အခန်း (၃၈၆)
Vol. 29 Ch. 386
ရွှဲ့ပြည်နယ်၊ ထျန်းပေစီရင်စု ရှန်းယီမြို့...
မြို့ကြီးတစ်ခုလုံးသည် ကြီးမားသည့် စစ်တပ်စခန်းကြီးကဲ့သို့ပင် ဖြစ်နေ၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် များပြားလွန်းသည့် ငွေကြေးပမဏတစခုထိ ချေးယူပြီး စစ်ပွဲအတွက် ပြင်ဆင်ခဲ့၏။ စစ်သည်တော်ပေါင်း တစ်သိန်းကျော်တို့သည် ဤနေရာတွင် အကာအကွယ်အဖြစ် စုစည်းရောက်ရှိနေကြပြီဖြစ်၏။ ရွှေဒင်္ဂါးများသည် နေ့စဉ်နေ့တိုင်း ရေကဲ့သို့ပင် မျောလွင့်သွားခဲ့၏။
သို့ပေမည့် နင်ယွမ်ရှန်းက တစ်ချက်ကလေးမှ စိုးရိမ်မှု မရှိခဲ့ချေ။ ဤအရေးကိစ္စကြီးဆီမှ အသက်ရှင်ခဲ့သည်ဆိုပါက ရွှေဒင်္ဂါးသန်းနှင်ချီဆိုသည့် အရာက ဘာမှမဟုတ်ချေ။
လူအတော်တော်များများတို့တွင် တူညီသည့်အရာ တစ်ခုရှိ၏။ ထိုအရာက အကြွေးနှင့် ပတ်သက်ပြီး အနည်းနှင့် အများ ပမာဏ ကွာခြားချက်ပင် ဖြစ်၏။
ချေးယူသည့် ပမာဏ နည်းပါက စိုးရိမ်ပူပန်ကြသော်လည်း များပြားလွန်းပါက တဖြည်းဖြည်းနှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာအရ စိုးရိမ်ပူပန်မှု မရှိကြတော့ချေ။ ဤအရာက ထူးဆန်းလွန်းသည့် လူ့သဘောသဘာဝပင် ဖြစ်သည်။
လက်ရှိအခြေအနေမှာတော့ တိုက်ပွဲသည် ကြမ်းတမ်းလာတော့မည့် အခြေအနေ၌ ရှိနေ၏။
ရွှဲ့ပြည်နယ်၏ စစ်တပ်ကြီးသည် စတင်တိုက်ခိုက်ရန်ပင် ပြင်ဆင်ခဲ့၏။ အနည်းငယ်သော တိုက်ပွဲများကိုပင် တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်၏။ တတိယမင်းသား နင်ချီသည် အေးစက်သည့် လူတစ်ယောက်ဖြစ်သော်လည်း စစ်မြေပြင်မှာတော့ တကယ့်ကို ကြမ်းတမ်းအားကောင်းသည့် လူတစ်ယောက်ဖြစ်သည်။ သူသည် စစ်သူကြီးတစ်ယောက်အဖြစ် သန္ဓေတည် မွေးဖွားလာခဲ့သော လူပင်။
သူက တိုက်ပွဲအနည်းငယ်ကို အနိုင်ယူ တိုက်ခိုက်ခဲ့၏။ တတိယမင်းသား တင်သာမကချေ။ တတိယမင်းသား၏ နောက်လိုက်တစ်ယောက်ကလည်း နေ့စဉ်နေ့တိုင်း ဆိုသလို ဝင့်ကြွား မောက်မာစွာ စိန်ခေါ်လျက်ရှိ၏။ “ဝူဘုရင်... ငါ့ကို လာပြီးတိုက်ခိုက်စမ်း။ ဝူဘုရင်... မင်းတို့က ဘယ်လောက် သတ္တိကောင်းနေလို့ ငါတို့ဘုရင်ကို တိုက်ခိုက်ရဲတာလဲ။ ဒါပေမဲ့ မင်းတို့က ငါတို့ဘုရင်နဲ့ တိုက်ခိုက်ဖို့ ဘာအဆင့်အတန်းမှ မရှိဘူး”
အားလုံးသောသူတို့သည် ထိုသူကို လှမ်းကြည့်၏။ ထိုသူအား လန်ပေါင်ဟု ခေါ်၏။ ထိုသူသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ တုန်းက ကြီးမားသည့် တိုက်ပွဲကြီးတွင် ဒုက္ခခံခဲရသည့် စစ်ဘေးရှောင် တစ်ယောက်လည်း ဖြစ်၏။ တော်ဝင်ရန်နိုင်ငံတော်နှင့် ကျန်းလီတို့၏ကြား ကြီးမားသည့် တိုက်ပွဲကြီး တစ်ခု ဖြစ်ခဲ့ပြီး များပြားလွန်းသည့် စစ်ဘေးရှောင်များ ပေါ်ပေါက်လာခဲ့သည်။ ထိုသူတို့က နေရာအနှံ့အပြားဆီသို့ ရွေ့ပြောင်းခဲ့ကြသည်။
နာကျည်းမှုသည်လည်း စစ်ဘေးရှောင်တစ်ယောက်ပင် ဖြစ်၏။ ထို့အပြင် လန်ပေါင်ကလည်း ထိုနည်း လည်းကောင်းပင်။ သူသည် ပထမဦးဆုံး ကျုံးမိသားစု၏ မွေးစားသားတစ်ယောက် ဖြစ်ခဲ့ပြီး ကြမ်းတမ်းလှသည့် အမူအကျင့် တည်ရှိသောကြောင့် ကျုံးပေါင်ဟု ခေါ်ဆိုခဲ့၏။
ကျုံးမိသားစုထံသို့ ရောက်ရှိပြီနောက် သူ၏ သွေးမျိုးဆက်ပါရမီသည် ထိပ်တန်းအဆင့်ဖြစ်ကြောင်း ပြသနိုင်ခဲ့၏။ တစ်ဦးချင်းတိုက်ခိုက်မှုတွင် ထူးခြားသည့် စွမ်းဆောင်ရည်မျိုးကို မပြသနိုင်သော်လည်း စစ်မြေပြင် တိုက်ခိုက်မှုမှာတော့ ကောင်းကင်က ငြင်းပယ်ရလောက်သည့် အစွမ်းအစမျိုးပင်။
စကားနည်းနည်းသာ ပြောတတ်သည့် လူဖြစ်ပြီး စစ်မြေပြင်တွင် အရူးတစ်ယောက်ကဲ့သို့ တိုက်ခိုက်တတ်သည့် အလေ့အကျင့်ရှိ၏။ ရက်စက်ပြီး သွေးဆာလွန်းသည့် လူတစ်ယောက်ဖြစ်သောကြောင့် မိစ္ဆာနတ်ဆိုးဟုပင် နာမည် သမုတ်ကြသည်။ သို့ပေမည့် သူ၏ တိုက်ခိုက်လိုခြင်းစိတ်ဆန္ဒက ကြမ်းတမ်းလွန်းသောကြောင့် နယ်စားကြီးကျုံးရန်သည် သူ၏ မူရင်းအမည်ကို ဖယ်ရှားခဲ့ရ၏။
ဆယ်ကျော်သက်အရွယ်သို့ ရောက်ချိန်မှာတော့ မဟာပညာရှင်လန်တိုဆီမှ သိုင်းပညာများကို လေ့လာ သင်ယူခဲ့ပြီး သူ၏အမည်ကို လန်ပေါင်ဟု ပြောင်းလဲခဲ့၏။ ယခုအချိန်မှာတော့ အသက် ၂၈ နှစ်ခန့် ရှိပြီ ဖြစ်၏။ သူ၏ သတ်ဖြတ်လိုခြင်း ဆန္ဒများက အားကောင်းလွန်းသောကြောင့် သူ၏ဆရာကပင်လျှင် သူ့ကို ဆက်လက်သင်ကြား မပြသတော့ဘဲ နှင်ထုတ်ခဲ့သည်။
“ဝူဘုရင်၊ အမှိုက်ကောင်တွေ... ငါဒီကို ရောက်နေပြီ။ မင်းတို့အားလုံးကို ငါဖင်ချပစ်မယ်။ ဝူနိုင်ငံသားတွေ.. အမှိုက်ကောင်တွေ၊ မင်းတို့အားလုံးကို ဘောင်းဘီချွတ်ပြီးတော့ နင်းချေပစ်မယ်။ ဟား ဟား ဟား ဟား ဟား” ကြမ်းတမ်းလွန်းသည့် ထိုလူ၏အော်သံသည် မိုးခြိမ်းသံကဲ့သို့ပင် အဝေးတစ်နေရာဆီမှ ရှင်းရှင်းလင်းလင်း ကြားနိုင်၏။
ငယ်ရွယ်လွန်းသည့် ဝူဘုရင်က တည်ငြိမ်တိတ်ဆိတ်လျက် ရှိနေတုန်းပင်။ သူ့ကို ကြည့်ရှုရသည်မှာ ဘာတစ်ခုမှ မကြားသည့်ပုံကဲ့သို့ပင်။
“အရှင်မင်းကြီး... ရွှဲ့ပြည်နယ်က စစ်တပ်တွေ ထပ်ပြီးတော့ လွှတ်လိုက်ပြီ” အတိုင်ပင်ခံဝူကျိက ပြောလိုက်၏။
ဝူဘုရင်က ပြောလိုက်သည်။ “ဘယ်လောက်များတဲ့ စစ်သည်တွေလဲ။ နင်ယွမ်ရှန်း ရူးနေပြီလား။ ရွှဲ့ပြည်နယ်ရဲ့ ရှိရှိသမျှ စစ်သည်တွေ အကုန်လုံးကို ခေါ်ထုတ်လာတာလား”
အတိုင်ပင်ခံဝူကျိက ပြောလိုက်၏။ “ယန်ကျိုးက စစ်သည်တွေကို ခေါ်လာတာပါ”
ဝူဘုရင်သည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ “အင်း... ယန်ကျိုးစီရင်စုရဲ့ စစ်တပ်က အစောကြီးတည်းက တစ်သိန်းနီးပါးလောက် ရှိနေပြီ။ သူက ပျံ့ရှောင်းဆီက စစ်သည်တွေကို ခေါ်ခဲ့သေးတာလား။ ဒီလူ စိတ်လွတ်နေပြီပဲ”
ဝူကျိက ပြောလိုက်၏။ “လတ်တလောမှာ ရွှဲ့ပြည်နယ်ရဲ့ စစ်တပ်ကြီးက နေ့စဉ်နဲ့အမျှ ကျုပ်တို့ကို ရန်စနေတာ။ အထူးသဖြင့် လန်ပေါင်ပေါ့။ သူက စစ်သည်အနည်းငယ်ကို ဦးဆောင်ပြီး ကျုပ်တို့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးပြီ”
ဝူဘုရင်၏ အကြည့်များက အေးစက်သွားခဲ့သည်။ “စိတ်ကိုထိန်းထား၊ စိတ်ကိုထိန်းထား”
နင်ယွမ်ရှန်းက ရူးသွပ်နေ၏။ သို့ပေမည့် သူ ရူးသွပ်၍ မဖြစ်ချေ။ ဤအချိန်မှာတော့ သူ၏ မဟာဗျူဟာက ရိုးရှင်း၏။ သူသည် စုနန်၏ ကောင်းကင်ပေါ်မှ ပေးပို့လိုက်သည့် အခွင့်အရေးကို အခွင့်အရေးယူပြီး ယန်ကျိုးစီရင်စုသာမက ကျင်းချန်ကျွန်းတစ်ခုလုံးကိုပါ သိမ်းပိုက်ခြေမှုန်းပစ်ချင်နေ၏။
ထိုနည်းလမ်းဖြင့် သူသည် ရွှဲ့ဘုရင်၏ ဝမ်းဗိုက်ထဲသို့ ထက်ရှသည့် ဓားတစ်စင်းကို ထိုးထည့်ရပေလိမ့်မည်။ ဤမဟာဗျူဟာ အောင်မြင်သွားသည်နှင့်တပြိုင်နက် နောက်ထပ် ခြေလှမ်းတစ်ခုကို သူ ကောင်းကောင်းမွန်မွန် သက်တောင့်သက်သာနှင့် လှမ်းလျှောက်နိုင်ပေမည်။
အကယ်၍ စုရွှမ်၏စစ်တပ်ကြီးသည် ကျန်းရှစ်စီရင်စုကို ဖြတ်သန်းပြီး ရွှဲ့ပြည်နယ်၏ လမ်းတစ်လျှောက်မှ အရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်နိုင်ပြီဆိုပါက ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ နောက်ကျောက ပွင့်ထွက်သွားပေမည်။
ထိုအချိန်မှာတော့ ဝူဘုရင်သည် တစ်ချိန်က ပါသွားခဲ့သည့် ခရိုင်ကြီးကိုးခုကို ပြန်လည်သိမ်းပိုက်ရန် အခွင့်ကောင်း ဖြစ်ပေလိမ့်မည်။ ရွှဲ့ပြည်နယ်အနေနှင့် ကျိန်းသေပေါက် သူတို့၏ ပိုင်နက်မြေ သုံးပုံလောက်ကို ဆုံးရှုံးတော့မှာဖြစ်ပြီး ဒုတိယတန်းစား နိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ဝူနိုင်ငံက တမဟုတ်ချင်း တိုးတက်လာမှာဖြစ်ပြီး အရှေ့တိုင်းလောကကြီးတွင် စစ်ဘုရင် ဖြစ်လာပေလိမ့်မည်။
ဝူကျိက ပြောလိုက်၏။ “အရှင်မင်းကြီး.... နင်ယွမ်ရှန်းက တကယ့်ကို ရူးနေပြီ။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိဘဲ ကျုပ်တို့ကို လာပြီးတိုက်ခိုက်မှာ စိုးရတယ်။ ကျုပ်တို့သာ သေသေချာချာ ပြင်ဆင်မထားဘူးဆိုရင် ကြီးကြီးမားမား ဆုံးရှုံးရမှာ စိုးရပါတယ်”
ဝူဘုရင်က မျက်မှောင်ကုတ်လိုက်၏။ မူလအားဖြင့် ဤနေရာဆီသို့ စစ်တပ်ကြီးကို ခေါ်ဆောင်လာခဲ့ခြင်း ဆိုသည်မှာ ဟန်ပြသာလျှင် ဖြစ်၏။ သူ၏ ရည်ရွယ်ချက်က လေ့ကျိုးကျွန်းစုကို ထိန်းချုပ်ရန် ဖြစ်၏။ သို့ပေမည့် ရူးသွပ်နေသည့် ဘုရင်မင်းမြတ်နင်ယွမ်ရှန်းသည် မထင်မှတ်ထားလောက်အောင်ပဲ ဤနေရာဆီသို့ စစ်သည်တော်ပေါင်းများစွာကို ခေါ်ဆောင်လာခဲ့၏။ ပြီးနောက် စစ်တပ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဦးစီးကာဖြင့် အဆုံးအထိ တိုက်ခိုက်ရန် ပြင်ဆင်လာခဲ့သည်။
အကူအညီမဲ့စွာဖြင့် ဝူဘုရင်သည် သူ၏စစ်တပ်ကြီးကို အရေအတွက် တိုးရန်သာ ဆုံးဖြတ်လိုက်၏။ သို့ပေမည့် လွန်ခဲ့သည့် နှစ် ၂၀ ... ယန်ကျိုး၌ ဖြစ်တည်ခဲ့သည့် တိုက်ပွဲပြီးနောက် ဝူနိုင်ငံ၏ အားအင်အဆင့်သည် သိသိသာသာ လျော့ကျသွားခဲ့၏။ ဝူပြည်နယ်နှင့် ရွှဲ့ပြည်နယ်တို့၏ကြား ကွာခြားချက်က စစ်သည်အရေအတွက် ကွာခြားချက်ပင် ဖြစ်၏။ ရွှဲ့ပြည်နယ်လောက် သူတို့၌ စစ်သည်အရေအတွက် မရှိချေ။
“အင်း... စစ်သည်တော်ပေါင်း နှစ်သောင်းကျော်ကို ထပ်ပြီး ဆင့်ခေါ်လိုက်” ဝူဘုရင်က ပြောလိုက်၏။
“ရွှဲ့ဘုရင်က စစ်သည်တွေကို အရံအနေနဲ့ ဆင့်ခေါ်နိုင်စွမ်းရှိတယ်။”
ဝူကျိက ပြောလိုက်သည်။ “ဒါပေမဲ့ ကျုပ်တို့မှာ ခေါ်စရာ အရံစစ်သည် မရှိတော့ဘူး”
ဝူဘုရင်က ပြောလိုက်၏။ “အင်း အနောက်ဘက်ခြမ်း စစ်သည်တွေကို ခေါ်မယ်။ ယန်ကျိုးရဲ့ မြို့စောင့်တပ်က အနည်းဆုံး လေးသောင်းအောက်မှာပဲ ရှိတာ။ ဒီတော့ ကျုပ်တို့က စစ်သည်အများအပြားကို အစောင့်အဖြစ် ထားနေစရာ မလိုဘူး”
ထိုအချိန်မှာ အမဲရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည့် စစ်သည်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာသည်။ ထိုသူက ဝူပြည်နယ်၏ ရေနက်တပ်ဖွဲ့ဝင် ဖြစ်သည်။ “အရှင်မင်းကြီး.... ချောင်ဟောင်က ကျုပ်တို့နိုင်ငံအပေါ် တရားဝင် အညံ့ခံလိုက်ပါပြီ။ အခွင့်အရေးကိုအရယူပြီး နုရှောင့်မြို့ကို ဝင်စီးမယ်။ လေ့ကျိုးကျွန်းစုတစ်ခုလုံးကို သိမ်းဆည်းရပါတော့မယ်”
အရာအားလုံး စီစဉ်ပြီးဆုံးခဲ့ပြီ။ ဝူဘုရင်သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ထရပ်လိုက်၏။ ရွှဲ့ဘုရင် နင်ယွမ်ရှန်းသည် လေ့ကျိုးကျွန်းစုကို အရေးကြီးသည့်နေရာဟု မသတ်မှတ်ခဲ့ချေ။ ထို့အတူ နုရှောင့်မြို့ကိုလည်း ထိုနည်းလည်းကောင်းပင်။
သို့ပေမည့် သူကတော့ တကယ့်ကို အရေးကြီးသည်ဟု ထင်မှတ်၏။ အဘယ်ကြောင့်ဆိုသော် လေ့ကျိုးကျွန်းစု သည် ရွှဲ့ပြည်နယ်အရေးကြီး ရေပိုင်နက်နေရာဖြစ်ပြီး ထိုအရာကိုသာ သိမ်းဆည်းနိုင်ခဲ့ပါက ရွှဲ့ပြည်နယ်၏ အရှေ့ဘက် ကုန်သွယ်ရေးဂိတ်တံခါးကြီးတစ်ခုလုံးကို တားဆီးပိတ်ပစ်နိုင်သည်နှင့် တူညီပေမည်။
နင်ယွမ်ရှန်းက အိုမင်းနေပြီဖြစ်၏။ ထို့ကြောင့် မြေပြင်ကိုသာလျှင် အာရုံစိုက်၏။ ပင်လယ်ကို ဂရုမစိုက်ချေ။ ဝူဘုရင်မှာတော့ ငယ်ရွယ်သေး၏။ ထို့ကြောင့် ပင်လယ်ကုန်သွယ်မှုသည် စိတ်လှုပ်ရှားစရာကောင်းပြီး အလားအလာများနှင့် ပြည့်နှက်နေကြောင်း ကောင်းကောင်းနားလည်၏။
“အင်း... စစ်သည်တွေကို စေလွှတ်တော့။ အရင်ဆုံး ထျန်းဖန်မြို့မှာ စုရပ်အဖြစ် စုစည်းကြ။ ချောင်ဟောင် ရဲ့ စစ်သည်တွေနဲ့ ပူးပေါင်းပြီးမှ နုရှောင့်မြို့ကို တိုက်ခိုက်ကြ။ ပြီးရင် လေ့ကျိုးကျွန်းစုတစ်ခုလုံးကို သိမ်းဆည်းမယ်”
“ကောင်းပါပြီ အရှင်မင်းကြီး”
ဝူဘုရင်၏ အမိန့်ကို ရရှိပြီးနောက် ရေတပ်သားပေါင်းနှစ်သောင်းကျော်တို့သည် သင်္ဘောပေါင်းများစွာနှင့် တောင်ဘက်ပိုင်းဆီသို့ ဦးတည်ကြ၏။ နုရှောင့်မြို့နှင့် လေ့ကျိုးကျွန်းစုကို သိမ်းပိုက်ရန် အစီအစဉ်က တရားဝင် စတင်ခဲ့ပြီ။
……....
ရွှဲ့ဘုရင် နင်ယွမ်ရှန်းက မျက်မှောင်ကုတ်လိုက်၏။ အနီးအနားပတ်ဝန်းကျင်တွင် လန်ပေါင်၏ မိုးခြိမ်းသံကဲ့သို့ အော်ဟစ်ဆဲဆိုနေသည့် အသံကိုသာ ကြားနေရသည်။ တော်တော်ဝေးဝေး၌ ရှိနေသည်ဆိုလျှင်တောင်မှ သူက ထိုအသံကို ကြားရ၏။ တကယ့်ကို ကြမ်းတမ်းပြီး ဆိုးယုတ်လွန်း၏။ ဝူဘုရင်၏ မိန်းမ၊ မိဘနှင့် ဝူဘုရင်ကိုယ်တိုင်ကိုပင်လျှင် ဖမ်းဆီးကာ လုပ်ချင်တိုင်း လုပ်မည်ဟူသည့် စကားများ ပါဝင်နေသည်။
နင်ယွမ်ရှန်းသည် အခြေအနေကို လိုက်လျောညီထွေစွာ နေထိုင်တတ်သည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမည့် လန်ပေါင်၏ စကားများကို သူကိုယ်တိုင်ပင်လျှင် နားမထောင်ချင်သလို ဖြစ်လာ၏။
သို့ပေမည့် လန်ပေါင်သည် တကယ့်ကို အားကောင်းလှသည့် စစ်သူရဲတစ်ယောက် ဖြစ်ပြီး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တတ်သူ တစ်ယောက်လည်း ဖြစ်၏။ တကယ့်ကို ပြိုင်ဘက်ကင်းသည့် စစ်နတ်ဘုရားတစ်ပါး ကဲ့သို့ပင်။
သာမန်အခြေအနေအရဆိုလျှင် နင်ယွမ်ရှန်းသည် လန်ပေါင့်ကို ထုတ်ကာ သုံးမည် မဟုတ်ချေ။ အဘယ်ကြောင့် ဆိုသော် လန်ပေါင်သည် သွေးဆာလောင်လွန်းသူ တစ်ယောက်ဖြစ်ရုံသာမက စစ်တပ်၏ စည်းမျဉ်းစည်းကမ်းများ ကို ဂရုစိုက်တတ်သူ မဟုတ်သောကြောင့်ပင်။ ထို့ကြောင့် နင်ယွမ်ရှန်သည် လန်ပေါင်ကို တစ်စက်ကလေးမှ မနှစ်သက်ချေ။
“အရှင်မင်းကြီး... ဝူဝေမင်းကြီးက စပြီးလှုပ်ရှားရတော့မလားလို့ မေးနေပါတယ်”
နင်ယွမ်ရှန်းက မျက်မှောင်ကုတ်လိုက်၏။ ဤအရာက လှုပ်ရှားတိုက်ခိုက်ရန် အကောင်းဆုံး အချိန်ဖြစ်၏။ နင်ယွမ်ရှန်းသည် ဝူဘုရင်နှင့် တိုက်ခိုက်လိမ့်မည်ဟု တစ်လောကလုံးမှ လူများက သိရှိခဲ့ပြီးဖြစ်၏။ နင်ယွမ်ရှန်းသည် ဟန်ပြရန် ကျိန်းသေပေါက် တိုက်ပွဲဆီသို့ စစ်သည်များကို ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင် သွားခဲ့၏။
သူက ကျော်ကြားသည့် စစ်သူကြီးများအားလုံးကို ခေါ်ဆောင်လာသည်သာမကချေ၊ ယင်ယွမ်အဖွဲ့အစည်းဆီမှ စစ်တပ်၏ အသုံးစရိတ်အဖြစ် ရွှေဒင်္ဂါးနှစ်သန်းကျော်ကိုပင် ချေးယူခဲ့သေးသည်။
“မဟုတ်သေးဘူး။ အချိန်မကျသေးဘူး”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဝူစစ်သည်တွေ စိတ်သက်တောင့်သက်သာနဲ့ အစောင့်အကြပ်မရှိသလို ခံစားနေရတဲ့အချိန်က ဘယ်လိုအချိန်မျိုးလဲ”
မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်သည်။ “ရွှဲ့ပြည်နယ်အတွက် အန္တရာယ်အများဆုံးအချိန်ပါပဲ”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “စုနန်က ကြီးကြီးမားမား ပုန်ကန်လိမ့်မယ်။ အဲအချိန်က ဝူစစ်သည်တွေ စိတ်အေးလက်အေး ဖြစ်နေမယ့်အချိန်ပဲ။ အဲလိုအချိန်မျိုးမှာ ပျံ့ရှောင်းသာ ဝင်ပြီး တိုက်ခိုက်မယ်ဆိုရင် အကုန်အလစ်အငိုက်မိပြီး သေကြလိမ့်မယ်။ ဘယ်လောက်ကောင်းလဲ”
သူက ဝူပြည်နယ်ထဲက လူတွေကို သတ်ဖြတ်ပစ်ပြီး ပတ်ဝန်းကျင်နိုင်ငံအသီးသီးကို ကြောက်လန့်စေလိမ့်မယ်။ ပြီးတော့ ချောင်ပြည်နယ်ကို နောက်ဆုတ်အောင် တွန်းပို့ပေးနိုင်လိမ့်မယ်။ ကျန့်ထော်က အားနည်းမှုကို ဆက်လက်ပြီး ပြသရမယ်။ ပြီးတော့ ပိုင်ရီဂိတ်တံခါးကိုလည်း သေသေချာချာ ပိတ်ထားရမယ်။”
“ကောင်းပါတယ်”
မိန်းမစိုးကြီးလီစွမ်းသည် ကျောရိုးမကြီးပင် စိမ့်တက်သွားခဲ့၏။ ဘုရင်မင်းမြတ် ရူးသွပ်သွားပြီဟု သူ ထင်မှတ်ခဲ့၏။ ဤလောင်းကစားက ကြီးမားလွန်း၏။ တကယ့်ကို ကောင်းကင်ပေါ်သို့ တက်ကာ ကခုန်ခြင်းနှင့် ဆင်တူ၏။ ပြုတ်ကျသည်ဆိုပါက အောက်၌ ရေတွက်၍မရအောင်များပြားသည့် ထက်ရှလွန်းသော ဓားသွားများ စောင့်နေသည်။
“အင်း... ဒီနေရာမှာ နည်းနည်း အရှုပ်အထွေးတွေ ရှိနေတယ်လို့ ထင်မိတယ်။ ကျန်းချုံးနဲ့ ရှမ့်လန်တို့က ကျုပ်ကို စိတ်မပျက်စေဖို့ မျှော်လင့်မိတယ်”
နင်ယွမ်ရှန်းက ပြောလိုက်၏။ “အင်း.. သူတို့နှစ်ယောက်နဲ့ ကျန့်ထော်က စုနန်ရဲ့ ပုန်ကန်မဲ့စစ်တပ်ကြီးကို ပိုင်ရီစီရင်စုမှာ ပိတ်ဆို့ထားနိုင်ဖို့ အရေးကြီးတယ်”
လီစွမ်းသည် မည်သည့်စကားကိုမှ မပြောတော့ချေ။ ထိုအရာက ခက်ခဲလွန်းလှ၏။ ကျန်းချုံးထံတွင် လူပေါင်း ၃၀၀၀ ကျော်သာလျှင်ရှိပြီး ရှမ့်လန်ထံတွင် လူရာချီသာလျှင် ရှိ၏။ ကျန့်ထော်၏ စစ်တပ်ကြီး တည်ရှိ နေသည်ဆိုလျှင်တောင်မှ စုနန်၏ ပုန်ကန်ည့် စစ်တပ်ကြီးကို ခုခံကာကွယ်ဖို့ဆိုသည်မှာ အလွန်ပင် ခက်ခဲလွန်းလှသည်။
အချက်အလက်အားဖြင့် အခြားသောသူများထက် ဘုရင်မင်းမြတ်က ပိုမိုကာ စိုးရိမ်ပူပန်၏။ ပိုင်ရီခရိုင်သည် ကျိန်းသေပေါက် စုနန်၏ မြေပိုင်နက်တစ်ခုဖြစ်ပြီး ရှမ့်လန်နှင့် ကျန်းချုံးတို့ ထိုနေရာထဲသို့ ဝင်သွားခြင်းဆိုသည်မှာ ကျားသားရဲတွင်းထဲသို့ ဝင်ရောက်သွားခြင်းနှင့် ဆင်တူပြီး အသက်ရှင်ရန် အခွင့်အရေး နည်းပါးလွန်း၏။
သို့ပေမည့် သူအသုံးပြုခဲ့သည့် လူများကို သံသယဖြစ်စရာ မရှိချေ။ ဤလူများက တကယ့်ကို အားကောင်းလွန်း၏။ ရှမ့်လန်သည် မည်သည့် သိုင်းပညာစွမ်းရည်မှမရှိသော်လည်း တခြားသောသူများကို ထိခိုက်နာကျင်အောင် ပြုလုပ်သည့်နေရာမျိုးတွင် လျှမ်းလျှမ်းတောက် တော်လွန်းသူဖြစ်၏။ ပိုင်ရီစီရင်စုတွင် မည်သည့်အခြေအနေ ဖြစ်နေသနည်း။ ရှမ့်လန်၊ ကျန်းချုံးတို့ သူ့ကို စိတ်မပျက်အောင် ကြိုးစားမှာ သေချာသည်။
ထိုအချိန်မှာပဲ မိန်းမစိုးရှောင်လီသည် အရှေ့ဆီသို့ လှမ်းတက်ကာ ပြောလိုက်၏။ “အရှင်မင်းကြီး... ပိုင်ရီစီရင်စုကနေ အရေးကြီး သတင်းပို့ချက် ရောက်လာပါတယ်”
နင်ယွမ်ရှန်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ လီစွမ်း ဖေးမသည်ကိုပင် မစောင့်တော့ချေ။ တိုက်ရိုက်ဆိုသလိုပဲ အရှေ့သို့ လွှားခနဲရောက်ရှိသွားပြီး လျှို့ဝှက်စာကို လှမ်းယူ၏။ လျှို့ဝှက်စာကို ဖတ်ရှုပြီးနောက် နင်ယွမ်ရှန်းသည် ဆံပင်များအားလုံး ထောင်ထသွားခဲ့သည်။
“ချီး... ချီးတဲ့မှ”
သူက ဘုရင်မင်းမြတ်ဖြစ်၏။ ထို့ကြောင့် ယဉ်ကျေးသော စကားများကိုသာ ပြောဆိုသင့်၏။ သို့ပေမည့် စိတ်မထိန်းနိုင်တော့ချေ။ သူသည် ကျန်းချုံးနှင့် ရှမ့်လန်တို့ကို ပိုင်ရီစီရင်စုဆီသို့ သွားရောက်စေပြီး စုနန်ကို ထိန်းချုပ်ထားရန်၊ စုနန် မပုန်ကန်အောင် တားဆီးထားရန် ခိုင်းစေခဲ့ခြင်း ဖြစ်၏။ သူက များများစားစား မပြောခဲ့ချေ။ သူသည် အပေါ်ယံ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်၏။ နောက်ကွယ်တွင် အဓိပ္ပာယ်များစွာ ပါသည်။
ရှမ့်လန်တစ်ယောက် သူ၏ ရည်ရွယ်ချက်ကို နားလည်လိမ့်မည်ဟု သူ ကောင်းကောင်း သိ၏။ ပိုင်ရီစီရင်စု တစ်ခုလုံးက ရှုပ်ထွေးလျက်ရှိနေပြီး စုနန်က ပြဿနာပေါင်းများစွာကို ဖန်တီးထား၏။ ထို့ကြောင့် သူက တကယ့်ကို စိုးရိမ်ပူပန်မိခဲ့ချေ၏။ လျှို့ဝှက်စာကို ဖတ်ရှုပြီးနောက် နင်ယွမ်ရှန်းသည် ရှမ့်လန်၏ လုပ်ရပ်ကို သိရှိသွားခဲ့၏။
“ရှမ့်လန်... မင်း ရူးနေပြီလား။ မင်း လူဘယ်လောက်များများ သတ်ခဲ့တာလဲ။ တိုက်ရိုက်ရော၊ သွယ်ဝိုက်ရော အနည်းဆုံး လူပေါင်းတစ်သောင်းလောက် ရှိလိမ့်မယ်။ ပိုင်ရီစီရင်စုတစ်ခုထဲမှာ မင်းသတ်ခဲ့တဲ့ လူဘယ်လောက်တောင် ရှိနေပြီလဲ။ ရှမ့်လန် ဟမ်... မင်းက တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ လူတစ်ယောက်ပဲ။ အနောက်တိုင်းကုန်သည်တွေ စုဆောင်းထားတဲ့ ချမ်းသာကြွယ်ဝမှုအားလုံးကို လုယက်သွားတယ် ဟုတ်လား။”