အခန်း (၃၉၇)
Vol. 29 Ch. 397
ဘုရင်မင်းမြတ်သည် နန်းတွင်းအမှုထမ်းတို့အား မိမိ၏ ခြေလက်သဖွယ် မြတ်နိုးသဘောထားမည်ဆိုပါက မူးမတ်တို့ကလည်း အရှင်မင်းကြီးအား မိမိတို့၏ အသက်သခင် ကျေးဇူးရှင်အဖြစ် သဘောထားပေလိမ့်မည်။
အရှင်မင်းကြီးက မူးမတ်တို့အား ခွေး၊ တိရစ္ဆာန်ကဲ့သို့ပင် သဘောထားသည်ဆိုပါက မူးမတ်တို့ကလည်း အရှင်မင်းကြီးအား သူစိမ်းတစ်ယောက်ပမာ သဘောထားပေလိမ့်မည်။
အရှင်မင်းကြီးက မူးမတ်တို့အား မြေကြီးပေါ်တွင် ရှိသည့် ဖုန်မှုန့်၊ မြက်ပင်သဖွယ် သဘောထားပါက မူးမတ်တို့ကလည်း အရှင်မင်းကြီးအား ရန်သူသဖွယ် သဘောထားလိမ့်မည်။
ယခု စုမိသားစုသည် ရွှဲ့ဘုရင်ကို ပုန်ကန်တော်လှန်ပြီး ပြည်သူတို့၏ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်၏။ ယခုမှစ၍ စုမိသားစုသည် ကျန်းရှစ်စီရင်စု၏ ခရိုင်ကြီး ခုနှစ်ခုကို ဦးဆောင်ပြီး လွတ်လပ်ရေး ကြေညာလိုက်ပြီ ဖြစ်၏။ ရွှဲ့ပြည်နယ်၏ အုပ်ချုပ်မှုမှ လုံးဝခွဲထွက်လိုက်ပြီ ဖြစ်ကြောင်း ကြေညာထားသည်။
စုနန်သည် ရွှဲ့ပြည်နယ်၏ တော်ဝင်မျိုးနွယ်အပေါင်းတို့အား ရွှဲ့ဘုရင်၏ ရက်စက်ကြမ်းကြုတ်မှုကို တရားသဖြင့် ပြန်လည်တိုက်ခိုက်ကြရန် တောင်းဆိုလိုက်၏။ မိုးမြေ၏တရားသည် သူတို့၏ဘက်တွင် ရှိ၏။ အဘယ်သို့သောသူကို ကြောက်လန့်ရမည်နည်း။
ကြေညာစာတမ်း၌ လူထောင်ပေါင်းများစွာတို့က လက်မှတ်ရေးထိုးထားပြီး စုနန်၏အမိန့်ဖြင့် ချက်ချင်း ပို့ဆောင်ဖြန့်ဝေစေခဲ့၏။ တစ်လောကလုံးဆီသို့ ချက်ချင်း ပျံ့နှံ့သွား၏။ ချောင်ပြည်နယ်၊ ဝူပြည်နယ်၊ ရွှဲ့ပြည်နယ်၊ တောင်ပိုင်းနိုင်ငံ၊ ချင်နိုင်ငံ စသဖြင့် နိုင်ငံအသီးသီးတို့တိုင် ကြေညာစာက ရောက်ရှိသွားခဲ့၏။
ရက်အနည်းငယ်အတွင်းမှာပဲ စုနန်၏ ရွှဲ့ပြည်နယ်အပေါ် စစ်ကြေညာသည့် စာတမ်းသည် လမ်းမများ၊ လမ်းကြိုလမ်းကြားများပါမကျန် ပျံ့နှံ့သွား၏။ အကြောင်းမှာ ကြေညာစာတမ်းနှင့် တပ်ဖွဲ့များကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သောကြောင့်ပင်။ စုနန် အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် ထိုကြေညာစာတမ်းများကို ရူးရူးမူးမူးဆိုသလိုပဲ တစ်လောကလုံးသို့ လိုက်လံကာ ဖြန့်ဝေသည်။
ထိုကြေညာစာတမ်းထွက်ပေါ်လာသည်နှင့် တစ်လောကလုံးက အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြ၏။ ဝူဘုရင်သည် သူ၏စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြသခဲ့ပြီး စုမိသားစုဆီသို့ သံတမန်ကိုပင် စေလွှတ်ခဲ့၏။ ထို့အပြင် ရွှဲ့ဘုရင် နင်ယွမ်ရှန်းက နိုင်ငံ၏ ရှေးမင်းမှုထမ်းကြီးများအား အန္တရာယ်ပြုကျင့်မှ ရပ်တန့်ရန် တစ်ဖက်တစ်လမ်းမှ ကြားဝင် တောင်းဆိုခဲ့သေး၏။
ချောင်ဘုရင်ကမူ သူ၏ ကိုယ်ချင်းစာတရားကို ထောက်ခံပြသခဲ့၏။ သူက စုမိသားစု၏ ပိုင်နက်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဖြစ် အလျင်အမြန် အသိအမှတ်ပြုရန် ဆန္ဒထုတ်ဖော်၏။ ရွှဲ့ဘုရင် နင်ယွမ်ရှန်းက ရက်စက်လွန်း၏။ ထိုအရာနှင့် ပတ်သက်၍ သူက ပြင်းထန်သည့် ဒေါသတရားကို ထုတ်ဖော်ပြသခဲ့သည်။
တောင်ပိုင်းနိုင်ငံ၏ မင်းသားကျင်းသည် တန်ပြန်ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး ရွှဲ့ဘုရင်၏ တရားကင်းမဲ့ပုံကို ရှုတ်ချခဲ့၏။ တောင်ပိုင်းနိုင်ငံသည် စုမိသားစုနှင့် သွေးသောက်ညီအစ်ကို မဟာမိတ်ဖွဲ့ရန်ပင် ဆန္ဒရှိကြောင်း ရေးသားခဲ့၏။
ချင်နိုင်ငံ၏ သံတမန်ကလည်း စကားပါး၏။ ‘စုမျိုးနွယ်၏ ရန်သူက ချင်နိုင်ငံ၏ ရန်သူပင် ဖြစ်၏။ စုမိသားစု နဲ့ ပြည်သူတွေ၊ ကျန်းရှစ်စီရင်စုက ပြည်သူတွေအတွက် ချင်နိုင်ငံက နောက်ဆုံးသွေးတစ်စက် ကျန်သည်အထိ တိုက်ပွဲဝင်ရန် အဆင့်သင့်ရှိပါသည်’ ဟူ၍ ကြေညာခဲ့သည်။
တော်ဝင်ရန်အင်ပါယာကမူ နှစ်ဖက်စလုံး စိတ်တည်ငြိမ်စွာ ထိန်းသိမ်းပြီး စားပွဲဝိုင်းတွင် ညှိနှိုင်းဆွေးနွေးရန် တိုက်တွန်းခဲ့၏။ သူတို့သည် စစ်ပွဲကို မလိုလားဘဲ ငြိမ်းချမ်းရေးကိုသာ လိုလားသည်ဟု ဆို၏။
စုနန်၏ ပုန်ကန်မှုသည် ယမ်းပုံပေါ်သို့ မီးကျသကဲ့သို့ပင် အရာအားလုံးတို့ကို ဗြောင်းဆန်စေခဲ့၏။ ရွှဲ့ပြည်နယ်တစ်ခုလုံး၏ ကံကြမ္မာကို မီးရှို့လိုက်ခြင်းပင်။
တခဏအတွင်းမှာပဲ ရွှဲ့ပြည်နယ်တစ်ခုလုံးသည် အန္တရာယ်အတွင်းသို့ သက်ဆင်းသွားခဲ့ပြီး မည်သည့်အချိန်တွင် မဆို ရုတ်တရက် ပြိုလဲသွားနိုင်မည့်အလား ပွက်လောရိုက်ကုန်သည်။ ပြီးနောက် ထိုကဲ့သို့ စစ်ကြေညာစာတမ်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် စုမိသားစု၏ စစ်တပ်ကြီးသည် လေပွေမုန်တိုင်းတစ်ခုကဲ့သို့ တစ်ခုပြီးတစ်ခု အောင်ပွဲဆင်ကာ တိုက်ခိုက်ဆင်နွှဲလျက် ရှိနေ၏။ ယနေ့ မြို့တစ်မြို့ကို သိမ်းသည်။ မနက်ဖြန် မြို့နှစ်မြို့ကို သိမ်းဆည်း၏။
ပိုင်ရီခရိုင်မှ မြို့များကို ကြေညာစာတမ်း ဆုပ်ကိုင်ပြီး တိုက်ခိုက်၏။ ဆီးနှင်းတောင်မြို့၏ မြို့စား ၊ ရွှဲ့လင်မြို့၏ မြို့စားနှင့် တခြားအရာရှိအားလုံးတို့သည် ပြည်သူများနှင့်အတူ စုမိသားစု၏ စစ်တပ်ကြီးကို မြို့တွင်းသို့ ကြိုဆိုခဲ့ကြ၏။ မရေမတွက်နိုင်အောင် များပြားသည့် ပြည်သူများသည် သူတို့ လွတ်မြောက်ပြီဟု အော်ဟစ် ကြသည်။
“ရွှဲ့ဘုရင် စေလွှတ်လိုက်တဲ့ အမှုထမ်း ရှမ့်လန်ဆိုတဲ့လူက ငါတို့ကို ကြီးကြီးမားမား ဒုက္ခပေးသွားခဲ့တာ။ စုမိသားစုရဲ့ စစ်သည်တွေ... ဘာလို့ ဒီလောက်တောင် နောက်ကျရတာလဲ”
စုနန်သည် မျက်ရည်များ တစ်ပေါက်ပြီးတစ်ပေါက် ကျဆင်းပြီး ဒုက္ခရောက်လျက် ရှိနေသည့် သက်ကြီးရွယ်အိုများ ဆီသို့ သွားကာ ထူမပေး၏။ သူသည် ရွံ့များပေကျံနေသည့် ဆန်ပြုတ်ပန်းကန်ကို ကောက်ယူကာ တစ်ခါတည်း မော့သောက်လိုက်၏။ ပြည်သူနှင့် တသားတည်းနေထိုင်ခြင်းပင်။
သို့နောက် သူ့အား ကြိုဆိုရန် ထွက်လာကြသည့် ပြည်သူအားလုံးဘက်သို့ မျက်နှာမူကာ လေးလေးစားစား ပြောလိုက်၏။ “ဒီကလူတွေအကုန်လုံး... ဒီစုနန် နောက်ကျသွားခဲ့ပါတယ်။ ခင်ဗျားတို့ ဒုက္ခခံစားရတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်”
ပြီးနောက် စုမိသားစု၏ စစ်တပ်ကြီးသည် အဝတ်အထည်၊ စားနပ်ရိက္ခာနှင့် ဝိုင်၊ အသား အမြောက်အမြားကို ပြည်သူလူထုဆီသို့ ခွဲဝေပေးခဲ့၏။ မရေတွက်နိုင်အောင် များပြားသည့် ပြည်သူများသည် စုမိသားစု၏ စစ်သည်များ အနိုင်ရရှိပါစေကြောင်း၊ စုမိသားစု၏ စစ်တပ်သည် တရားမျှတ၍ အရာအားလုံးတို့အပေါ်တွင် လေးလေးစားစား ဆက်ဆံတတ်သည့် လူများဖြစ်ကြောင်း ကြွေးကြော်ကြသည်။
သုံးရက်တည်းဖြင့် စုနန်၏ စစ်သည်များသည် ပိုင်ရီခရိုင်ရှိ မြို့ခြောက်မြို့ကို လျှပ်ပြက်သကဲ့သို့ပင် အရှိန်အဟုန်ဖြင့် သိမ်းပိုက်ခဲ့၏။ ပိုင်ရီခရိုင်သည် ခရိုင်မြို့တော်မှလွဲ၍ အရာအားလုံး အရောင်ပြောင်းသွားခဲ့၏။
စုနန်သည် စုရွှင်ထံသို့ အမိန့်တစ်ခု ပေးပို့ခဲ့သည်။ “ပိုင်ရီခရိုင်က မြို့တွေကို ငါကိုယ်တိုင် ရွှဲ့ဘုရင်ရဲ့ ရက်စက်မှုအောက်ကနေ ကယ်တင်ပေးခဲ့ပြီ။ ဒါပေမဲ့ ခရိုင်မြို့တော်ရဲ့ပြည်သူတွေက ဘာလို့ ဆက်လက် ဒုက္ခခံနေရမှာလဲ”
“မင်းမှုထမ်းဆိုး ကျန်းချုံးဆိုတဲ့လူက ရက်စက်လွန်းတယ်။ မြို့တွင်းက ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခကို လှမ်းပြီး ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်။ ငါ စုနန်က ပိုင်ရီမြို့မှာရှိတဲ့ ပြည်သူတွေရဲ့ ငိုကြွေးသံကို ကြားနေရတယ်။ ဒီအရာတွေနဲ့ပတ်သက်ပြီး ညတိုင်း အိပ်မပျော်နိုင်အောင် ဖြစ်နေပြီ။ ဒီတော့ ဒီပြည်သူတွေကို ဘယ်လိုမျိုး ကယ်တင်ကြမလဲ”
တပ်မမှူး စုရွှင်သည် မျက်ရည်များ ဝိုင်းလျက်ရှိသည်။ “အရှင် အရှက်ရရင် ကျွန်တော်မျိုး သေရပါမယ်။ ကျန်းချုံးကို အမြစ်ပြတ်ချေမှုန်းပြီး မြို့ထဲကအပြစ်မဲ့ပြည်သူတွေကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်”
ထို့ကြောင့် စုရွှင် ၏ စစ်သည်အင်အား တစ်သောင်း၊ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီး စစ်သည်ပေါင်း ငါးထောင်၊ အနောက်ပိုင်းဒေသဆီမှ ကြေးစားစစ်သည်ပေါင်း ငါးထောင်တို့သည် ပိုင်ရီမြို့ဆီသို့ နေ့နေ့ညည ထိုးစစ်ဆင် တိုက်ခိုက်ကြ၏။ တိုက်ပွဲက ချက်ချင်းပင် အပြင်းထန်ဆုံး အခြေအနေဆီသို့ ရောက်ရှိသွားခဲ့၏။
မြို့အပြင်ဘက်မှာတော့ ရန်သူစစ်သည်ပေါင်း တစ်သောင်းရှစ်ထောင်တို့က ရူးရူးမူးမူး အပြင်းအထန် တိုက်ခိုက်လျက် ရှိနေသည်။
မြို့၏အတွင်းဘက်မှာတော့ ကျန်းချုံးနှင့် သူ၏တပ်ဖွဲ့မှာ လေးထောင်ငါးထောင်ထက် မပိုသဖြင့် အင်အားအလွန် ကွာခြားနေ၏။
ပြီးနောက် စုနန်သည် ရွဲ့လင်မြို့ဆီသို့ တပ်အင်အား သုံးထောင် ထပ်မံ ပို့ဆောင်ခဲ့၏။ ထိုအချိန်မှာတော့ ရွဲ့လင်မြို့တွင် စုမိသားစု၏ တပ်အင်အားက ရှစ်ထောင်ဆီသို့ ရောက်ရှိသွားခဲ့ပြီး ကျန့်ထော်၏ စစ်တပ်ကို ဖိအားပေးနေသည်။
ကျန်းယွမ်နယ်စားကြီး စုနန်သည် ရုတ်တရက် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ အရာအားလုံးသည် သူ မျှော်လင့်ထားသည်ထက် ပိုမိုကာ ချောမွေ့လို့နေ၏။ ရှမ့်လန်ကို တကယ်ပင် ကျေးဇူးတင်ရပေမည်။ ရှမ့်လန်သည် ယခင်က လူပေါင်းများစွာတို့ကို ခေါ်ဆောင်လာခဲ့ပြီး ပိုင်ရီခရိုင်၌ ကပ်ဘေးကြီး ဖြစ်ပေါ်စေခဲ့၏။
ထိုအရာမှာ မြေပြင်ကို ရေလွှမ်းမိုးမှုဖြင့် သန့်စင်ဆေးကြောလိုက်သကဲ့သို့ပင် ဖြစ်ပြီး စုမိသားစုအား ပိုင်ရီခရိုင်အတွင်းရှိ မြို့ကြီးခြောက်မြို့ကို မည်သည့် အတားအဆီးမှ မရှိဘဲ လွယ်လွယ်ကူကူ သိမ်းပိုက်ခွင့် ရရှိစေခဲ့သည်။
နောက်တစ်ဆင့်အနေဖြင့် ကျန်းချုံးကာကွယ်နေသည့် ပိုင်ရီမြို့ကို ချိုးဖျက် သိမ်ပိုက်နိုင်ခဲ့ပါက သူ၏စစ်တပ်သည် ကျန်းရှစ်စီရင်စု၏ တောင်ပိုင်းတစ်ခုလုံးကို တံမြက်စည်းလှည်းသိမ်းလိုက်သကဲ့သို့ပင် လွယ်လွယ်ကူကူနှင့် သိမ်းပိုက်နိုင်ပေမည်။
ထိုအချိန်ရောက်လျှင် သူသည် မြောက်ဘက်ပိုင်းရှိ ပိုင်ရီနယ်စပ်ကို သွားရောက်တိုက်ခိုက်နိုင်မှာ ဖြစ်ပြီး ချောင်ပြည်နယ်နှင့်အတူ ကျုံးမိသားစုကို အတူတွဲကာ တိုက်ခိုက်နိုင်၏။ သူက တောင်ဘက်ခြမ်းရှိ ကျုးလင်း၏ စစ်တပ်ကို မင်းသားကျင်းနှင့်အတူ တိုက်ခိုက်ရန်လည်း စဉ်းစားထားသည်။ ပြီးနောက် အရှေ့ဘက်ကို တိုက်ခိုက် ...
အင်း ထားလိုက်ပါတော့။ လတ်တလော အရှေ့ဘက်ကို တိုက်ခိုက်ဖို့ဆိုသည်မှာ မဖြစ်နိုင်သေးချေ။ ရွှဲ့ပြည်နယ်၏ နန်းမြို့တော်သည် အလွန်ခိုင်မာပြီး ကြီးမား၏။ သူ၏တပ်အင်အား နှစ်သောင်း၊ သုံးသောင်းလောက်နှင့် ချင်နိုင်ငံ၏ စစ်သည် ခုနှစ်သောင်းရှစ်သောင်းလောက် ပူးပေါင်းသည်ဆိုလျှင်တောင် ရွှဲ့ပြည်နယ်၏ နန်းမြို့တော်ကို ဝင်ရောက် သိမ်းပိုက်ဖို့ လွယ်ကူမည် မဟုတ်ချေ။
ပြောရမည်ဆိုလျှင် ဤအရာက သေးငယ်သည် မဟုတ်ဘဲ အလွန်ကြီးမားသည့် ကိစ္စကြီးတစ်ခု ဖြစ်၏။ အနည်းငယ် မပျော်ရွှင်ရသည်မှာ ချင်ဘုရင်ကြောင့်သာ ဖြစ်၏။ ရှမ့်လန်သည် တော်ဝင်နှင်းတောင်ဆီသို့ ထွက်ပြေးသွားခဲ့ပြီး ချင်ဘုရင်က နောက်မှလိုက်ကာ သတ်ဖြတ်နေ၏။
စုနန်က ဒေါသထွက်နေသည်။ “အာယုထိုင်က အဲလောက်ထိ လုပ်ဖို့လိုလို့လား။ ရှမ့်လန်နဲ့ အာယုနာနာတို့မှာ လူသုံးထောင်ပဲ ရှိတာ။ အများဆုံး လူတစ်သောင်းလောက် လိုက်ခိုင်းလိုက်ရင် ရနေပြီ။ လူသုံးလေးသောင်း လောက်နဲ့ လိုက်ပြီ ဘာလုပ်ဖို့လဲ။ မင်းရဲ့ စစ်အင်အားကို ငါလုယူသွားမှာ အဲလောက်တောင် ကြောက်နေတာလား”
သို့ပေမည့် အာယုထိုင်ကတော့ ထိုကဲ့သို့ မတွေးခဲ့ချေ။ သူ ချင်ဘုရင် ဖြစ်လာပြီးတည်းက တောက်ပြောင်သည့် အောင်ပွဲဟူ၍ တစ်ပွဲမှ မရရှိသေးပေ။ အာယုသာနှင့် တခြားသော မင်းသားနှစ်ပါးတို့ နှင်းတောင်နတ်ဘုရားကျောင်းကို သိမ်းပိုက်၍ သူ့ကို ဆန့်ကျင်ခဲ့စဉ်အခါက စုမိသားစုမှ အမျိုးသမီး နှစ်ယောက်တို့က ဝင်ရောက်ကာ ဖြေရှင်းပေးခဲ့၏။
စစ်သည်တစ်ဦးတစ်ယောက်မှ မဆုံးရှုံးရဘဲ ပြည်တွင်းစစ်ကို နှိမ်နင်းနိုင်ခဲ့ခြင်းမှာ တကယ့်ကို ပျော်ရွှင်စရာ ကိစ္စရပ်ဖြစ်၏။ သို့ပေမည့် ဤအချက်က အာယုထိုင်ကို မပျော်ရွှင်စေခဲ့ဘဲ ပိုမိုကာ အားငယ်စေ၏။ စုမိသားစုက လူများသည် စွမ်းဆောင်ရည် ကောင်းမွန်လွန်းနေသည် မဟုတ်ပါလား။
ထို့အပြင် အာယုနာနာသည် တခြားသောသူများ၏ အရှင်မအဖြစ် အသိအမှတ်ပြုခြင်းကို ခံထားရ၏။ ထို့ကြောင့် ချင်နိုင်ငံ၌ ဘုရင်တစ်ပါးတည်းသာ ရှိရပေမည်။ ယခု အာယုထိုင် ကိုယ်တိုင် အာယုနာနာ၏ ဦးခေါင်းကို ဖြတ်ရပေလိမ့်မည်။ ထိုမှသာလျှင် သူ၏ထီးနန်းက တရားဝင် လုံခြုံပေမည်။
သူ အာယုထိုင် ကိုယ်တိုင် အာယုနာနာကို သတ်မည်ဖြစ်သောကြောင့် တပ်အင်အား တစ်သောင်းဖြင့် လိုက်လံချေမှုန်းရုံဖြင့် အရှိန်အဝါကြီးမားမည် မဟုတ်ချေ။ ထို့ကြောင့် ကျန်သည့် အင်အားသုံးသောင်းကို တစ်ခါတည်း ခေါ်ဆောင်သွားရပေမည်။
သူက ဤနိုင်ငံ၏ ဘုရင်သစ် ဖြစ်သည်။ နိုင်ငံတော်၏ ဘုရင်သစ်အနေနှင့် တခြားသော စစ်သည်များကို သူ၏ အနားမှ ခွဲထွက်သွားစေ၍ ဘယ်ဖြစ်မည်နည်း။ စုမိသားစုကလည်း သူ့ကို တစ်ချိန်လုံး စောင့်ကြည့်လျက် ရှိနေ၏။ သူ၏စစ်သည်များကို ဤနေရာတွင် ထားခဲ့ပါက စုမိသားစုက လုယက်သွားနိုင်၏။ ဤသို့ မဖြစ်နိုင်ဟု မည်သူက အတိအကျ အာမခံနိုင်မည်နည်း။
………….
ပိုင်ရီမြို့တော်အား ကျန်းချုံးက ကာကွယ်ပေးလျက် ရှိနေ၏။
ကြုံးဝါးအော်ဟစ် သတ်ဖြတ်သံများက ကောင်းကင်ယံကိုပင် တုန်ဟီးသွားစေသည်။ မီးတောက်များ၊ သွေးစက်များ၊ အလောင်းများက နေရာအနှံ့၌ ပျံ့ကျဲနေ၏။ မြေပြင်ပေါ်တွင်လည်း မြားပေါင်းများစွာ စိုက်ဝင်နေသည်။
စုမိသားစု၏ စစ်သည်များသည် ပထမနေ့ တိုက်ခိုက်သည့်အချိန်မှာပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ သောကြောင့် လူအားလုံးက တုန်လှုပ်ခြောက်ခြားခဲ့ရ၏။ စုမိသားစု၏ စစ်သည်များက လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားခဲ့ပြီး စည်းမျဉ်းစည်းကမ်းလည်း ကျန၏။
တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များကလည်း အလွန်ကျွမ်းကျင်သည့် လူများဖြစ်ပြီး သေခြင်းတရားကို မကြောက်ရွံ့ကြချေ။ အနောက်တိုင်း ကြေးစားစစ်သည်များမှာတော့ လိမ္မာပါးနပ်ပြီး အတွေ့အကြုံ ရင့်ကျက်၏။ အတိုချုပ်ပြောရမည်ဆိုလျှင် ထိုတပ်ဖွဲ့သုံးခုလုံးသည် အလွယ်တကူ ဖြေရှင်း၍ ရနိုင်သည့်လူများ မဟုတ်ချေ။
ကျန်းချုံး ပိုင်ရီမြို့တော်ဆီသို့ လာရောက်သည့်အချိန်က ဘုရင်မင်းမြတ်သည် သူ့အတွက် လက်ရွေးစင် စစ်သည်ပေါင်း သုံးထောင်ကို ဖျစ်ညှစ်ကာ ထုတ်ပေးခဲ့သော်လည်း ပညာရှိအဆင့် အရာရှိ ခြောက်ဦးကိုသာ ပေးအပ်နိုင်ခဲ့၏။ ထိုသူတစ်ယောက်ချင်းစီတိုင်းသည် လူများထဲမှ နဂါး၊ လူများထဲမှ ဖီးနစ်ဟု သတ်မှတ်နိုင်ပြီး ပညာရှင်အဆင့်များ ဖြစ်ကြ၏။ စစ်ရေးဗျူဟာ သို့မဟုတ် သိုင်းပညာသည် ပထမတန်းစား ဖြစ်၏။ တစ်ခုတည်းသော လိုအပ်ချက်မှာ တကယ့် တိုက်ပွဲအတွေ့အကြုံပင် ဖြစ်၏။
အဘယ့်ကြောင့်ဆိုသော် ရွှဲ့ပြည်နယ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ နီးပါး ငြိမ်းချမ်းခဲ့ပြီး တောင်ပိုင်းနိုင်ငံ ပုန်ကန်မှု ဖြစ်ပွားမှသာလျှင် စစ်မှန်သည့် တိုက်ပွဲကြီးတစ်ခုကို တိုက်ခိုက်ခဲ့ရ၏။ ထို့ကြောင့် စစ်ဗိုလ်ချုပ် တော်တော်များများတို့သည် တကယ့်အစစ်အမှန် တိုက်ပွဲကို မတွေ့ကြုံဖူးကြချေ။
ပညာရှိအရာရှိတစ်ဦးက ပြောလိုက်၏။ “တပ်မှူး... ဒီနေ့တိုက်ပွဲက အရမ်း ပြင်းထန်တယ်။ ကျုပ်တို့ ဒီဟာကို တောင့်ခံမထားနိုင်မှာ စိုးရိမ်ရတယ်”
ကျန်းချုံးသည် ထိုသူကို တစ်ချက်လှမ်းကြည့်လိုက်၏။ ထိုသူပြောနေခြင်းမှာ တိုက်ပွဲကို ကြောက်ရွံ့၍ မဟုတ်ချေ။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ သံချပ်ကာမှာ ကွဲအက်ပြီး သွေးများ ယိုစီးလျက်ရှိ၏။ သူက အလွန်ရဲရင့်ပြီး တိုက်ပွဲကို ဘယ်တော့မှ ကြောက်ရွံ့တတ်သူတစ်ယောက် မဟုတ်ကြောင်း ကြည့်လိုက်ရုံနှင့် ထင်ရှား၏။ သို့ပေမည့် အခြေအနေပေါ်တွင် အဆိုးမြင်စိတ်များနှင့် ပြည့်နှက်နေကြောင်း သိသာသည်။
“တိုက်ပွဲစတာ တစ်နာရီတောင် မပြည့်သေးဘူး။ ရန်သူတွေက မြို့ရိုးပေါ်ကို သုံးလေးကြိမ်လောက် တက်လာပြီးပြီ။ သူတို့ရဲ့ အရေအတွက်က အရမ်းကို များတယ်။ ကျုပ်တို့ထက် အနည်းဆုံး လေးငါးဆလောက် ပိုပြီး များတယ်”
ကျန်းချုံးက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ “မစိုးရိမ်နဲ့။ မြို့ကို ဝိုင်းရံတိုက်ခိုက်ကြတဲ့အခါမှာ ပထမတစ်ကြိမ် ဗုံတီးသံက စိတ်ဓာတ်ကို တွန်းတင်တယ်။ ဒုတိယဗုံသံကတော့ စိတ်ဓာတ်ကို စတင်ထိန်းထားမယ်။ တတိယဗုံသံကတော့ စိတ်ဓာတ်ကို ပင်ပန်းသွားစေနိုင်တယ်လို့ ဆိုရိုးရှိတယ်။ ပထမဦးနေ့မလို့ တိုက်ပွဲက ဒီလောက် ပြင်းထန်နေတာ”
လူငယ်ပညာရှိအရာရှိက မေးလိုက်သည်။ “တကယ်လား”
ကျန်းချုံးက ဖြေလိုက်၏။ “ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ”
ထိုလူငယ်ပညာရှိက ပြောသည်။ “ဒါဆိုရင် ကျုပ် ဘာလုပ်ရမလဲ သိပါပြီ”
ပြီးနောက် သူသည် ဒဏ်ရာကို ဖြစ်သလိုပင် ပတ်တီးစည်းပြီး ၁၅ မိနစ်ခန့် အနားယူကာ သူ၏လုပ်ဖော်ကိုင်ဖက်များနှင့် လူစားထိုး၍ ပြန်လည်ကာ တိုက်ပွဲဝင်ပြန်၏။
မင်းသမီးကြီး နင်ကျဲ့မှာတော့ ဘေးတစ်ဖက်တွင် ရပ်လျက်ရှိနေပြီး မည်သည့်စကားတစ်ခွန်းမှ မဆိုချေ။ သူမက အရာအားလုံးကို အမှန်အတိုင်း မြင်နေရသည် ဆိုသော်လည်း ထုတ်ဖော်၍ မပြောခဲ့ချေ။ ယနေ့တိုက်ပွဲက အလွန်ပြင်းထန်သည်မှာ အမှန်ဖြစ်ပြီး နောက်နေ့ ပိုမိုကာ ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သူမ သိရှိ၏။ ကြောက်မက်ဖွယ်ရာ ကောင်းသည့် နေ့ရက်များမှာ ယနေ့မှ အစသာလျှင် ရှိနေသေးသည်။
“အင်း.... ဒီစစ်တပ်က တကယ့်ကို အားကောင်းတယ်။ အရာရှိတွေကလည်း တော်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ တကယ့်တိုက်ပွဲအတွေ့အကြုံက နည်းပါးနေတာကြောင့် သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေက အားနည်း နေသေးတယ်။ တဖြည်းဖြည်းနှင့် ပိုပြီးတော့ အားကောင်းလာပါလိမ့်မယ်” ကျန်းချုံးက နှစ်သိမ့်လိုက်၏။
သို့ပေမည့် အတွေ့အကြုံဟု ခေါ်ဆိုသည့် အရာဆိုသည်မှာ သွေးထွက်သံယိုမှုနှင့် သေဆုံးမှုတို့ကို ဆိုလိုကြောင်း အားလုံးသောသူတို့က ကောင်းကောင်းသိရပေလိမ့်မည်။
ကျန်းချုံးက တိုက်ပွဲအတွေ့အကြုံ ရှိခဲ့ဖူးပါရဲ့လား။ ရှိခဲ့ဖူး၏။ သူ၏ဖခင်က အလယ်အလတ်တန်းစား တပ်မှူးတစ်ယောက် ဖြစ်ခဲ့ပြီး ကျန်းချုံးသည် လူငယ်ဘဝတည်းက ဖခင်နောက်သို့ လိုက်ကာ တိုက်ပွဲပေါင်းများစွာကို ဝင်ရောက်ဖူးသည်။ ဝူ-ရွဲ့စစ်ပွဲတွင် သူ ဝင်တိုက်ခိုက်ခဲ့ဖူး၏။
ယခင် တောင်ပိုင်းဘုရင်ကို သတ်ဖြတ်ခဲ့သည့် တိုက်ပွဲ၌လည်း သူ ပါဝင်ခဲ့ဖူး၏။ နင်ယွမ်ဝူ၏ ပုန်ကန်မှုကို ချေမှုန်းသည့် စစ်ပွဲတွင်ပင် သူပါဝင်ခဲ့ဖူး၏။ ထိုတိုက်ပွဲအကြောင်းနှင့် ပတ်သက်၍ နင်ယွမ်ရှန်းက တမင် ဖျောက်ဖျက်ထားခဲ့သောကြောင့် တိုက်ပွဲမှတ်တမ်းမကျန်ရှိခြင်း ဖြစ်သည်။
နင်ကျဲ့က မေးလိုက်၏။ “ကျန့်ထော်ရဲ့ စစ်တပ်က တောင်ဘက်ပိုင်းကို ဘယ်အချိန် လာမှာလဲ”
ကျန်းချုံးက ပြန်လည်ကာ ဖြေဆိုလိုက်သည်။ “ကျုပ်တို့ တပ်ဖွဲ့တွေ လုံးဝ မခံနိုင်တော့ဘူးဆိုတဲ့ အချိန်ကျရင် ကျန့်ထော်ရဲ့ စစ်တပ် လာလိမ့်မယ်။ ဒါပေမဲ့ သူတို့ ဘယ်တော့မှ ပိုင်ရီမြို့ကို ရောက်လာမှာ မဟုတ်ဘူး”
နင်ကျဲ့ကလည်း ထိုအချက်ကို နားလည်၏။ ကျန့်ထော်၏ စစ်တပ်သည် စိတ်ဓာတ်တက်ကြွစေသော ဆေးတစ်ခွက် ဖြစ်၏။ ပိုင်ရီခရိုင်ရှိ တပ်ဖွဲ့ဝင်အားလုံးက ပင်ပန်းနွမ်းနယ်နေပြီး အလွန်အမင်း နာကျင်မှုကို ခံစားနေရ၏။
ကျန့်ထော်၏ စစ်တပ်သည်သာ တောင်ဘက်ပိုင်းဆီသို့ ချီတက်လာသည်ဟူသော သတင်းရောက်ရှိလာပါက စိတ်ဓာတ်ကို ပြန်လည် မြှင့်တင်ပေးနိုင်ပေလိမ့်မည်။ အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ပိုင်ရီခရိုင်မှ တပ်ဖွဲ့ဝင်များ အားလုံး၏ စိတ်ဓာတ်နှင့် တိုက်ခိုက်နိုင်စွမ်းကို အဆုံးစွန်ထိ ညှစ်ထုတ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ ဘယ်တော့မှ ဖြစ်မလာနိုင်မည့် မျှော်လင့်ချက်မျိုးပင်။