← Chapters

အခန်း (၃၈၉)

Vol. 29 Ch. 389

အခန်း (၃၈၉)

Vol. 29 Ch. 389

ယခုလည်း ပိုင်ရီခရိုင်တွင် ထိုသို့လုပ်ပြန်သည်။ များပြားလွန်းသည့် အနောက်ပိုင်းကုန်သည်များ၏ စုဆောင်းငွေများကို ဦးဆောင်လုယက်ခဲ့၏။ သို့ပေမည့် ကြေးပြား တစ်ပြားမှ မယူခဲ့ချေ။

ထိုကဲ့သို့ တေလေဂျပိုး တစ်သောင်းကျော်တို့နှင့် အတူရှိချိန်တွင် ရှမ့်လန်သည် လူကြီးလူကောင်း တစ်ယောက်ကဲ့သို့ ပြုမူခဲ့ပြီး ထိုသူများ အားလုံးကို စစ်တပ်ကြီး တစ်ခုကဲ့သို့ အင်အားကြီးမားစေခဲ့သည်။ ရှမ့်လန်၌ ဤမျှဖြူစင်သန့်ရှင်းပြီး ရက်ရောသည့် စိတ်ဓာတ်မျိုးမရှိကြောင်း သူ အစောတည်းက သတိပြုမိသင့်သည်။

“ငါက လောဘကြီးလွန်းတယ်။ ငါ လောဘကြီးခဲ့တာပဲ”

ထိုစကားကိုပြောပြီးနောက် စုနန်သည် နောင်တရလို့နေသည်။ သူ၏ ခဲတစ်လုံးနှင့် ငှက်သုံးကောင် သတ်ဖြတ်ခြင်း အစီအစဉ်က မမှားခဲ့ချေ။ ရွှေဒင်္ဂါးပေါင်းသန်းချီ။ ဘုရင်မင်းမြတ်ဖြစ်သော နင်ယွမ်ရှန်းပင်လျှင် ထိုအရာကို မြင်လျှင် သွားရည်ကျမှာ သေချာ၏။ သူ.. စုနန် ဆိုလျှင် ပြောနေစရာပင် မလိုချေ။

စုနန်သည် သက်ပြင်းရှည်ကြီးကိုချပြီး ပြတင်းပေါက်ဆီသို့ လှမ်းလျှောက်ကာ မနီးမဝေးရှိ တော်ဝင် နှင်းတောင်ဆီသို့ လှမ်းကာကြည့်ရှုလိုက်၏။

“အင်း... ငါ ကြီးကြီးမားမား ဆုံးရှုံးမှု နှစ်ခုကို ကြုံဆုံခဲ့ရပြီး ကြီးကြီးမားမား တန်ပြန်မှု နှစ်ခုကို ခံစားခဲ့ရတာပဲ” စုနန်က တီးတိုး ရေရွတ်လိုက်သည်။

ဆန်းကြယ်ကြီးမားလွန်းသည့် တော်ဝင်နှင်းတောင်ကြီးကို လှမ်းကာ ကြည့်ရှုရင်း သူသည် စိတ်သက်သာရာ ရသလို ခံစားလာမိ၏။ “ပြီးခဲ့တာတွေက ပြီးပါစေ။ ဖြစ်ပြီးသမျှ အရာအားလုံးကို ချေးခြောက်ရေနူးနေလို့ အဓိပ္ပာယ် မရှိဘူး။ ဒါက ဘာမှ မဟုတ်သေးဘူး။ အလုံးစုံအခြေအနေက မပြောင်းလဲသေးဘူး။

ရှမ့်လန် ဘယ်လောက် အလှည့်အပြောင်းများတယ်ဆိုဆို ကျန်းချုံးဆီမှာ စစ်သည်အင်အား သိပ်ရှိတာ မဟုတ်ဘူး။ အဲလောက် လူအင်အားနဲ့ ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်မှာ မဟုတ်ဘူး”

စုရုံက ပြောလိုက်၏။ “အရှင်.. စုရွှင်ရဲ့ စစ်တပ်ကြီးက ပိုင်ရီမြို့ကို ဝိုင်းရံထားခဲ့ပြီးပြီ။ ကျုပ်တို့ တိုက်ခိုက် ရမှာလား”

မှန်ပေ၏။ သူတို့တိုက်ခိုက်သင့်သည်လား။ ဝန်းရံထားပြီး မတိုက်ခိုက်ဘဲ နေရမည်လား။

ကျန်းချုံးကို ဤကဲ့သို့ သက်တောင့်သက်သာထား၍ မဖြစ်ချေ။ စုကလန်သည် ကျန်းရှစ်စီရင်စု၏ တောင်ဘက်ပိုင်း တစ်ခုလုံးကို မြန်မြန်ဆန်ဆန် သိမ်းဆည်းရန် လိုအပ်နေ၏။

ထိုသို့ဆိုလျှင် မထင်မှတ်ထားသည့် တိုက်ပွဲတစ်ခုကို တိုက်ခိုက်ရတော့မည်လား။ ထိုကဲ့သို့လည်း မဖြစ်သေးချေ။ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုကို ထိန်းချုပ်ထားရန် လိုသေး၏။ သွားရောက်တိုက်ခိုက်မည်ဆိုလျှင် အလုံးအရင်း ကောင်းကောင်းနှင့် တစ်ခါတည်း အနိုင်ယူနိုင်အောင် တိုက်ခိုက်ရပေလိမ့်မည်။

ထိုသို့ဆိုလျှင် စစ်ကြေညာရန် အချိန်အခါ ရောက်ရှိလာခဲ့ပြီလား။

ရွှဲ့ပြည်နယ်အား စစ်ကြေညာခြင်းဆိုသည်မှာ ကြီးမားသည့် ကိစ္စရပ်ကြီး တစ်ခုဖြစ်၏။ သို့ပေမည့် သူ ကျိန်းသေပေါက် ပြုလုပ်ရပေလိမ့်မည်။

“ကျန့်ထော်ရဲ့အခြေအနေက ဘာရှိသေးလဲ”

စုရုံက ပြောလိုက်၏။ “ဘာမှ မရှိပါဘူး။ နယ်စပ်ဂိတ်တံခါးကိုပဲ တင်းတင်းပိတ်ထားတယ်”

“ချင်နိုင်ငံ အခြေအနေကရော ဘယ်လိုရှိလဲ။ အာယုထိုင်ရဲ့စစ်တပ် ဘယ်ရောက်နေပြီလဲ”

စုရုံက ပြောလိုက်သည်။ “ဆက်ခံသူဆီကနေ သတင်းပို့ချက်တွေ ရထားပါတယ်။ ချင်နိုင်ငံအာယုထိုင်ရဲ့ စစ်တပ်က လူပေါင်း လေးသောင်းလောက်ရှိပြီး သူတို့ မြန်မြန်လှုပ်ရှားနေကြတယ်။ အာယုနာနာရဲ့ အသစ်တည်ထားတဲ့ မြို့ဆီကို ရောက်ရှိဖို့ မိုင်ရာချီနီးပါးပဲ လိုတော့တယ်။ အာယုနာနာကိုသုတ်သင်ပြီးတာနဲ့ သူက အရှေ့ဘက်ကို ဆက်တက်ပြီး ကျုပ်တို့နဲ့ ပူးပေါင်းလိမ့်မယ်”

စုနန်သည် ကြီးမားလွန်းသည့် မြေပုံကြီးရှိရာဆီသို့ လှမ်းလျှောက်သွားခဲ့၏။ “ဒါက အာယုနာနာရဲ့ နှင်းတောင် မျိုးနွယ်ပဲ။ ချင်နိုင်ငံရဲ့ အာယုထိုင်စစ်တပ်က ဒီနေရာမှာ ရှိလိမ့်မယ်”

သူသည် မြေပုံကို လက်ညှိုးညွှန်လိုက်၏။ မြေပုံကို ကြည့်ရှုရမည်ဆိုလျှင် ချင်ဘုရင်အာယုထိုင်၏ စစ်တပ်ကြီးက နီးကပ်နေပြီဖြစ်၏။ မိုင်ရာဂဏန်း အနည်းငယ်လောက်သာလျှင်ရှိ၏။ နှင်းတောင်ကို ပတ်ကာသွားလိုက်လျှင် သူတို့ဆီသို့ပင် ရောက်ရှိလာနိုင်သည်။

စုရုံက ပြောလိုက်၏။ “လဝက်အတွင်း ချင်နိုင်ငံဘုရင်အာယုထိုင်က ကျုပ်တို့နဲ့ ပူးပေါင်းပါလိမ့်မယ်”

စုနန်က ပြောလိုက်သည်။ “ဒါဆိုရင် ချောင်ပြည်နယ်ကရော၊ ဝူပြည်နယ်ကရော။ ရွှဲ့ပြည်နယ် ဒီလိုဖြစ်သွားတဲ့ နေရာမှာ ဒီနိုင်ငံနှစ်ခုက အကျိုးကျေးဇူး အများဆုံးရမယ့်လူတွေပဲ။ သူတို့က ဟောင်နေရုံပဲ လုပ်ကြတယ်။ ဝင် မကိုက်ကြဘူး။ ငါတို့ တိုက်ခိုက်တာကို စောင့်နေကြတာပဲ။”

စုရုံက ပြောလိုက်၏။ “အရှေ့ဘက်ပင်လယ်က ကျုပ်တို့နဲ့ မနီးမဝေးမှာ ရှိတယ်။ သတင်းပို့ချက်တွေကလည်း အချိန်မီ မရောက်ခဲ့ဘူး။ ဝူဘုရင်က လေ့ကျိုးကျွန်းစုတစ်ခုလုံးကို သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားပြီး ယင်ယွမ် အဖွဲ့အစည်းကလည်း ဒီကိစ္စကို အားတက်တရော ကူညီနေခဲ့တယ်။ သူတို့က အရှေ့ဘက်ပင်လယ်ရဲ့ ကုန်သွယ်ခွင့်ကို ပြန်ပြီးရချင်နေတယ်။ ဒါပေမဲ့ အဓိကက ချောင်ပြည်နယ်ပဲ”

စုနန်၏အကြည့်သည် မြေပုံပေါ်မှ မြောက်ပိုင်းနယ်စပ် တည်နေရာဆီသို့ ရောက်ရှိသွားခဲ့သည်။

စုရုံက ပြောလိုက်၏။ “အရှင်... မကြာခင် စစ်ဖြစ်တော့မှာမလား။ စုရွှင်က အရှင့်ရဲ့အမိန့်ကို စောင့်နေပါတယ်”

စုနန်က မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် အချိန်ခဏကြာ တွေးတောလိုက်သည်။ “မဖြစ်သေးဘူး။ အရင်ဆုံး လှုပ်ရှားလို့ မဖြစ်သေးဘူး။ ချောင်ပြည်နယ်ရဲ့ သံတမန်တွေကိုပြောလိုက်။ ချောင်ပြည်နယ်ရဲ့ စစ်တပ် လှုပ်ရှားတဲ့အချိန်ကျမှ ကျုပ်တို့ လှုပ်ရှားမယ်လို့”

စုနန်သည် သူ၏စိတ်ထဲတွင် ရှိနေသည့် တိုက်ခိုက်ချင်စိတ်များကို မနည်းပင် ဖိနှိပ်ထားခဲ့ရသည်။

လက်ရှိအခြေအနေသည် ရှမ့်လန် ထင်မှတ်ထားသည်နှင့် ခြားနားနေ၏။ စုကလန်သည် ကျိန်းသေပေါက် လေးကြိုးပေါ်သို့ မြားတင်ထားခဲ့ပြီး မဖြစ်မနေပစ်လွှတ်လိမ့်မည်ဟု ရှမ့်လန်က တွေးတောထားခဲ့၏။

သို့ပေမည့် စုနန်ကို ခန့်မှန်းရန် ဆိုသည်မှာ ခက်ခဲလှ၏။ တချို့သောအချိန်များတွင် အလွန်ရဲရင့်ပြီး လောဘကြီးသည်ဆိုလျှင်တောင်မှ တချို့သောအချိန်များတွင် သိုသိုသိပ်သိပ်နှင့် တည်တည်ငြိမ်ငြိမ် နေထိုင်တတ်၏။

သူက ပုန်ကန်ပေမည်။ သို့ပေမည့် စိတ်မချရမချင်း မည်သည့်အရာကိုမျှ ပြုလုပ်မည်မဟုတ်ဘဲ သူ၏ လုပ်ချင် ကိုင်ချင်စိတ်များကို ဖိနှိပ်ထားရပေလိမ့်မည်။

ခဏလောက်ကြာပြီးနောက် ချောင်ပြည်နယ်၏ သံတမန်သည် အလျင်အမြန် ဝင်ရောက်လာပြီး စုနန်ကို ဦးညွှတ်ရင်း ပြောလိုက်၏။ “နယ်စားကြီးစု.. လေးကြိုးပေါ်မှာရှိတဲ့မြားကို ပစ်လွှတ်ရပါတော့မယ်။ လောကကြီး တစ်ခုလုံး တုန်လှုပ်စေဖို့ အချိန်ကောင်းကို ရောက်ပါပြီ”

ပိုင်ရီမြို့ထဲတွင် ဘာတွေဖြစ်နေသည်ကို သူလည်း ကြားခဲ့၏။ စုကလန်၏စစ်တပ်ကြီးက ဂိတ်တံခါးရှေ့တွင် ဝန်းပိတ်ထားပြီး မကြာခင် တိုက်ခိုက်ရပေတော့မည်။ အချိန်ကြာရှည်စွာ မတိုက်ခိုက်ဘဲ လွတ်ထားပါက ကျန်းချုံးအား အခွင့်အရေး ပေးသလိုဖြစ်ပေမည်။

“အရှင်... မကြာခင် တိုက်ကြရအောင်။ ကျန်းချုံးကလည်း လက်ရှိအခြေအနေမှာ မြို့ကို တည်ငြိမ်အောင် မထိန်းသိမ်းနိုင်သေးဘူး” ချောင်ပြည်နယ်၏ သံတမန်သည် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

စုကလန်သည် ပိုင်ရီမြို့တွင် ကြီးကြီးမားမား ဆုံးရှုံးခဲ့၏။ ထိုအရာက စုနန်အတွက် ကြီးမားသည့် သတင်းဆိုးကြီး တစ်ခုဖြစ်သည်။ သို့ပေမည့် ချောင်ပြည်နယ်အတွက် မဟုတ်ချေ။

စုနန်သည် ရေနွေးခွက်ကို အသာကောက်ကိုင်ကာ ပြောလိုက်သည်။ “အလျင်မလိုပါနဲ့၊ အလျင်မလိုပါနဲ့”

ချောင်ပြည်နယ်သံတမန်က ပြောလိုက်၏။ “အရှင်... ကျန်းချုံးက အရမ်းကိုအားကောင်းတယ်။ သူ့ကိုသာ အချိန်ပေးလိုက်မယ်ဆိုရင် ပိုင်ရီမြို့တစ်ခုလုံးကို စီမံခန့်ခွဲဖို့ သူလုပ်နိုင်သွားလိမ့်မယ်။ ဒါက စိုးရိမ်စရာပဲ”

စုနန်က ပြောလိုက်သည်။ “အလျင်မလိုပါနဲ့၊ အလျင်မလိုပါနဲ့”

ချောင်ပြည်နယ်သံတမန်က ပြောလိုက်၏။ “ဒါဆိုရင် အရှင် ဘယ်အချိန်လောက် တိုက်ခိုက်မလဲ”

စုနန်က ပြောလိုက်သည်။ “ချောင်ပြည်နယ်ရဲ့ စစ်တပ်က ဟန်ရေးပြနေတာကို ရပ်ပြီး ကျုံးရန်ရဲ့ စစ်တပ်နဲ့ တိုက်ခိုက်တဲ့ အချိန်ပေါ့။ ကျန့်ထော်ကတော့ အလုပ်များနေမယ်။ ဒါကြောင့် ကျန့်ထော် ကျုပ်ကို တားဆီးချင်စိတ်ရှိမှာ မဟုတ်ဘူး။ မဟုတ်ရင် သူလည်း ပေးဆပ်ရမယ်လေ”

ယုန်ကိုမမြင်ဘဲ သိန်းငှက်က အောက်သို့ ဆင်းလာမည်မဟုတ်ပေ။ ဤကစားပွဲတွင် အကျိုးကျေးဇူး အများဆုံး ရရှိနိုင်သည့်နိုင်ငံက ချောင်ပြည်နယ်ဖြစ်၏။ စစ်သည်များကို အများဆုံး စုစည်းထားခဲ့ပြီး အကျယ်လောင်ဆုံးသော မိုးချိန်းသံကို ထုတ်ဖော်ထားခဲ့၏။ သို့ပေမည့် အနည်းငယ်သော လှုပ်ရှားမှုကိုသာ ပြုလုပ်၏။

ဝူဘုရင်ကို ကြည့်ရှုသင့်၏။ တကယ်ကို စိတ်ဆုံးဖြတ်ခိုင်မာစွာဖြင့် လှေခွက်ကြီးကျန် အလံမလဲဆိုသည့် စိတ်ဓာတ်ဖြင့် လေ့ကျိုးကျွန်းတစ်ခုလုံးကို သိမ်းဆည်းထားရန် စီစဉ်ထား၏။ သူကိုပဲ ကြည့် .. သူသည်လည်း ပုန်ကန်ရန် စိတ်ဆုံးဖြတ်ထားပြီးသားဖြစ်ပြီး သူသည် လွတ်လပ်သည့် သီးခြားတည်ရှိသူတစ်ယောက်အဖြစ် ကြေညာကာ ကိုယ်ပိုင် အလံတိုင်တစ်ခုကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပေတော့မည်။

ချောင်ပြည်နယ်သံတမန်က ပြောလိုက်သည်။ “မကြာခင် ... မကြာခင်ပေါ့”

စုနန်က လေးလေးနက်နက် ပြောလိုက်၏။ “အင်း... ချောင်ပြည်နယ်သံတမန်... ဒီကိစ္စတွေအားလုံးက ကျုပ်ကြောင့် စခဲ့တာပဲ။ ပြီးတော့ အတူတူပူးပေါင်းတဲ့ကိစ္စမှာ ကျုပ်တို့က အင်အားအနည်းဆုံး ဆိုပေမဲ့ ချောင်ပြည်နယ်ကသာ မလှုပ်ရှားဘူးဆိုရင် ကျုပ်ကလည်း လှုပ်ရှားမှာ မဟုတ်ဘူး။ ပြီးတော့ ချင်နိုင်ငံရဲ့ စစ်တပ်ကြီးကလည်း ကျုပ်နဲ့ လာမပူးပေါင်းသေးဘူးလေ”

.................

အားလုံးသောသူတို့က စုနန်ကို အာရုံစိုက်ကာကြည့်ရှုနေခဲ့ကြသည်။

စုနန်သည် လေးကြိုးပေါ်သို့ မြားတင်ထားပြီးဖြစ်သောကြောင့် မဖြစ်မနေ ပစ်လွှတ်တော့မည်ဟု အားလုံးက ထင်မှတ်ခဲ့ကြ၏။ ထိုကဲ့သို့လည်း ဖြစ်လာရပေလိမ့်မည်။ သို့ပေမည့် ဖြစ်မလာခဲ့ချေ။ အားလုံးသောသူတို့သည် ရွှဲ့ပြည်နယ်၏ အနောက်တောင်ပိုင်းတစ်ခုလုံး ပြိုကျပျက်စီးသွားမည်ကို စောင့်မျှော်လျက်ရှိနေ၏။ အဆုံးသတ်မှာတော့ ဘာမှဖြစ်မလာသေးချေ။

ဟုတ်ပေ၏။ စုကလန်က တိတ်ဆိတ်ငြိမ်သက်နေခြင်း မဟုတ်ချေ။ စုကလန်က တစ်ခုပြီးတစ်ခုကို ပြင်ဆင်လျက် ရှိနေ၏။ ယခင်က သီးသန့်စစ်သည်ပေါင်း ငါးထောင်ကျော်သာလျှင်ရှိ၏။ သို့ပေမည့် လက်ရှိအခြေအနေ မှာတော့ တစ်သောင်းနီးပါးသို့ ရောက်ရှိလာ၏။ ထိုစာရင်း၌ မြင်းတပ်သား တစ်ထောင်ကျော် မပါဝင်သေးချေ။

စုကလန်၏မြေပိုင်နက်ထဲ အခြေချနေထိုင်ကြသည့် အနောက်တိုင်းစစ်သည်များကလည်း စုကလန် စစ်တပ်နှင့် ပူးပေါင်း၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သားများကလည်း တစ်တပ်တအားပင်။ စုကလန်၏ ပိုင်နက်ထဲတွင် စစ်တပ်များ တစ်ခုပြီးတစ်ခု စုဝေးရောက်ရှိလာခဲ့၏။

ရွှဲ့လင်မြို့သည် မြောက်ဘက်အစွန်ဆုံးသော မြို့တစ်ခုဖြစ်ပြီး ပိုင်ရီနယ်စပ်နှင့် အနီးကပ်ဆုံး နေရာပင်ဖြစ်၏။ ယနေ့အချိန်မှာတော့ ရွှဲ့လင်မြို့၏မြို့တော်ဝန်သည် အုပ်ချုပ်ရေးမှူး ကျန်းချုံးနှင့် ကျန်းယွမ်နယ်စားကြီး စုနန်တို့အား အကူအညီပေးပါရန် စာရေးသား တင်ပြတောင်းပန်ခဲ့၏။ ဓားပြပေါင်းများစွာတို့သည် သူ၏မြို့ထဲတွင် ပေါ်ပေါက်လာခဲ့ပြီး ကုန်သည်များ၊ ချမ်းသာသည့် မိသားစုများကို လုယက်နေသည်။

ကျန်းချုံးသည် စုကလန်စစ်တပ်ကြီး၏ ဝန်းရံခြင်းကို ခံထားရ၏။ ထို့ကြောင့် တစ်ဖက်လူကို ကယ်တင်ရန် စစ်သည်များ ပို့ဆောင်၍ မဖြစ်နိုင်ချေ။ နယ်စားကြီးစုနန်ကတော့ သဘာဝအားဖြင့် ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ ချက်ချင်းပဲ စုနန်၏ ညီငယ် စုကျန်းသည် စစ်သည်ပေါင်း ငါးထောင်ကျော်ကို ဦးဆောင်ကာ ရွှဲ့လင်မြို့သို့ သွား၏။

ရွှဲ့လင်မြို့သည် ပိုင်ရီနယ်စပ်နှင့် မိုင်ရာဂဏန်းအနည်းငယ်သာလျှင် ကွာဝေး၏။ စုနန်ပုန်ကန်သည်နှင့် တပြိုင်နက် ကျန်းရှစ်စီရင်စု စစ်သူကြီးကျန့်ထော်၏ စစ်တပ်နှင့် ရွှဲ့လင်မြို့တွင် ထိပ်တိုက် ရင်ဆိုင်တွေ့ဆုံပေလိမ့်မည်။

ကျန့်ထော်၏ စစ်တပ်ကြီးသည် တောင်ဘက်ပိုင်းဆီမှတစ်ဆင့် တောက်လျှောက်ဆိုသလို တားဆီးပိတ်ပင် ထားခဲ့ပြီး စစ်သည်ပေါင်းငါးထောင်ကျော်ကို အသုံးပြုကာဖြင့် ဤနေရာတွင် အခြေချထား၏။

အနောက်တိုင်းစစ်သည်တော် သုံးထောင်ကျော်တို့သည် စုနန်၏ စစ်တပ်ဆီမှ ထွက်ခွာသွားခဲ့ပြီး ပိုင်ရီမြို့ဆီသို့ သွားကာ စုရွှင်၏ စစ်တပ်ကြီးနှင့် သွားရောက်ပူးပေါင်း၏။

ထိုအချိန်မှာတော့ စုကလန်၏ စစ်တပ်ကြီးတစ်ခုလုံးသည် ပိုင်ရီမြို့တစ်ခုလုံးကို ဝန်းရံပိတ်ဆို့ထားခဲ့ပြီး တဖြည်းဖြည်းနှင့် စစ်သည်ပေါင်းတစ်သောင်းခွဲသို့ပင် ရောက်ရှိလာခဲ့သည်။

အားလုံးသောသူတို့က စုနန်ကို ကြည့်ရှုလျက် ရှိနေတုန်းပင်။ မြေခွေးအိုကြီးသည် တကယ်ကို စိတ်ဆုံးဖြတ်ချက် ပိုင်နိုင်စွာဖြင့် တည်တည်ငြိမ်ငြိမ် တစ်လှမ်းချင်း လှမ်းလျက်ရှိနေ၏။

ကျန်းချုံး ပိုင်ရီမြို့ထဲတွင် ရှိနေသည့် သူ၏ စစ်တပ်ကြီးကို ပိုမိုကာ တိုးတက်အောင် ပြုလုပ်မည်ကို မစိုးရိမ်ဘူးလား။

ကျန်းချုံး၊ ပျံ့ရှောင်းနှင့် တခြားသော ထိပ်တန်းအရာရှိအားလုံးတို့သည် အသက်ကို မနည်းရှုနေရပြီး စုနန်ကလည်း ထိုသူများကို မျက်တောင်မခတ် စောင့်ကြည့်နေခဲ့၏။ စုနန် စစ်ကြေညာသည်ဆိုသည်နှင့် ရွှဲ့ပြည်နယ်သည် လောကကြီး၏ အဆုံးသတ်သို့ ရောက်ရှိရပေလိမ့်မည်။ တစ်ချက်ကလေးသော လှုပ်ရှားမှုသည် အခြေအနေတစ်ခုလုံးကို သက်ရောက်စေပေလိမ့်မည်။

ဘုရင်မင်းမြတ်သည် မင်းသမီးနင်ကျဲ့ဆီမှ လျှို့ဝှက်စာကို ရရှိပြီးနောက် ထိတ်လန့်တကြားနှင့် ထခုန်လုမတတ်ပင် ဖြစ်သွား၏။ သူက ထိုအရာကို ထပ်ခါတလဲလဲ ဖတ်မိ၏။ သူမြင်တာ မှားသလားဟု ထင်မှတ်သောကြောင့်ပင်။ သို့ပေမည့် အဆုံးသတ်မှာတော့ နင်ကျဲ့က သေသေချာချာ ရေးသားထား၏။

ရှမ့်လန်က လူဦးရေ တစ်ရာကျော်ကို ခေါ်ဆောင်ခြီး ချင်ပြည်နယ်၏အဓိကစစ်တပ်ကြီးကို သွားရောက် ဖျက်ဆီး၏။ လူဦးရေတစ်ရာကျော်နှင့် လူပေါင်းသောင်းချီကို သွားရောက် တိုက်ခိုက်သည်လား။ ရှမ့်လန် ရူးသွပ်သွားသည်လား သို့မဟုတ် လောကကြီးကပဲ ရူးသွပ်သည်လား။

ထိုအချိန်မှာတော့ နင်ယွန်ရှန်းသည် ရှမ့်လန်ကို ပိုင်ရီမြို့သို့ စေလွှတ်လိုက်ရခြင်းကို နောင်တရသလိုပင်ဖြစ်နေ၏။ ခွေးရိုင်းတစ်ကောင်ကို တံခါးပေါက် အပြင်ဘက်သို့ ဆွဲလွှတ်လိုက်သကဲ့သို့ပင် ရှိသမျှအရာအားလုံးကို လိုက်လံ ကိုက်ခဲလျက်ရှိ၏။ နန်းမြို့တော်ထဲတွင် ငြိမ်ငြိမ်သက်သက် တည်တည်ငြိမ်ငြိမ် နေထိုင်တတ်သူ တစ်ယောက်ဖြစ်သော်လည်း သူ၏ မျက်စအောက်မှ ကွယ်ပျောက်သွားသည်နှင့် လုပ်ချင်ရာကို ရက်ရက်စက်စက် လုပ်တော့သည်။

ပိုင်ရီမြို့ကို ရရှိရန် ကလေကချေ ဓားပြပေါင်းသောင်းချီတို့ကို စတေးခဲ့၏။ ဤအရာက အလွန်အမင်း လုပ်ရဲကိုင်ရဲခြင်းဖြစ်သလို ကြီးမားသည့် အကျိုးကျေးဇူးကို ဖန်တီးခဲ့ခြင်းလည်း ဖြစ်၏။ ထို့အပြင် ကျန်းချုံးနှင့် ပူးပေါင်းဆောင်ရွက်မှုကလည်း အပြစ်ကင်းစင်လွန်း၏။ စုနန်၏ ခဲတစ်လုံးနှင့် ငှက်သုံးကောင် တိုက်ခိုက်မှု အစီအစဉ်ကို တစ်ခါတည်း ပျက်စီးစေခဲ့၏။

မျက်နှာပြင်ထက်တွင် ဘုရင်မင်းမြတ်က ဆူငေါက်ကာ အပြစ်ပေးခဲ့သည်ဆိုသော်လည်း တကယ်တမ်း စိတ်ထဲမှာတော့ ကြိတ်ကာ ပျော်ရွှင်လျက် ရှိနေသည်။

သို့ပေမည့် ယခုသတင်းကို ကြားရသည့်အချိန်မှာတော့ သူသည် ချွေးစေးများထွက်လုမတတ်ပင် တုန်လှုပ် သွားခဲ့၏။ သူ ရရှိသည့်သတင်းက တကယ်ကို ကြီးမား၏။ ရှမ့်လန်ကို သူ အစောကြီးတည်းက ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်၏။ ကျန်းချုံး၊ ကျန့်ထော်တို့နှင့် ပူးပေါင်းကာ စုကလန်၏ စစ်တပ်ကြီးကို တစ်လနှစ်လလောက် တားဆီးထိန်းချုပ်ထားရန် ဖြစ်၏။

တားဆီးထိန်းချုပ်ခြင်းဆိုသည့် အဓိပ္ပာယ်ကို နားလည်ပါရဲ့လား။ သူသည် စုကလန်စစ်တပ်ကို ဖျက်စီးပစ်ရန် ခိုင်းစေခဲ့ခြင်း မဟုတ်သလို ချင်နိုင်ငံ၏ စစ်တပ်ကြီးကို ဖျက်စီးပစ်ရန် ခိုင်းစေခဲ့ခြင်းလည်း မရှိချေ။ သူ .. နင်ယွန်ရှန်း ရူးသွပ်နေသည်ဆိုလျှင်တောင်မှ လူလေးအနည်းငယ်ကိုပေးပြီး စုနန်ကို ဖျက်စီးရန် ခိုင်းစေလိမ့်မည်မဟုတ်ချေ။

အဆုံးသတ်မှာတော့ ရှမ့်လန်သည် လူပေါင်းရာချီကို ခေါ်ဆောင်ပြီး ချင်နိုင်ငံ၏ သောင်းနှင့်ချီသည့် စစ်တပ်ကြီးကို သွားရောက် တိုက်ခိုက်ရန် ဦးဆောင်သွားခဲ့၏။ ဦးနှောက်သည် အဆံများ ချောင်နေသည်လား။ ရှမ့်လန်ကြောင့် သူ၏ စစ်တုရင်ကစားပွဲတစ်ခုလုံး ပျက်စီးသွားနိုင်၏။

နင်ကျဲ့သည် စကားအနည်းငယ်ကိုသာ ပြောဆိုတတ်သည့်သူဖြစ်၏။ ယခင်တုန်းက သူမသည် နင်ယွန်ရှန်းဆီသို့ စာအနည်းငယ်ကိုသာ ရေးသား ပေးပို့၏။ သို့ပေမည့် ဤတစ်ကြိမ်မှာတော့ စာလုံးရေ ရာချီကို ရေးသားခဲ့ပြီး အသေးစိတ် အချက်အလက်များဖြင့် သေသေချာချာရှင်းပြထားသည်။

အဘယ်ကြောင့်ဆိုသော် သူမ စိုးရွံ့နေသောကြောင့်ပင်။

All Chapters