိုလိုသည်လော။

သူတို့၏အတွေးများက အလွန်မြန်ပေ၏။ မတော်တဆဖြစ်ရပ်ကြောင့် ကျင့်ကြံမှု ပိတ်ဆို့ခြင်းခံခဲ့ရသော အင်အားကြီးပုဂ္ဂိုလ်တစ်ဦး၏ ဇာတ်လမ်းကိုပင် ဖန်တီးပြီးနေလေပြီ။ ယခုဆိုလျှင် ထိုပိတ်ဆို့ခံရခြင်းက တဖြည်းဖြည်း ပြေလျော့နေပြီး စွမ်းအင်များကို အမြန်ပြန်ရယူနေသည်။

ထိုကဲ့သို့ဖြစ်ရပ်များက ရှားပါးပေ၏။

သို့သော်ငြား အခုအချိန်၌ တကယ်ဖြစ်နေလေသည်။

ထို့အပြင် ချင်ချွမ်း၏နောက်ခံကို ထည့်သွင်းစဉ်းစား ပါကလည်း ၎င်းက တကယ်ကို ထူးဆန်းပေ၏။ သူသည် မတိုင်ခင်ကဆိုလျှင် မူလဒန်နယ်ပယ်မှ သာမန်ပုရွက်ဆိတ်လေးသာ ဖြစ်ခဲ့သည်။ သို့သော်ငြား တစ်နှစ်အတွင်းမှာပင် လက်ရှိအဆင့်ကို ရောက်ရှိခဲ့လေ၏။

ပုံမှန်ကျင့်ကြံခြင်းက ထိုကဲ့သို့ လျင်မြန်စွာ တိုးတက် အောင်မြင်စေလိမ့်မည် မဟုတ်ပေ။ ရက်စက်သည့် ကျင့်ကြံမှုနည်းလမ်းများကို အသုံးပြုကြသော နတ်ဆိုးများပင်လျှင် ထိုအရာကို အောင်မြင်နိုင်မည် မဟုတ်ပေ။

"ဟမ့်! ကြီးမားတဲ့ အခွင့်အလမ်းတချို့ရထားတာနဲ့ပဲ မင်းကိုယ်မင်း ဒီလောကမှာ ပြိုင်ဘက်ကင်းပြီလို့ မထင်နေနဲ့"

"ခင်ဗျားယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကိစ္စမရှိဘူး၊ ကျုပ် ချင်ကျီက ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်နေတာမျိုး မရှိသလို သူများထက်သာတယ် ဆိုပြီးတော့လည်း မထင်နေဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် အခြားသူတွေရဲ့ အောက်မှာ ငြိမ်ခံနေမှာမဟုတ်ဘူး"

ချင်ချွမ်းသည် ဆံပင်အနီရောင်နှင့် လူအိုကြီးအား တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့က ဧည့်သည်တွေပဲ၊ အရင်က ခင်ဗျားတို့ရဲ့ကိစ္စဝိစ္စတွေကိုတော့ ကျုပ် လိုက်မမီပါဘူး"

ဂိုဏ်းကြီးခြောက်ခုစလုံးမှ မဟာအကြီးအကဲများအား သူ နက်နဲသောမျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

"တော်ဝင်မိသားစုနဲ့ ခင်ဗျားတို့ရဲ့ကစားပွဲကြားမှာ ကျုပ် ဝင်ပါမှာ မဟုတ်ဘူး...ခင်ဗျားတို့ပဲ ကိုင်တွယ်ကြပါ၊ မတိုင်ခင်က ခင်ဗျားတို့ရဲ့အစီအစဉ်ကို အရှေ့တွန်းပို့ပေးဖို့ ကျုပ် ကူညီပေးခဲ့တယ်၊ အခု ကျုပ်အတွက် ပြန်ပြီး ရှင်းလင်းပေးဖို့က ခင်ဗျားတို့ ကူညီရမယ့်အလှည့်ပဲ၊ ဒါပြီးရင်တော့ ကျေပြီ"

ထိုစကားများက ဂိုဏ်းကြီးခြောက်ခုစလုံးမှ မဟာအကြီးအကဲများ၏ မျက်နှာအမူအရာများကို အနည်းငယ် ပြောင်းလဲစေခဲ့သည်။ သူတို့ ချင်ချွမ်းကို ကြောက်ရွံ့သလို ကြည့်နေခဲ့ကြ၏။

သူက အရာအားလုံးကို မြင်နိုင်ခဲ့သည်။

ဒီလူက တကယ် ထူးခြားလေ၏။

လက်ရှိအချိန်မှာ သူတို့သည် ချင်ချွမ်းအား သူတို့နှင့် တန်းတူအဆင့်မှာ ထားလိုက်လေပြီ။ သို့မဟုတ် ဒီထက်တောင် ပိုမြင့်နေနိုင်သည်။ အကြောင်းမှာ ဒီလူက အလွန်ပင် လျှို့ဝှက်နက်နဲသောကြောင့် ဖြစ်၏။

သူတို့အရှေ့မှ လူသည် အမည်မဲ့အဆိပ်ပိုးကောင် ကဲ့သို့ပင်။ တစ်ချက်အကိုက်ခံလိုက်ရသည်နှင့် မည်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို ဘယ်သူကမှ မသိနိုင်ပေ။

"ဒုန်း! ဒုန်း!"

ထိုအချိန်၌ ပြင်းထန်သောအသံတစ်ခုထွက်ပေါ်လာပြီး ထိုအသံမှာ ကောင်းကင်ကြီး ပြိုကျလာသကဲ့သို့ပင်။

"တော်ဝင်အမိန့်တော် ရောက်ရှိ! ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက မဟာအကြီးအကဲ! အမိန့်တော်ကိုလက်ခံဖို့ ထွက်လာခဲ့ပါ!"

ခမ်းနားထည်ဝါသောအသံက ကောင်းကင်ယံ၌ ပဲ့တင် သံထပ်နေလေသည်။

ချက်ချင်းပင် ဂိုဏ်းကြီးခြောက်ခုမှ မဟာအကြီးအကဲများလည်း လေးနက်သော အမူအရာများ ပြသလာကြပြီး တစ်ဦးနှင့်တစ်ဦး အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်ခဲ့ကြ၏။

"သွားကြစို့"

ထို့နောက် သူတို့အားလုံး အပြင်သို့ ထွက်လာခဲ့ကြသည်။

ချင်ချွမ်းကတော့ သူ့သားကိုခေါ်ဆောင်၍ ထိုင်ခုံတစ်လုံးကို ရှာကာ ဤကိစ္စပြီးဆုံးသွားသည်အထိ စောင့်ဆိုင်းပြီးမှ ထွက်သွားရန် စီစဥ်ထား၏။

ဤကိစ္စက သူနှင့်ချင်ကျီအား ဗဟိုပြုနေသည်ဟုထင် ရသော်လည်း တစ်ကယ်တမ်း၌ သူတို့နှင့် ဘာမှမဆိုင် ဘူးဆိုတာကို သူ ကောင်းကောင်းသိသည်။

ဂိုဏ်းကြီးခြောက်ခုစလုံးက တော်ဝင်မိသားစု၏ သဘောထားကို စမ်းသပ်ရန်အတွက် ဤအခွင့်အရေး ကို ရယူရန် ရည်ရွယ်ထားခဲ့ကြ၏။ ၎င်းမှာ တော်ဝင်မိသားစုက ဘယ်လောက်ထိ ခွန်အားရှိနေသည်ကို ဆုံးဖြတ်ရန် ဖြစ်သည်။

ထို့အပြင် တော်ဝင်မိသားစုကလည်း သူတို့၏ခွန်အားကို ဖုံးကွယ်ရန်အတွက် ဤအခွင့်အရေးအား အသုံးပြုချင်နေပုံရ၏။ သူတို့ ဘာကြောင့် ဟန်ဆောင်နေကြလဲဆိုတာကိုတော့ သူ မသိပေ။

သို့သော် သေချာသော အရာတစ်ခုတော့ ရှိသည်။

တော်ဝင်မိသားစုက မရိုးရှင်းပေ။

ပြောကြတာကတော့ တော်ဝင်မိသားစုသည် ကြီးမားကျယ်ပြန့်၍ အရင်းအမြစ်ပေါများကြွယ်ဝသော အရှေ့ပိုင်နက်မှ ဤယိုယွင်းမြေသို့ရောက်ရှိလာခြင်းဖြစ်ပြီး နယ်နိမိတ် ပြောင်းရွှေ့ခံခဲ့ကြရသည်ဟူ၍ပင်။

ထိုကဲ့သို့ အခက်အခဲများနှင့် ရင်ဆိုင်နေရသော မိသားစုတစ်ခု၌ အံ့အားသင့်စရာကောင်းသော သတ္တိများရှိပြီး စည်းလုံးကြသည်မှာ အံ့သြစရာမရှိပေ။

သူတို့သည် အရှေ့ပိုင်နက်မှ ရန်သူများကို ရှုပ်ထွေးမှုများဖြင့် ချန်ခဲ့ပြီး ဤယိုယွင်းမြေ၌ သူတို့၏ခွန်အားကို ဖုံးကွယ်ထားကာ ဖွံ့ဖြိုးတိုးတက်လာရန်အတွက် အချိန်ယူနေတာလည်း ဖြစ်နိုင်၏။

သို့ပေသည့်...

ဤယိုယွင်းမြေမှာ ကောင်းမွန်သော ဖုန်းရွှေမရှိသောကြောင့် အန္တိမနယ်ပယ်သို့ ချိုးဖောက်ရန်ပင် ခက်ခဲလေရာ ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်လာမည်နည်း။

ထိုကိစ္စများက သူ နားမလည်နိုင်သော ကိစ္စများပင်။ထို့ကြောင့် သူ စဉ်းစားနေခြင်းကို ရပ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့အတွက် ထိုအရာများက စိတ်ပူစရာကိစ္စများမဟုတ်ပေ။

ချင်ကျီတစ်ယောက် အနည်းငယ်ပိုသန်မာလာမည့်အချိန်အထိသာ သူ့ စောင့်ဆိုင်းရန် လိုအပ်လေ၏။ ထို့နောက် သူ့သားနှင့်အတူ ဤယိုယွင်းမြေမှ ထွက်ခွာရမည်။ ဒါဆို သူ့သား၏ကြီးထွားမှုကို မထိခိုက်စေနိုင်တော့ပေ။

ယိုယွင်းမြေရှိ လူများက ဤနေရာမှ ဘာကြောင့် မထွက်ခွာကြသနည်း။ ၎င်းမှာ ဆင်းရဲနွမ်းပါးသော တောင်တန်းဒေသများရှိ လူအပေါင်းက သူတို့၏နယ်မြေအား မစွန့်ခွာကြသည်နှင့် ဆင်တူသည်။

အကြောင်းပြချက်များစွာ ရှိပေ၏။

ပထမအချက် - ခရီးဝေးသွားနိုင်သည့် စွမ်းရည်မရှိခြင်း။

ဒုတိယအချက် - ပြင်ပလောက၌ သူတို့အတွက် နေရာရှာရန် အလွန်ခက်ခဲခြင်း။

တတိယအချက် - သူတို့၏မွေးရပ်မြေဖြစ်သောကြောင့်ပင်။

တခြားအချက်များလည်း ရှိကောင်းရှိနိုင်လိမ့်မည်။

"ဘုန်း!"

"ဘုန်း!"

ထိုအချိန် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ ကောင်းကင်ယံထက်၌ ကျယ်လောင်သောအသံများထွက်ပေါ်နေပြီး ကြီးမားသောဖိနှိပ်မှုများက ဆက်တိုက်ထွက်ပေါ်နေကာ မှောင်ရိပ်သန်းလာခဲ့သည်။

ကိုယ်ခံပညာခုနစ်ဂိုဏ်းမှ တပည့်အားလုံး တုန်ယင်သွားခဲ့ကြပြီး မြေပြင်ပေါ်၌ မှောက်လျက်လဲ ကုန်ကြ၏။ သူတို့၏မျက်နှာများမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး ကောင်းကင်သို့ မော့ကြည့်နေကြလေသည်။

ကောင်းကင်ယံတွင် သံချပ်ကာ ဝတ်ဆင်ထားသော ပုဂ္ဂိုလ်များစွာက မားမားမတ်မတ် ရပ်နေပြီး သူတို့၏အော်ရာများမှာ အားကောင်းလှ၏။ ကောင်းကင်ဘုံမှ စစ်သည်တော်များနှင့် ဗိုလ်ချုပ်များကဲ့သို့ ထိတ်လန့်စဖွယ် ခမ်းနားထည်ဝါမှုဖြင့် မိုးတိမ်များကြားမှ ထွက်ပေါ်လာကြသည်။

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက မဟာအကြီးအကဲ အမိန့်တော်ကို လက်ခံဖို့ ထွက်လာခဲ့ပါ!"

တောက်ပသည့်အနီရောင် စပါးအုံးဝတ်ရုံကို ဝတ်ဆင် ထားသော မိန်းမစိုးကြီးတစ်ဦးက အရှေ့ကို တက်လာသည်။ နန်းတော်မှ နောက်ထပ်မိန်းမစိုးတစ်ဦး ဖြစ်သည်မှာ ထင်ရှားပေ၏။ သူက အောက်သို့ငုံ့ကြည့် ၍ ထပ်အော်ခေါ်လာခဲ့သည်။

ဝှစ်!

ခဏအကြာတွင် ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်း၏ တားမြစ်ချိုင့်ဝှမ်းထဲမှ ပုဂ္ဂိုလ်ငါးဦးက ဖြည်းဖြည်းချင်း အပေါ်သို့ တက်လာကြ၏။ သူတို့၏အနီးအနား ပတ်ဝန်းကျင်မှာ တောက်ပနေသောကြောင့် ကောင်းကင်ယံထက် ထွက်ပေါ်လာသော နေမင်းကြီး ကဲ့သို့ပင်။

"ဝုန်း! ဝုန်း! ဝုန်း!"

ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော ဖိအားများက ဒီရေများကဲ့သို့ ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ဖုံးလွှမ်းထားသော အမှောင်ထုကြီးအား ရိုက်ခတ်သွားခဲ့သည်။

ကောင်းကင်ယံမှ အမှောင်ထုကြီးသည် ထိုတိုက်ခိုက်မှု ကြောင့် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်မှာရှိသော စစ်သည်တော်များနှင့် ဗိုလ်ချုပ်များ ဖော်ထုတ်ခံလိုက်ရလေ၏။

"မင်းတို့ နောက်ဆုံးတော့ ထွက်လာပြီပဲ!"

တိုက်ခိုက်မှုကြောင့် မိန်းမစိုးကြီး၏ ခေါင်းပေါင်းပေါ်မှ ဖဲကြိုးသည် သူ့မျက်နှာကို ဖြတ်တိုက်သွားခဲ့လေရာ သူ မျက်မှောင်ကြုတ်၍ အေးစက်စွာ ပြောလိုက်သည်။

"တော်ဝင်မိသားစုရဲ့ အမိန့်တော်က ဘာပါလဲ"

ကျောက်ဖူလုံက ယဉ်ကျေးစွာ မေး၏။

"ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းက အကြီးအကဲချင်ချွမ်း ဟာ နန်းတော်မှ ကြီးကြပ်သူတစ်ဦးဖြစ်တဲ့ မိန်းမစိုးကြီးကို သတ်ဖြတ်ခဲ့ပြီး ပြင်းထန်တဲ့ပြစ်မှုကို ကျူးလွန် ခဲ့တယ်! ဒီပြစ်မှုဟာ သေဒဏ်နဲ့ ထိုက်တန်တာကြောင့် ဒီနေ့ ချင်ချွမ်းကို လူသိရှင်ကြား ကွပ်မျက်ရမယ်! ပြီးတော့ မင်းတို့ကိုယ်တိုင် ကွပ်မျက်ရမှာ ဖြစ်တယ်!"

မိန်းမစိုးကြီးက အေးစက်စွာ ပြောလာခဲ့သည်။

"ဘာ!"

"သူတို့က အကြီးအကဲချင်ကို သတ်ချင်နေတာလား"

"ပြီးတော့ မဟာအကြီးအကဲကိုယ်တိုင် ကွပ်မျက်ရမှာ"

"စိတ်နှလုံးကို ထိခိုက်စေမယ့် ကွပ်မျက်မှုပဲ!"

ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းမှ တပည့်များအားလုံး ပွက်လောရိုက်သွားခဲ့ကြပြီး သူတို့၏နှလုံးများက ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့၏။ အကြောင်းမှာ လေနှင့်မိုးကြိုးချိုင့်ဝှမ်းတွင် ဘာတွေဖြစ်ခဲ့သည်ကိုဆိုတာကို သူတို့ သိနှင့်ပြီးသား ဖြစ်သောကြောင့်ပင်။

သူတို့၏အမြင်တွင် အကြီးအကဲချင်ချွမ်းက ဘာအမှားမှမလုပ်ခဲ့ပေ။ ထိုကဲ့သို့အခြေအနေမျိုး၌ ဂိုဏ်းအနေဖြင့် အကြီးအကဲချင်ချွမ်းကို မကာကွယ်ပေးနိုင်ခဲ့သောကြောင့် အရှက်ရမှုကို ခံစားခဲ့ရသည်။

မဟာအကြီးအကဲကိုယ်တိုင် အကြီးအကဲချင်ချွမ်းကိုသတ်ခဲ့မည်ဆိုလျှင် ဂိုဏ်း၏ဂုဏ်သိက္ခာတစ်ရပ်လုံး ပြိုလဲသွားမည်သာမက ကိုယ်ခံပညာခုနစ်မျိုးဂိုဏ်းတစ်ခုလုံး၏ စိတ်ဓာတ်များ ပြိုကွဲသွားနိုင်၏။ ယခင်က စည်းလုံးညီညွတ်မှုများအားလုံး ပျောက်ကွယ်သွားလိမ့်မည်။

မိမိတို့ဂိုဏ်းမှ ပိုင်သော အကြီးအကဲတစ်ယောက်ကိုတောင် မကာကွယ်နိုင်သည့် ဂိုဏ်းသည် နေထိုင်ရပ်တည်ရန် မထိုက်တန်ပေ။

သေချာပေါက် ထိုကဲ့သို့သဘောပေါက်မှုများက တပည့်များတွင်သာ မဟုတ်ဘဲ မဟာအကြီးအကဲများ လည်း ထိုအကြောင်းကို ကောင်းကောင်းသိရှိကြသည်။ ဒါကြောင့်လည်း တော်ဝင်မိသားစုက ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ ဤထောင်ချောက်ကို အစောကတည်းက ရည်ရွယ်ဖန်တီးခဲ့ကြခြင်း ဖြစ်၏။

"တော်ဝင်မိသားစုရဲ့အမိန့်တော်ကို မိန်းမစိုးကြီးရော ဘယ်လိုယူဆလဲ"

ကျောက်ဖူလုံက ယဉ်ကျေးစွာ ပြောဆဲပင်။

"အိုး ဒါက မင်းတို့ရဲ့ကိစ္စပဲ ငါနဲ့မဆိုင်ဘူးလေ...သေချာတာကတော့ တော်ဝင်အမိန့်တော်ကို မေးခွန်းပြန်ထုတ်စရာမလိုဘဲ လိုက်နာရမယ်!"

မိန်းမစိုးကြီးက လှောင်ပြောင်လာပြီး မောက်မောက်မာမာ ပြောလာခဲ့သည်။

*********************

All Chapters