အခန်း (၄၀၂)
Vol. 29 Ch. 402
တစ်ဖက်ခြမ်းတွင်တော့ ချင်ဘုရင် အာယုထိုင်က လုံးဝကွဲပြားခြားနားသည့် ခံစားချက်များကို ရရှိနေ၏။ သူက ရဲရင့်ပြီး ခမ်းနားထည်ဝါလွန်း၏။ သူသည် တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ပြန်လည်တည်ဆောက်ရန် ဆုံးဖြတ်ထားပြီးသားဖြစ်၏။ ဤနေရာကို နန်းတော်အဖြစ်အသုံးမပြုဘူးဆိုလျှင်တောင် ယာယီနန်းတော်အဖြစ် အသုံးပြုနိုင်စွမ်း ရှိနေ၏။ အထွတ်အထိပ်သို့ ရောက်သည့်အချိန်တွင် တောင်တန်းအပေါ်မှ အရာအားလုံးကို ငုံ့မိုးကြည့်ရသည်လောက် ကောင်းမွန်သည့် ခံစားချက်မျိုး လောကကြီးတွင် ရှိမည်မထင်ပေ။
ဤအပေါ်တွင် နေထိုင်ပါက ဘဝ၏အထွတ်အထိပ်သို့ ရောက်ရှိသကဲ့သို့ ခံစားရမှာ သေချာ၏။ သူ၏ ဖခင်ပိုင်ဆိုင်သော ရုပ်ဆိုးလွန်းသည့် နန်းတော်ကြီးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ဤနေရာက တကယ့်ကို လောကနိဗ္ဗာန်တစ်ခုပင်။
သူ အာယုနာနာကို သတ်ဖြတ်ပြီးပါက ချင်နိုင်ငံ၏ တစ်ဦးတည်းသောဘုရင်ဖြစ်လာပေမည်။ စုမိသားစုသည် သူ၏ခြေဖဝါးအောက်တွင် ဝပ်တွားခယရမှာဖြစ်ပြီး ကျန်းရှစ်စီရင်စုတစ်ခုလုံးသည် သူ၏ အမဲလိုက်ကွင်း ဖြစ်လာပေလိမ့်မည်။
“မဟုတ်သေးဘူး မဟုတ်သေးဘူး။ ငါက ကျန်းရှစ်စီရင်စု တစ်ခုတည်းကို လိုချင်တာ မဟုတ်ဘူး။ ရွှဲ့ပြည်နယ် တစ်ဝက်လောက်ကို လိုချင်တာ။ ပြီးရင် ငါက အရှေ့တိုင်းလောကရဲ့ ရှင်ဘုရင်တစ်ပါး ဖြစ်လာတော့မှာပဲ။ အင်း… ငါ ဒီတော်ဝင်ကပ်ဘေးဘုရားကျောင်းဆီကို ရောက်ရှိလာခဲ့တာ ကောင်းကင်ရဲ့အလိုတော်အတိုင်းပဲ ဖြစ်လိမ့်မယ်။ ကောင်းကင်ဘုံရဲ့ ဘုရားသခင်က ဒီနေရာနဲ့ နီးစပ်တဲ့နေရာမှာ ရှိနေတာကိုး”
သူသည်အာယုနာနာကို သတ်ဖြတ်ပစ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။ ရှမ့်လန်က လူပြက်သာသာပင်။ သူ ရှမ့်လန်ကို စိတ်ထဲ၌ တစ်ချက်ကလေးတောင် ထည့်သွင်းစဉ်းစားခြင်း မရှိချေ။
“တိုက်ပွဲအတွက် ပြင်ဆင်ကြတော့။ အာယုနာနာကို သတ်ကြ၊ ရှမ့်လန်ကို သတ်ကြ”
အာယုထိုင်၏အော်ဟစ်ကြိမ်းမောင်းသံအဆုံးမှာတော့ လေများတိုက်ခိုက်လာခဲ့ပြီး ကောင်းကင်ယံမှ နှင်းများ စတင်ကာ ကျဆင်းလာ၏။
အာယုထိုင်က ရယ်မောကာပြောလိုက်သည်။ “အင်း…ဒီဘုရင်က အရမ်းကို တန်ခိုးကြီးနေတာကိုး။ တစ်ချက်ဟိန်းဟောက်လိုက်ရုံနဲ့ ကောင်းကင်ပေါ်က နှင်းတွေကျဆင်းလာခဲ့တယ်”
ထိုအချိန်မှာတော့ စုကျန့်ထင်၏ ကြောက်ရွံ့မှုက အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့၏။ “အရှင်မင်းကြီး... အရှင်မင်းကြီး..... ကျုပ် စိတ်မလုံခြုံသလို ခံစားနေရတယ်။ ဒီရှမ့်လန်ဆီမှာ ထောင်ချောက်တစ်ခုခု၊ ပရိယာယ်တစ်ခုခု ရှိရမယ်”
စုကျန့်ထင်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ရှေ့ကိုဆက်ပြီး မတက်သင့်တော့ဘူး။ ကျုပ်ကိုယ်တိုင် တပ်ကိုဦးဆောင်ပြီး အာယုနာနာနဲ့ ရှမ့်လန်ကို သတ်ပေးရမလား”
အာယုထိုင်သည် သူရဲကောင်းပီသစွာဖြင့် ကြိမ်းမောင်းလိုက်၏။ “ခင်ဗျားက ထိုက်တန်နေလို့လား။ အာယုနာနာရဲ့ ခေါင်းကိုဖြတ်ဖို့ ကျုပ်တစ်ယောက်ပဲ အရည်အချင်း ရှိတယ်။ ဒီတော်ဝင်ကပ်ဘေး ဘုရားကျောင်းက လောကမှာ အံ့အားသင့်စရာ အကောင်းဆုံးတစ်ခုပဲ”
“အာယုနာနာကို သတ်ဖို့ ဒီနေရာကို ဦးဆောင်လမ်းပြလာခဲ့တာ ကောင်းကင်ရဲ့ဘုရားသခင်တွေရဲ့ အလိုတော် အတိုင်းပဲ ဖြစ်လိမ့်မယ်။ ကျုပ်ရဲ့ စီမံကိန်းကို ဒီနေရာမှာ စပြီးတော့ အခြေပြုမယ်။ ဒီနေရာကို အခြေချပြီး ကျုပ်က လောကကြီး တစ်ခုလုံးရဲ့ ထိပ်တန်းစစ်သူရဲကောင်း ဖြစ်လာရမယ်”
ထိုအချိန်မှာပဲ စုမိသားစု၏ မိန်းမလှလေးသုံးယောက်တို့က ဒူးထောက်ကာ တောင်းပန်လိုက်ကြ၏။ “အရှင်မင်းကြီး... ရှမ့်လန်က တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ လူတစ်ယောက်ပါ။ ကျွန်မတို့ သူ့ကို သတိထားရပါလိမ့်မယ်။ ထောင်ချောက်တစ်ခုခု ဆင်ထားတာ သေချာပါတယ်”
ချင်ဘုရင်က ရယ်မောလိုက်သည်။ “သူဘယ်လို ထောင်ချောက်ဆင်မယ်လို့ မင်းတို့ထင်လဲ။ ထောင်ချောက်ကို ဘယ်နေရာမှာ ဆင်ထားမှာလဲ”
စုမိုက ပြောလိုက်၏။ “ကျွန်မ မသိပါဘူး။ ဒါပေမဲ့ သူက ကောက်ကျစ်စဉ်းလဲတဲ့လူ။ သူက တော်ဝင်ကပ်ဘေး ဘုရားကျောင်းမှာ ထောင်ချောက်တစ်ခုခု ဆင်ထားမှာသေချာပါတယ်။ အရှင်မင်းကြီး... ထောင်ချောက်ထဲကို မသွားပါနဲ့”
အာယုထိုင်၏ မျက်လုံးများက အနားပတ်ဝန်းကျင်ကို လှည့်ပတ်ကာ ကြည့်ရှုလိုက်သည်။ “ဘုန်းတော်ကြီး ထုဟိုင်.. ဘာလို့ ခင်ဗျား ဘုန်းကြီးစစ်သည်တွေကို ခေါ်ပြီး အပေါ်မတက်သေးတာလဲ”
သူ၏ အဓိပ္ပာယ်မှာ ရှင်းနေ၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်များကို အရှေ့မှ ကင်းထောက်စေလို၏။ အကယ်၍ ထောင်ချောက်တစ်ခုခုသာ ရှိသည်ပါက ထုဟိုင်၏ ဘုန်းကြီး စစ်သားများကသာ ထိုအရာကို နင်းမိပေလိမ့်မည်။
စုကျန်ထင်က ဝင်ပြောလိုက်သည် “ဘုန်းတော်ကြီး .. အရင်တက်ပါလား”
ဘုန်းကြီး ထုဟိုင်သည် ရယ်မောကာ ပြောလိုက်၏။ “ချင်ဘုရင်.. ခင်ဗျားက ကြွက်တစ်ကောင်လို သတ္တိနည်းတာပါလား။ ခင်ဗျားကိုယ်တိုင် မပြောရဲတော့ ဘေးကနေဝင်ပြီး ပြောတဲ့လူတောင် ပေါ်လာခဲ့ပြီ။ အင်း... ခင်ဗျား မပြောရင်တောင် ကျုပ်တို့ တော်ဝင်ကပ်ဘေးဘုရားကျောင်းကို စဦးတိုက်ခိုက်တဲ့လူက ကျုပ်တို့ပဲ ဖြစ်ရမယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်း ..... ငါလာပြီဟေ့”
“အင်း.. ဆရာကြီးပန်ရော့ ခင်ဗျား ကျုပ်နောက်ကို လိုက်ခဲ့မှာလား”
မဟာပညာရှင်ပန်ရော့သည် လက်ထဲတွင် ရှိနေသည့် ကျောက်တုံးကို နှမြောတသဖြင့် လွှတ်ပစ်လိုက်၏။ ပန်းပုလက်ရာက တကယ့်ကို လက်ရာမြောက်လွန်း၏။ ထိုပန်းပုသည် လူနှစ်ဦး လိင်ဆက်ဆံနေသည့်ပုံ ဖြစ်သည်။ အရေးကြီးဆုံးမှာ လူနှစ်ဦးက မိန်းမလည်းမဟုတ် ယောက်ျားလည်းမဟုတ်ချေ။ သို့ပေမည့် နှစ်ယောက်လုံးတွင် ယောက်ျားနှင့် မိန်းမလက္ခဏာများ နှစ်မျိုးစလုံး ပါဝင်လျက်ရှိသည်။
မဟာပညာရှင် ပန်ရော့က ဆိုလိုက်၏။ “ကဲ... တိုက်ကြတော့။ နတ်ဆိုးတောင်ကြားနန်းတော်နဲ့ ဓားကျွန်း ဆိုတာ ရေစက်ဆုံလို့မရတဲ့ ရန်သူတွေပဲ”
ဘုန်းကြီး ထုဟိုင်သည် အော်ဟစ်လိုက်သည်။ “တော်ဝင်ကပ်ဘေးဘုရားကျောင်းက စစ်သည်တွေအားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ။ ဒီအပေါ်မှာရှိတဲ့သူတွေ၊ ခွေးမသားတွေ အကုန်လုံးကို သတ်ပစ်ကြမယ်”
“အားလုံးကိုသတ်ကြမယ်”
ချက်ချင်းပဲ ဘုန်းကြီးစစ်သည် နှစ်ထောင်ကျော်သည် အရူးအမူးပဲ ရှေ့ဆီသို့ ပြေးတက်သွားခဲ့ကြ၏။
နှင်းပွင့်များက နေရာအနှံ့သို့ လွင့်စင်သွားခဲ့၏။ ဤနေရာသည် တော်ဝင် ကပ်ဘေးဘုရားကျောင်း၏ မြင့်မြတ်သည့် တည်နေရာတစ်ခု ဖြစ်၏။ ထို့ကြောင့် ဘုန်းကြီးစစ်သည် နှစ်ထောင်ကျော်တို့သည် သူတို့ကို ဘုရားသခင်က ကူညီနေသကဲ့သို့ပင် ထင်မှတ်ရ၏။ သူတို့က လျှင်မြန်စွာ ပြေးလွှားရင်း မကုန်ဆုံးနိုင်သော စွမ်းအင်များ ရရှိလာသလိုပင် ခံစားနေမိကြသည်။
.........
ရှမ့်လန်က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ တော်ဝင်ကပ်ဘေးဘုရားကျောင်းတွင် တိုက်ခိုက်ရန် မလိုဟု သူ ထင်မှတ်ခဲ့၏။ ချင်ဘုရင် ဤမျှကောက်ကျစ်စဉ်းလဲလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ကိုယ်တိုင် ရှေ့က မတက်လာဘဲ ဘုန်းကြီးစစ်သည်များကို ဦးစွာတိုက်ခိုက်ရန် စေလွှတ်ခဲ့၏။ တခြားသော နည်းလမ်း မရှိချေ။ ထို့ကြောင့် သူ့အနေနှင့် တိုက်ခိုက်ရုံသာရှိတော့၏။
အာယုနာနာနှင့် ရှမ့်လန်၏ စစ်သည်ပေါင်း သုံးထောင်ကျော်တို့က လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားခဲ့ကြပြီး တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ အပျက်အစီးပုံများကြားထဲတွင် စောင့်ဆိုင်းနေ၏။ တော်ဝင် ကပ်ဘေးဘုရားကျောင်း၏ ဘုန်းကြီးစစ်သည်နှစ်ထောင်ကျော်တို့က တဖြည်းဖြည်းနှင့် ပိုမိုကာ နီးကပ်လာသည်။
ရှမ့်လန်သည် တစ်ဖက်လူများ၏ ယုံကြည်မှု ပြင်းထန်လွန်းသည့် မျက်နှာအမူအရာများကို မြင်တွေ့နေရ၏။ သူတို့က သေခြင်းတရားကို မကြောက်လန့်ကြချေ။ တောင်ခြေမှာတော့ ဤဘုန်းကြီးများသည် ဤမျှ ရဲစွမ်းသတ္တိ ရှိသည် မဟုတ်ချေ။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ သူတို့ဘုရားသခင်၏ လွှမ်းမိုးမှုကို ခံထားရသည်ဟု စိတ်ဆန္ဒ ခံယူထားသောကြောင့် ပိုမိုကာ အားကောင်းလာသကဲ့သို့ ခံစားနေကြသည်။
“သတ်…သတ်ကြစမ်း” ဘုန်းကြီးစစ်သည်ပေါင်း နှစ်ထောင်ကျော်က ရူးသွပ်သွားသကဲ့သို့ပင်။
ထုဟိုင်က အော်ဟစ်လိုက်၏။ “တော်ဝင်ဘုရားကျောင်း... ငါလာပြီ။ ဆရာတော်ကြီးတွေ... ကျုပ်လာခဲ့ပြီ။ သတ်၊ သတ်ကြ”
“ပစ်၊ ပစ်”
အာယုနာနာ၏ အမိန့်ပေးမှုနှင့်အတူ ရှမ့်လန်နှင့် သူမ၏စစ်သည်ပေါင်းများစွာသည် မြားများကို မိုးကဲ့သို့ပင် ရွာချကြတော့သည်။
တော်ဝင်ကပ်ဘေးဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များက တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့ကြ၏။ သို့ပေမည့် သူတို့က အကြောက်အလန့် ကင်းမဲ့စွာဖြင့် ရှေ့ဆီသို့ လှမ်းတက်လျက် ရှိနေတုန်းပင်။
မြားများကို လေးကြိမ်တိတိ ပစ်ခတ်ပြီးနောက် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဘုန်းကြီး စစ်သည်များက ရှေ့တည့်တည့်ဆီသို့ ရောက်ရှိလာခဲ့၏။ ပြီးနောက် ထိပ်တိုက်ရင်ဆိုင်ကြ၏။ စစ်သည်နှစ်ဖွဲ့သည် တစ်ဦးနှင့်တစ်ဦး အရူးအမူး ရင်ဆိုင်တိုက်ခိုက်ကြ၏။
သွေးများက နေရာအနှံ့သို့ လွင့်စင်လျက်ရှိ၏။ ခြေပြတ်လက်ပြတ်များကလည်း နေရာအနှံ့သို့ ပြန့်ကျဲနေ၏။ နှင်းများက ထူထဲပြီး နေရာအနှံ့မှ တိုက်ခိုက်သံများသည် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏အထက် ကောင်းကင်ယံကို တုန်လှုပ်စေသကဲ့သို့ပင်။
ရှမ့်လန်နှင့် အာယုနာနာတို့၏ စစ်သည်များက ကြီးမားသည့်ဖိအားကို ခံစားလိုက်ရ၏။ ဘုန်းကြီး စစ်သည်များသည် အရေအတွက် မများသော်လည်း အလွန်အမင်း ယုံကြည်ချက်ပြင်းထန်ပြီး တိုက်ခိုက်ရေး စွမ်းအားများမှာလည်း အလွန်ကောင်းမွန်၏။ သေခြင်းတရားကို လုံးဝမကြောက်လန့်ဘဲ ရူးသွပ်နေသည့် လူများကဲ့သို့ ဝင်ရောက်ကာ တိုက်ခိုက်ကြသည်။ ထို့ကြောင့် ရှမ့်လန်တို့ဘက်တွင် အကျအဆုံးများ စတင်ကာ ဖြစ်တည်လာခဲ့သည်။
“တော်ဝင်ကပ်ဘေးဘုရားကျောင်းကို ခိုးယူသွားခဲ့တဲ့ ဒီယုတ်မာတဲ့လူတွေကို သတ်ကြတော့” ထုဟိုင်သည် လုံးဝ ရူးသွပ်သွားသကဲ့သို့ပင်။ တပ်ဖွဲ့နှစ်ဖွဲ့ ရင်ဆိုင်တိုက်ခိုက်သည့်နေရာတွင် ပြင်းထန်စွာ တိုက်ခိုက်စေ၏။
ထိုအချိန်မှာပဲ ရှမ့်လန်က အလွန်အမင်း စိုးရိမ်ပူပန်လာခဲ့၏။ အဘယ်ကြောင့် ချင်နိုင်ငံ၏ဘုရင် အာယုထိုင်၏ စစ်သည်များက မတက်လာရသနည်း။
ရှမ့်လန်သည် ထွက်ပြေး၍မရနိုင်သည့်ပိုက်ကွန် ဟု တင်စားထားသည့် ထောင်ချောက်ကြီးကို နေရာတစ်ခုတည်း တွင်သာ စီစဉ်ထားခဲ့သည်။ ရွေးချယ်စရာမရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ့၌ ယမ်းမှုန့်က အကန့်အသတ် ရှိနေ၏။ ထို့ကြောင့် သူက တောင်၏တစ်ဖက်ခြမ်းကိုသာ ကြီးမားသည့် နှင်းပြိုမှုကြီးအဖြစ် ဖန်တီးနိုင်စွမ်း ရှိ၏။ အာယုထိုင်၏ စစ်တပ်ကြီးက မိုင်သန်းချီ ဖြန့်ကျက်ထားခဲ့၏။ သို့ပေမည့် နှင်းတောင်ကြီးကလည်း တကယ့်ကို ကြီးမားလွန်း၏။
နှင်းပြိုမှုတစ်ခုသည် တောင်တစ်ခုလုံးကို နှင်းပြိုစေရန် လုံလောက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တစ်စုတစ်စည်းတည်း အကုန်လုံး စုစည်းနေသည့် အချိန်မှသာ နှင်းပြိုသင့်သည်။
ထိုအချိန်မှာပဲ အောက်ဘက်ဆီမှ နားကွဲလုမတတ် အော်ဟစ်နေသည့်အသံများ ထွက်ပေါ်လာခဲ့၏။
အာယုထိုင်၏ စစ်သည် စစ်တပ်ကြီးက ချီတက်လာခဲ့ပြီဖြစ်၏။ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီဖြစ်၏။ ချင်ဘုရင် အာယုထိုင်သည် အလွန်ပင် စိုးရိမ်ပူပန်နေ၏။ သူသည် ထုဟိုင်မှာ အလွန်အားကောင်းလွန်း သောကြောင့် အာယုနာနာကို သတ်ဖြတ်လိုက်မည်ကို စိုးရိမ်ပူပန်နေမိသည်။
အာယုထိုင်သည် အာယုနာနာကို မိမိ၏လက်ဖြင့် သတ်ဖြတ်ရန် စဉ်းစားထား၏။ မဟုတ်ပါက သူ့အနေနှင့် ချင်နိုင်ငံ၏ ဧကရာဇ်ဖြစ်လာရန် အရည်အချင်းမရှိဟူ၍ပင် ကြံဖန် စိုးရိမ်နေသေး၏။
တောင်ထိပ်ဆီမှ သတ်ဖြတ်သံများကို ကြားရသည့်အချိန်မှာတော့ သူက တကယ့်ပဲ မစောင့်နိုင်တော့ချေ။
ထိုအချိန်မှာပဲ စုမိသားစုမှ မိန်းမလှလေး သုံးယောက်တို့သည် မြေပေါ်တွင် ဒူးထောက်ပြီး သူ၏ ခြေထောက်များကို ဖက်ကာ မဆင်မခြင် မပြုလုပ်ရန် တောင်းပန်နေကြဆဲဖြစ်သည်။
ထိုအခိုက်အတန့်မှာပဲ ကင်းထောက်စစ်သည်တ်ယောက်က် လျှပ်ပြက်သလို ရောက်ရှိလာခဲ့၏။
အာယုထိုင်က လှမ်းကာ အော်ဟစ်လိုက်သည်။ “ဘယ်လိုလဲ…တောင်ပေါ်က အခြေအနေ ဘယ်လိုလဲ”
ထိုကင်းထောက်က ပြော၏။ “တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ ဘုန်းကြီးစစ်သည်တွေက အာယုနာနာနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေကြပါပြီ”
ချင်ဘုရင်အာယုထိုင်က ပြောလိုက်သည်။ “ထောင်ချောက်တွေ ရှိလား”
ကင်းထောက်က တင်ပြလိုက်၏။ “မရှိပါဘူး။ တောင်ထိပ်မှာ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ အပျက်အစီးပုံကြီးပဲရှိတယ်။ တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ ဘုန်းကြီးစစ်သည်တွေက ရဲရင့်ကြတယ်။ အာယုနာနာရဲ့စစ်တပ် ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”
ချင်ဘုရင် အာယုထိုင်က ပို၍စိုးရိမ်ပူပန်သွား၏။ အာယုနာနာကို ဘုန်းကြီးထုဟိုင် သတ်ဖြတ်သွား၍ မဖြစ်ပေ။ ထို့ကြောင့် သူက အော်ဟစ်လိုက်သည်။ “စစ်သားတွေ အကုန်လုံး ရှေ့ကိုတက်ကြ။ အပေါ်မှာရှိတဲ့ ဘုရင်အတုကို သတ်ကြမယ်”
ထိုအချိန်မှာပဲ စုမိသားစုမှ အမျိုးသမီးသုံးယောက်တို့သည် အာယုထိုင်၏ ခြေထောက်များကို အသည်းအသန် လှမ်းကာဖက်ထား၏။ “မလုပ်ပါနဲ့၊ အဆင်ခြင်မဲ့ မလုပ်ပါနဲ့”
“ထုဟိုင်နဲ့ အာယုနာနာတို့ နှစ်ယောက်လုံး ဒဏ်ရာရပြီးတဲ့အချိန်ကျမှ ဝင်ပြီးတိုက်ခိုက်ပါ။ ဒါဆိုရင် အခြေအနေက ပိုပြီး လွယ်ကူသွားပါလိမ့်မယ်”
“အရှင်မင်းကြီး... ရှမ့်လန်က တကယ်ကို ကောက်ကျစ်တဲ့သူပါ။ သူ ထောင်ချောက်တစ်ခုခု ဆင်ထားမှာ ကြောက်ရတယ်။ သတိထားပါ” အမျိုးသမီး သုံးယောက်တို့က ရှိုက်ကြီးတငင်ငိုကြွေးနေကြသည်။
ချင်ဘုရင် အာယုထိုင်သည် ခြေထောက်နှစ်ဖက်ဖြင့် ကန်ထုတ်လိုက်လိုက်ရာ စုမိသားစုမှ မိန်းမလှလေး သုံးယောက်က လွင့်စင်သွားခဲ့ကြ၏။ “မင်းတို့ စုမိသားစုက အမြဲတမ်း လူကြောက်တွေပဲ။ မင်းတို့ကြောင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းရဲ့ ဟိုကတုံးကောင်က ငါ့ကို အထင်သေးနေတာ။ မင်းတို့ ဘာတွေးနေလဲ ငါမသိဘူး မထင်နဲ့။
စုမိသားစုက အာယုနာနာကို ထုဟိုင်ရဲ့လက်ထဲမှာ သေစေချင်နေတာမလား။ ဒါဆိုရင် ငါ ချင်နိုင်ငံရဲ့ဘုရင် ဖြစ်တယ်ဆိုရင်တောင် ဂုဏ်သိက္ခာရှိမှာ မဟုတ်တော့ဘူး။ လောကကြီးတစ်ခုလုံးကို အုပ်စိုးဖို့ ဘုရားသခင်က ငါ့ကို လမ်းညွှန်ပေးနေတယ်။ ငါ့ရဲ့စီမံကိန်းက အာယုနာနာကို သတ်ပြီးမှ ဖြစ်လာမှာ။ သတ်ကြ”
အာယုထိုင်သည် ချက်ချင်းပဲ အမိန့်ပေးလိုက်၏။
သူ၏လက်အောက်မှ စစ်သည်များသည် တော်ဝင်ကပ်ဘေးဘုရားကျောင်းဆီသို့ အရူးအမူးနှင့် ချီတက်သွားခဲ့ကြ၏။ အရေအတွက်က များပြားလွန်းပြီး ရေတွက်၍ပင် မရနိုင်ခဲ့ချေ။ တော်ဝင်ကပ်ဘေး ဘုရားကျောင်းနှင့်မနီးမဝေးသို့ ရောက်လာချိန်မှာတော့ လမ်းက တဖြည်းဖြည်းနှင့် ပိုမိုကာ ကျယ်ပြန့်လာခဲ့၏။ သုံးမီတာမှ လေးမီတာထိ ပိုမိုကာ ကျယ်ပြန့်လာခဲ့၏။ သို့ပေမည့် ပို၍ မတ်စောက်လာသည်။
“အပေါ်ကိုတက်ကြ၊ အပေါ်ကိုတက်ကြ။ ဘုရားသခင်က ငါတို့ကို စောင့်မျှော်နေတယ်” အာယုထိုင်၏ စစ်သည်များက တကယ့်ကို များပြားလှ၏။ နဂါးနက်ကြီးတစ်ကောင်ကဲ့သို့ပင် တောင်ထိပ်ဆီသို့ တဖြည်းဖြည်းနှင့် ချီတက်လာခဲ့ကြ၏။
ချင်နိုင်ငံ၏ဘုရင်က ရှေ့ဆုံးက ဦးဆောင်လျက်ရှိနေ၏။ သူက တော်ဝင်ကပ်ဘေးဘုရားကျောင်းနှင့် အလွန် ဝေးကွာနေဆဲဖြစ်သော်လည်း ထိုကပ်ဘေးဘုရားကျောင်းဆီမှ လွှမ်းမိုးထားခဲ့သည့် အရှိန်အဝါများကို စတင်ကာ ခံစားလာခဲ့ရ၏။ ဘုရားသခင်က သူ့ကို ကြည့်ရှုနေသည်။
သူက အရာအားလုံးကို စတင်ကာ သတ်ဖြတ်ရပေတော့မည်။ ရွှဲ့ပြည်နယ် တစ်ခုလုံးသည် သူ၏ အမဲလိုက်ကွင်း ဖြစ်ရပေလိမ့်မည်။ ရွှဲ့ပြည်နယ်၏ ယောက်ျားများအားလုံးကို သတ်ဖြတ်ပြီး မိန်းမအားလုံးကို ကျွန်ပြုရမည်။ မရေတွက်နိုင်သည့် ကလေးငယ်အကုန်လုံးကို ဒုက္ခပေးရမည်၊ သတ်ဖြတ်ရမည်။
ထိုအခိုက်မှာပဲ “ဘုန်း ဘုန်း”
ဆက်တိုက်ထွက်ပေါ်လာသည့် အသံကြီးများ ဖြစ်တည်လာခဲ့၏။ ထိုပဲ့တင်သံသည် အလွန် ကျယ်လောင်သည် တော့ မဟုတ်ချေ။ သို့ပေမည့် ကောင်းကင်ယံမှ မိုးချိန်းသံတစ်ခု ပဲ့တင်ထပ်လာ သကဲ့သို့ပင်။
တောင်ထိပ်နှင့် မီတာတစ်ရာအကွာမှာတော့ ယမ်းမှုန့် ဒါဇင်ပေါင်းများစွာတို့က ရုတ်တရက် ပေါက်ကွဲသွားခဲ့၏။
ချက်ချင်းပဲ နှစ်ပေါင်းရာချီ၊ ထောင်ချီ စုစည်းထားသည့် နှင်းထုကြီးက ပေါက်ကွဲထွက်သွားခဲ့ပြီး ထိုနှင်းများကြားထဲတွင် တည်ရှိနေသည့် ကျောက်တုံးကြီးများကလည်း တဖြည်းဖြည်း လိမ့်ဆင်းလာခဲ့ကြ၏။ အောက်ကို အရှိန်အဟုန်ပြင်းပြင်းနှင့် လိမ့်ဆင်းလာခဲ့ခြင်းပင်။
ဤနှင်းထုကြီး ပြိုကျမှု၌ လုံလောက်သည့် အားအင်ကြီးမားမှုများ ပါဝင်နေ၏။ နှစ်ပေါင်းထောင်ချီ စုပုံထားသည့် နှင်းထုများသည် ရုတ်တရက် တဖြည်းဖြည်းနှင့် ကွဲအက်လာခဲ့ပြီး အောက်သို့ အရှိန်အဟုန်ပြင်းပြင်းနှင့် ဆင်းလာ၏။ တဖြည်းဖြည်းနှင့် ပိုမိုကာများပြားပြီး တဖြည်းဖြည်းနှင့် ပိုမိုကာ ကျယ်ပြန့်လာခဲ့၏။ မိုးပြိုလာ သကဲ့သို့ပင်။
နှင်းတောင်၏ တစ်ဖက်ခြမ်းက ပြိုကျသွားခဲ့ပြီဖြစ်၏။ နှင်းတောင်ကြီးက တဝုန်းဝုန်း လှုပ်ခါလျက်ရှိပြီး ချင်ဘုရင် အာယုထိုင်က လုံးဝမင်သက်လျက် ရှိ၏။ သူ၏လက်အောက်မှ စစ်သည်ပေါင်းသုံးသောင်းကျော်တို့ကလည်း အံ့အားသင့် မင်သက်လျက်ရှိ၏။ သူတို့သည် အပေါ်မှမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်ရှုနေမိ၏။
မရေတွက်နိုင်အောင် များပြားသည့် နှင်းလုံးကြီးများသည် အမဲဖျက်တော့မည့် သားရဲကြီးများကဲ့သို့ပင် သူတို့ဆီသို့ ကျဆင်းလာခဲ့၏။ အရာအားလုံးတို့ကို ဝါးမျိုတော့မည့်ပုံပင်။
ရှမ့်လန်က အလွန်အမင်း စိုးရိမ်ပူပန်ခဲ့၏။ နှင်းထုပြိုချိန်တွင် လုံလောက်အောင် မကြီးမားဘဲ ချင်စစ်တပ်ကြီးကို အလုံးစုံ မသုတ်သင်နိုင်မည်ကို သူ စိုးရိမ်ခဲ့၏။ သို့ပေမည့် တကယ်တမ်း နှင်းပြိုကျသည့် အချိန်မှာတော့ သူ ထင်မှတ်ထားသည်ထက်ပင် ပိုမိုကာ သက်ရောက်မှု ကြီးမားခဲ့၏။ ကြီးမားသည့် နှင်းပြိုမှုကြီး ဖြစ်ပေါ်လာခဲ့သည်။
“ကယ်ကြပါ၊ ကယ်ကြပါ၊ ပြေးကြ”
ဂျိန်း
ကြောက်မက်ဖွယ်ရာ ကောင်းသည့် ပေါက်ကွဲမှုများ၊ ပြိုလဲမှုများ ဖြစ်ပေါ်လာခဲ့၏။ ချင်ဘုရင်၏ ရေတွက်၍ မရအောင် များပြားသည့် စစ်သည်များသည် ဒူးထောက်ကာဖြင့် နတ်ဘုရားများကို တိုင်တည်နေကြသည်။ တချို့က ကြုံရာကို ထွက်ပြေးကြ၏။
“နတ်ဘုရားတွေက ဒေါသထွက်ပြီ။ နတ်ဘုရားတွေ ဒေါသထွက်ပြီ ... ပြေးကြ”
“ဒူးထောက်ပြီး တောင်းပန်လေ။ ဒူးထောက်ပြီး တောင်းပန်လေ”
ချင်ဘုရင် အာယုထိုင်၏ စစ်သည်ပေါင်းသောင်းချီတို့သည် အလုံးစုံ ပြိုလဲသွားခဲ့ကြသည်။
အရာအားလုံးက တစ်စက္ကန့်အတွင်း ပြောင်းလဲသွားခဲ့၏။ နတ်ဘုရားများက တကယ့်ကို ဒေါသထွက်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ စစ်သည်များ သေဆုံးသွားခဲ့ကြ၏။ ချင်ဘုရင် အာယုထိုင်၏ သောင်းနှင့်ချီသည့် စစ်တပ်ကြီးသည် အလုံးစုံ သုတ်သင်ခြင်းကို ခံခဲ့ရ၏။