အခန်း (၃၉၀)
Vol. 29 Ch. 390
“ရှမ့်လန်က လယ်သမားတစ်ယောက်ရဲ့သားရော တကယ်ဟုတ်ရဲ့လား”
နင်ယွန်ရှန်းက တုန်ယင်နေသည့် အသံဖြင့် မေးမြန်းလိုက်၏။ “ဒီကောင်လေးက တကယ်ပဲ လယ်သမားတစ်ယောက်က မွေးဖွားတဲ့လူ ဟုတ်ရဲ့လား”
နင်ယွန်ရှန်းသည် ခေါင်းကိုက်သလိုပင် ခံစားနေမိ၏။ ‘ဓားကို မည်သို့အသုံးပြုရမှန်းမသိဘဲ ကိုင်ထားပါက လက်ရှမည် မဟုတ်ပါလား။
ရှမ့်လန်က ဓားတစ်စင်း ဖြစ်သည်ဆိုလျှင် သူ ထိုဓားအကြောင်းကို ကောင်းကောင်းသိရှိသင့်၏။ တကယ်တော့ ရှမ့်လန်က ဓားမဟုတ်ပေ။ လက်ပစ်ဗုံးဖြစ်နေနိုင်၏။ သို့ပေမည့် နင်ယွန်ရှန်းက လက်ပစ်ဗုံးဆိုသည့် အဓိပ္ပာယ်ကို နားလည်လိမ့်မည်မဟုတ်ချေ။
လက်ပစ်ဗုံးဖြစ်မှန်းသာ သိပါက ကျိန်းသေပေါက် ရန်သူဆီသို့ ပစ်လွှတ်လိုက်မှာ သေချာ၏။ သူ့လက်ထဲတွင် ထားသည်ဆိုပါက ကျိန်းသေပေါက် ပေါက်ကွဲပြီး ကိုယ်တိုင် ဒုက္ခရောက်ပေလိမ့်မည်။
သို့ပေမည့် ကံကောင်းစွာဖြင့် ဤအရူးသည် သူ၏ ကိုယ်ပိုင်လူများကိုသာ ခေါ်ဆောင်သွားခဲ့၏။ ကျန်းချုံး၏ စစ်တပ်ကြီးကို ခေါ်ဆောင်မသွားခဲ့ချေ။
“အင်း.. ဒီကောင်အဆံချောင်နေတာက ကိစ္စမရှိဘူး။ အနည်းဆုံး ကျန်းချုံးနှင့် ကျန့်ထော်တို့ ရှိနေပါသေးတယ်” နင်ယွန်ရှန်းက တီးတိုးရေရွတ်လိုက်၏။ ဤအချိန်မှာတော့ သူ မည်မျှ ဒေါသထွက်ထွက် ရှမ့်လန်ကို တားဆီးနိုင်တော့မည် မဟုတ်ချေ။
ထိုအချိန်မှာပဲ ရေနက်တပ်ဖွဲ့၏ လျှို့ဝှက်သတင်းပို့သူက ဝင်ရောက်လာခဲ့၏။ “အရှင်မင်းကြီး.. အရေးကြီး သတင်းပါ၊ အရေးကြီးစစ်သတင်းပါ။ မိုင်ရှစ်ရာအဝေးက အရေးကြီးသတင်းပါ”
ထိုသတင်းပေးပို့သူသည် နင်ယွန်ရှန်း၏ ရှေ့တွင် ထိုင်ချလိုက်ပြီး ရေနက်တပ်ဖွဲ့၏ ထိပ်တန်းလျှို့ဝှက် သတင်းပို့ချက်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေး၏။ ထိုအပေါ်တွင် ငှက်မွေးသုံးခု အမှတ်အသား တည်ရှိသည်။
နင်ယွန်ရှန်း၏ ကျောရိုးမကြီးသည် စိမ့်တက်သွားခဲ့ပြန်၏။ ဘာတွေဖြစ်နေပြန်သနည်း။ စုနန်က တိုက်ခိုက်တော့မည်လား။ မဟုတ်သေးပေ။ အရေးကြီးသတင်းပို့ချက်အားလုံးသည် လေးနာရီတိုင်း၊ လေးနာရီတိုင်း သူ့ဆီသို့ ရောက်ရှိနေခဲ့၏။ စုနန် တိုက်ခိုက်မည်ဆိုလျှင် သူ ကြိုတင် သိရှိပေမည်။
တောင်ဘက်နိုင်ငံဆီမှလား။ မဟုတ်သေးချေ။ ရွှဲ့ပြည်နယ်သည် စစ်ပွဲနှစ်ခုကို တိုက်ခိုက်ရန် လုံလောက်သည့် အင်အားမရှိချေ။ ထို့ကြောင့် ကျူးလင်း၏စစ်တပ်ကြီးသည် ထိုတောင်ဘက်ပိုင်း တည်နေရာကို ခုခံထားသည်။ ရှေ့တိုး တိုက်ခိုက်ခြင်းမလုပ်ခဲ့ချေ။
ဘုရင်မင်းမြတ် နင်ယွန်ရှန်းသည် စာကို ဖွင့်ကြည့်လိုက်၏။ သူ၏ စိတ်တစ်ခုလုံး ပွင့်ထွက်သွားသကဲ့သို့ပင်။ လေ့ကျိုးကျွန်းစုမှ ထျန်းဖန်မြို့တော်ဝန် ချောင်ဟောင်သည် ဝူပြည်နယ်ဆီသို့ သစ္စာခံသွားပြီဟူသော သတင်းပိုချက်ပေင်။
ဝူပြည်နယ်၏ ရေတပ်သည် တောင်ဘက်ပိုင်း နုရှောင့်မြို့ဆီသို့ ဦးတည်နေပြီး ရွှမ်ဝူကျင်းကျိုး သုတ်သင် ရှင်းလင်းခံခဲ့ရသည်ဟု သံသယဝင်ခဲ့၏။
နင်ယွန်ရှန်းသည် သူ၏ မျက်လုံးကိုမှိတ်ပြီး ဤသတင်း၏ အကျိုးသက်ရောက်မှုကို သေသေချာချာ စဉ်းစားနေ၏။ သူ မထင်မှတ်ခဲ့ချေ။ ထိုအရာကို သူ လုံးဝ မထင်မှတ်ခဲ့ချေ။ သူ နင်ယွန်ရှန်းသည် တစ်ဖက်ခြမ်းဆီသို့ အာရုံစိုက်နေ၏။ သို့ပေမည့် ဝူဘုရင်က တခြားဘက်ခြမ်းကို လှမ်းကာ တိုက်ခိုက်၏။ ပစ်မှတ်သည် လေ့ကျိုးကျွန်းဖြစ်လို့နေသည်။
ကျင်းကျိုး လုပ်ကြံခံလိုက်ရသည်လား။ ချောင်ဟောင်က ဝူပြည်နယ်ကို သစ္စာခံခဲ့သည်လား။ ထိုသို့ဆိုလျှင် ဝူပြည်နယ်ကို မည်သို့ခုခံရမည်နည်း။ နင်ယွန်ရှန်းက မသက်မသာ ခံစားလိုက်ရ၏။
ထို့အပြင် ကျင်းကျိုးသည် တော်ဝင်မျိုးနွယ်ဖြစ်၏။ ထို့အပြင် ရှမ့်လန်၏ ယောက္ခထီးလည်းဖြစ်သည်။
ဝူဘုရင်သည် လေ့ကျိုးကျွန်းကို ရရှိရန် ဆုံးဖြတ်ထားခဲ့၏။ နင်ယွန်ရှန်းကတော့ ထိုနေရာကို စိတ်မဝင်စားချေ။ ပင်လယ်နှင့် နှိုင်းယှဉ်မည်ဆိုလျှင် သူက ကုန်းမြေကိုသာ ဂရုစိုက်၏။ လေ့ကျိုးကျွန်းသည် အမည်ခံအရ ရွှဲ့ပြည်နယ် ပိုင်ဆိုင်သည့် အရာဖြစ်သော်လည်း တကယ်တမ်းမှာတော့ ကျင်းမိသားစုပိုင်ဆိုင်သည့် အရာဖြစ်၏။
“ဒါ ယင်ယွမ်အဖွဲ့အစည်းက လုပ်တာပဲ” နင်ယွန်ရှန်းက နှာခေါင်းရှုံ့လိုက်သည်။
ကုန်သည်များသည် နိုင်ငံရေးရာ ကိစ္စရပ်များတွင် မပါဝင်ချေ။ သို့ပေမည့် ယင်ယွမ်အဖွဲ့အစည်းကဲ့သို့သော ထူးခြားသည့် အဖွဲ့အစည်းကြီးမှာတော့ ပါဝင်ပတ်သက်နိုင်စွမ်း ရှိ၏။
“တကယ့်ကို ကြီးမားတဲ့ အလှည့်အပြောင်းတစ်ခုပဲ။ လက်တစ်ဖက်နဲ့ ငါ့ကို ငွေချေးတယ်။ ပြီးတော့ အခြားလက်တစ်ဖက်နှင့် ဝူဘုရင်ကိုလည်း ငွေချေးတယ်။ ယင်ယွမ်အဖွဲ့အစည်းက သူတို့ကိုယ်သူတို့ လောကကြီးကို ထိန်းချုပ်နိုင်တဲ့ လက်မဲကြီးတွေလို ခံယူနေတာလား” နင်ယွန်ရှန်းက အနည်းငယ် ဒေါသထွက်သွားသည်။
နုရှောင့်မြို့ဆိုသည်မှာ ကျင်းမိသားစု၏ အခြေခံသာဖြစ်၏။ ထို့ကြောင့် ကျင်းမိသားစုက ခုခံရပေလိမ့်မည်။ သူ့အနေနှင့် ထိုအရာကို ကူညီရန် လတ်တလော မတတ်နိုင်သေးချေ။ ကျင်းမိသားစု ခုခံနိုင်မလား၊ မခုခံနိုင်ဘူးလား ဆိုသည်မှာ ကံကြမ္မာပေါ်တွင်သာ မူတည်သည်။
နုရှောင့်မြို့သာ ဝူပြည်နယ်လက်ထဲသို့ ရောက်ရှိပါက နင်ယွန်ရှန်းက ကျိန်းသေပေါက် ဒေါသထွက်မှာ သေချာ၏။ သို့ပေမည့် ပိုင်နက်တစ်ခု ဆုံးရှုံးသွားရခြင်းအတွက် ဒေါသထွက်ခြင်းမဟုတ်ပေ။ သူ၏ ဂုဏ်သိက္ခာ ထိခိုက်ခြင်း ကြောင့်သာဖြစ်သည်။ အမှန်တိုင်းဝန်ခံရလျှင် သူ လေ့ကျိုးကျွန်းစု ကို ဂရုမစိုက်ပေ။ ထိုနေရာများဆီမှ မည်သည့် အကျိုးအမြတ်ကိုမှလည်း ရရှိမထားသောကြောင့်ပင်။
အချက်အလက်အားဖြင့် ဝူဘုရင် လေ့ကျိုးကျွန်းစုဆီ အာရုံရောက်နေခြင်းက ပျံ့ရှောင်း၏ ရုတ်တရက် တိုက်ခိုက်မှုကို အကူအညီပင် ဖြစ်ပေလိမ့်မည်။ လေ့ကျိုးကျွန်းစုနှင့် နှိုင်းယှဉ်မည်ဆိုလျှင် နင်ယွန်ရှန်းသည် ပျံ့ရှောင်း၏ ရုတ်တရက် တိုက်ခိုက်မှုရလဒ်၊ မြောက်ဘက်ပိုင်းရှိ စစ်ပွဲ၏ရလဒ်များကိုသာ ပိုမိုကာ စိတ်ဝင်စား၏။
ထိုအရာက ကောင်းကင်ကပေးအပ်လိုက်သည့် အခွင့်အရေးပင်ဖြစ်၏။ ဝူဘုရင်၏ အာရုံစူးစိုက်မှု တစ်ဝက်က လေ့ကျိုးကျွန်းနှင့် နုရှောင့်မြို့ထဲသို့ရောက်ရှိနေပြီး တခြားသောတစ်ဝက်မှာ ရှန်းယီမြို့နှင့် နင်ယွန်ရှန်း၏ စစ်သည်ပေါင်းတစ်သိန်းဆီသို့ ရောက်ရှိနေ၏။ ထိုသို့ဆိုလျှင် အာရုံကို နှစ်ခုပေးထားရသည် မဟုတ်ပါလား။
ထိုအချိန်မှာတော့ နင်ယွန်ရှန်းသည် ဝူဘုရင်နှင့် သူ၌ တူညီသည့်အချက်များရှိကြောင်း သတိပြုလိုက်မိသည်။ နှစ်ယောက်လုံးက မဟာဗျူဟာအရ ချဉ်းကပ်မှုကို ကြိုက်နှစ်သက်ပြီး စွန့်စားမှု ပြုလုပ်ရဲသည်။ သို့ပေမည့် နှစ်ယောက်လုံးသည် တည်နေရာတစ်ခုကိုသာလျှင် အာရုံစိုက်နိုင်စွမ်း ရှိ၏။
ဥပမာအားဖြင့် နင်ယွန်ရှန်း၏ မျက်လုံးများသည် ပျံ့ရှောင်း၏ ရုတ်တရက် တိုက်ခိုက်မှုကိုသာ အာရုံစိုက်ထားခဲ့ပြီး သူက ကုန်းမြေပိုင်းကို စီးနင်းဝင်ရောက်တိုက်ခိုက်ရန်သာ စိတ်ဝင်စားသည်။ လေ့ကျိုးကျွန်းစုကိုတော့ လျစ်လျူရှုထားခဲ့၏။ ဤအရာက ညံ့ဖျင်းခြင်းတမျိုးပင်။
ရှမ့်လန်ဆိုလျှင် မည်သို့လုပ်မည်နည်း။ ကျိန်းသေပေါက် သူ၏ ရည်ရွယ်ချက် ပြည့်စုံရန်အတွက် တခြားသော အရာတစ်ခုခုကို လျစ်လျူရှုကောင်း လျစ်လျူရှုထားနိုင်၏။
သို့ပေမည့် လက်ရှိသူ၏ နောက်ဖေးခြံဝန်းက မီးတောက်နေပြီ ဖြစ်၏။ နုရှောင့်မြို့ကို ဆုံးရှုံးရပေတော့မည်။ သို့ပေမည့် လူဦးရေရာချီကို ခေါ်ဆောင်ပြီး ချင်ဘုရင်၏ အဓိကစစ်တပ်ကြီးကို သွားရောက် တိုက်ခိုက်ရန် ထွက်ခွာသွားသည်။ ထိုအရာမှာ ခေါင်းကို ဂရုမစိုက်ဘဲ အမြီးကို ဂရုစိုက်ခြင်းနှင့် ဆင်တူသည်။
.........
အရှေ့ဘက်ပင်လယ်မှာတော့ ....
ဝူပြည်နယ်၏ သင်္ဘောပေါင်းရာချီတို့သည် တောင်ဘက်ပိုင်းဆီသို့ ခရီးနှင်လာခဲ့၏။ ကောင်းကင်ယံထက်ဆီမှ အောက်ဆီသို့ ငုံ့ကာကြည့်ရှုမည်ဆိုလျှင် တည်နေရာအနှံ့တွင် ရွက်သင်္ဘောများနှင့် ပြည့်နှက်သည်ကို မြင်ရပေမည်။ ရေပြင်တစ်ခုလုံးကို သင်္ဘောများ ဖုံးလွှမ်းနေသည်ဟု မပြောနိုင်သော်လည်း တကယ့်ကို များပြားသည်မှာတော့ သေချာ၏။ စစ်သည်ပေါင်းကလည်း သုံးသောင်းနီးပါးခန့်ရှိ၏။
ထိုအရာက နုရှောင့်မြို့ကို တိုက်ခိုက်ရန် ဝူဘုရင် အများဆုံး ပေးအပ်ထားသည့် စစ်သည်အင်အား အကန့်အသတ်ပင် ဖြစ်၏။ သို့ပေမည့် ထိုအရာက လုံလောက်၏။ ကျင်းကျိုးသည် သုတ်သင်ရှင်းလင်းခြင်း ခံခဲ့ရပြီး နုရှောင့်မြို့၏ မြို့စောင့်တပ်အင်အားက ငါးထောင်ပင် မရှိချေ။ ခေါင်းဆောင် မရှိသောကြောင့် အစည်းပြေနေသည့် ထင်းများကဲ့သို့ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် တိုက်ပွဲကို ကျိန်းသေပေါက် အနိုင်ယူနိုင်ပေမည်။
ဝူဘုရင်၏ ဗျူဟာမှုး စစ်သူကြီး ဝူမူသည် သင်္ဘောပဲ့ဦးတွင် မတ်မတ်ရပ်လျက်ရှိနေပြီး ပင်လယ်ပြင်၏ အနံ့ကို အာရုံခံ ပျော်မွှေ့နေသည်။ “အရှင်မင်းမြတ် ကျုပ်တို့ရဲ့ အောင်ပွဲကို စောင့်မျှော်နေလိုက်တော့။ ကျုပ် ဝူမူက အကြီးမားဆုံးသော အောင်ပွဲတစ်ခုကို ရရှိတော့မယ်”
နုရှောင့်မြို့အတွင်း ..
ကြီးမားလွန်းသည့် ရဲတိုက်ကြီး၏ လျှို့ဝှက်ခန်းထဲမှာတော့ ကျင်းမူလန်သည် မျက်နှာသေကြီးနှင့် ပြောဆိုလျက်ရှိ၏။ “ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ ကျွန်မ မသိဘူး။ အဖေက ဘာမှဖြစ်တာမှမဟုတ်တာ။ ဘယ်လိုလုပ် တစ်ချိန်လုံး ဝမ်းနည်းနေသလို သရုပ်ဆောင်လို့ရမှာလဲ။ ဘယ်လိုလုပ်ရမလဲ ကျွန်မ မသိဘူး။ ကျွန်မ မှ ဝမ်းမနည်းတာ။”
မူလန်သည် သရုပ်မဆောင်တတ်ချေ။ သူမ၏မိဘများက ကျန်းမာလျက် ရှိနေပြီး သူမနှင့် သူမ၏ ယောက်ျားကလည်း တစ်ယောက်နှင့်တစ်ယောက် ချစ်မြတ်နိုးကြ၏။ သူမသည် လောကတွင် အပျော်ရွှင်ဆုံးသော လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် ဝမ်းနည်းအောင် မည်ကဲ့သို့ပြုမူနေထိုင်ရမည်ဖြစ်ကြောင်း မသိချေ။
ကျင်းဟွေ့သည် အချိန်အနည်းငယ်ကြာ တွန့်ဆုတ်နေ၏။ သူ သေသွားမည်ဆိုလျှင်ရော။ သူ သေလျှင်လည်း သခင်မလေးက သိသိသာသာ ဝမ်းနည်းမည့်ပုံ မပေါ်ချေ။ သို့ပေမည့် သူ့၌ အကြံတစ်ခု ပေါ်လာသည်။
သို့နှင့် မြန်မြန် ပြောလိုက်၏။ “သခင်မလေး.. သမက်တော်က မင်းသမီးနင်ယန်နဲ့ အိပ်ခဲ့တယ်။ တစ်ကြိမ်ထက်တောင် ပိုသေးတယ်။ ဘုရင်မင်းမြတ်တောင် ဒီကိစ္စကို သိသွားတယ်”
ပြောပြောပြီးချင်းမှာပင် မူလန်၏ မျက်လုံးတစ်ခုလုံးက နီရဲသွားသည်။
“တဏှာရူးယောက်ျား... ရှင်နဲ့ နင်ယန်တို့က ညီအစ်ကိုတွေ ဆက်ဆံရေးလို့ ပြောခဲ့တယ်လေ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မြတ်နိုးမှု မရှိဘူးဆို၊ ရှင် ဆောင်ကြာမြိုင် သွားပြီးတော့ တခြား မိန်းမတစ်ယောက်နဲ့ အိပ်လိုက်ရင်တောင်မှ ကျွန်မ ကျေနပ်သေးတယ်။ ဒါက သံယောဇဉ်တွေ တိုးနိုင်တဲ့ ကိစ္စမျိုးပဲ။ အရမ်းလှတဲ့ မိန်းကလေးတွေနဲ့ မဖောက်ပြန်ရဘူးလို့ ကျွန်မ မှာထားတယ် မဟုတ်လား”
ထိုအချိန်မှာပဲ အန်းစိုက်ထျန်းက ဝင်ကာ ပြောလိုက်၏။ “ဟုတ်တယ် သခင်မလေး.. ဒီအမူအရာပဲ။ ဝမ်းနည်းတဲ့အမူအရာကို သရုပ်မဆောင်တတ်ဘူးမလား။ သမက်တော်ရဲ့ ကိစ္စကို တွေးနေလိုက်။”
ကျင်းကျိုးက ဆွံ့အသွားခဲ့၏။ ဤကဲ့သို့ အခြေအနေမျိုး ရှိသည်လား။
မူလန်သည် အံကိုကြိတ်ကာ ပြောလိုက်၏။ “အရူးကောင်... စောင့်နေ၊ စောင့်နေ၊ ရှင် အိမ်ပြန်ရောက်လာတာနဲ့ ကျွန်မ ရှင့်ကို ကျိန်းသေပေါက် သတ်မယ်”
လျန်ခရိုင်သို့ လိုက်သွားစဉ်တည်းက သူမ သေသေချာချာ မှာကြားခဲ့သည် မဟုတ်ပါလား။ သို့ပေမည့် အဘယ်သို့ ဖြစ်ရသနည်း။ အပြင်ဘက်သို့ရောက်သည်နှင့် ဖောက်ပြန်ရန် စဉ်းစားထားသည်လား။
ထိုအချိန်မှာပဲ အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ “သခင်ကြီး ... ဝူပြည်နယ်က စစ်သည်ပေါင်း တစ်သောင်းလောက် ချီတက်လာကြပြီ။”
အန်းစိုက်ထျန်းက သက်ပြင်းချလိုက်သည်။ “နုရှောင့်မြို့တိုက်ပွဲက မကြာခင်ဖြစ်တော့မှာပဲ။ သမက်တော် ဒီမှာ မရှိဘူးဆိုပေမယ့် သူ့ရဲ့ မဟာဗျူဟာတွေက ရှိနေပြီးသားပဲ။ သူပြောတဲ့အတိုင်းလုပ်ပြီး ကျုပ်တို့ ဒီတိုက်ပွဲကို နိုင်အောင် တိုက်ရမယ်။”
နယ်စားကြီးကျင်းကျိုးက ပြောလိုက်၏။ “အားလုံးပဲ ... တိုက်ပွဲအတွက် ပြင်ထားတော့”
........
နှင်းတောင်၏တောင်ခြေမှာတော့ အာယုနာနာ၏ မျိုးနွယ်စု အခြေချ နေထိုင်နေသည်။ ဤနေရာ၌ ကျောက်ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေး၏။ ထို့ကြောင့်ပင် လအနည်းငယ်အတွင်း လူပေါင်းတစ်သိန်းကျော်တို့က ရောက်ရှိလာပြီး ကာကွယ်ဆေးထိုးကြသည်။ တဆက်ဆည်း မပြန်ကြတော့ဘဲ အခြေချ နေထိုင်ကြသောကြောင့် ဤနေရာသည် မြို့ကြီးတစ်ခုကဲ့သို့ပင် ပြောင်းလဲလာသည်။
ချင်နိုင်ငံ၏ ဓလေ့ရိုးရာသည် အားကောင်းရာနောက်သာ လိုက်ပါ၏။ ထို့ကြောင့် အာယုနာနာဆီသို့ ရောက်ရှိလာသည့် လူများသည် အိုမင်းပြီး အားနည်းသည့်လူများသာ ဖြစ်၏။ ထိုသို့ဆိုလျှင်တောင်မှ အာယုနာနာ၏ ဂုဏ်သိက္ခာတရားကတော့ တကယ်ကို ကြီးမားလွန်းလှ၏။
ဤအတောအတွင်း ချင်နိုင်ငံတစ်ခုလုံးသည် ကြောက်လန့်မှုကိုခံစားခဲ့ရပြီး လူပေါင်းများစွာတို့သည် ထိုကဲ့သို့သော ကြောက်လန့်မှုများကြားတွင် အသက်ရှင် နေထိုင်ခဲ့ရသည်။
ချင်နိုင်ငံ၏ ပြည်တွင်းစစ်က အဆုံးသတ်သွားခဲ့ပြီး ဘုရင်သစ်အာယုထိုင်ကလည်း တရားဝင် နန်းပလ္လင်ကို ဆက်ခံခဲ့၏။
ယခင် ဘုရင်ဟောင်းအာလုခန်သည် အာယုနာနာနှင့် အဖေနှင့်သမီး ခံစားချက်များ ရှိသောကြောင့် သူမကို သတ်ဖြတ်ပစ်ရန် အားသုံးမကြိုးစားခဲ့ပေ။ သို့ပေမည့် အာယုထိုင်မှာတော့ အစ်ကိုနှင့် နှမ ဆက်ဆံရေးသာ ရှိ၏။ အဖေတူ၊ အမေတူ မွေးချင်းများဖြစ်ကြသော်လည်း တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်မှုမရှိကြချေ။
သူ၏ ညီငယ်များကိုပင် သတ်ဖြတ်ခဲ့သောကြောင့် အာယုထိုင်သည် အာယုနာနာ နှင့် သူမ၏ လတ်တလော တည်ဆောက်ထားသည့် မျိုးနွယ်စုကို အပြတ်ရှင်းပစ်မှာ သေချာသည်။
စစ်သည်ပေါင်းလေးသောင်းကျော်က ထိုသို့ပြုလုပ်ရန် ချဉ်းကပ်လာခဲ့ပြီဖြစ်၏။
ဘုရင်အသစ်၏ သံတမန်သည် အာယုနာနာ၏ နှင်းတောင်ဆီသို့ အကြိမ်ပေါင်းများစွာ ရောက်ရှိလာပြီး အော်ဟစ်၏။ “တကယ်လို့ မသေချင်ဘူးဆိုရင် အညံ့ခံ၊ ဘုရင်မင်းမြတ်က အကုန်လုံးကို လက်ခံပေးမယ်။ ဒီက လူတွေအားလုံးကို ခေါ်သွားမယ်။ ငြင်းဆန်နေမယ်ဆိုရင် ဘုရင်မင်းမြတ်ရဲ့ စစ်တပ်ရောက်လာတာနဲ့ အကုန်လုံး အသတ်ခံရမယ်။”
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤနေရာ၌ အခြေချနေသည့်လူများသည် အာယုနာနာကို ထောက်ခံခြင်း မရှိကြချေ။ သူတို့သည် ကျောက်ရောဂါကာကွယ်ဆေးကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်၏။ ဤနေရာသည် တခြားသောနေရာများထက် ပိုမိုကာ စည်ပင်ဝပြောသောကြောင့် ဤနေရာ၌ အခြေချသည်ဟု သတ်မှတ်ရပေမည်။ တကယ်တမ်း အခက်အခဲ ကြုံလာပါက သူတို့၏အသက်ထက် ပိုမိုအရေးကြီးမားသည့်အရာ ဘာရှိမည်နည်း။ ဘာမှမရှိပေ။
အာယုနာနာ၏ အနားပတ်ဝန်းကျင်တွင် စစ်သည်ပေါင်းသုံးထောင်မှ ငါးထောင်နီးပါးခန့်သာလျှင်ရှိ၏။ လူဦးရေ သောင်းချီရှိသည့် တိုက်ပွဲကို မည်ကဲ့သို့ ယှဉ်ပြိုင်တိုက်ခိုက်မည်နည်း။ သူတို့ လက်ရှိနေရာတွင် ဆက်လက် နေထိုင်ပါက သေခြင်းတရားကိုသာ ကြုံရပေမည်။
ထို့ကြောင့်ပင် အခြေချ နေထိုင်သူများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့၏။ နေ့စဉ်နေ့တိုင်း ဆိုသလို တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။ တည်နေရာ၌ လူဦးရေ တဖြည်းဖြည်း လျော့ကျလာခဲ့ပြီး ကျွဲနှင့် သိုးအရေအတွက်ကလည်း ထိုနည်းလည်းကောင်းပင်။
မင်းသမီးအာယုနာနာ၏ နှလုံးသားများက အေးစက်လျက် ရှိ၏။ သူမ၏ ယုံကြည်ရသည့် အတိုင်ပင်ခံများသည် သူမကို ထွက်ပြေးရန် ဖြောင်းဖျနေငြသည်။ မဟုတ်ပါက သတ်ဖြတ်ခံရလိမ့်မည်ဟုလည်း တစ်ဖက်လှည့်ဖြင့် ခြိမ်းခြောက်ကြသေးသည်။
မည်သို့ပင်ဖြစ်ဖြစ် အာယုထိုင်၏ စစ်တပ်ကြီးရောက်လာလျှင် မည်သူမှ လွတ်မြောက်လိမ့်မည် မဟုတ်ချေ။
မင်းသမီးအာယုနာနာက သက်ပြင်းချလိုက်၏။ “အင်း.. ပုရွက်ဆိတ်တွေတောင်မှ ရည်ရွယ်ချက်မရှိဘဲနဲ့ အသက်မရှင်ကြဘူး။ လူသားတွေဆိုရင် ပိုဆိုးတာပေါ့။ ဒါကြောင့် ဒီအပြစ်ကင်းစင်တဲ့ လူတွေကို သေခြင်းတရားထဲဆွဲခေါ်ဖို့ ငါ့ဆီမှာ ဘယ်လိုလုပ် အခွင့်အရေးရှိမှာလဲ”
အတိတ်တုန်းက သူမက ထိုကဲ့သို့သော စကားများကို ပြောလေ့ပြောထ မရှှချေ။ အတိတ်တုန်းက ကြမ်းတမ်းပြီး လူကို လူလို့ပင် ထင်မှတ်သည့် သူတစ်ယောက် မဟုတ်ချေ။ သို့ပေမည့် ကျောက်ရောဂါခံစားရပြီး သေခြင်းရှင်ခြင်းတရားကို လက်တွေ့ကြုံဆုံပြီးနောက် သူမသည် အလုံးစုံ ပြောင်းလဲသွားခဲ့၏။ အသက်ရှင်ရခြင်း၏ တန်ဖိုးကို သူမ သိရှိနားလည်ခဲ့သည်။
အထူးသဖြင့် အရူးကြီးနှင့် အိပ်စက်ခဲ့ပြီးနောက် သူမ၏ ဝမ်းဗိုက်ထဲတွင် ကလေးတစ်ယောက် ရှိလာခဲ့သည်။ ထို့ကြောင့် အသက်ရှင်သန်ရခြင်း၏ ရည်ရွယ်ချက်ကို သူမက သေသေချာချာ နားလည်၏။ ဟုတ်ပေ၏။ သူမ ကိုယ်ဝန်ဆောင်ထားသည်မှာ သုံးလကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။
အရူးကြီးက အံ့အားသင့်စရာပင်။ တစ်ချက်ပစ် တစ်ချက်ထိပင်။
ထို့ကြောင့် သူမက ရွေ့ပြောင်းသွားကြသူများကို မတားဆီးရုံသာမက တရားဝင် ထွက်ခွာသွားနိုင်ကြောင်း၊ ခိုးကာ တိတ်တဆိတ် ပြေးစရာမလိုကြောင်း လူသိရှင်ကြား ကြေညာခဲ့၏။ သူမသည် ထိုသူများ၏ ရွေ့ပြောင်းမှုကိုပါ လိုက်ပါ ကူညီလိုက်သေးသည်။ လမ်း၌ စားသုံးရန် အသားခြောက်များကိုပါ ဝေငှပေးခဲ့သေး၏။
လူပေါင်းများစွာတို့သည် စိတ်စေသနာကို နားလည်သွားပြီးနောက် သူမရှေ့၌ ဒူးထောက်ကာ ငိုယိုနေမိ၏။ ချင်နိုင်ငံတွင် ဤကဲ့သို့ သူတို့အပေါ် ကြင်နာသည့်သခင်မျိုး မရှိခဲ့ဖူးပေ။
“ကျုပ်တို့ မသွားတော့ဘူး၊ ကျုပ်တို့ အရှင်မနဲ့အတူ နေထိုင်ကြမယ်”
“ကျုပ်တို့ မသွားတော့ဘူး။ ကျုပ်တို့ လုံးဝမသွားတော့ဘူး။ အများဆုံး ဟိုဘုရင်နဲ့ တိုက်ခိုက်ရုံပဲ”
“အရှင်မက ကြင်နာတတ်တယ်။ အရေးအကြောင်းအခြေအနေမျိုးမှာ ကျုပ်တို့ အရှင်မကို ထားခဲ့မယ်ဆိုရင် တိရစ္ဆာန်တွေထက် ဆိုးတဲ့လူတွေဖြစ်သွားမှာ မဟုတ်လား”
လူပေါင်းများစွာတို့၏ မျက်လုံးထဲတွင် မျက်ရည်များနှင့် ပြည့်နှက်လာခဲ့၏။ ထိုသူတို့သည် မိမိတို့၏ ဒူးလေး၊ တုတ်ကြီးများကို ထုတ်ကိုင်ကာ အာယုနာနာ၏ ဘေးတစ်ဖက်ဆီသို့ ရောက်ရှိလာခဲ့ကြ၏။
သို့ပေမည့် ထိုကဲ့သို့ သေခြင်းတရားကို မကြောက်လန့်သည့်လူက အနည်းငယ်သာလျှင်ရှိ၏။ တော်တော်များများကတော့ ထွက်ခွာသွားနှင့်တုန်းပင်။
သူတို့သည် တခြားသော ဒီနေရာများဆီသို့ တရွေ့ရွေ့နှင့် ထွက်ခွာသွားခဲ့ကြ၏။ ထွက်ခွာသွားနေရင်းမှလည်း မျက်ရည်များ ကျဆင်းနေကြသေးသည်။ အရှင်မအား ကောင်းကင်မှ နတ်ဘုရားများ လာရောက် ကယ်တင်ပါစေရန် တောင်းဆုပြုနေကြ၏။ သို့ပေမည့် အရှင်မသည် ဤကပ်ဘေးတွင် ကျိန်းသေပေါက် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအရာကို သူတို့သိရှိသည်။
ချင်ဘုရင်၏ စစ်တပ်ကြီးက အားကောင်းလွန်းလှချေ၏။ ထို့ကြောင့် ရောက်ရှိလာသည်နှင့် အရှင်မ သေဆုံးပေမည်။ ဇာတ်ဆရာအလို လူ့ဘဝကို ကပြရင်း ပျောက်ကွယ်သွားရမည့် အရှင်မပင်။ သို့ပေမည့် အကျိုးရှိစွာ လူ့မေတ္တာကို ခံယူရင်း ပျောက်ကွယ်သွားရသည်မှာ ပျော်စရာပင် မဟုတ်ပါလား။
............