← Chapters

အခန်း (၄၀၁)

Vol. 29 Ch. 401

အခန်း (၄၀၁)

Vol. 29 Ch. 401

ဝူကပြောလိုက်သည်။ “ရွှဲ့ဘုရင်နင်ယွမ်ရှန်းက ရှင့်ကို နုရှောင့်မြို့ရဲ့ မြို့တော်ဝန်အဖြစ်နဲ့ ချီးမြှင့်ခဲ့တယ်။ ဒါပေမဲ့ ရှင့်ဆီမှာ ဘာအာဏာရှိလဲ။ ရှင် ကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်ခဲ့တယ်။ ရှမ့်လန်လို သမက်တော်မျိုးကိုတောင် ဒူးထောက်ခဲ့ရတယ်။ ရှင်က မွေးစားသား ပြီးတော့ သူကသမက်တော်၊ သူ့ရဲ့အဆင့်အတန်းက ရှင့်ထက်အများကြီး နိမ့်ကျတယ် မဟုတ်လား။ ရှင်က သမက်တော် တစ်ယောက်ကို ဒူးထောက်ခဲ့ရတယ်။ ဒါက အရှက်ရစရာ ကိစ္စရပ်ကြီး မဟုတ်ဘူးလား”

ထိုအမျိုးသမီးသည် ကျင်းရှိယန်၏ လက်ကိုအသာပင်ဆုပ်ကိုင်ရင်း လက်ပေါ်တွင်ရှိနေသည့် အမာရွတ်များကို ပွတ်သပ်နေ၏။

ဝူက ပြောလိုက်သည်။ “သခင်လေး.. ကျွန်မ ထပ်ပြောမယ်။ ရှင်ကိုယ့်ကိုယ်ကို မစဉ်းစားရင်၊ ကျွန်မအတွက် မစဉ်းစားရင်တောင်မှ ကျွန်မတို့ရင်သွေးလေးအတွက် စဉ်းစားပေးလို့ မရဘူးလား”

ကျင်းရှိယန်က တိတ်ဆိတ်နေဆဲဖြစ်၏။

ဝူက ပြောလိုက်သည်။ “ကျွန်မတို့ နုရှောင့်မြို့ကို သိမ်းပိုက်ပြီးရင် ဝူမူက လေ့ကျိုးကျွန်းစုရဲ့ စီရင်စုမှူး၊ ရေတပ် စစ်သေနာပတိချုပ်ကြီး ဖြစ်လာလိမ့်မယ်။ ကျွန်မရဲ့ခင်ပွန်း .. ရှင်ကတော့ နုရှောင့်မြို့ရဲ့ မြို့တော်ဝန်ဖြစ်လာမယ်။ ပြီးတော့ ဝူပြည်နယ်ရဲ့ စတုတ္ထအဆင့် စစ်သူကြီးတစ်ယောက် ဖြစ်လာလိမ့်မယ်”

ကျင်းရှိယန်က တုန်လှုပ်သွားမိ၏။

ဝူက ပြောလိုက်သည်။ “အနာဂတ်မှာ နုရှောင့်မြို့တော်ရဲ့ အဆင့်အတန်းက အရမ်း မြင့်မားလာလိမ့်မယ်။ ဒါက ပင်အန်းစီရင်စုနဲ့ ဝမ်နျန်စီရင်စုတို့နဲ့ တန်းတူလောက်တောင် ဖြစ်လာနိုင်လိမ့်မယ်။ မြို့တော်ဝန်ဆိုတာ ပထမအဆင့် မြို့သခင်ငယ်နဲ့ အဆင့်အတန်းတူတူပဲ။”

ကျင်းရှိယန်၏ အသက်ရှူသံများသည် ခဏလောက် ရပ်တန့်သွား၏။

ဝူကပြောလိုက်သည်။ “သခင်လေး... ရှင် တစ်သက်လုံး ကျွန်တစ်ယောက်အဖြစ်နဲ့ နေသွားချင်တာလား။ ရှင် မွေးထားတဲ့ ကလေးကိုလည်း ကျွန်တစ်ယောက် ဖြစ်စေချင်လို့လား”

“ဗျူဟာမှုးဝူမူက ဝူဘုရင်ရဲ့ ဝမ်းကွဲညီ တော်စပ်တယ်။ သူ့မှာ တကယ့်ကို စိတ်ချရတဲ့ လူယုံတစ်ယောက် လိုအပ်နေတယ်။ ရှင့်မှာ အခြေခံ အသိုင်းအဝိုင်းဆိုလို့ ဘာမှ ရှိတာမဟုတ်ဘူး။ ဒါပေမဲ့ ရှင်က ကျွန်မကြောင့် ဒီနေရာနဲ့ အသင့်တော်ဆုံးသော လူတစ်ယောက်ပဲ။ ဝူပြည်နယ်ကို သစ္စာခံလိုက်တာနဲ့ ရှင်က သူ့ရဲ့ လူယုံတော် တစ်ယောက်ဖြစ်လာမှာ သေချာတယ်။ သူကလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလိမ့်မယ်”

ကျင်းရှိယန်က မည်သည့်စကားမှ မဆိုသော်တော့လည်း နှလုံးခုန်နှုန်းများကတော့ မြန်ဆန်လာခဲ့ပြီ ဖြစ်၏။

ဝူက ပြောလိုက်သည်။ “သခင်လေး.. ချောင်ဟောင်လို အမှိုက်မျိုးတောင်မှ တကယ့်ရာထူးရာခံနဲ့ လူတစ်ယောက် ဖြစ်နေပြီ။ ရှင်က ဒီနေရာမှာပဲ တင်းတိမ်ရောင့်ရဲနေသေးတာလား။ သူက ရှင့်ထက် ပိုထူးချွန်နေတာ ဘယ်နေရာများရှိလဲ။ ရှင် တကယ့်ကြီးမားတဲ့ ရာထူးရာခံတွေကို မလိုချင်ဘူးလား”

ကျင်းရှိယန်က ပြောလိုက်၏။ “အင်း… ငါပြန်ပြီးတော့ လုပ်ပေးရမှာက ကျင်းမိသားစုကို သစ္စာဖောက်ဖို့ မဟုတ်လား”

ဝူက ပြောလိုက်သည်။ “ကျင်းမိသားစုက ပျက်စီးတော့မှာပဲ။ ရှင့်ရဲ့သစ္စာဖောက်ခြင်းက ဘာနဲ့ ထူးခြားလို့လဲ။ ရှင် ဘာပဲလုပ်လုပ် ကျင်းမိသားစုကို ကယ်တင်နိုင်မှာလည်း မဟုတ်ဘူး။ ရှင်က ဒီအခွင့်အရေးကို အရယူပြီး ကြီးမားတဲ့ လှေကားတစ်ခုကို နင်းတက်ဖို့ လုပ်ခဲ့တာပဲ။ ဝူမူက ရှင့်ရဲ့ သစ္စာစောင့်သိမှုကို သက်သေပြဖို့ပဲ လိုအပ်နေတာ”

ကျင်းရှိယန်က မျက်လုံးများကိုမှိတ်ထား၏။ အချိန်အတော်ကြာ စကားမပြောလိုက်ဘဲ နေလိုက်၏။

ဝူသည် နူးညံ့စွာဖြင့် ပြောလိုက်သည်။ “သခင်လေး.. ကျွန်မ ရှင့်နောက်ကို လိုက်လာတာ ကျွန်မက အပြစ်ကင်းစင်လို့ပဲ။ ဒါက ပျားရည်ထောင်ချောက်တစ်ခု ဖြစ်တာတော့မှန်တယ်။ ဒါပေမဲ့ ဒါက ခွေးတစ်ကောင်ကို ထိန်းဖို့အတွက်သုံးတဲ့ အသားပေါက်စီ တစ်လုံးပေးသလိုပဲ။ ကျွန်မက အသားပေါက်စီ ရှင်ကခွေးပဲ။ ဒါပေမဲ့ ရှင်စားပြီးရင် ဒီအတိုင်း ထားသွားလို့ မရဘူး”

ခဏလောက် ကြာပြီးနောက် ကျင်းရှိယန်က ပြောလိုက်၏။ “အနာဂတ်မှာ ကျင်းမိသားစုကို မင်းတို့ ဘယ်လို ဆက်ဆံကြမှာလဲ”

ဝူက ငြင်သာစွာ ပြောလိုက်သည်။ “ကျင်းမူလန်အကြောင်း ပြောတာလား”

ကျင်းရှိယန်က စကားမပြောချေ။

ဝူက ပြောလိုက်၏။ “ကျွန်မ သဝန်တိုလိုက်တာ။ ကျင်းမူလန်က အိမ်ထောင် ကျသွားပြီ ဒါပေမဲ့ ရှင်က သူ့အပေါ်မှာ မျှော်လင့်ချက်တွေ ထားနေတုန်းပဲ”

ကျင်းရှိယန်က ပြောလိုက်သည်။ “ငါ… သခင်မလေးအပေါ်မှာ တခြား မလျော်ညီတဲ့အတွေးတွေ၊ စိတ်ကူးတွေ ဘာမှမရှိဘူး”

ဝူက ပြောလိုက်၏။ “ကျင်းကျိုးက သေသွားပြီ။ ကျင်းမိသားစုရဲ့ နုရှောင့်မြို့တော်ကို လက်လွှဲပေးရမယ့် ကိစ္စက ရှောင်လွှဲလို့ မရတဲ့ကိစ္စပဲ။ ဝမ်ကျားကျွန်းနဲ့ ကျင်းချန်ကျွန်းလည်း မရှိတော့ဘူး။ ကျင်းမိသားစုမှာ သူတို့ရဲ့ ကိုယ်ပိုင်မြေပိုင်နက်ပဲ ကျန်တော့တယ်။ ဒါကြောင့် သူတို့ ကိုယ်ပိုင်စစ်တပ်ကို ထောက်ပံ့ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့က တတိယတန်းစား တော်ဝင်မျိုးနွယ်တွေ ဖြစ်သွားလိမ့်မယ်”

“ကျင်းမူလန်ကိုတော့.. အင်း .. ကျွန်မတို့ သူ့ကို မသတ်ပါဘူး။ ရှင်တို့နိုင်ငံရဲ့အိမ်ရှေ့စံ နင်ယီက သူ့ကိုရဖို့ ကြိုးစားနေတာ ရှင်လည်း အသိပဲလေ။ ယင်ယွမ်အဖွဲ့အစည်းက သူ့ကို အိမ်ရှေ့စံရဲ့အိပ်ရာပေါ်ကို ပို့ပေးလိမ့်မယ်”

ကျင်းရှိယန်သည် အံကိုကြိတ်လိုက်ရာ နာထင်ကြောများပင် ထောင်ထလာခဲ့၏။

ဝူက ငြင်သာစွာဖြင့် ပြောလိုက်သည်။ “သခင်လေး.. ရှင်က ကယ်တင်ရှင် မဟုတ်ဘူး။ လူတွေအများကြီးကို လိုက်ပြီး ကယ်တင်နေလို့ မဖြစ်ဘူး။ ပြီးတော့ ကျင်းမူလန်က ရွှဲ့ပြည်နယ်ရဲ့ အိမ်ရှေ့စံနောက်ကို လိုက်သွားရတာ ဘာဖြစ်လို့လဲ။ ဒီအချိန် ရွှဲ့ပြည်နယ် အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီဆိုရင်တောင်မှ နင်ယီက အိမ်ရှေ့စံပဲ။ အိမ်ရှေ့စံတစ်ယောက်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာရတာ ရှမ့်လန်လို နိမ့်ကျတဲ့ သာမန်လူတစ်ယောက်နဲ့ လက်ထပ်ရတာထက် အများကြီး ကောင်းတယ်မလား”

ကျင်းရှိယန်က ပြောလိုက်၏။ “သမက်တော်ရှမ့်လန်က အံ့အားသင့်စရာ ကောင်းတယ်”

ဝူက ပြောလိုက်သည်။ “သူက အံ့အားသင့်စရာ ကောင်းတာတော့ မှန်တယ်။ ဒါပေမဲ့ သူက အမြင် ကျဉ်းမြောင်းလွန်းတယ်။ လက်စားချေဖို့ကိုပဲ စဉ်းစားတယ်။ စုမိသားစုကို ဖျက်ဆီးဖို့ပဲ စိတ်ထဲမှာ ရှိနေတယ်။ နုရှောင့်မြို့ကို ဂရုမစိုက်ဘူး။ ဒါ ဟာသတစ်ခုပဲ။ ပြီးတော့ မပြည့်ဝမှုတစ်ခုပဲ။”

“ဘာပဲပြောပြော နိမ့်ကျတဲ့ သာမန်လူတစ်ယောက်က မွေးဖွားလာတဲ့ ကြီးမားတဲ့အလားအလာ မရှိတဲ့လူပဲ။ သခင်လေး... သူ့ဆီကနေ ဘာမှသင်ယူမနေနဲ့။ ရှင့်မှာ ပိုပြီးကြီးမားတဲ့ ရည်မှန်းချက်တစ်ခုခု ရှိဖို့လိုအပ်တယ်။ ကျွန်မက ရှင် နယ်စား ဒါမှမဟုတ် စစ်သူကြီးတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်မိတယ်။ မိန်းမတစ်ယောက်က ကိုယ့်ရဲ့ယောက်ျားကို မှီခိုရမှာ သဘာဝပဲ မဟုတ်ဘူးလား”

ကျင်းရှိယန်က အံ့အားသင့်သွားမိ၏။ “မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ”

ဝူက ပြောလိုက်သည်။ “ကျင်းကျိုး သေပြီးတဲ့နောက်မှာ ကျင်းမူလန်က နုရှောင့်မြို့ရဲ့ အမြင့်ဆုံးအာဏာကို ကိုင်ဆောင်ထားခဲ့တယ်။ ဒီတော့ ရှင်က ဒုတိယအကြီးအကဲ ဖြစ်လာတယ်မလား”

ကျင်းရှိယန်သည် ခေါင်းညိတ်ပြလိုက်၏။

ဝူကပြောလိုက်သည်။ “ရှင့်မှာ ယုံကြည်ရတဲ့ ညီအစ်ကိုတွေအများကြီး ရှိလိမ့်မယ်”

ကျင်းရှိယန်က ပြောလိုက်၏။ “အင်း… ငါသာ ကျင်းမိသားစုကို သစ္စာခံမယ်ဆိုရင်တော့ ယုံကြည်ရတဲ့ ညီအစ်ကိုတွေ အများကြီး မရှိဘူး။ ဒါဇင်အနည်းငယ် ဒါမှမဟုတ် တစ်ရာလောက်ပဲ ရှိလိမ့်မယ်”

ဝူကပြောလိုက်သည်။ “ဒါဆိုရင် လုံလောက်ပြီ။ ရှင်က ကျင်းမိသားစုရဲ့ တကယ့်ကို အားအကောင်းဆုံးသော လူတစ်ယောက်ပဲ။ ဒီတော့ ရှင်က ရဲတိုက်တံခါးကို စောင့်ကြပ်ရမှာ သဘာဝပဲ မဟုတ်ဘူးလား”

ကျင်းရှိယန်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်”

ဝူက ပြောလိုက်သည်။ “ရှင်လုပ်ရမှာ ရိုးရှင်းပါတယ်။ ရဲတိုက်တံခါးကို ဖွင့်ပေးပြီးတော့ ကျွန်မတို့ စစ်သည်တွေ ရဲတိုက်ထဲကို ဝင်ဖို့အတွက် လုပ်ပေးရုံပဲ။ ဒါဆိုရင် ရှင့်ရဲ့တာဝန် ပြီးမြောက်သွားခဲ့ပြီ။ ကျန်တာကို ကျွန်မတို့ အားလုံး တာဝန်ယူလိမ့်မယ်”

ကျင်းရှိယန်က ပြောလိုက်၏။ “နုရှောင့်မြို့ရဲ့ရဲတိုက်ကို တိုက်ခိုက်ဖို့ အခက်ခဲဆုံးအပိုင်းက တံခါးကို ဖျက်ဆီးဖို့ပဲ မဟုတ်ဘူးလား”

ဤစကားက မှန်ပေ၏။ ချောင်ထျန်းဝေ ထိုအရူးသည် နုရှောင့်မြို့၏ရဲတိုက်ကို အလွန်ခိုင်ခံ့ကြီးမားအောင် တည်ဆောက်ခဲ့ပြီး နံရံများက အလွန်မြင့်မားကာ ထုထည်ကလည်း ကြီးမား၏။ ရဲတိုက်၏တံခါးကြီးသည် မဖျက်ဆီးနိုင်အောင်ပင် ခိုင်မာလွန်းသည်။

သာမန်အခြေအနေအရဆိုလျှင် ဝူပြည်နယ်၏ စစ်သည်သုံးသောင်းတို့သည် တံခါးကို ဖျက်ဆီးရန် တကယ့်ကို ကြီးမားလွန်းသည့် ပေးဆပ်မှုများကို ပေးဆပ်ရပေလိမ့်မည်။ မည်မျှအကုန်အကျခံရမည်နည်း ဆိုသည်ကို မည်သူသိမည်နည်း။ မည်မျှစစ်သည်များ သေဆုံးမည်နည်းကို မည်သူမှ တွက်ချက် နိုင်လိမ့်မည် မဟုတ်ချေ။ အနည်းဆုံး ထောင်ဂဏန်းတော့ ဖြစ်ပေလိမ့်မည်။

သို့ပေမည့် တံခါး ချိုးဖျက်သွားသည့်နှင့် နောက်ဆက်တွဲကိစ္စရပ်များက လွယ်ကူသွားမှာသေချာ၏။

ဝူက ပြောလိုက်၏။ “သခင်လေး.. ဒါက တန်ဖိုးကြီးမားတဲ့ ပံ့ပိုးမှုတစ်ခုပါပဲ။ ရှင့်အတွက် ဖုန်မှုန့်ကို မှုတ်ထုတ်လိုက်သလို အရမ်းကို လွယ်ကူတဲ့အရာ တစ်ခုပဲ။ တံခါးအတွင်းဘက်ကနေ ဖွင့်ပေးလိုက်ရုံပဲ။ ဒါဆိုရင် နုရှောင့်မြို့တစ်ခုလုံးကို သိမ်းပိုက်နိုင်တဲ့အချိန်မှာ ရှင်က ဂုဏ်ပြုခံရလိမ့်မယ်”

ကျင်းရှိယန်၏အသံများက တုန်ယင်နေ၏။ ပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။ “ငါ… ငါ့မှာ အခြေအနေ တစ်ခုရှိတယ်”

ဝူ၏အသံက တုန်ယင်သွားခဲ့၏။ သူမ နောက်ဆုံးတော့ အောင်မြင်ခဲ့ပြီ ဖြစ်၏။ သူမ ဤယောက်ျားကို စည်းရုံးရန် အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့သည်။ မည်မျှကြိုးစားခဲ့မှန်းပင် မမှတ်မိတော့ချေ။ သူမသည် နည်းလမ်းများစွာကို သုံးစွဲခဲ့ပြီးဖြစ်သည်။

ကျင်းရှိယန်က ပြောလိုက်၏။ “ဒီကိစ္စတွေပြီးသွားရင် ကျင်းမိသားစုကို လက်လွှတ်ပေးရမယ်။ အပြစ်မဲ့တဲ့ လူတွေကို မသတ်ရဘူး”

ဝူသည် ချိုမြနေသည့်အသံဖြင့် ပြောလိုက်သည်။ “အင်း… ကျွန်မရဲ့သခင်လေးက တကယ့်ကို သံယော်ဇဉ် ကြီးမားလိုက်တာ။ ဒီထဲက သံယောဇဉ် တချို့တဝက်ကို ကျွန်မကို ခွဲပေးထားရင် ဘယ်လောက် ကောင်းမလဲ။”

ကျင်းရှိယန်က အေးစက်စက်နှင့် ပြောလိုက်၏။ “ငါ နောက်နေတာမဟုတ်ဘူး”

အမျိုးသမီးသည် ကျင်းရှိယန်၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။ “ကဲ ရှင့်သဘောအတိုင်းပဲ။ ရှင်က တကယ်ပဲ သစ္စာစောင့်သိပြီး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းတဲ့ လူတစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျွန်မ ကြိုက်တယ်။”

................

တော်ဝင်နှင်းတောင်

အရာအားလုံး ပြင်ဆင်ထားခဲ့သော်လည်း ချင်ဘုရင်၏ စစ်သည်သုံး၊ လေးသောင်းတို့သည် အအေးဒဏ်ကြောင့် တုန်ယင်နေကြဆဲဖြစ်၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ အောက်ဘက်၌ ပထမရင်ပြင် နှစ်ခုရှိ၏။ ချင်ဘုရင် အာယုထိုင်နှင့် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ စစ်သည်များသည် ပထမရင်ပြင်တွင် ရှိနေကြ၏။

ဤနေရာသည် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ မီတာတစ်ရာအကွာတွင် တည်ရှိနေပြီး မော့ကြည့်လိုက် သည်နှင့် ခမ်းနားထည်ဝါလွန်းသည့် တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီးကို မြင်ရ၏။ သို့ပေမည့် လမ်းလျှောက်သွားရန် အချိန်အတော်ကြာမြင့်မှာဖြစ်ပြီး ငါးကီလိုမီတာခန့် ဝေးကွာသေးသည်။

ပထမရင်ပြင်သည် တော်ဝင်ကပ်ဘေးဘုရားကျောင်းအတွက် ပထမဦးဆုံး ကာကွယ်ရေး အတားအစီး တစ်ခုဖြစ်ပြီး ယခင်က ဤနေရာတွင် ရဲတိုက်တစ်ခု ရှိခဲ့ဖူးသော်လည်း ထိုအရာမှာ ဖျက်ဆီးခံခဲ့ရ၏။ နေရာတိုင်းတွင် အပျက်အစီးပုံများနှင့်သာ ပြည့်နှက်နေ၏။

ဘုန်းတော်ကြီး ထုဟိုင်သည် အပျက်အစီးပုံများအား ကြည့်ရှုရင်း မျက်လုံးများ နီရဲလာခဲ့၏။ တော်ဝင်ကပ်ဘေး ဘုရားကျောင်း၏ တိုက်ပွဲသည် လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သော်လည်း သူ၏ စိတ်ထဲတွင်တော့ လတ်ဆတ်နေဆဲဖြစ်၏။

တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ဖျက်ဆီးခဲ့သူသည် ကျန်းလီ၏ စစ်တပ်မှ စစ်သူကြီးတစ်ယောက် ဖြစ်၏။ ကျန်းလီ၏အမိန့်အောက်တွင် ရွှဲ့ပြည်နယ်၊ ချောင်ပြည်နယ်နှင့် ဝူပြည်နယ်တို့ တည်ရှိနေ၏။ စစ်သည် ခြောက်သောင်းပါဝင်သော စစ်တပ်ကြီးကို ဖွဲ့စည်းကာဖြင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းကြီးကို ဝင်ရောက် တိုက်ခိုက်ခဲ့၏။ သူတို့သည် ဘုန်းကြီးစစ်သည်ပေါင်း နှစ်သောင်းခန့်ကို သတ်ဖြတ်ခဲ့ပြီး လှပလွန်းသည့် ဤနန်းတော်ကြီးကို အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲခဲ့သည်။

အရှေ့တိုင်းတွင် တော်ဝင်ကပ်ဘေးဘုရားကျောင်း မည်မျှ ခမ်းနားထည်ဝါခဲ့ပါသနည်း။ ဘုရင်မင်းမြတ် များစွာတို့သည် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ တပည့်များ ဖြစ်ကြပြီး နန်းတွင်းရှိ ဘုန်းတော်ကြီးများကလည်း တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဘုန်းတော်ကြီးများ ဖြစ်ခဲ့ဖူး၏။

တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် စက်ဝိုင်းတစ်ခု ရေးဆွဲလိုက်သည်ဆိုပါက ထိုတောင်သည် တော်ဝင် ကပ်ဘေးဘုရားကျောင်း ပိုင်ဆိုင်သည့်အရာဖြစ်ပြီး တောင်ခြေရှိ လယ်ကွင်းများ၊ လူများသည်လည်း တော်ဝင်ကပ်ဘေးဘုရားကျောင်းနှင့် သက်ဆိုင်သည့်အရာဖြစ်၏။

တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် နှစ်ပေါင်းရာချီ သက်တမ်းရှိပြီး တည်ဆောက်စဉ်တည်းက အရှေ့တိုင်း လောကကြီးတွင် နိုင်ငံ ငါးနိုင်ငံမှ တော်ဝင်မျိုးနွယ်များက လူအင်အား၊ ငွေအင်အားနှင့် လုပ်အားကို ပံ့ပိုးပေးခဲ့သည်။

အားလုံးသော အရာတို့သည် ကျန်းလီကြောင့် ဖြစ်၏။ ကျန်းလီသည် တော်ဝင်ကပ်ဘေးဘုရားကျောင်း တစ်ခုလုံးကို အမြစ်ဖျက် သုတ်သင်ရှင်းလင်းခဲ့ပြီး အနောက်ပိုင်းဒေသဆီသို့ နှင်ထုတ်ခဲ့၏။ ကျန်းလီ သေဆုံးခဲ့ပြီးနောက် တော်ဝင်ကပ်ဘေးဘုရားကျောင်း ပြန်လည်ထကြွနိုင်လိမ့်မည်ဟု အားလုံးသော သူတို့က ထင်မှတ်ခဲ့၏။ သို့ပေမည့် မထင်မှတ်ထားလောက်အောင်ဘဲ တော်ဝင်ရန်နိုင်ငံ၏ အင်ပါယာသည် သူတို့ကို နောက်တစ်ကြိမ် ထိုးနှက်ခဲ့ပြီး တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ဖျက်ဆီးရန်ပင် အမိန့်ထုတ်ခဲ့သေး၏။

ဘုန်းတော်ကြီး ထုဟိုင်သည် အပျက်အစီးပုံများထဲတွင် တူးဆွကာ ရှာဖွေလျက် ရှိနေ၏။ ၁၅ မိနစ်ခန့် ရှာဖွေပြီး နောက်ဆုံးမှာတော့ သူက ‘ဆင်းရဲဒုက္ခ’ ဟု ရေးသားထားခဲ့သည့် ကျောက်တုံးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့၏။ ဤအရာကို သူကိုယ်တိုင် ထွင်းထုခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သူက ဘုန်းကြီးစစ်သည်ငယ်လေး တစ်ပါးသာ ဖြစ်သည်။

ကျောက်တုံးပေါ်မှ စာလုံးများကိုထိတွေ့ရင်း ထုဟိုင်သည် မည်သို့မှ မထိန်းချုပ်နိုင်ဘဲ ရှိုက်ကြီးတငင် ငိုကြွေးနေမိ၏။

“အစ်ကိုတော်တို့၊ ညီတော်တို့.... ခင်ဗျားတို့ရဲ့ဝိညာဉ်တွေ ပြန်လာကြပါတော့။ ဆရာတော်တို့... တပည့်တော် တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ပြန်ရောက်လာခဲ့ကြပါပြီ။ ကျုပ် ကျိန်ဆိုတယ်။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို အရင်ကအတိုင်း ထည်ဝါခမ်းနားမှုအပြည့်နဲ့ ပြန်ပြီးထူထောင်ပါ့မယ်”

ဤဝမ်းနည်းဖွယ်ရာမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ ထုဟိုင်၏ အောက်တွင်ရှိနေသည့် ဘုန်းကြီးစစ်သည် နှစ်ထောင်ကျော်တို့သည် တည်ငြိမ်လေးနက်သွားခဲ့ကြပြီး တိတ်ဆိတ်ငြိမ်သက်စွာဖြင့် တီးတိုးရွတ်ဆိုနေမိကြ၏။

“တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီ ပြန်ရောက်ပြီ။ တော်ဝင်ကပ်ဘေးဘုရားကျောင်း အရင်ကအတိုင်း ပြန်ဖြစ်ရမယ်”

မဟာပညာရှင် ပန်ရော့မှာမူ စူးစမ်းလိုစိတ်အပြည့်နှင့် အပျက်အစီးများကြားတွင် လိုက်လံကာ စူးစမ်းရှာဖွေလျက် ရှိ၏။ သူမက တော်ဝင်ကပ်ဘေးဘုရားကျောင်းအပေါ်တွင် မည်သည့်ခံစားချက်မှမရှိဘဲ ပျက်စီးသွားခဲ့စဉ်ကပင် လက်ခုပ်တီး ဝမ်းမြောက်မိခဲ့သေး၏။ အဘယ်ကြောင့်ဆိုသော် သူမက ကျန်းလီကို ကိုးကွယ်သောကြောင့်ပင်။

ကျန်းလီ ဆန့်ကျင်သမျှကို ပန်ရော့ကလည်း ဆန့်ကျင်၏။ သို့ပေမည့် သူမ မှတ်မိသည်မှာ သူမ၏ အစ်မကြီး လင်းချန်သည် နတ်ဆိုးချောက်ကမ်းပါး တာအိုနန်းတော်ကို သစ္စာဖောက် ထွက်ခွာသွားပြီးနောက် တော်ဝင်ကပ်ဘေး ဘုန်းကြီးကျောင်း တည်နေရာတွင် သူမ၏နန်းတော်တစ်ခုကို တည်ဆောက်လိုခဲ့၏။ သို့ပေမည့် တစ်လအကြာမှာတော့ သူမက လက်လျှော့ခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် အရမ်းကိုဝေးကွာပြီး အဆင်မပြေသောကြောင့်ဖြစ်၏။ ထို့အပြင် ဤနေရာတွင် နေထိုင်ပါက အိမ်သာသုံးစက္ကူတစ်ခု ဝယ်ရန်ပင် မိုင်ပေါင်းရာချီ ခရီးသွားရမည် မဟုတ်ပါလား။

ပန်ရော့သည် သူမ၏ ဆရာတူအစ်မအပေါ်တွင် ရန်ငြိုးဟူ၍ မခံစားရချေ။ ထို့တင်မက ပြန်လည်ကာ သနားခဲ့မိ၏။ နှင်းတောင်နတ်ဆိုးသည် တကယ့်ကို အစွမ်းထက်သည်ဆိုသော်လည်း မည်သည့်တိုက်ပွဲကိုမှ အနိုင်မရရှိခဲ့ဖူးချေ။ ဤအရာက အရှေ့တိုင်း သိုင်းလောကတစ်ခွင်တွင် ပျံ့နှံ့နေပြီးသားဖြစ်၏။ တိုက်ပွဲတိုင်း ရှုံးသည့် နတ်ဆိုးအိုကြီးပင်။

All Chapters