အဂ္ဂိရတ်ပညာ၏ နက်နဲသော ကျွမ်းကျင်မှု။ မုန်တိုင်း ထွက်ပေါ်လာခြင်း။ (၃)
Vol. 19 Ch. 273
“ကျွန်တော့်ကို မသတ်ပါနဲ့… လောဘကြောင့် မျက်စိကန်းခဲ့ရတာပါ… ကျွန်တော့်ကို ချမ်းသာပေးပါ။”
“ကျွန်တော့်မှာပါတဲ့ ငွေအားလုံး ပေးပါ့မယ်။ ဆရာနွားခေါင်း၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါဗျာ။”
ချီသွေးနယ်ပယ်ရှိ သိုင်းပညာရှင်နှစ်ဦးစလုံး အလွယ်တကူ အသတ်ခံလိုက်ရပြီး ကျန်တဲ့သူများက တစ်လက်မတောင် မလှုပ်ရဲဘဲ အသက်ချမ်းသာပေးဖို့ တောင်းပန်နေကြပြီး အချို့မှာ မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်။
သူတို့တွေ နောင်တရနေကြပြီး နွားခေါင်းနဲ့လူက ဒီလောက် စွမ်းအားကြီးလိမ့်မည်ဟု သူတို့ မတွေးခဲ့ကြပေ။
“နောက်ကျသွားပြီ။”
သို့သော် စူးချန်ခုန်းက လုံးဝ မငဲ့ညှာခဲ့ပါ။ ယခု ဤလူများသည် သူတို့၏ အသက်အတွက် သနားစရာကောင်းအောင် တောင်းပန်နေကြပြီး သူသာ အားနည်းပါက သူတို့က ငါးမန်းတို့ ဝံပုလွေတို့လို သူ့ကို စားသုံးကြမည်ဖြစ်သည်။
ထပ်ခါတလဲလဲ တိုက်ခိုက်မှုများဖြင့် ခဏတာအတွင်း တောအုပ်သည် အလောင်း တစ်ဒါဇင်ကျော်ဖြင့် ပြည့်နှက်သွားခဲ့သည်။
“သေပြီ… သူတို့အားလုံး သေကုန်ပြီလား။”
အဝေးကနေ စိတ်လှုပ်တရှားနဲ့ ပွဲလာကြည့်ဖို့ ရောက်လာကြတဲ့ သိုင်းပညာရှင်တချို့ဟာ သေလုမျောပါး အော်ဟစ်သံတွေကို ကြားရပြီး လေထဲက သွေးနံ့ကို ရှူရှိုက်မိလိုက်ကြသည်။ သူတို့ရဲ့ မျက်နှာအမူအယာတွေ ပြောင်းလဲသွားပြီး အထင်လွဲမှာစိုးလို့ အနားကို မလာရဲကြတော့။
“ပျင်းစရာကြီး။”
တောထဲ၌ စူးချန်ခုန်း ခေါင်းခါလိုက်သည်။ သူဟာ အရင်ကလို အတွေ့အကြုံမရှိတဲ့ လူငယ်လေး မဟုတ်တော့ပါ။ မကောင်းကြံတဲ့ ဒီလူတွေက သူ့ကို သွေးပူအောင်တောင် မလုပ်နိုင်ကြပေ။
စူးချန်ခုန်းဟာ မကောင်းကြံတဲ့ တိုက်ခိုက်သူ ဆယ်ယောက်ကျော်ရဲ့ အလောင်းတွေကို အလွယ်တကူ ရှာဖွေပြီး သူတို့ရဲ့ ပစ္စည်းတွေကို လိုက်စုလိုက်သည်။ စုစုပေါင်း ငွေသောင်းနဲ့ချီပြီး ရှိလေ၏။
ဒါပြီးသွားတော့ စူးချန်ခုန်းက ကြာကြာမနေဘဲ သူ့ပုံရိပ်က တောထဲကို ပျောက်ကွယ်သွားတော့သည်။
ဒီလူဆယ်ယောက်ကျော်ရဲ့ သေဆုံးမှုကြောင့် မကောင်းကြံတဲ့ တခြားသူတွေကို တားဆီးနိုင်မယ်လို့ စူးချန်ခုန်း ယုံကြည်သည်။ နောက်တစ်ကြိမ် သူတစ္ဆေဈေးမှာ ချီသွေးဆေးတွေ ရောင်းတဲ့အခါ ဘယ်သူမှ သူ့ကို ထပ်ပြီး ပစ်မှတ်ထားရဲမှာ မဟုတ်တော့ပေ။
ငွေတစ်သန်းကျော်နဲ့ တာ့ဖုန်းပြည်နယ်မြို့တော်ကို ပြန်ရောက်တဲ့အခါ စူးချန်ခုန်းဟာ သူ့ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်ကို ဆက်လက်လုပ်ဆောင်ပြီး ဆေးပစ္စည်းတွေကို ဆိုင်အမျိုးမျိုးကနေ အမျိုးမျိုးသော အသွင်နဲ့ ဝယ်ယူပြီး သူ့ရဲ့ -အဂ္ဂိရတ်ပညာကို ပြန်လည်လုပ်ဆောင်ခဲ့သည်။
စူးချန်ခုန်းဟာ သိုးမျက်နှာဖုံးဝတ်ထားတဲ့လူနဲ့ သူစီစဉ်ထားတဲ့ ချိန်းဆိုမှုကိုလည်း မမေ့ခဲ့ပါ။
သုံးရက်အကြာမှာ စူးချန်ခုန်းဟာ သဘောတူထားတဲ့နေရာဖြစ်သည့် တာ့ဖုန်းပြည်နယ်နယ်မြေအတွင်းရှိ လူသူကင်းမဲ့သော တောင်တန်းတစ်ခုဖြစ်သည့် လေမဟာကုန်းသို့ သွားခဲ့သည်။
ယခုတစ်ကြိမ်တွင် စူးချန်ခုန်းသည် သူနှင့်အတူ လက်နက်များကို ယူဆောင်သွားခဲ့သည်။ သတိထားတာက ဘယ်သောအခါမှ မမှားပါ။ သိုးမျက်နှာဖုံးဝတ်ဆင်ထားသောလူက စိတ်ရင်းမှန်ဖြင့် ရောင်းဝယ်ဖောက်ကားရန် ရည်ရွယ်ချက်မရှိဘဲ ဤနေရာတွင် သူ့ကို ချုံခိုတိုက်ခိုက်ပြီး သူ၏ပစ္စည်းများကို လုယက်ဖို့ စီစဉ်ထားတာ ဖြစ်နိုင်သည်။
လေမဟာကုန်းသို့ ရောက်သောအခါ စူးချန်ခုန်းသည် သစ်ပင်ကြီးတစ်ပင်၏ အကိုင်းပေါ်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
“သူတို့ရောက်ပြီ။” မှောင်ရီပျိုးစပြုလာသည်နှင့်အမျှ စူးချန်ခုန်း၏ အကြည့်က စူးရှလာသည်။ လေမဟာကုန်း၏ ဝင်ပေါက်တွင် လူငါးယောက် ခြောက်ယောက်ခန့် တောင်လမ်းတစ်လျှောက် လမ်းလျှောက်ပြီး ဝင်လာကြသည်။
ခေါင်းဆောင်မှာ သိုးမျက်နှာဖုံးဝတ်ဆင်ထားသောလူဖြစ်သည်။
ကျန်ငါးယောက်သည် လက်နက်ကိုင်ဆောင်ထားပြီး မျက်နှာဖုံးများနှင့် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ထားကာ သူတို့၏ မျက်နှာနှင့် အထောက်အထားအမှန်ကို ဖုံးကွယ်ထားကြသည်။
သိုးမျက်နှာဖုံးဝတ်ဆင်ထားသောလူနှင့် အခြားသူများသည် အလွန်သတိထားကာ ပတ်ဝန်းကျင်ကို အဆက်မပြတ် ကြည့်နေကြသည်။ ဒါက သူတို့ရဲ့ ပထမဆုံးအကြိမ် ရောင်းဝယ်ဖောက်ကားခြင်းမဟုတ်မှန်း သိသာပြီး ထိုကဲ့သို့သော အဖိုးတန်ပစ္စည်းများနှင့်ပတ်သက်သည့် အရောင်းအဝယ်များသည် မကောင်းသော ရည်ရွယ်ချက်များကို အလွယ်တကူ နှိုးဆွပေးနိုင်ကြောင်း သိရှိထားသောကြောင့် သူတို့ သတိထားနေကြသည်။
“အောက်ဆင်းမယ်။”
သစ်ပင်ပေါ်ကနေ စောင့်ကြည့်ပြီးတဲ့နောက် စူးချန်ခုန်း နောက်ဆုံးတော့ ခုန်ဆင်းလိုက်သည်။
စူးချန်ခုန်းဟာ သူရှိနေတာကို ဒါမှမဟုတ် သူ့ရဲ့လှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့ မကြိုးစားခဲ့ပါ။ သစ်ပင်ပေါ်ကနေ ခုန်ဆင်းသွားတဲ့အခါ သိုးမျက်နှာဖုံးဝတ်ထားတဲ့လူနဲ့ သူ့အပေါင်းအပါတွေအားလုံး သူ့ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီး အနက်ရောင်ဝတ်ရုံဝတ်ထားပြီး မျောက်ဝံမျက်နှာဖုံးဝတ်ထားတဲ့ စူးချန်ခုန်းကို တွေ့လိုက်လေ၏။
"သူပဲ။ ကြယ်ပုံစံရွှေဝယ်သူ" သိုးမျက်နှာဖုံးဝတ်ထားတဲ့လူက အလယ်မှ လူငါးယောက်ထဲကတစ်ယောက်ကို လေးလေးစားစား ပြောလိုက်သည်။
ထိုသူသည် အလွန်သတိရှိပြီး အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားကာ ခေါင်းတွင် အနက်ရောင်အဝတ်စဖြင့် ပတ်ထားပြီး ဆံပင်တစ်မျှင်မျှ မပေါ်ဘဲ မျက်နှာပေါ်တွင် ကြေးဝါရောင်မျက်နှာဖုံးတစ်ခု တပ်ဆင်ထားသည်။
“သူက ပညာရှင်တစ်ယောက်ပဲ။” သို့သော် စူးချန်ခုန်းသည် ကြေးဝါရောင်မျက်နှာဖုံးဝတ်ထားသောလူက သာမန်လူမဟုတ်ကြောင်း ခံစားမိသည်။ ထိုနေရာတွင် ရပ်နေချိန်၌ သူသည် ပတ်ဝန်းကျင်က တောအုပ်နှင့် မြေပြင်နှင့် တစ်သားတည်းဖြစ်နေပုံရပြီး သေချာပေါက် ခွန်အားကြီးမားသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ကြေးဝါရောင်မျက်နှာဖုံးဝတ်ထားသောလူသည်လည်း စူးချန်ခုန်းကို အကဲခတ်နေသည်။ သူ့မျက်လုံးထဲတွင် လေးနက်မှုအရိပ်အယောင်များ ပေါ်လာသည်။ “ဒီလူက သူ့ရဲ့တည်ရှိမှုကို ဖုံးကွယ်တဲ့ သိုင်းပညာတွေကို လေ့ကျင့်ထားတာလား။ သူ့ရဲ့ အရှိန်အဝါတစ်ခုမှ ထွက်မနေဘူး။ ဒါက သူ့ရဲ့စွမ်းအားအတိမ်အနက်ကို ခန့်မှန်းရခက်စေတယ်။”
ခဏကြာပြီးနောက် ကြေးဝါမျက်နှာဖုံးဝတ်ထားသောလူက ယဉ်ကျေးစွာ ဆိုလေ၏။ “ကျွန်တော့်ကို မျက်နှာစိမ်းလို့ ခေါ်လို့ရပါတယ်။ ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပါရစေ”
မျက်နှာစိမ်း၊ လိမ်လည်ထားသော အထောက်အထားနှင့် အမည်တစ်ခု။ လူတိုင်းမှာ သူတို့ရဲ့ သံသယကိုယ်စီရှိကြပြီး သူတို့ရဲ့ နာမည်အစစ်တွေနဲ့ မလဲလှယ်ကြပါ။
“မျောက်ဝံနတ်ဆိုး” စူးချန်ခုန်းသည် အားလုံးက စည်းမျဉ်းကို မပြောဘဲနှင့် တိတ်တဆိတ် နားလည်ကြသဖြင့် နာမည်တစ်ခုလက်တန်းပြောပြီး ပြန်ဖြေလိုက်သည်။
"ဒါဆို ညီအစ်ကို မျောက်ဝံနတ်ဆိုးက ကြယ်ပုံစံရွှေကို ဝယ်ချင်တယ်ပေါ့။” ကြေးဝါမျက်နှာဖုံးဝတ်ထားတဲ့လူက မေးလိုက်သည်။
"ဟုတ်တယ်.. ပစ္စည်းတွေ ယူလာလား။” စူးချန်ခုန်းက ခေါင်းညိတ်ပြလိုက်သည်။
ကြေးဝါမျက်နှာဖုံးဝတ်ထားတဲ့လူက သိုးမျက်နှာဖုံးဝတ်ထားတဲ့လူကို အဓိပ္ပာယ်ရှိတဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ သိုးမျက်နှာဖုံးနဲ့လူက နားလည်သွားပြီး ပြန်ခေါင်းညိတ်ပြသည်။
သူက သေတ္တာတစ်လုံးကို ကိုင်ထားပြီး စူးချန်ခုန်းနဲ့ အထင်လွဲမှားတာမဖြစ်အောင် အဝေးကနေ ဖွင့်ပြလိုက်သည်။
သစ်သားသေတ္တာထဲမှာ သတ္တုအပိုင်းအစတွေ ရှိလေ၏။ ၎င်းကငွေဖြူရောင်ရှိပြီး ထူးခြားကာ ကြယ်ရောင်လို တောက်ပတဲ့ အဖြူရောင်မျဉ်းကြောင်းတွေ ပါရှိသောကြောင့် သူတို့ရဲ့ အလှကို ထပ်လောင်းတိုးပေးပြီး ကျောက်မျက်ရတနာတွေထက်တောင် ပိုပြီး ကြီးကျယ်ခမ်းနားစေသည်။
အဲဒါက ရွှေနဲ့ယှဉ်ရင် တကယ်ကိုတန်တဲ့ ကြယ်ပုံစံရွှေဖြစ်သည်။ ကြယ်ပုံစံရွှေတစ်ပြားက ငွေတစ်သောင်းတန်တဲ့ အဆမတန်ဈေးနှုန်းကို ရနိုင်သည်။ ဒါက သာမန်လူတွေရဲ့ စိတ်ကူးထက်တောင် ကျော်လွန်တဲ့ ပမာဏဖြစ်သည်။
သိုးမျက်နှာဖုံးနဲ့လူက စူးချန်ခုန်းကို “ကျွန်တော်တို့ရဲ့ သဘောတူညီချက်အရ စုစုပေါင်း သုံးကျင်းရှိပြီး တစ်ချပ်ကို ငွေ ၁၂၀၀၀ ကျသင့်တာကြောင့် စုစုပေါင်း ငွေ ၃၆၀၀၀၀ ကျပါတယ်။” ဟု ပြောလိုက်သည်။
“စစ်ဆေးကြည့်လို့ရမလား။” စူးချန်ခုန်းက တောင်းဆိုလိုက်သည်။
“ရပါတယ်” ဟု ကြေးဝါမျက်နှာဖုံးစွပ်ထားတဲ့လူက ဆိုလေ၏။
သိုးမျက်နှာဖုံးနဲ့လူက သစ်သားသေတ္တာကို စူးချန်ခုန်းဆီ ယူလာပြီး သူက သူ့လက်မအရွယ် အပိုင်းအစတစ်ခုကို ကောက်ယူစစ်ဆေးလိုက်သည်။
ကြေးဝါမျက်နှာဖုံးစွပ်ထားတဲ့လူနဲ့ သူ့အပေါင်းအပါတွေက စိတ်အေးလက်အေးရှိပုံရပေမယ့် စူးချန်ခုန်းရဲ့ လှုပ်ရှားမှုတိုင်းကို သူတို့အားလုံး အာရုံစိုက်နေကြတာဖြစ်သည်။ သူ တခြားလှုပ်ရှားမှုတစ်ခုခုလုပ်ရင် ချက်ချင်းပဲ တိုက်ခိုက်ကြမှာ သေချာပါသည်။
စူးချန်ခုန်းဟာ ကြယ်ပုံစံရွှေကို တစ်ခါမှ မမြင်ဖူးပေမယ့် အတည်ပြုနည်းလမ်းကတော့ ရိုးရှင်းပါသည်။ သူက ကြယ်ပုံစံရွှေတစ်ပိုင်းကို လက်ထဲမှာယူပြီး လက်ချောင်းတွေကို တင်းတင်းကြပ်ကြပ် ညှစ်လိုက်သည်။