အခန်း (၃၈၈)
Vol. 29 Ch. 388
ဤအရာက ဘုရင်မင်းမြတ် ချမှတ်ထားခဲ့သည့် အောက်ခြေစည်းမျဉ်း ဖြစ်၏။
ပိုင်ရီမြို့၌ စုကလန်၏ ပုန်ကန်မှုကို တားဆီးရန် တစ်လနှစ်လ အနည်းဆုံး အချိန်ယူရပေလိမ့်မည်။ ဤအတောအတွင်း ပိုင်ရီမြို့ ကျဆုံးသွားပါက ရှမ့်လန်ရော၊ ကျန်းချုံးပါ ရှုံးနိမ့်ပြီဖြစ်သည်။
ရှမ့်လန်သည် စာအနည်းငယ်ကို ရေးသားပြီး ကျန်းချုံးကို ကမ်းပေးလိုက်၏။ “အဘိုးကျန်း.. ခဏလောက် တွေ့ဆုံပြီးတဲ့နောက်မှာ ကျုပ်တို့ ပြန်ပြီး လမ်းခွဲရတော့မယ်။ စုရွှင်ရဲ့ စစ်တပ်က ဒီနေရာကို ပြည့်ပြည့်ဝဝ မဝိုင်းရံထားသေးဘူး။ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ကျုပ်သွားရမယ်”
မင်းသမီးနင်ကျဲ့က ကြောင်အသွား၏။ ရှမ့်လန်သည် မြို့ကို ကာကွယ်ရန် ဤနေရာတွင် နေရမည် မဟုတ်ပါလား။ ဘယ်ကို သွားရမည်နည်း။
ကျန်းချုံးက ပြောလိုက်၏။ “တိုက်ပွဲရဲ့ အဓိကအင်အားက ချင်နိုင်ငံစစ်သည်တွေပဲ။ ချင်နိုင်ငံနဲ့ စုကလန်တို့ ပေါင်းစည်းမိသွားမယ်ဆိုရင် ကျုပ်တို့ ဘယ်လောက်ပဲ လုပ်နိုင်ကိုင်နိုင်အားရှိရှိ ကျိန်းသေပေါက် ရှုံးရမှာပဲ။ ကျုပ်တို့ဆီမှာ လူလေးထောင်ကျော်ပဲ ရှိတယ်။ စုရွှင်ရဲ့ သောင်းနဲ့ချီတဲ့စစ်တပ်ကြီးကို ကျုပ်တို့ ဘယ်လိုလုပ် တားဆီးနိုင်မှာလဲ”
တော်ဝင်မင်းသမီး နင်ကျဲ့က ပြောလိုက်သည်။ “ဒါပေမဲ့ အရှင်မင်းကြီးရဲ့ အမိန့်က စုနန်ရဲ့ ပုန်ကန်မှုကို တစ်လနှစ်လလောက် တားဆီးထားဖို့ပဲ။ မြောက်ဘက်ပိုင်းက အခြေအနေတစ်ခုလုံး ရှင်းလင်းသွားတာနဲ့ အဓိက စစ်တပ်ကြီး ရောက်လာပြီး အားဖြည့်ပေးလိမ့်မယ်။ ဒါဆို စုနန်ကို အပြတ်ရှင်းနိုင်ပြီလေ”
ကျန်းချုံးက ပြောလိုက်၏။ “ဒါပေမဲ့ ရှမ့်က အရှင်မင်းကြီးရဲ့ အဓိကစစ်တပ်ကြီး ရောက်တာကို မစောင့်ချင်ဘူး။ သူက ကျုပ်တို့ နှစ်ယောက်တည်းအားနဲ့ စုမိသားစုတစ်ခုလုံးကို သုတ်သင် ရှင်းလင်းပစ်ချင်တာ”
တော်ဝင်မင်းသမီးနင်ကျဲ့၏ ကျောရိုးမကြီးက စိမ့်တက်သွားသည်။ “ရူးနေပြီ။ ရူးနေပြီလား။ ဘယ်လို ဖြစ်နိုင်မှာလဲ”
နင်ကျဲ့က တီးတိုး ပြောလိုက်၏။ “ရှင်တို့နှစ်ယောက်မှာ လူလေးထောင်ပဲ အများဆုံး ရှိတာ။ စုနန်ရဲ့ စစ်တပ်ကို တစ်လလောက် နှောင့်နှေးအောင် ပြုလုပ်ထားနိုင်မယ်ဆိုရင်တောင် တကယ့်ကို ကြီးမားတဲ့ အောင်ပွဲကြီးတစ်ခုပဲ။
လူပေါင်းသောင်းချီ တည်ရှိနေတဲ့ စုရွှင်ရဲ့ စစ်တပ်ကြီးကို ဖျက်ဆီးပစ်ဖို့ဆိုတာ အိမ်မက်မက်သလိုပဲ ဖြစ်လိမ့်မယ်။ အရှင်မင်းကြီးရဲ့ အမိန့်ကလည်း အရမ်းကို ရိုးရှင်းတယ်။ သူက စစ်သူကြီး ကျန့်ထော်နဲ့ ပူးပေါင်းပြီး စုနန်ကို တစ်လနှစ်လလောက် တားဆီးထားပေးဖို့ပဲ”
ရှမ့်လန်က ပြောလိုက်၏။ “စစ်သူကြီးတွေ အပြင်ဘက်ကို ရောက်တဲ့အချိန်မှာ ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို လက်ခံချင်မှ လက်ခံမှာပေါ့”
ပြီးနောက် ရှမ့်လန်သည် လက်သီးဆုပ်ပြီး ကျန်းချုံးဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “လူကြီးမင်းကျန်း... နှုတ်ဆက်ပါတယ်။ တစ်လလောက်တော့ စောင့်အုံး။ အချိန်ရောက်လာပြီဆိုရင် ကျုပ်ရဲ့စစ်တပ်ကို ခေါ်လာပြီး အတွင်းနှင့်အပြင် နှစ်ဖက်ညှပ်တိုက်ခိုက်ကြတာပေါ့။ ပြီးတော့ စုနန်ရဲ့ ပုန်ကန်တဲ့စစ်တပ်ကြီးတစ်ခုလုံးကို သတ်ဖြတ်ကြမယ်”
ကျန်းချုံးက ပြောလိုက်၏။ “ရှမ့်... ဂရုစိုက်ပါအုံး။ မြို့ရှိရင် ငါရှိမယ်။ တကယ်လို့ မြို့မရှိရင် ငါလည်း မရှိတော့ဘူး။”
သို့နှင့် ရှမ့်လန်သည် သူ၏စစ်မြင်းပေါ်သို့ အသာခုန်တက်ပြီး လူဦးရေ ၂၀၀ ကျော်ကို ဦးဆောင်ကာ မြန်မြန်ဆန်ဆန် ထွက်ခွာပျောက်ကွယ်သွားခဲ့၏။ ပိုင်ရှိမြို့အား ရန်သူများအလုံးစုံ ဝိုင်းမပိတ်ရသေးသည်ကို အခွင့်အရေး ယူပြီး အရှေ့ဘက်တံခါးမှ ထွက်ခွာကာ ပျောက်ကွယ်သွားခဲ့သည်။
မင်းသမီးနင်ကျဲ့သည် ပျောက်ကွယ်သွားခဲ့သည့် ရှမ့်လန်၏ ပုံရိပ်ကို လှမ်းကာ ကြည့်ရှုရင်း တီးတိုး ပြောလိုက်၏။ “သူ ဘာသွားလုပ်မှာလဲ”
ကျန်းချုံးက ပြောလိုက်သည်။ “ချင်နိုင်ငံရဲ့ အဓိကစစ်တပ်ကြီးကို သွားပြီး ဖျက်ဆီးတာ”
နင်ကျဲ့က ပြောလိုက်၏။ “သူ့လူလေး ၂၀၀ နဲ့လား။ သူက အာယုထိုင်ရဲ့ စစ်သည်တော်ပေါင်း လေးသောင်းကျော် ငါးသောင်းကို ဖျက်ဆီးပစ်ချင်တာလား”
ကျန်းချုံးက ပြောလိုက်သည်။ “အင်း.. အဲဒါကို လဝက်နီးပါးလောက်အတွင်းမှာ သူလုပ်လိမ့်မယ်”
နင်ကျဲ့သည် ရူးသွပ်သွားလုမတတ်ပင် ခံစားနေမိ၏။ ချင်နိုင်ငံ၏ အဓိကအင်အားစုကြီးသည် စစ်သည်တော်ပေါင်း လေးသောင်းငါးသောင်းခန့် ရှိ၏။ ရှမ့်လန်မှာတော့ လူဦးရေ ၂၀၀ ကျော်သာလျှင် ရှိ၏။ ထို့အပြင် ရှမ့်လန်ဆိုသည့် ကောင်လေးသည် ကြက်ကိုပင် လည်လိမ်သတ်ရန် အားရှိသည်မဟုတ်ချေ။ စစ်သည်တော်ပေါင်း ၂၀၀ ကျော်ကို ဦးဆောင်ပြီး လေးငါးသောင်းကို သွားရောက်ကာ သတ်ဖြတ်ချင်နေသည်လား။ အိမ်မက်မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
နင်ကျဲ့သည် မည်သို့မှ မနေနိုင်ဘဲ ပြောလိုက်မိသည်။ “ဆရာကျန်း... ရှမ့်လန်က တကယ့်ကို ရူးသွားပြီ။ ပြီးတော့ ရှင်လည်း ရူးသွားပြီ။ ဘုရင်မင်းမြတ်ရဲ့အမိန့်က ရှင်းလင်းတယ်။ စုနန် ပုန်ကန်လာတာကို တစ်လ၊ နှစ်လလောက် ထိန်းချုပ်ထားရုံပဲ။ သူတို့ကို သုတ်သင်ပစ်စရာ မလိုဘူး”
ကျန်းချုံးက ပြောလိုက်၏။ “အရှင်မင်းသမီး... ကျုပ် ရှမ့်ကိုတားဆီးနိုင်မယ်လို့ ခင်ဗျားထင်လား။ သူက လက်စားချေပြီး အမုန်းတရားအားလုံးကို ဖြေရှင်းပစ်မယ်။ စုကလန်တစ်ခုလုံးကို သုတ်သင် ရှင်းလင်းပစ်မယ်လို့ ကြွေးကြော်နေခဲ့တာ လပေါင်းများစွာ ကြာခဲ့ပြီ”
နင်ကျဲ့က ပြောလိုက်သည်။ “စုနန်နဲ့ သူ့ရဲ့ကြားမှာ ဘယ်လိုရန်ငြိုးမျိုး ရှိတာလဲ”
ကျန်းချုံးက ပြောလိုက်၏။ “စုကလန်က ကျင်းမိသားစု ဒုက္ခရောက်နေတဲ့အချိန်မှာ ခဲနဲ့ လှမ်းပစ်တယ်။ စုကျန့်ထင်က သူ့ယောက္ခမကြီးရဲ့ နောက်ကျောကို ဓားနဲ့ ခုတ်ခဲ့တယ်”
မင်းသမီးနင်ကျဲ့သည် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။ ဤအရာက ကြီးမားသည့် အမုန်းတရားဟု သတ်မှတ်၍ ရသည်လား။ မိဘများကို သတ်ဖြတ်ခဲ့ခြင်းဟု သူမက ထင်မှတ်ခဲ့၏။ သို့ပေမည့် ယောက္ခမကြီး၏ နောက်ကျောကို ဓားနှင့်ခုတ်သောကြောင့် စုမိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ရန် ပြင်ဆင်လျက် ရှိနေ၏။ သောက်တလွဲပင်။ ဤရှမ့်လန်ဆိုတဲ့ ကောင်လေးသည် အမြင်ကျဉ်းမြောင်းလွန်းသူ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ကျန်းချုံးက ပြောလိုက်သည်။ “ပြီးတော့ နန်းမြို့တော်ထဲမှာ စုနန်က ဟယ်ဝမ်ဝမ့်ကို အသုံးပြုပြီး ရှမ့်လန်ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သေးတယ်”
မင်းသမီးနင်ကျဲ့သည် ကျန်းချုံးကို အချိန်အတော်ကြာ ကြည့်ရှုကာ ပြောလိုက်၏။ “လူကြီးမင်းကျန်း... ရှင်က အံ့အားသင့်စရာပဲ”
ဆိုလိုရင်းက တကယ့်ကို ရှင်းလင်းလှ၏။ ကျန်းချုံးနှင့် ရှမ့်လန်တို့သည် နုကျန့် စီရင်စုတွင် သူသေကိုယ်သေ ယှဉ်ပြိုင်ခဲ့သူများ ဖြစ်သည်။ နှစ်ယောက်သား အကြိမ်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ပြီး အရေအတွက်က စုနန်ထက်ပင် ပိုမိုကာ များပြား၏။ သို့ပေမည့် အဆုံးသတ်မှာတော့ စုနန် မသေဆုံးမချင်း ရှမ့်လန်က အနားယူလိမ့်မည် မဟုတ်သလို ကျန်းချုံးကလည်း ရှမ့်လန်ကို လိုက်ပါကူညီနေ၏။ ထိုသူတို့သည် ရင်းနှီးပတ်သက်မှုသည် မိတ်ဆွေရင်း၊ မိတ်ဆွေကောင်းများကဲ့သို့ပင် ဖြစ်နေ၏။
ကျန်းချုံးက ပြောလိုက်သည်။ “ကျုပ် ရှမ့်နဲ့ ဘယ်လိုပုဂ္ဂိုလ်ရေးရာ ရန်ငြိုးမှ မရှိခဲ့ပါဘူး”
မင်းသမီးနင်ကျဲ့က မေးလိုက်၏။ “ရှမ့်လန်က လူ ၂၀၀ ထဲကို ခေါ်သွားပြီး ချင်နိုင်ငံရဲ့ အဓိကစစ်တပ်ကြီးကို ဖျက်ဆီးပစ်ချင်တယ်လေ။ သူ ဘယ်လိုလုပ်မှာလဲ။”
ကျန်းချုံးက ပြောလိုက်သည်။ “သူ ဘယ်လိုလုပ်မလဲ ကျုပ်မသိပါဘူး”
နင်ကျဲ့က ပြောလိုက်၏။ “ရှင်မသိဘူးဟုတ်လား။ မသိဘဲနဲ့ ရှင် သူ့ကို ယုံကြည်နေသေးတယ်။ ရှင့်ရဲ့အသက်ကို ပေးအပ်ပြီး ရှင် သူ့ကို ယုံကြည်ထားတယ်ပေါ့”
ကျန်းချုံးက ပြောလိုက်သည်။ “ကျုပ်ဆီမှာ တခြားရွေးချယ်ခွင့် မရှိဘူးလေ။ ဒီအချိန် အရှင်မင်းကြီးက ကျုပ်နဲ့ ရှမ့်လန်ကို ဒီနေရာကို ပို့ဆောင်လိုက်ခဲ့တယ်။ မျက်နှာပြင်ထက်မှာ ကျုပ်က ခေါင်းဆောင်၊ သူက ကူညီပေးရတဲ့သူပဲ။ ဒါပေမဲ့ တကယ့် တကယ်တမ်းမှာတော့ အဲလိုမဟုတ်ဘူး။ သူက ခေါင်းဆောင်၊ ကျုပ်က လက်ထောက်ပဲ”
နင်ကျဲ့က ပြောလိုက်၏။ “ဒါဆိုရင် ရှမ့်လန်က လူလေး ၂၀၀ ကျော်နဲ့ ချင်နိုင်ငံရဲ့ အဓိကအားအင်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မယ်လို့ ရှင်ယုံကြည်တယ်လား”
“ကျုပ်မသိဘူး”
ကျန်းချုံးက ပြောလိုက်သည်။ “ဒါပေမဲ့ ယုံကြည်တယ်””
နင်ကျဲ့က ပြောလိုက်၏။ “ရူးနေပြီ။ ရှင့်တို့အားလုံး ရူးနေပြီပဲ။ ကျွန်မ ဒီကိစ္စကို အရှင်မင်းကြီးဆီ သတင်းပို့ရမယ်။ အရှင်မင်းကြီးရဲ့အမိန့်က ရှင်းလင်းတယ်။ စုနန်ရဲ့ စစ်တပ်ကြီးကို တားဆီးထားဖို့ပဲ။ သုတ်သင်ပစ်ဖို့ မဟုတ်ဘူး။ လုံးဝ သုတ်သင်ပစ်ဖို့ မဟုတ်ဘူး”
ကျန်းချုံးက ပြောလိုက်သည်။ “အရှင်မင်းသမီး.. စိတ်ကြိုက်သာလုပ်ပါ။ ဒါပေမဲ့ အခုစုနန်ရဲ့ မြားက လေးကြိုးပေါ်ကို ရောက်နေပြီ။ သူ့အနေနဲ့ ရွေးချယ်ခွင့်မရှိဘဲ ပစ်ရတော့မယ်။ ကျုပ်တို့ကလည်း မြားကြိုးပေါ်ကို ရောက်နေပြီ။ ကျိန်းသေပေါက် ပစ်ရတော့မှာပဲ”
……....
စုရွှင် သည် နောက်ဆုံး စတင်ကာ လှုပ်ရှားပြီဖြစ်၏။ လူဦးရေ ၂၀၀၀ ကျော်ကို စုစည်းပြီး ဓားပြများကို လိုက်လံ သတ်ဖြတ်ခြင်းဖြစ်သည်။ လူဆိုး၊ သူခိုး၊ ဓားပြပေါင်း ရှစ်ထောင်ကျော် သေဆုံးခဲ့ပြီး လက်ကျန် ထောင်ကျော်တို့ ကလည်း ညအမှောင်ကို အခွင့်အရေးယူကာ ထွက်ပြေးကြသည်။ သူတို့က တောထဲသို့ ပြေးဝင်ပြီး ပျောက်ချင်းမလှ ပျောက်ကွယ်သွားကြ၏။
“ငါ ရွှေဒင်္ဂါး သုံးသိန်းနီးပါးလောက်ကိုပဲ စုဆောင်းနိုင်ခဲ့တယ်။ ကျန်တဲ့ဟာတွေအားလုံး ပါသွားခဲ့ပြီ။ လူပေါင်း တစ်သောင်းနီးပါးလောက်ရဲ့ ငွေကြေးတွေနဲ့ အရာအားလုံးကို ရှမ့်လန်က ယူဆောင်ခဲ့တယ်။ ပြီးတော့ အဲလူတွေ အကုန်လုံးကို သတ်ပစ်လိုက်ပြီ။ အဲဒီငွေတွေကို ကျန်းချုံးရသွားမှာ သေချာတယ်။ ဒါကို စစ်အသုံးစရိတ်အတွက် သုံးလိမ့်မယ်”
စုရွှင်သည် ပေါက်ကွဲလုမတတ် ဖြစ်နေ၏။ သူ၏ စစ်တပ်ကြီးသည် အချိန်အတော်ကြာ သေသေချာချာ ကြိုးစားခဲ့၏။ သို့ပေမည့် အဆုံးသတ်မှာတော့ တစ်ဖက်လူက ထိုအရာအားလုံးကို ရယူသွားခဲ့၏။ ကြိုးစားခဲ့သမျှ အရာအားလုံးက ဘာမှအရာ မထင်ခဲ့ချေ။
ခဲတစ်လုံးနှင့် ငှက်သုံးကောင်ကို သတ်ဖြတ်မည့် အစီအစဉ်ကလည်း ကျဆုံးခဲ့၏။ ရွှေဒင်္ဂါးများကိုလည်း လုံလုံလောက်လောက် မရခဲ့ချေ။ ထို့အပြင် ပိုင်ရီမြို့ကိုလည်း မရခဲ့သည့် အပြင် ကျန်းချုံးအား ရွှေဒင်္ဂါးသိန်းနှင့်ချီ ပေးအပ်ခဲ့၏။
စုရွှင်က ပြောလိုက်သည်။ “ဒီအချိန် ကျုပ်တို့ ဆုံးရှုံးမှုက ရွှေဒင်္ဂါးဘယ်လောက်များများ ရှိမလဲ”
“တစ်သန်းလောက်ပေါ့။ အနောက်တိုင်းကုန်သည်တွေ စုဆောင်းထားသမျှ အရာအားလုံး သူတို့ ရသွားခဲ့တာပဲ”
စုရွှင်သည် မူးနောက်နောက်ပင် ခံစားနေမိ၏။ သူ၏အရှင်သည် ခဲတစ်လုံးနှင့် ငှက်သုံးကောင်ကို သတ်ဖြတ်ချင်၏။ သို့ပေမည့် အားလုံးသော အစီအစဉ်များက ကျဆုံးခဲ့၏။ မျက်နှာပြင်ထက်တွင် ဤကဲ့သို့ ပုံစံပေါ်သော်လည်း တကယ်တမ်းမှာတော့ နှစ်ဆ ရှုံးနိမ့်ခဲ့ခြင်းပင် ဖြစ်၏။
ဘာဆက်လုပ်ရမည်နည်း။ ချက်ချင်းမြို့ကို တိုက်ခိုက်ရမည်လား။ ထိုသို့ဆိုလျှင် ပုန်ကန်ခြင်းဖြစ်၏။ ချင်နိုင်ငံ၏ တပ်ဖွဲ့ကြီးက မရောက်ရှိသေးချေ။
ထိုသို့ဆိုလျှင် နောက်ဆုတ်ရမည်လား။ မဖြစ်နိုင်ချေ။ စစ်သည်တို့၏ စိတ်ဓာတ်ပိုင်းဆိုင်ရာက ထိခိုက်သွားပေလိမ့်မည်။ ထို့အတူ ဝိုင်းပိတ်ထားပြီး မတိုက်ခိုက်ဘဲ ထားရမည်လား။ ထိုကဲ့သို့လည်း လုပ်၍ ဖြစ်လိမ့်မည် မဟုတ်ချေ။
ကျန်းချုံးအကြောင်းကို သူ သေသေချာချာ သိရှိပြီးဖြစ်၏။ စောစောတိုက်ခိုက်လေ ကောင်းလေ ဖြစ်သည်။
ထိုအချိန်မှာပဲ ကင်းထောက်တစ်ယောက်က ရောက်ရှိလာပြီး သတင်းပို့၏။ “သခင်ကြီး.. ရှမ့်လန်က စစ်သည်တော် ၂၀၀ ကျော်ကို ခေါ်ဆောင်ပြီး ပိုင်ရီမြို့ကနေ ထွက်ခွာသွားခဲ့ပါပြီ။ သူက အရှေ့ဘက် ဂိတ်တံခါးကနေ ထွက်ပြီး ပျောက်သွားတာပဲ”
စုရွှင်က တုန်ယင်သွားခဲ့၏။ ဤမြွေကောင်လေးက ဘယ်ကို သွားရသနည်း။ မြို့ထဲတွင် မနေထိုင်ဘဲ မည်သည့်နေရာကို သွားရသနည်း။ မကြာခင်မှာပဲ သူ နားလည်သွားခဲ့၏။ ရှမ့်လန်၏ အဓိကပစ်မှတ်သည် ချင်နိုင်ငံ၏ အဓိက စစ်တပ်ကြီးသာ ဖြစ်ပေလိမ့်မည်။
“ထုဟိုင်”
စုရွှင် ဘာမှ မပြောခင်မှာဘဲ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ထုဟိုင်သည် သူ၏ ဘုန်းကြီး စစ်သည်တော်ပေါင်း ၂၀၀၀ ကျော်ကို ဦးဆောင်ပြီး ရှမ့်လန်နောက်သို့ လိုက်၏။ ယခု ရှမ့်လန်နှင့် တော်ဝင်ကပ်ဘေး ဘုရားကျောင်းတို့သည် တစ်ခုနှင့်တစ်ခု ကြီးမားသည့် အမုန်းတရားများ စိုက်ထူခဲ့ပြီးပြီ ဖြစ်၏။
ချောင်ပြည်နယ်၏ မဟာပညာရှင် ပန်ရော့ကလည်း လျင်လျင်မြန်မြန် ထွက်ခွာသွားခဲ့၏။ သူမ၌ ပစ်မှတ်တစ်ခုတည်း ရှိ၏။ ဓားဘုရင် လီချင်းချိုးပင်။
စုရွှင်က ပြောလိုက်၏။ “စုရုံ.. ဒီသတင်းဆိုးကို အရှင့်ဆီ ဘယ်လိုသတင်းပို့မှာလဲ။ ဘာဆက်လုပ်ကြမှာလဲ။ အရှင် ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မေးလိုက်တော့”
“ကောင်းပါပြီ” စုရုံသည် မြင်းပေါ်သို့ တက်ကာဖြင့် နယ်စားကြီး၏ အိမ်တော်ဆီသို့ အသော့နှင်သည်။
….....
နောက်တစ်ရက် နယ်စားကြီးအိမ်တော်၏အတွင်းမှာတော့ ...
စုနန်သည် စုရွှင်၏ လျှို့ဝှက်စာကို ကိုင်ရင်း ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေ၏။ သူ၏ လက်များကလည်း အေးစက်နေ၏။ သူ မည်သို့မှ မယုံနိုင်ခဲ့ချေ။ ခဲတစ်လုံးနှင့် ငှက်သုံးကောင်သတ်ဖြတ်မည့် အကြံအစည်ကြီးက ကျိန်းသေပေါက် လောကကြီးတစ်ခုလုံး လှုပ်ခတ်သွားစေမည့်အရာမျိုး ဖြစ်၏။ သို့ပေမည့် ဤကဲ့သို့ ကောင်းမွန်သည့် အစီအစဉ် ရှိသည်ဆိုလျှင်တောင်မှ ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့ချေ။
အဆုံးသတ်က ဘာဖြစ်သွားသနည်း။ တစ်ခုမှ မအောင်မြင်ခဲ့ချေ။ ရှမ့်လန် ခွေးသူခိုးလေးက ထွက်ပြေးသွားခဲ့၏။ ပိုင်ရီမြို့ကလည်း ကျန်းချုံး၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရ၏။ ရွှေဒင်္ဂါးပေါင်း သန်းချီ ဆုံးရှုံးခဲ့ပြီး ကျန်းချုံး၏ လက်ထဲသို့ ထိုအရာ၏ တစ်ဝက်လောက် ရောက်ရှိသွားခဲ့သည်။ ထိုအရာကလည်း ကျန်းချုံး၏ စစ်အသုံးစရိတ် ဖြစ်လာခဲ့၏။ သူနှင့်ရှမ့်လန်တို့၏ကြား တိုက်ပွဲတွင် သူသည် ဂုဏ်သိက္ခာအရ ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ ရှမ့်လန်သည် ကျိန်းသေပေါက် သူ၏မျက်နှာကို ပိတ်ရိုက်ခဲ့ခြင်းသာ ဖြစ်၏။
နှစ်ဆရှုံးနိမ့်ခဲ့ခြင်းပင် သွေးအန်လုမတတ်ပင် ဒေါသထွက်မိ၏။ ရှမ့်လန်သည် လူဦးရေ သောင်းချီကို သတ်ဖြတ်ရဲလောက်အောင်ထိ ရက်စက်ခဲ့၏။ စုနန်ကိုယ်တိုင်ပင်လျှင် ထိုအကြောင်းအရာကို ကြားသည့် အချိန်၌ မူးဝေဝေ ခံစားမိခဲ့၏။ သူ၏ ရင်ဘတ်ထဲတွင် ဖြစ်တည်လာခဲ့သည့် ဒေါသတရားများကြောင့် မည်သို့မျှ မနေနိုင်ဘဲ သွေးများ အန်ထွက်လာခဲ့သည်။
ရှမ့်လန်က ပိုင်ရီခရိုင်တွင် ကြာကြာမနေခဲ့ချေ။ သို့ပေမည့် စုကလန်ကို ကြီးကြီးမားမား ဆုံးရှုံးအောင် ပြုလုပ်ခဲ့၏။ ဤတစ်ကြိမ် ဆုံးရှုံးမှုက နာကျင်ဖွယ်ရာအတိပင်။ လက်ထဲသို့ရောက်ရှိမည့် ရွှေဒင်္ဂါးသန်းချီသည် အောက်သို့ ပြုတ်ကျသွားခဲ့၏။
စုနန်သည် ညီလာခံ၌ အဆင့်မြင့်ရာထူးဖြင့် အချိန်အတော်ကြာ နေထိုင်ခဲ့၏။ ထို့ကြောင့် ဘုရင်မင်းမြတ်၏ အမိန့်နှင့် ဘုရင်မင်းမြတ်ပြုမူဆောင်ရွက်တတ်မှုများကို ကောင်းကောင်းသိ၏။ ရွှဲ့ပြည်နယ်သည် ယင်ယွမ် အဖွဲ့အစည်းအပေါ်တွင် ရွှေဒင်္ဂါး မည်မျှအကြွေးတင်နေသနည်း။ တိကျသည့် အရေအတွက်ကို နတ်ဘုရားမှ သာ သိပေလိမ့်မည်။
သို့ပေမည့် ရှမ့်လန် ဘယ်လောပ်ချမ်းသာသနည်း။ သူ့လောက်ပင် ချမ်းသာလိမ့်မည် မဟုတ်ပေ။ သို့ပေမည့် လူတိုင်း လိုချင်နိုင်သည် ရွှေဒင်္ဂါးများကို ငါးစာအဖြစ် အသုံးပြုခဲ့ပြန်သည်။
မိသားစုတစ်စု စားဝတ်နေရေးအတွက် အသုံးပြုရသည့် ငွေပမာဏက မည်မျှများပြားသနည်း။ ထိုပမာဏများ ကိုပင် ဂရုမစိုက်ဘဲ ငါးစာအဖြစ် အသုံးပြုကာ တစ်ဖက်လူများကို သတ်ဖြတ်ခဲ့၏။
ပထမဦးဆုံး ဝမ်ကျားကျွန်း။ ရှမ့်လန်သည် ချောင်ထျန်းဝေ၏ စစ်တပ်ကြီးကို သတ်ဖြတ်ပစ်ရန် များပြားလွန်းသည့် ရွှေပမာဏကို အသုံးပြုခဲ့သည်။ ဝမ်ကျားကျွန်းတွင် ယခုထိ ရွှေများရှိနေသေးသည်ဟု စုနန်က ကောလဟာလများစွာကို ကြားခဲ့ရသေးသည်။