← Chapters

အခန်း (၁၀)

Vol. 1 Ch. 10

အခန်း (၁၀)

Vol. 1 Ch. 10

“ဟူးးးး”

သူ့နှုတ်ခမ်းမှသက်ပြင်းချသံထွက်ပေါ်လာသည်။

ဂျယ်ဂန်းခေါင်းကိုခုံနောက်လှန်လိုက်ပြီး မျက်နှာကျက်ကိုကြည့်နေသည်။ ရီခါကသူ့ဒူးပေါ်သို့ခုန်တက်လာသည်။

“လူတွေက အခြေအနေပေါ်မူတည်ပြီး လိုသလိုပြောင်းလဲနိုင်ကြတာပဲ”

ဂျယ်ဂန်း ရီခါ့လည်ပင်းကိုပွတ်ရင်းပြောနေသည်။ ဟီတဲမီဒီယာက အထွေထွေမန်နေဂျာရဲ့ဖုန်းကောက သူ့စိတ်ထဲကနေမထုတ်နိုင်သေးပေ။ ထိုဖုန်းကောက သူ့ကိုအန်ချင်သလိုတောင် ဖြစ်စေသည်။

သူ ဟီတဲမီဒီယာမှာ ပွဲဦးထွက်ခဲ့တုန်းက ရလာဒ်ကမကောင်းပေ ဒါကအရမ်းဆိုးရွားတာမျိုးမဟုတ်ပေမယ့် သာမန်ထက်တော့အနည်းငယ်နိမ့်တာပေါ့။

အဲ့တုန်းကဆိုရင် သူ့ရလာဒ်ကိုသူစိတ်မပျက်ပဲ စီစဉ်ထားတဲ့အတိုင်းပဲ စာအုပ် ခုနှစ်အုပ်ရေးချင်ခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့အိပ်မက်ကလေးက စာအုပ်သုံးအုပ်ရေးပြီးတာနဲ့ နှုတ်ဆက်လိုက်ရသည်။ အဲ့တုန်းကဝင်လာတဲ့မက်ဆေ့ကို မြင်လိုက်ကတည်းက နှစ်အတော်ကြာထိကို ညတိုင်းစိတ်ဓါတ်ကျနေခဲ့ရသည်။

“စာရေးဆရာဟာ, ရလာဒ်တွေက မကောင်းတဲ့အတွက်ကြောင့် လေးအုပ်မြောက်မှာပဲ ရပ်လိုက်ရအောင်”

ဒါက စာရေးဆရာတစ်ယောက်အတွက် သေမိန့်ချလိုက်တဲ့စကားလုံးပဲ။

ဒီလိုစောပြီး ဇာတ်လမ်းကိုသိမ်းလိုက်ရတာက စီးရီးတစ်ခုလုံးကို ဖျက်စီးပစ်လိုက်တဲ့အကြောင်း အရင်းလည်းဖြစ်သည်။

အွန်လိုင်းစာအုပ်တွေနဲ့မတူပဲ စက္ကူစာအုပ်တွေက အကုန်အကျပိုများသည်။ ဒါကြောင့် သိပ်ပြီးနာမည်မကြီးတဲ့စာအုပ်စီးရီးတွေက စောပြီးဇာတ်သိမ်းဖို့ တွန်းအားပေးခံရသည်။ ထုတ်ဝေသူတွေက ဇာတ်လမ်းကိုကောင်းကောင်းပြီးလား မပြီးလားကိုဂရုမစိုက်ကြပါ။ သူတို့အနေနဲ့ ပိုက်ဆံမရတဲ့စာအုပ်တွေက သူတို့အတွက်တော့ အမှိုက်ပရောဂျက်တွေပါ။

အဲ့တုန်းက ဂျယ်ဂန်းသူ့မာနတွေကို ခဝါချပြီးတော့တောင် အထွေထွေမန်နေဂျာကိုတောင်းဆိုခဲ့သည်။

‘ငါးအုပ်မြောက်ကို မရေးပဲနဲ့ ဇာတ်သိမ်းဖို့ကမဖြစ်နိုင်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ငါးအုပ်မြောက်နဲ့အဆုံးသတ်ခွင့်ပေးပါ။’

ဒါပေမယ့်လည်းသူပြန်ရလိုက်တာက ခါးသီးတဲ့တုန့်ပြန်မှုတစ်ခုပဲ။

‘မင်းဈေးကွက်အကြောင်းသိတာပဲ ဘာလို့ဒီလိုလုပ်နေတာလည်း? ငါ့တို့ရဲ့ထုတ်ဝေသူတွေကလည်း ခက်ခဲနေကြတာ။ ငါတို့လည်း စားဖို့နဲ့နေဖို့အတွက်တောင် နာမည်ကြီးတဲ့စာအုပ်တွေကို ထုတ်လုပ်တာကိုပဲမှီခိုနေကြတာ။ မင်းရဲ့ ငါးအုပ်မြောက်စာအုပ်ကိုသာ ထုတ်ပေးလိုက်ရရင် ငါတို့အနေနဲ့ နောက်လအတွက်ဝန်ထန်းတွေရဲ့လစာကို ပေးဖို့တောင်မတတ်နိုင်တော့ဘူး။ မင်းရဲ့ခံစားချက်တွေကိုနားလည်ပေမယ့်လည်း နောက်တစ်ခေါက်မှပဲထပ်ကြိုးစားကြည့်ပေါ့။ ငါမီတင်ရှိသေးလို့ ဖုန်းချလိုက်ပြီ။”

အဲ့အချိန်တုန်းက ဖုန်းဖြေသံက ခုထိကိုသူ့နားထဲမှာစွဲနေတုန်းဖြစ်သည်။

ပြန်တွေးရင်းတောင် ရီခါ့ကိုကိုင်ထားတဲ့လက်က အနည်းငယ်တင်းကျပ်သွားသည်။ ရီခါကသူ့ရဲ့မျက်နှာကို ဂျယ်ဂန်းရဲ့ရင်ဘက်ထဲတိုးပြီးဝှေ့လိုက်သည်။ အချိန်ကုန်လာသည်နှင့်အမျှ ဂျယ်ဂန်းပုံမှန်အခြေအနေသို့ပြန်ရောက်လာသည်။

“ကျေးဇူးပဲရီခါ။ အခုအဆင်ပြေသွားပြီ ဘာမှမခံစားတော့ဘူး”

“မြောင် . “

“အခုဆိုတကယ်ကောင်းတဲ့ အယ်ဒီတာနဲ့ ဆုံနေရပြီပဲ။ ရောင်းအားကောင်းတဲ့စာအုပ်တွေတောင် ငါရေးနိုင်နေပြီ။ ဆိုးရွားတဲ့ အတိတ်တွေကပြီးဆုံးသွားခဲ့ပြီ။ အတိတ်ကိုတွေးပြီးဝမ်းနည်းနေတာက ငါမဟုတ်ဘူး”

အားအင်တွေပြန်ပြည့်နေတဲ့ဂျယ်ဂန်းက စိတ်အားတက်ကြွစွာဖြင့် ကွန်ပြူတာရှေ့သွားကာ ထိုင်ချလိုက်သည်။

သူနာရီကိုလှမ်းကြည့်လိုက်တော့ ညနေ ခြောက်နာရီထိုးပြီးဖြစ်သည်။ နေ့လည်တည်းကနေအလုပ်စလုပ်တာဆိုတော့ သူခြောက်နာရီလောက်အလုပ်လုပ်ခဲ့တာဖြစ်သည်။

“ဝိုး ရီခါ ငါခြောက်နာရီလောက်တည်းနဲ့ စာအုပ်တစ်ဝက်ကိုရေးလိုက်တာဟ”

သူစာဖိုင်ရဲ့အချက်အလက်ကို စစ်ကြည့်လိုက်တော့ စာလုံးရေပေါင်းက ခြောက်သောင်းခွဲရှိသည်။ ဒီနှုန်းနဲ့ဆို သူ့အနေနဲ့ နောက်ထပ် ခုနှစ်နာရီ ရှစ်နာရီလောက်ထပ်ရေးလိုက်ရင် စာအုပ်တစ်အုပ်ကို အပြီးသတ်နိုင်သည်။

“ငါအတော်လေးပင်ပန်းနေပြီ ဇာတ်ကြောတွေလည်းအောင့်တယ်။ ခနလောက် ကော်ဖီသောက်နားဦးမှပါ။”

ဂျယ်ဂန်းပုခုံးကြွက်သားတွေကိုနှိပ်နေသည်။ သူ့လက်တွေကလည်း ခြောက်နာရီဆက်တုန်း တစ်နာရီကို စာသားပေါင်း တစ်သောင်းနှုန်းဖြင့်ရိုက်ထားသောကြောင့် နာကျင်နေသည်။ ဘေစင်ဘက်ကို လျောက်သွားလိုက်ပြီး ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။

“ချီးပဲ ငါပန်းကန်တွေဆေးရဦးမယ်”

ဂျယ်ဂန်းပန်းကန်တွေမဆေးရသေးခင်ပဲ သူအညိုရောင်မတ်ခွက်ကိုသတိထားမိသွားသည်။ ဒါကဆုဂန်ဝိုရဲ့ခွက်ဖြစ်သည်။ သူဒါကိုဆေးထားပေမယ့် တစ်ခါမှတော့မသုံးကြည့်ရသေးပါ။

“ကောင်းပြီ ဒီခွက်ကအတော်လေးလှတာပဲ။ နောက်တစ်ခွက်ဖျော်တာပေါ့”

ဂျယ်ဂန်းနောက်ထပ်ကော်ဖီတစ်ထုပ်ဖောက်လိုက်ပြီး မတ်ခွက်ထဲထည့်ကာဖျော်လိုက်သည်။ ကော်ဖီနံ့သင်းလေးတစ်ခုသူရလိုက်သည်။ သာမန်ထက်ပြင်းတဲ့ ကော်ဖီနံ့ကသူနှာခေါင်းကိုကျီစယ်နေသည်။

“ဟမ်…။ တကယ်ခံစားလို့ကောင်တယ်။ မသိရင် ပရော်ဖက်ရှင်နယ်ကော်ဖီကိုသောက်ရသလိုပဲ။”

ဒါကအသင့်ဖျော်ကော်ဖီဖြစ်နေတာတောင်မှ ပုံမှန်နဲ့မတူပဲ သောက်ရတာကအဆင်ပြေလှသည်။ သူပျော်ပျော်ကြီး ခွက်ထဲကကော်ဖီအကုန်သောက်ချလိုက်သည်။

“ဟမ်?”

ဂျယ်ဂန်းကော်ဖီခွက်ကိုချလိုက်ပြီး သူ့ကိုယ်သူပြန်ငုံ့ကြည့်ရင်းခေါင်းခါလိုက်သည်။

တစ်ကိုယ်လုံးအားအင်များဖြင့်ပြည့်နှက်နေသည်။ အစောကတင်တစ်ကိုယ်လုံးကိုက်ခဲနေပြီး လေးလံနေတဲ့ခန္ဓာကိုယ်က အနားယူထားလိုက်သလိုမျိုးပေါ့ပါးသွားသည်။

“ဟ, ဒီအခြေနေကြီးကစောက်ရမ်းကိုမိုက်တယ်။ မနက်နှစ်နာရီမထိုးခင်အပြီးသတ်တာပေါ့”

ဂျယ်ဂန်းကီးဘုတ်ကိုတစ်ဖန်ပြန်ရိုက်ရင်းစာစရေးလိုက်သည်။

ကွန်ပြူတာမျက်နှာပြင်ပေါ်တွင် စာသားများက တစ်ဖြတ်ဖြတ်ပြေးနေသည်။ ဆုဂန်ဝိုရဲ့ မတ်ခွက်နဲ့ကော်ဖီသောက်လိုက်တာက သူ့ကိုအားအင်အသစ်တွေပေးလိုက်တာပဲဖြစ်သည်။

“အယ်ဒီတာအလုပ်ရှုပ်နေလား?”

ကြယ်ပွင့်စာပေ ထုတ်ဝေသူ ရုံးခန်း။

အယ်ဒီတာဂွမ်တဲဝမ်က ခရီးမှအခုလေးတင်ပြန်ရောက်လာပြီး စာရေးဆရာတွေရဲ့ စာအုပ်ထုတ်ဝေမှု အချိန်စာရင်းကို စစ်ဆေးနေသည်။ ဝန်ထမ်း ဂျန်ဆိုမီက သူ့ဆီလျောက်လာသည်။

“အာ ဆိုမီ, ရတယ် နင်ပြောပါ။”

တဲဝမ် အကြည့်ကို စခရင်ပေါ်မှ ဆိုမီဆီသို့ပြောင်းရင်းပြောလိုက်သည်။ သူကဘယ်လက်အောက်ငယ်သားကိုမဆို နှိမ့်ချပြီးမဆက်ဆံတတ်သော လူမျိုးဖြစ်သည်။ ဆိုမီက ဝန်ထမ်းအသစ်ဖြစ်ပြီး ခြောက်လခန့်သာအလုပ်ဆင်းရသေးသည် သူမက ရယ်ပြီးဆက်ပြောလိုက်သည်။

“ဒါက သိုင်းပညာအဆင့်များစာအုပ်ကိုရေးတဲ့ မစ္စတာဟာ ကိစ္စပါ။”

“အင်း မစ္စတာဟာ ကဘာဖြစ်လို့လည်း?”

“သူ စာအုပ်စီးရီး ဆယ်အုပ်လုံးပြီးသွားလို့ပို့ထားပါတယ်။ ဒါကြောင့်ကျွန်မလည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေလို့”

“ဘာကြီး?”

တဲဝမ် ကြောင်ပြီးထရပ်လိုက်မိသည်။

“တကယ်ကြီးသူဆယ်အုပ်လုံးပို့လိုက်တာလား? နောက်နေတာလား?”

“တကယ်ပါ။ ကျွန်မစစ်ကြည့်ပြီးပြီ။ သူလေးအုပ်မြောက်ကနေ ဆယ်အုပ်မြောက်ထိ ခုနှစ်အုပ်လုံးကို ကျွန်မတို့ဆီ ပို့ထားတယ်။”

“ဝိုး ဒါကတကယ့်ကိုမယုံနိုင်စရာပဲ။ ဘာတွေများဖြစ်ကုန်တာလည်း? သူငါတို့ကို သုံးအုပ်မြောက်ပို့ထားတာတောင် မကြာသေးဘူးလေ။ ခုတောဆယ်အုပ်လုံးပြီးသွားပြီတဲ့လား ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း?”

တဲဝမ်ခေါင်းခါထုတ်လိုက်ပြီး ပြန်ထိုင်လိုက်သည်။

သူသုံးအုပ်မြောက်စာအုပ်ရထားတာတောင် ဆယ်ရက်ပဲရှိသေးသည်။

သူသိသလောက်ဆို ဂျယ်ဂန်းက တစ်လကို တစ်အုပ်လောက်သာအပြီးသတ်နိုင်သည့် စာရေးဆရာတစ်ဦးဖြစ်သည်။ သူသုံးအုပ်မြောက်စာအုပ်ကို တစ်ပတ်ထဲနဲ့ ပို့လိုက်ထဲက တဲဝမ် အတော်လေးအံ့အားသင့်နေတာဖြစ်သည်။

အခု စာအုပ် ၇ အုပ်ကို ဆယ်ရက်အတွင်းပို့လိုက်သည်။ ဒါက သူအစောတည်းက ကြိုရေးထားပြီးသိမ်းထားတာတွေလည်းဖြစ်နိုင်သေးသည်။

“မင်းစာအုပ်တွေကိုဖတ်ပြီးပြီမလား?”

“ဟုတ် အပြီးထိတော့မဖတ်ရသေးဘူး ဒါပေမယ့် ရှစ်အုပ်မြောက်တော့ရောက်နေပြီ”

“မင်းတော်တော်များများဖတ်ထားတာပဲ။ ဘယ်လိုထင်လည်း?”

ဆိုမီသူ့လက်နှစ်ဖက်ကို ရင်ဘက်ပေါ်တင်လိုက်ရင်း ဖြည်းညင်းစွာပဲ ယုံကြည်ချက်ရှိရှိပြောလိုက်သည်။

“ကျွန်မအတွက်တော့ဒါကလုံးဝကောင်းတယ်။ ဇာတ်လမ်းက ရှင်းရှင်းလင်းလင်းနဲ့ ဇာတ်အိမ်ကလည်းလေးနက်တယ်။ စာအုပ်ကို အသေအချာဖတ်ကြည့်တာတောင် ခုချိန်ထိ ဝေဖန်စရာဇာတ်ကွက်မတွေ့သေးဘူး။”

“တကယ်ကြီးလား? ဒါနဲ့ ဒီနှစ်ထဲမှာ မစ္စတာဟာမတော်တဆတွေဘာတွေဖြစ်တာများ ကြားမိသေးလား?”

“ဒါကသူ့အတွက်အောင်မြင်တဲ့နှစ်ပဲ”

“ဟုတ်တယ်။ ငါနားလည်ပြီ။ မင်းသွားလို့ရပြီ ငါဒါကိုစစ်ကြည့်ပြီး ပြန်ပြောလိုက်မယ်။”

“ဟုတ်ကဲ့။ ကျေးဇူးပါ။”

ဆိုမီသူ့ခုံကိုပြန်လာလိုက်သည်။

တဲဝမ် စားပွဲပေါ်မေးစေ့တင်ပြီး အတွေးထဲနှစ်မြှပ်သွားသည်။

ဂျယ်ဂန်းရဲ့စာအုပ်တွေက မှတ်ချက်ကောင်းများကိုရရှိနေသည်။ လေးအုပ်မြောက်စာအုပ်ကနေစပြီး နောက်ထပ်အုပ်ရေတစ်ထောင်ပိုပြီး ထုတ်ဝေဖို့စီစဉ်ထားတာဖြစ်သည်။ အခုဆို စာအုပ်တစ်အုပ်ကို အုပ်ရေလေးထောင်ဆီထုတ်ဝေနေသည်။

ပုံမှန်က စာအုပ်တစ်အုပ်ထုတ်ဝေပြီးတိုင်း နောက်တစ်လလောက်ခြားပြီးမှ နောက်တစ်အုပ်ကို ဖြန့်ချီသည်။

ဒါက စာရေးဆရာတွေအတွက်လည်းအကူညီဖြစ်စေရုံတင်မကဘူး စာဖတ်သူမျာကိုလည်း စာအုပ်မထုတ်ဝေခင် ကာလအတွင်းအချိန်ရစေရန် လည်းဖြစ်သည်။

ဒါပေမယ့် ဒါတွေက စာအုပ်ကိုပုံနှိပ်ဖြန့်ချီနေတဲ့အတောအတွင်းမှာသာဖြစ်သည်။

အခုဆို အွန်လိုင်းဈေးကွက်တွေလည်းတည်ရှိလာပြီဖြစ်သည်။ ဒါကြောင့် စီးရီးကအကုန်ပြီးနေပြီဆို ပုံနှိပ်တာထက် တစ်ခါတည်းအင်တာနက်ပေါ်တင်လိုက်ရင်ကော? ဒါကတကယ်ကို အောင်မြင်ဖို့ဖြတ်လမ်း ဖြစ်နိုင်သည်။

‘ငါတော့ မူရင်းစာရေးသူက ခုချိန်ဘာတွေတွေးနေလည်းသိချင်မိတယ်’

တဲဝမ်ဖုန်းကိုထုတ်လိုက်ပြီး ဖုန်းနံပါတ်မှတ်တမ်းအရှည်ကြီးကိုအောက်ဆွဲချလိုက်သည်။ နောက်ဆုံးတော့ ဟာဂျယ်ဂန်းရဲ့နံပါတ်ကိုရှာတွေ့သွားပြီး ဖုန်းခေါ်လိုက်သည်။ ခနကြာတော့ ဂျယ်ဂန်းဖုန်းကိုင်လိုက်သည်။

-ဟုတ်ကဲ့ အယ်ဒီတာ။

“စာရေးဆရာဟာ, မင်းဒါတွေကိုအရင်တည်းကရေးထားတာပဲဟုတ်တယ်မလား? ၁၀ ရက်တည်းနဲ့ ဆယ်အုပ်မြောက်ကိုပါအပြီးသတ်နိုင်တာကြီးက လုံးဝမဖြစ်နိုင်ဘူးမလား?”

-ဟား ဟား စာအုပ်ကဘယ်လိုလည်း? အဲ့တာကအဆင်ပြေရဲ့လား?

“ထုတ်ဝေရေးဝန်ထမ်းကတော့ သူမကြိုက်တယ်ပြောသွားတယ်။ ငါမဖတ်ရသေးပေမယ့်လည်း ဒါကကောင်းမှာသေချာပါတယ်။ အိုး ဒါနဲ့ မစ္စတာဟာ”

တဲဝမ်ခနရပ်လိုက်ပြီး သူ့ညနေခင်းအချိန်ဇယားကိုလှမ်းကြည့်လိုက်သည်။

အခုသူစီးရီးရဲ့နောက်ဆုံးစာအုပ်ကိုရပြီဆိုတော့ဒါက နောက်ထပ်စာချုပ်အသစ်အတွက် စကားပြောရမယ့် အချိန်ပဲ။

ဂျယ်ဂန်းသာတခြား ထုတ်ဝေရေးကုမ္ပဏီတစ်ခုခုနဲ့ ချိတ်မိသွားရင် ဒါကတကယ်ကို သတင်းဆိုးပဲ။ အယ်ဒီတာတစ်ယောက်ရဲ့ အမြင်အရဆို ဂျယ်ဂန်းက လုံးဝကို လက်မလွှတ်သင့်တဲ့ စာရေးဆရာတစ်ယောက်အနေနဲ့ သတ်မှတ်ရမှာဖြစ်သည်။

“ဒီနေ့ည ညစာအတူစားဖို့အဆင်ပြေမလား? ငါတို့အမြဲတွေ့ကြမယ်ပြောနေပေမယ့်လည်း မတွေ့ရတာအတော်ကြာပြီလေ။”

All Chapters