သိုင်းပညာတာအိုသဘောတရား
Vol. 1 Ch. 88
အမ်
ခန်းမခွဲတစ်ခုထဲတွင် ကျန့်ဝူရွှမ်းသည် ကျောက်စာတစ်ခုရှေ့ ရပ်၍ နားလည်ရန် ကြိုးစားနေခဲ့သည်။ သူသည်လည်း ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါကို ခံစားမိသောကြောင့် ခန်းမခွဲထဲမှ အမြန်ထွက်လိုက်သော် အဓိက ခန်းမကြီးထဲတွင် လူများစွာ ရောက်ရှိနေသည်ကို သိလိုက်ရသည်။ ခန်းမခွဲများထဲတွင် ကျောက်စာများကို နားလည်ရန် ကြိုးစားနေကြသော လူများအားလုံးသည် ထွက်လာခဲ့ကြသည်။ အပြင်ဘက်တွင် ရပ်နေကြသော အစောင့်များသည်လည်း ဝင်လာကြပြီး အားလုံးသည် ခန်းမခွဲတစ်ခုကိုသာ ကြည့်နေခဲ့ကြသည်။
"အားလုံးပဲ စိတ်အေးအေးထားကြပါ ... တိုက်ခိုက်လာတဲ့ ရန်သူမရှိပါဘူး ... ဒါက ကျောက်စာပေါ်က သိုင်းပညာတာအိုသဘောတရားကို အသက်ဝင်သွားစေတဲ့ တစ်ယောက်ယောက်ကြောင့်ပါ"
အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အသံသည် မကျယ်လွန်းသော်လည်း လူတိုင်း၏ နားတွင် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ခန်းမကြီးထဲတွင် ရှိနေသော အစောင့် နှစ်ယောက်သည် ပင့်သက် ရှိုက်လိုက်ကြသည်။
"ကျောင်းအုပ်ပဲ"
"ကျူးကော့လျှိူယွင်"
ကျန့်ဝူရွှမ်း၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။ ထိုထူးထူးဆန်းဆန်း ပေါ်လာသော ကျောင်းအုပ်သည် ဘယ်တုန်းကများ တက်ကြွသွားရပါသနည်း ... သူသည် နယ်မြေ၏ အတော်ဆုံး စစ်သည်တော် ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ တစ်ယောက်ယောက်ကများ ရှေးဟောင်း ကျောက်စာတစ်ခုကို နားလည်သွားတာ များလား။
"ဝှစ်"
မြောက်ဘက်အဆောင်မှ လူများသည် ပျံသန်းလာကြသည်။ ကျောင်းတွင်းမှ ဆရာများ အားလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြလေသည်။ အနီးအနားရှိ ကျောင်းသားများသည်လည်း အာရုံစိုက်လာကြကာ စုပြုံလာကြလေတော့သည်။ သို့သော် အစောင့်များသည် သူတို့ကို တားဆီးလိုက်ကြသည်။
"ဒုကျောင်းအုပ် (၇)နဲ့ ဆရာများကို နှုတ်ဆက်ပါတယ်"
နှုတ်ဆက်သံတစ်စုသည် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့ပြီး လူလေးဆယ်ခန့်သည် ဝင်လာခဲ့လေသည်။ ကျန့်ဝူရွှမ်းသည် လှည့်ကြည့်လိုက်သော် သင်တန်းကျောင်းမှ ဆရာများ အားလုံး ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ လူအုပ်ကို ဦးဆောင်လာသူသည် ဒုကျောင်းအုပ် (၇) ဖြစ်သည်။
"လူတိုင်းပဲ ထွက်သွား ပေးကြပါ ... ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ် ခန်းမကို ယာယီ ပိတ်လိုက်ပြီ"
တောင်ဝှေးကို ကိုင်ဆောင်ထားသော ဆံပင်ငွေရောင်နှင့် အဘွားကြီးသည် ရုတ်တရက် ပြောလိုက်လေသည်။ ကျန့်ဝူရွှမ်းနှင့် အခြားလူများသည် အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ အစောင့်များသည် တံခါးကို အလျင်အမြန် ပိတ်လိုက်လေသည်။ လူလေးဆယ်ကျော်သည် ခန်းမခွဲထံ အမြန် လျှောက်လာခဲ့ကြသော်လည်း ဝင်ပေါက်တွင်သာ ရပ်နေလိုက်ကြသည်။ အကြည့်များစွာ တို့သည် အတွင်း၌ ရှိနေသော ကျန်းရီထံတွင်သာ ကျရောက် နေခဲ့သည်။
"ဒီကျောင်းသားက ဘယ်သူလဲ ... တစ်ယောက်ယောက် သူ့ကို သိကြလား"
အဘွားအိုသည် အလွန် အဆင့်အတန်း မြင့်မားသည်မှာ ထင်ရှားသည်။ သူမသည် အတွင်းတွင် ရပ်နေသော ကျန်းရီကို သေချာကြည့်ကာ အသာအယာ မေးလိုက်သည်။
"သူလား"
အဖြူရောင် အဝတ်အစားများ ဝတ်ဆင်ထားသော လှပသည့် မိန်းကလေးထံမှ အသံ ထွက်ပေါ်လာခဲ့သည်။ ငွေရောင် ဆံပင်နှင့် အဘွားအိုသည် သူမကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"လောရွှယ် ... မင်း ဒီကျောင်းသားကို သိတာလား"
အဖြူရောင်နှင့် မိန်းကလေးသည် ရေခဲအလှမယ်လေး စုလောရွှယ် ဖြစ်ပေသည်။ သူမသည် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
"ကျောင်းအုပ်ချီ ... သူ့နာမည်က ကျန်းရီဖြစ်ပြီး ကျောင်းကို ဒီနှစ်ဝင်လာတဲ့ အထဲက တရားဝင် မဟုတ်သေးတဲ့ ကျောင်းသားပါ ... သူ့ရဲ့ အပေါ်ယံ အင်အားက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်ဘဲ ရှိသေးပေမဲ့ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့် သို့မဟုတ် ဒုတိယ အဆင့်လောက် ရှိနေပါပြီ ... ဟုတ်သား ... အဲဒီနေ့က တောင်ခြေက လူသတ်သမားတွေကို သူသတ်လိုက်တာပါ ... ကျောင်းအုပ်လျှိုလည်း ဒါကို သိပါတယ်"
ဘေးတွင်ရပ်နေသော သက်လတ်ပိုင်းအရွယ် လူများထဲမှ တစ်ယောက်သည် ခေါင်းညိတ် လိုက်သည်။
"ဟုတ်တယ် ... အစက သူ့မှာ အမှတ်တွေ မရှိဘူး ... သင်တန်းကျောင်းက သူ့ကို အလျော်ပေးတဲ့ အနေနဲ့ အမှတ်ငါးရာ ပေးလိုက်တယ် ... သူက ဒီအမှတ်တွေကို သုံးပြီး ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ် ခန်းမကို လာမယ်လို့ ဘယ်သူက ထင်မှာလဲ ... သူက ကျောက်စာပေါ်က သိုင်းပညာ တာအိုသဘောတရားကိုပါ နားလည်အောင် ကြိုးစားနိုင်သေးတယ်"
ငွေရောင်ဆံပင်ဖြူများနှင့် ဒုကျောင်းအုပ်ချီသည် ကျန်းရီကို တစ်ချက်ကြည့်လိုက်ပြီး မယုံနိုင်သလို မေးလာခဲ့သည်။
"အပေါ်ယံ အင်အားက သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ပဉ္စမအဆင့်လား ... လောရွှယ် ... သူရဲ့ တိုက်ခိုက်နိုင်စွမ်းက ခရမ်းရောင်နန်းတော်ရှင် ပထမ အဆင့်လောက် ရှိတယ်ဆိုတာ သေချာလား"
"ဟုတ်ပါတယ် ... ကျောင်းအုပ်ချီ"
စုလောရွှယ်သည် ခေါင်းညိတ် လိုက်သည်။
"သူ ကောင်းကင် တောင်ပံမြို့မှာ ရှိတုန်းက လူအများကြီးကို သတ်ခဲ့တယ် ... သူက ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်က လူကိုတောင် သတ်ခဲ့တယ် ... အိုး ... ဟုတ်သားပဲ ... အဲဒီနေ့က လုပ်ကြံသူတွေထဲမှာ တစ်ယောက်က ခရမ်းရောင် နန်းတော်ရှင် ပထမအဆင့်ပဲ"
"ဒါဆို ဒီကလေးက ကြောက်စရာ ကောင်းလောက်တဲ့ ပါရမီရှင် တစ်ယောက် ဖြစ်ရမယ်"
ကျောင်းအုပ်ချီသည် ကျန်းရီကို တောက်ပနေသော မျက်လုံးများနှင့် ကြည့်လိုက်သည်။
"ဒီ သတ်ဖြတ်ခြင်း ဧကရာဇ်မှာ နက်နဲတဲ့ သိုင်းပညာ တာအိုသဘောတရား ရှိတယ် ... ဒီကလေးကသာ ဒါကို နားလည်နိုင်ရင် ငါတို့ကျောင်းက နောက်ထပ် ပါရမီရှင် မျိုးဆက်တစ်ယောက် မွေးထုတ် ပေးနိုင်တော့မှာပဲ ... သူက ကျောက်စာကို အသက်ဝင် သွားစေနိုင်ပေမဲ့ ဒါကို နားလည်နိုင်မယ်လို့ ပြောလို့ မရသေးဘူး ... အခုက သူရဲ့ ဗီဇနဲ့ ကံတရား အပေါ်မှာလည်း မူတည်သေးတယ်"
***
အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသော်လည်း ကျန်းရီသည် ဘာကိုမှ မသိပေ။ သူသည် ထိုအချိန်တွင် သူရောက်နေသော နေရာကိုပင် မသိတော့ပေ။
သူသည် အနက်ရောင်အတွင်းအားကို သုံး၍ ကျောက်စာကို ကြည့်လိုက်သော အချိန်တွင် ရုတ်တရက် အနီရောင် အလင်းများ တောက်ပလာခဲ့သည်။ သူရှေ့ရှိ ပုံသည် ပြောင်းလဲသွားခဲ့ပြီး ကျောက်စာနှစ်ခုကြားရှိ ရုပ်တုသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ သူသည် ထူးဆန်းသော နေရာတစ်ခုကို ရောက်ရှိနေသကဲ့သို့ ခံစားနေခဲ့ရသည်။
ထူးဆန်းသည်မှာ သူ့ပတ်ဝန်းကျင်တွင် အပြတ်အစီးများသာ ရှိနေခဲ့သည်။ လူတစ်ဦးတစ်ယောက်မှလည်း ရှိမနေခဲ့ပေ။ ကျန်းရီသည် ထူးဆန်းသော အခြေအနေသို့ ရောက်ရှိနေချိန်တွင် အဝေးတစ်နေရာဆီမှ စစ်ရထားများ၏ အသံကို ကြားလိုက်ရသည်။ မြင်းခွာသံများသည်လည်း ပို၍ပင် ကျယ်လောင်လာကာ မြေပြင်သည်လည်း တုန်ခါလာခဲ့သည်။ ကျန်းရီမြင်ကွင်း၏ ဘယ်ဘက်တည့်တည့်တွင် အနက်ရောင် မျဉ်းကြောင်းတစ်ခုသည် ပေါ်လာခဲ့ပြီး အနက်ရောင် တိမ်ထုတစ်ခုပုံ ဖြစ်လာခဲ့သည်။ ထိုအနက်ရောင် အရာသည် တဖြည်းဖြည်းနှင့် ကြီးမားလာခဲ့ပြီး သူ၏ မြင်ကွင်း တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
အိုး ... စစ်သားတွေ များလိုက်တာ ... သန်းချီပြီး ရှိလောက်မယ် ...
ကျန်းရီ၏ ရင်အစုံသည် တစ်ဒိတ်ဒိတ် ခုန်လာခဲ့သည်။ သူသည် အသက်ရှူ ရပ်သွားမတတ် ခံစားနေရသည်။ ထိုစစ်သားများ၏ တည်ရှိမှုသည် ဝိညာဉ်လွင့်မတတ် ဖြစ်စေနိုင်သည်။ သူ့အပေါ် ကျရောက်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည်လည်း သွေးများကို ပွက်ပွက်ဆူစေပြီး အသိဉာဏ်များ ပျောက်ဆုံးမတတ် ဖြစ်စေလေသည်။
စစ်သား သန်းပေါင်းများစွာသည် သူ့ကို သတိထားမိပုံ မရဘဲ ဖြတ်သန်း သွား၍သာ ကံကောင်းပေသည်။ ဒါက ပုံရိပ်ယောင် တစ်ခုလား ... အစစ်အမှန် မဟုတ်တာလား။
"ဝှစ်"
သူ့စိတ်ထဲတွင် မေးခွန်းပေါင်း များစွာ ရှိနေစဉ်မှာပင် သူ့ညာဘက်မှ ပုံရိပ်တစ်ခု ထွက်ပေါ် လာခဲ့သည်။ ထိုလူသည် ကြောက်ရွံ့ခြင်း ကင်းစွာဖြင့် စစ်သားများထံ ပြေးဝင်သွားခဲ့သည်။
သတ်ဖြတ်ခြင်း ဧကရာဇ်လား။
ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ထိုလူသည် သွေးရောင်သံချပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး သွေးရောင်လှံရှည် တစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ခေါင်းရှိဆံပင်များမှာ ဖွေးဖွေးဖြူနေသည်။ ဒါကမှ သတ်ဖြတ်ခြင်း ဧကရာဇ် မဟုတ်ရင် ဘယ်သူဖြစ်ဦးမှာလဲ ... သို့သော် သူ၏ မျက်လုံးများသည် ရုပ်တုလိုမျိုး နီရဲမနေခဲ့ပေ။ အနက်ရောင်သာ ဖြစ်လေသည်။
"သူ့ကို သတ်ကြ"
စစ်တပ်တစ်ခုလုံးသည် သူတို့၏ အနက်ရောင် တစ်ဖက်သွားဓားရှည်များကို ကိုင်ဆောင်ကာ တစ်ပြိုင်နက် ဟစ်ကြွေးလိုက်ကြသည်။ သူတို့၏ အသံများသည် ကောင်းကင်ရှိတိမ်များ၊ ကျောက်တုံးများကို ကွဲကြေသွားစေနိုင်လေသည်။ အသံအားကြောင့် ကျန်းရီသည် မြေပြင်ပေါ်သို့ လဲကျသွားမတတ်ပင် ဖြစ်သွားခဲ့သည်။ သိပ်သည်းသော သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် ဆောင်းတွင်း၌ ရွာသော မိုးကဲ့သို့ပင် အရိုးထဲမှ စိမ့်တက်၍ အေးသွားစေသည်။
"သေစမ်း"
အနှစ်တစ်သောင်း ရေခဲမြစ်ကဲ့သို့ အေးစက်နေသော လေသံသည် ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် အရမ်းမကျယ်ဟု ထင်ရသော်လည်း လူပေါင်း သန်းချီသော စစ်တပ်၏ အော်သံတို့ကို ဖုံးလွှမ်းသွားခဲ့ပေသည်။ သတ်ဖြတ်ခြင်း ဧကရာဇ်သည် စစ်တပ်၏ ရှေ့တွင် ရပ်နေ၍ သူ၏ လှံရှည်ကို ကိုင်မြောက်လိုက်သည်။ သူ၏ ဆံပင်များသည် လေမတိုက်ပါဘဲနှင့် တလွင့်လွင့်လှုပ်ရှားနေခဲ့သည်။ သူ၏ မျက်လုံးအစုံသည်လည်း တဖြည်းဖြည်းနှင့် အနီရောင် သန်းလာကာ သွေးရောင်ရဲရဲ ဖြစ်သွားခဲ့လေသည်။
သူ၏ သွေးရောင်လှံရှည်မှလည်း အနီရောင် အလင်းများ တောက်ပလာကာ သူ့ကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် ပေါ်ထွက်လာခဲ့သည်။ ထို သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ပေါ်ထွက်လာသော အချိန်တွင် အချိန်များပင် ရပ်တန့်သွားသယောင် ထင်ရလေသည်။
"ခလွမ်"
ကျန်းရီသည် ထပ်မံမတောင့်ခံနိုင်တော့ပေ။ သူသည် မြေပေါ်သို့ လဲကျသွားခဲ့လေသည်။ သွေးနီရောင် ပုံရိပ်ကို ကြည့်နေရင်းမှပင် သူ့ရင်ထဲမှ တစ်ကြိမ်မှ မခံစားဖူးသော ချောက်ချားမှုတို့ လှိုက်တက်လာခဲ့သည်။ လူတစ်ယောက်တည်းထံမှ သတ်ဖြတ်ခြင်း အရှိန်အဝါသည် သန်းချီသော စစ်တပ်၏ အရှိန်အဝါထက် မည်သို့များ ကျော်လွန်နေရပါသနည်း ...။
မရေမတွက်နိုင်သော စစ်မြင်းများသည် မြေပေါ်သို့ လဲကျကုန်ကြသည်။ စစ်သားများ သည်လည်း မြင်းများထက်မှ ပြုတ်ကျကုန်ကြလေသည်။ လူတိုင်း၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ အတိုင်းသား ပေါ်နေခဲ့သည်။ လူသန်းချီ၍ ဖွဲ့စည်းထားသော စစ်တပ်သည် လူတစ်ယောက်ထံမှ သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် အလွယ်တကူပင် ပျက်စီးသွားခဲ့လေသည်။
"လူသားတွေက မမျှတဘူး ဆိုရင် အလောင်းတွေ သန်းချီသွားစေမယ် ... ကောင်းကင်ဘုံက မမျှတဘူးဆိုရင် ကောင်းကင်အောက်က အရာရာတိုင်းကို ရှင်းလင်း သတ်ဖြတ်ပစ်မယ်"
သတ်ဖြတ်ခြင်း ဧကရာဇ်သည် ကြိမ်းဝါးလိုက်ပြီး မြားတစ်စင်းအလား ရှေ့သို့ ပြေးထွက် သွားခဲ့သည်။ သူ၏ လှံရှည်မှ ချီစွမ်းအင်များ ဖြာထွက်သွားကာ စစ်သားများစွာကို ဖြတ်တောက် သွားသည်။ မရေမတွက်နိုင်သော ခေါင်းများ၊ ခြေထောက်များသည် ပြတ်တောက် သွားကြကာ သွေးများ ပန်းထွက်လာကြသည်။
ကျန်းရီသည် မှင်သက်နေမိသည်။ သူ့မျက်လုံးများ သည်လည်း နီရဲလာလေသည်။ သူ့စိတ်တွင်တော့ ကောင်းကင် တောင်ပံမြို့ အနောက်ဘက် တောင်ကုန်းမှ မြင်ကွင်းကို ပြန်မြင်ယောင် နေခဲ့သည်။ သူ့စိတ်သည် သူ့ရှေ့မှ မြင်ကွင်းက ပဲ့တင်ထပ်သည့် အလား သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ထိုးတက် လာခဲ့သည်။
"ဘန်း"
အချိန်တို အတွင်း၌ပင် လူသန်းချီသော စစ်တပ်သည် တစ်ယောက်မှ ကျန်မနေတော့ပေ။ စစ်တပ် သုံးမြင်းများသည်ပင် တစ်စစီ ဖြစ်သွားကြရသည်။ မြင်ကွင်းသည် လူတိုင်းကို မူးမေ့လဲ သွားမတတ် တုန်လှုပ် စေနိုင်လေသည်။
ကံကောင်းစွာပင် ကျန်းရီ၏ စိတ်တွင် အနောက်ဘက် တောင်ကုန်းမှ မြင်ကွင်းကသာ ကြီးစိုးနေ၍ တော်သေးသည်။ သူနိုးလာချိန်တွင် သူ့ရှေ့မှ မြင်ကွင်းသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူမြင်နိုင်သည်မှာ သူ့ကိုယ်ကို ဖြတ်သန်း၍ သူ့စိတ်ဝိညာဉ်ကိုပင် မြင်ရသည့်နှယ် ထင်ရသော သွေးနီရောင် မျက်လုံးအစုံကိုသာ ဖြစ်သည်။
"ဟူး ... "
သူ့မြင်ကွင်းသည် ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ် ခန်းမ၏ အတွင်းဘက်သို့ ပြန်ပြောင်းလဲသွားခဲ့သည်။ သူသည် ကြီးမားသော အဖြစ်အပျက်ကြီး တစ်ခုကို ကြုံတွေ့ရပြီးနောက် သက်ပြင်းရှည် တစ်ချက်သာ ချနိုင်လေသည်။ သူ့နဖူးမှ ချွေးစေးများ တစ်စက်စက် စီးကျနေပြီး သူ့စိတ်သည် အလွန် ချောက်ချားဖွယ် ကောင်းသော မြင်ကွင်းနှင့် ကောင်းကင်ကို မော့ကြည့်နေသော သွေးနီရောင် မျက်လုံး အစုံကိုသာ ပြန်မြင်ယောင် နေခဲ့သည်။
***