အခန်း (၃၈၄)
Vol. 29 Ch. 384
သို့ပေမည့် အချိန်ကောင်းက အချိန်ကြာကြာ မစောင့်လိုက်ရချေ။ လွန်ခဲ့သည့် လဝက်ခန့်က ချောင်ဟောင်သည် ပိုက်ဆံ ပြတ်သွားခဲ့၏။ သူ့၌ ပိုက်ဆံမရှိချေ။ ထို့အပြင် သူသည် အခွန်အခများကို ကောက်ခံခွင့် မရှိပေ။ ကောက်ရမည့်လူလည်း မရှိပေ။ သူ၏ ကုန်သွယ်မှု အားလုံးသည် နုရှောင့်မြို့ကို အခြေခံခဲ့သည် မဟုတ်ပါလား။
ထျန်းဖန်ကျွန်း (ထျန်းဖန်ကျွန်း) တွင် သင်္ဘောတည်ဆောက်ခြင်းလုပ်ငန်းမှလွဲ၍ တခြားမည်သည့် စီးပွားရေးမှ မရှိသောကြောင့်ပင်။ အဓိကသော့ချက်အားဖြင့် သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းသည် ပိုက်ဆံမရဘဲ ပိုက်ဆံကုန်သည့်လုပ်ငန်းဖြစ်သည်။
ယခင်ပိုက်ဆံစဉ်က ချောင်ဟောင်သည် သူ၏ စစ်တပ်ကြီးကို တိုးချဲ့ခဲ့၏။ သို့ပေမည့် ပိုက်ဆံ ပြတ်တောက်ချိန်မှာတော့ ထိုအရာက ဒုက္ခများလာခဲ့၏။ သူသည် စစ်သည်များ၏ လစာကိုပင် ပေးအပ်နိုင်ခြင်း မရှိသေးချေ။ သူ၏နောက်လိုက်များသည် ပင်လယ်ဓားပြများ ဖြစ်၏။ သို့ပေမည့် မည့်သည့်သင်္ဘောကိုမှ ဓားပြ တိုက်ရခြင်းမရှိသေးချေ။
ယခု သူတို့၌ ပိုက်ဆံမရှိပေ။ ပိုက်ဆံမရှိပါက ချောင်ထျန်းဝေ အသက်ပြန်ရှင်လာပြီး အုပ်ချုပ်မည်ဆိုလျှင်တောင် ဤလူများကို အုပ်ထိန်းဖို့ လွယ်ကူမည် မဟုတ်ပေ။ ချောင်ဟောင်ဆိုလျှင် သာ၍ဆိုးသည်။ သို့နှင့် ချောင်ဟောင်၏ လက်အောက်မှ လူဆိုးများက ပုန်ကန်ရန်ပင် ပြင်ဆင်နေကြ၏။
ထျန်းဖန် မြို့တော်ဝန် ချောင်ဟောင်သည် စိုးရိမ်ပူပန်မှုများနှင့် မွန်းကျပ်နေသည်။ သူသည် ကျိုးကျောင်းရန်ဆီသို့ ဆက်သွယ်ခဲ့ပြီး ယင်ယွမ်အဖွဲ့အစည်းဆီမှ ပိုက်ဆံချေးရန် ကြိုးစားခဲ့၏။ သို့ပေမည့် အိမ်ရှေ့စံမင်းသား၊ ယင်ယွမ်အဖွဲ့အစည်းတို့နှင့် အဆက်အသွယ် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူ့ကို အလုံးစုံ လျစ်လျူရှုထားခဲ့ကြသည်။
ထို့ကြောင့် သူသည် စိတ်ကိုပြင်ဆင်ကာ တတိယမင်းသားဆီ သွားရောက်ရှာဖွေခဲ့၏။ တတိယမင်းသား၏ အဖွဲ့အစည်းသည် သူ့ကို ဝမ်းပန်းသနာဖြင့် လက်ခံလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း မထင်မှတ်ထားလောက် အောင်ဘဲ တတိယမင်းသား၏ အဖွဲ့အစည်းသည် သူ့ကို အေးစက်ခဲ့၏။
သူ ဘာလုပ်ရမည်နည်း။ ကျင်းမိသားစုဆီသို့ သွားရောက်ရန် မဖြစ်နိုင်ချေ။
သို့သော်ငြား ထောင့်တစ်ခုဆီသို့ အတင်းပို့လွှတ်ခြင်းခံရပြီးနောက် ချောင်ဟောင်သည် ရွေးချယ်ခွင့်မရှိဘဲ ရွှမ်ဝူအိမ်တော်ဆီသို့ သွားခဲ့၏။ သူသည် ပင်လယ်ဓားပြခေါင်းဆောင် ဖြစ်၏။ သူ၌ အရှက်သိက္ခာမရှိပေ။
သို့ပေမည့် ထိုအချိန်မှာပဲ ကယ်တင်ရှင်တစ်ယောက်သည် သူ၏ရှေ့ဆီသို့ ရွှေဒင်္ဂါးသေတ္တာနှင့် ပေါ်ပေါက် လာခဲ့၏။ ထိုသူက ဝူဘုရင်၏ သံတမန်ပင် ဖြစ်၏။ ကျင်းကျိုးသာဆိုပါက ဤရွှေဒင်္ဂါးသေတ္တာ တစ်ဝက်လောက်ကိုပင် လက်ခံလိမ့်မည် မဟုတ်ချေ။ သို့ပေမည့် ချောင်ဟောင်က ဘာကို စိုးရိမ်ရမည်နည်း။ ကျိန်းသေပေါက် နေရာမှာပင် လက်ခံလိုက်၏။
သို့ပေမည့် ဝူနိုင်ငံမှ သံတမန်၏ တောင်းဆိုချက်ကို ကြားသည့်အချိန်မှာတော့ ချောင်ဟောင်က စိတ်ပြောင်းသွားသည်။ ချောင်ဟောင်သည် ပိုက်ဆံကိုသာလျှင် လက်ခံ၍ တခြားဘာမှ မလုပ်ပေးနိုင်ဟု စကားပြန်သည်။
ပြောရမည်ဆိုလျှင် ရွှဲ့ပြည်နယ်ကို သစ္စာဖောက်ဖို့ဆိုသည်မှာ အခြေခံအားဖြင့် သူ့အတွက် မဖြစ်နိုင်ချေ။ သို့ပေမည့် လက်တလောအခြေအနေမှာတော့ အခြေအနေတစ်ခုလုံးက ပြောင်းလဲလျက် ရှိနေ၏။
ပထမဦးဆုံး ရွဲ့ဘုရင်နှင့် ဝူဘုရင်တို့သည် နယ်စပ်တွင် ပြိုင်ပွဲပြုလုပ်ခဲ့ကြပြီး ရွဲ့ဘုရင်က ရှုံးနိမ့်ခဲ့၏။ ပြီးနောက် စုနန်က ပုန်ကန်ထကြွပြီး စစ်သည်ပေါင်း တစ်ရာကျော်ကို ဦးဆောင်ကာ နန်းမြို့တော်ကို မီးရှို့သွားခဲ့၏။ ပြီးနောက် ချောင်စစ်တပ်ကြီးကလည်း တိုက်ခိုက်ရန် ပြင်ဆင်နေပြီး ဝူစစ်တပ်ကြီးကလည်း တောင်ဘက်ပိုင်း ဆီသို့ ဦးတည်နေသည်။
စုမိသားစုနှင့် ချင်နိုင်ငံတို့၏ စစ်သည်များကလည်း အနောက်ဘက်ဒေသကို ဦးတည်နေ၏။ တောင်ဘက်ပိုင်း စစ်ပွဲ၌လည်း ရွဲ့ပြည်နယ်က ရှုံးနိမ့်လျက် ရှိနေ၏။ ရွှဲ့ပြည်နယ်ကို ကြည့်ရှုရသည်မှာ အလွန်အမင်း အန္တရာယ် များလို့နေ၏။ ရွဲ့ပြည်နယ်သာ ထိုအရာကို မကျော်ဖြတ်နိုင်ပါက သူလည်း ဒုက္ခရောက်ပေလိမ့်မည်။
ရွှဲ့ပြည်နယ်သည် သူ ထင်မှတ်ထားသလောက် ကြီးမားသည့်ပေါင်ကြီးမဟုတ်ကြောင်း သိရှိနားလည်သည့် အချိန်မှာတော့ သူမှီခိုရန်အတွက် တခြားသောပေါင်တစ်ခုကို ရှာဖွေရန် အချိန်ကျရောက်လာခဲ့ပြီ ဖြစ်၏။
.........
အဲဒီအချိန်မှာပဲ ဝူနိုင်ငံ၏ ကိုယ်စားလှယ်များက ချောင်ဟောင်ရှေ့တွင် ထပ်မံ ပေါ်ပေါက်လာခဲ့၏။ ပိုက်ဆံတွေ မည်သည့်နေရာက ရသနည်း။ သို့ပေမည့် ဤကိစ္စ အရေးမကြီးချေေ။ စစ်သည်များကို လစာပေးရန် အချိန် ကျရောက်လာခဲ့ပြီ ဖြစ်၏။ ပိုက်ဆံမရှိဘဲ စစ်သည်များကို မည်သို့ ပိုက်ဆံပေးမည်နည်း။ ပိုက်ဆံသာ မပေးပါက သူ၏ညီနောင်များကလည်း ပုန်ကန်ပေလိမ့်မည်။
“မြို့တော်ဝန် ချောင်ဟောင်... ခင်ဗျား သေသေချာချာ တွေးပြီးပြီလား”
ချောင်ဟောင်က ပြုံးကာ ပြောလိုက်၏။ “ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ ဒါပေမဲ့ ကျုပ် တွေးနေဖို့တောင် မလိုပါဘူး”
သံတမန်က ပြောလိုက်သည်။ “မြို့တော်ဝန် ချောင်ဟောင်... ထျန်းဖန်ကျွန်းရဲ့ အပြင်ဘက် လောကကြီးမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျား မသိဘူး။ အဲဒီအကြောင်းကိုသိပြီးတဲ့အချိန်မှာ ခုလိုစဉ်းစားဖို့ အချိန်တောင် ရမှာမဟုတ်ဘူး”
ချောင်ဟောင်က ပြောလိုက်၏။ “ခင်ဗျား ဘာကိုဆိုလိုတာလဲ”
သံတမန်က ပြောလိုက်သည်။ “ပထမဦးဆုံး စုနန်က ပုန်ကန်တော့မယ်။ ချင်နိုင်ငံကလည်း ရွှဲ့ပြည်နယ်ကို တိုက်ခိုက်တော့မယ်။ ဒုတိယအားဖြင့် ဝူပြည်နယ်နဲ့ ရွှဲ့ပြည်နယ်တို့ကလည်း တိုက်ပွဲဖြစ်တော့မယ်။ ဒီတော့ ရလဒ်က ဘယ်လိုဖြစ်လာမယ်ထင်လဲ”
ချောင်ဟောင်သည် စစ်တပ်ရေးရာ၌ ကျွမ်းကျင်သူ မဟုတ်သော်လည်း စုနှင့် ချင်နိုင်ငံတို့၏ စစ်သည်များမှာ ၇ သောင်းမှ ၈ သောင်းနီးပါးခန့် ရှိကြောင်း သိရှိ၏။ ရွှဲ့ပြည်နယ်၏ ကျန်းရှစ်ဒေသမှ တပ်များသည် ထိုသူတို့ကို တားဆီးရန် လုံလောက်သည့် စွမ်းရည်မျိုး မရှိချေ။ ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်း ကျရှုံးသွားသည်နှင့် အခြေအနေသည် တုန်လှုပ်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။
စုနှင့် ချင်နိုင်ငံ၏ စစ်တပ်သည် ကျုံးရန်၏ စစ်တပ်ကို မြောက်ဘက်ခြမ်းမှ တိုက်ခိုက်မည် ဖြစ်ပြီး အနောက်ဘက်ခြမ်းဆီမှလည်း ညှပ်ကာ တိုက်ခိုက်ပေးဦးမည်။ မည်သို့ပင်ဖြစ်ဖြစ် ရွဲ့ဘုရင်သည် ခေါင်းနှင့်ကိုယ် မကွဲစေရန် ကျိန်းသေပေါက် ထွက်ပြေးရပေလိမ့်မည်။ ရွှဲ့ပြည်နယ်သည် တခြားသောသူများ၏ ပိုင်ဆိုင်မှုအဖြစ်သို့ ရောက်ရှိသွားမှာ သေချာ၏။
သံတမန်က နှာခေါင်းရှုံ့လိုက်သည်။ “မြို့တော်ဝန် ချောင်ဟောင်... ဝူနိုင်ငံနဲ့ ပူးပေါင်းမယ်ဆိုရင် ခင်ဗျားက အရေးကြီးတဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်။ ရွှဲ့ဘုရင် ရှုံးနိမ့်တဲ့အထိ စောင့်ပြီးမှ လာပူးပေါင်းမယ် ဆိုရင်တော့ ခင်ဗျားက အရေးကြီးတဲ့သူတစ်ယောက် ဖြစ်မှာမဟုတ်တော့ဘူး”
ဤအရာမှာ အမှန်ပင် ဖြစ်၏။ သို့ပေမည့် ဝူနိုင်ငံသည် အဘယ်ကြောင့် အလျင်စလိုနှင့် ပူးပေါင်းရန် လိုအပ်နေရသနည်း။
သံတမန်က ပြောလိုက်၏။ “တခြားအရေးကြီးတဲ့ သတင်းတစ်ခု ရှိသေးတယ်။ ကျင်းကျိုး သေသွားပြီ”
ချောင်ဟောင်က မည်သို့မှ မနေနိုင်ဘဲ တုန်လှုပ်သွားခဲ့မိသည်။ “သူ.. သူ တကယ်ပဲ သေခဲ့တာလား”
“ဟုတ်တယ်”
ကျင်းကျိုး သေဆုံးခြင်းအကြောင်း သူလည်း ကြားခဲ့ပြီးသား ဖြစ်၏။ သို့ပေမည့် မယုံကြည်ခဲ့ချေ။
သံတမန်က ပြောလိုက်၏။ “နာကျည်းမှုက သူ့ကို သတ်ခဲ့တာပဲ”
ချောင်ဟောင်က ပြောလိုက်သည်။ “မဟုတ်သေးပါဘူး။ နာကျည်းမှုက မကောင်းတဲ့ လုပ်ရပ်တွေကို လုပ်တဲ့လူတွေကိုပဲ သတ်တာ။ မြို့စားကြီး ကျင်းကျိုးက ကျုပ်ရဲ့ရန်သူဆိုပေမဲ့ သူက လူကောင်းတစ်ယောက်ပဲ။ ဒါကို အားလုံးသိတယ်။ ဓားပြကြီး နာကျည်းမှုက ဘယ်လိုဖြစ်ပြီး သူ့ကို သတ်မှာလဲ”
သံတမန်က နှာခေါင်းရှုံ့လိုက်၏။ “ဓားပြကြီးနာကျည်းမှုက ရွှဲ့ပြည်နယ်ရဲ့ အရေးကြီးတဲ့လူတစ်ယောက် လက်ထဲက လက်နက်ပဲ”
ချောင်ဟောင်သည် တွန့်ကနဲ ဖြစ်သွားသည်။ သေချာတွေးကြည့်တော့ အဓိပ္ပာယ်ရှိသည်ဟု သူ ခံစားမိသည်။
သံတမန်က ပြောလိုက်၏။ “မြို့တော်ဝန် ချောင်ဟောင်.. ထူးဆန်းတယ်လို့ မခံစားဘူးလား။ ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံမင်းသားက ဘာလို့ ခင်ဗျားကို ရုတ်တရက်ကြီး လျစ်လျူရှုခဲ့တာလဲ။ ယင်ယွမ်အဖွဲ့အစည်းက ဘာလို့ ခင်ဗျားကို လျစ်လျူရှုခဲ့တာလဲ။ ခင်ဗျား ကျင်းကျိုးနှင့် ပူးပေါင်းသွားမှာကို သူတို့ မစိုးရိမ်ဘူးလား”
မှန်ပေ၏။ ချောင်ဟောင်သည် ထိုအချက်ကို နားမလည်သလို ဖြစ်နေ၏။ သူ ချောင်ဟောင်သည် အသုံးဝင်သည့် လူတစ်ယောက် ဖြစ်၏။ အဘယ်ကြောင့် ယင်ယွမ်အဖွဲ့အစည်းက ရုတ်တရက် သူ့ကို စွန့်ပစ်ခဲ့ရသနည်း။
သံတမန်က ပြောလိုက်သည်။ “ကျုပ်တို့ ဝူပြည်နယ်က အလောတကြီးနဲ့ နုရှောင့်မြို့ကို သိမ်းပိုက်ဖို့ ပြင်ဆင်နေခဲ့တယ်။ ဒါပေမဲ့ ယင်ယွမ်အဖွဲ့အစည်းက ပိုပြီးတော့ အလျင်စလို ဖြစ်နေတယ်”
ချောင်ဟောင် သိရှိပြီး ဖြစ်၏။ ယခင် သူ၏ မွေးစားအဖေ ပင်လယ်ဓားပြချောင်ထျန်းဝေ နုရှောင့်မြို့ကို အုပ်ချုပ်စဉ်က ကုန်သွယ်ခွင့်အားလုံးကို ယင်ယွမ်အဖွဲ့အစည်းဆီသို့ ပေးအပ်ခဲ၏။ နုရှောင့်မြို့ ကျဆုံးသွားသည့် အချိန်၌ ယင်ယွမ်အဖွဲ့အစည်းသည် ကြီးမားသည့် ဆုံးရှုံးမှုမျိုးကို ခဲစားခဲ့ရ၏။
သံတမန်က ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို အရိုးသားဆုံး ပြောပြမယ်။ စစ်တပ်ပိုင်းဆိုင်ရာ ကုန်ကျစရိတ် အကုန်လုံးကို ကျုပ်တို့ ပေးအပ်ထားခဲ့တယ်ဆိုတာ အပေါ်ယံပဲ။ တကယ်တော့ ယင်ယွမ်အဖွဲ့အစည်းက ပေးထားတာပဲ”
ချောင်ဟောင်က တုန်လှုပ်သွားခဲ့မိ၏။
သံတမန်က ပြောလိုက်သည်။ “တိုက်ပွဲအတွက် ယင်ယွမ်အဖွဲ့အစည်းက ကျုပ်တို့ကို စစ်သုံးစရိတ်တွေ အများကြီး ကြိုပေးထားခဲ့တယ်။ ဒီစစ်သုံးစရိတ်ထဲမှာ ခင်ဗျားအတွက် ပိုက်ဆံလည်းလည်း ပါဝင်တယ် .. မြို့တော်ဝန် ချောင်ဟောင်”
“မြို့တော်ဝန် ချောင်ဟောင်.. ဒါက အရမ်းအရမ်းကို များတဲ့ ပမာဏတစ်ခုပဲ။ ခင်ဗျားသာ ကျုပ်တို့နဲ့ ပူးပေါင်းမယ် ဆိုရင် ဒီပိုက်ဆံတွေက ခင်ဗျားဆီကို ရောက်လာလိမ့်မယ်”
ချောင်ဟောင်က တုန်ယင်သွားခဲ့မိ၏။ “ဘယ်လောက်... ဘယ်လောက်တောင် များတာလဲ”
ထိုသံတမန်က ပြောလိုက်သည်။ “အင်း... သုံးသိန်းနဲ့ ငါးသောင်းတိတိပဲ”
ချောင်ဟောင်၏ နှလုံးသားတစ်ခုလုံးသည် တုန်ယင်သွားခဲ့၏။ ဤမျှများပြားသည့် ပိုက်ဆံကို သူတစ်ခါမှ မကိုင်ခဲ့ရဖူးချေ။ ဤကဲ့သို့သောပိုက်ဆံပမာဏသည် နှစ်အတော်ကြာ အသုံးပြုနိုင်မည့် ပမာဏ ဖြစ်၏။
သံတမန်က ပြောလိုက်သည်။ “လေ့ကျိုးကျွန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့ ကျုပ်တို့ဘုရင်က ဟို အရူးကောင် နင်ယွမ်ရှန်းရှေ့မှာ ဟန်ရေးပြနေရတယ်။ ဒီဘုရင်နှစ်ပါးရဲ့ တိုက်ပွဲက မကြာခင် ဖြစ်တော့မှာ။ နုရှောင့်မြို့ကို အပိုင်စီးရယူဖို့ ယင်ယွမ်အဖွဲ့အစည်းကလည်း ကျုပ်တို့ကို ရွှေဒင်္ဂါးသန်းနဲ့ချီပြီး ကြိုပေးထားတယ်။ ပြီးတော့ သူတို့က နင်ယွမ်ရှန်းကိုလည်း ရွှေဒင်္ဂါး တော်တော်များများ ချေးထားခဲ့သေးတယ်”
“များပြားတဲ့ ပေးဆပ်မှုတွေကို ပေးဆပ်ပြီးတဲ့နောက်မှာ ဝူနဲ့ယင်ယွမ်အဖွဲ့အစည်းတို့က စိတ်ဆုံးဖြတ်ချက် ချပြီးသား ဖြစ်ခဲ့တယ်။ နုရှောင့်မြို့ကို အပိုင်သိမ်းဆည်းဖို့ပေါ့။ မြို့တော်ဝန် ချောင်ဟောင်... ခင်ဗျား ဒီကိစ္စကို ခုခံနိုင်မယ် ထင်နေတုန်းလား”
သံတမန်၏ လေသံက လေးစားမှုဟူ၍ မရှိတော့ချေ။ ခြိမ်းခြောက်သည်နှင့် ပိုမိုကာ တူညီလာ၏။ ချောင်ဟောင်ကလည်း တကယ်ပင် ကြောက်လန့်သွားခဲ့မိ၏။ သူက ရည်ရွယ်ချက်ရှိသူ မဟုတ်ချေ။ ထို့အတူ ချောင်ထျန်းဝေထဲသို့ ကြမ်းတမ်းသည့် လူလည်း မဟုတ်ချေ။
ယင်ယွမ်အဖွဲ့အစည်းနှင့် ဝူပြည်နယ်တို့သည် တကယ့်ပင် သူ့အတွက် ကြီးမားသည့် တည်ရှိမှုမျိုးဖြစ်သည်။ ကြီးမားသည့် တည်ရှိမှုနှစ်ခု၏ကြားထဲ ရောက်ရှိသွားပါက ကျိန်းသေပေါက် ညပ်ပြီး သေဆုံးသွားနိုင်၏။
သူ ... ချောင်ဟောင် ခုခံနိုင်ပါမည်လား။ မဖြစ်နိုင်ချေ။
ရွှဲ့ပြည်နယ်မှ လူများသည် ဝူပြည်နယ်နှင့် တိတ်တဆိတ် ကြိတ်ကာ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိပြီးသည့်နောက် ချောင်ဟောင်သည် တစ်ယောက်တည်း ကျန်ရစ်ခဲ့သလိုပင် ခံစားနေမိ၏။ ထို့အပြင် ရွှဲ့ပြည်နယ်သည် ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။
သူ ... ချောင်ဟောင်၌ ရွေးချယ်ခွင့် မရှိတော့ချေ။ သူသည် စစ်သည်များ၏ လခကိုပင် ပေးအပ်နိုင်ခြင်း မရှိသည်အထိ အကျပ်စိုက်နေသည် မဟုတ်ပါလား။
ချောင်ဟောင်က မေးလိုက်၏။ “တကယ်လို့ ဝူပြည်နယ်ကိုသာ ကျုပ် အညံ့ခံမယ်ဆိုရင် နုရှောင့်မြို့တော်ဝန် ဖြစ်လာနိုင်လား”
သံတမန်က ခေါင်းခါယမ်းလိုက်သည်။ “မဖြစ်နိုင်ဘူး။ ဘုရင်က နုရှောင့်မြို့ကို အပိုင်သိမ်းဆည်းဖို့ ကြီးကြီးမားမား ပေးဆပ်ခဲ့ရတာ။ ဘာကိစ္စ ခင်ဗျားကို ပေးရမှာလဲ။ ယုံကြည်ရတဲ့ လူတစ်ယောက်အဖြစ် သဘောထားပြီး နုရှောင့်မြို့ကို ကြည့်ရှုစေလိမ့်မယ်”
ချောင်ဟောင်က ပြောလိုက်၏။ “ဒါဆို ကျုပ်.. ကျုပ် ဘာမှမရဘူးပေါ့”
သံတမန်က ပြောလိုက်သည်။ “ထျန်းဖန်ကျွန်းက ခင်ဗျားပိုင်တဲ့အရာ ဖြစ်လိမ့်မယ်”
ချောင်ဟောင်က တုန်ယင်သွား၏။ “ထျန်းဖန်ကျွန်းက အစောတည်းက ကျုပ်ပိုင်တာ မဟုတ်ဘူးလား”
သံတမန်က ပြောလိုက်သည်။ “ဝမ်ကျားကျွန်းကလည်း ခင်ဗျားပိုင်တာ။ ကျင်းမိသားစု ပျက်စီးသွားရင် ကျင်းချန်ကျွန်းနှင့် ဝမ်ကျားကျွန်းက ခင်ဗျားလက်ထဲ ရောက်လာလိမ့်မယ်”
ချောင်ဟောင်က ပြောလိုက်၏။ “ဒါပေမဲ့ ကျင်းချန်ကျွန်းနှင့် ဝမ်ကျားကျွန်းဆိုတာ ရွှဲ့ပြည်နယ် ပိုင်ဆိုင်တဲ့ မြေပိုင်နက် တစ်ခုပဲ။ ရွှဲ့ပြည်နယ်ရဲ့ အဓိကကုန်းမြေနဲ့ အရမ်းနီးကပ်လွန်းတယ်”
သံတမန်က နှာခေါင်းရှုံ့လိုက်သည်။ “ရွှဲ့ပြည်နယ်သာ ရှုံးနိမ့်သွားပြီဆိုရင် နင်ယွမ်ရှန်းက ဝမ်ကျားကျွန်းတို့၊ ကျင်းချန်ကျွန်းတို့ကို ဂရုစိုက်နေလိမ့်မယ်လို့ ခင်ဗျားထင်လို့လား။ ပြီးတော့ အချိန်ရောက်လာရင် ကျုပ်တို့ရဲ့ စစ်တပ်က နုရှောင့်မြို့ကို ဝင်တိုက်ခိုက်မယ်။ နင်ယွမ်ရှန်းက ဘာလုပ်နိုင်မှာလဲ”
ချောင်ဟောင်က ပြောလိုက်၏။ “တခြားကကော”
သံတမန်က ပြောလိုက်သည်။ “မြို့တော်ဝန် ချောင်ဟောင်... ခင်ဗျား အရမ်း လောဘမကြီးလွန်းဘူးလား”
ချောင်ဟောင်သည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ “ဒါဆိုရင် ကျုပ်ကို ဘွဲ့ထူးတစ်ခုခု ပေးနိုင်မလား”
သံတမန်က ကြောင်အသွားခဲ့၏။ ပင်လယ်ဓားပြတစ်ယောက်က တော်ဝင်ဘွဲ့ထူးတစ်ခုခုကို လိုချင်နေသည်မှာ မျာပြားလွန်း၏။ သို့ပေမည့် တစ်ဖက်လူက တကယ်ပဲ တောင်းဆိုခဲ့၏။
ကျန်းချုံးက သူ့ကို လာရောက် သိမ်းသွင်းသည့်အချိန်တုန်းက နုရှောင့်မြို့စားကြီး ဆိုသည့်အရာဖြင့် သူ့ကို ငါးစာချခဲ့သည်။ ဟုတ်ပေ၏။ အဆုံးသတ်မှာတော့ နုရှောင့်မြို့က ဆုံးရှုံးခဲ့ရပြီး နုရှောင့်နယ်စားကြီးဆိုသည်ကို ကျင်းကျိုးသာ ရရှိသွားခဲ့၏။ သို့ပေမည့် ချောင်ဟောင်ကဲ့သို့သော လူအတွက် တော်ဝင်မျိုးနွယ်ဖြစ်ရခြင်းသည် တလောကလုံး၏ ထိပ်သို့ ရောက်ရှိသွားသလို ခံစားရမည့်အရာပင်။
သံတမန်က ပြုံးလိုက်သည်။ “အင်း.. ခင်ဗျားအတွက် တော်ဝင်မိသားစုဆိုတဲ့ ဘွဲ့ထူးတစ်ခု ပြင်ဆင်ထားတာတော့ ရှိတယ်”
ချောင်ဟောင်က ပြောလိုက်၏။ “ဘယ်လို တော်ဝင်မျိုးနွယ်မျိုးလဲ”
သံတမန်က ပြောလိုက်လေ၏။ “နုရှောင့်မြို့ကို တိုက်ပွဲကို အနိုင်ယူ တိုက်ခိုက်ပြီးရင် ကျင်းမိသားစုရဲ့ ပင်လယ်ပြင်အင်အားစုအကုန်လုံးက မြို့တော်ဝန်ချောင်ဟောင်ရဲ့ လက်ထဲကို ရောက်လာလိမ့်မယ်။ ဒါဆိုရင် ခင်ဗျားက တော်ဝင်မင်းကြီးတစ်ယောက် ဖြစ်လာခဲ့ပြီ။ ကျုပ်တို့ရဲ့ဘုရင်က ခင်ဗျားကို ထျန်းဖန် မြို့စားကြီးအဖြစ် ဘွဲ့ထူးပေးလိမ့်မယ်”
ချောင်ဟောင်က မျက်လုံးမှိတ်လိုက်၏။ သူ၏ သွေးများက ဆူပွက်လာခဲ့၏။ တခြားရွေးချယ်ခွင့် မရှိချေ။ မှန်ပေ၏။ သူသည် ဝူပြည်နယ်နှင့် ယင်ယွမ်အဖွဲ့အစည်းကဲ့သို့သော ကြီးမားသည့် အဖွဲ့အစည်းနှစ်ခုကို တားဆီးနိုင်စွမ်း မရှိချေ။
ချောင်ဟောင်က အံကိုကြိတ်ကာဖြင့် ဒူးထောက်လိုက်သည်။ “ကျုပ် ဝူဘုရင်ကို သစ္စာရှိပါ့မယ်”
သံတမန်က မတ်တပ်ထရပ်လိုက်၏။ “ချောင်ဟောင်.. အမိန့်တော်ကို လက်ခံ”
ချောင်ဟောင်က ဒူးထောက်ထိုင်ချလိုက်သည်။ “ချောင်ဟောင်ကို ထျန်းဖန်စီရင်စုရဲ့ မြို့စားကြီးအဖြစ် ဘွဲ့ထူးပေးအပ်မယ်။ လေ့ကျိုးပင်လယ်ပြင်ရဲ့ စစ်သူကြီးတစ်ယောက်အဖြစ်လည်း သတ်မှတ်တယ်”
ချောင်ဟောင်က ဦးတိုက်လိုက်၏။ “ကျေးဇူးပါပဲ အရှင်မင်းကြီး။ ကြင်နာသနားမှုအတွက်ပါ။ ကျုပ်ရဲ့ အသက်ကို စတေးပြီး ပြန်လည်ပေးဆပ်ပါ့မယ်”