အခန်း (၁၂)
Vol. 2 Ch. 12
ဂွမ်ဆိုသူ့ဆီ အမြန်လျောက်လာသည်။
ဂျယ်ဂန်းသူလျောက်လာတာကိုရပ်ရင်းသာကြည့်နေသည်။ ဒီမထင်မှတ်ထားတဲ့ တွေ့ဆုံမှုကသူ့ကို နေရခက်စေသည်။
“ဟယ်လို..”
“မင်းဘယ်လိုသိတာလည်း?”
“ဘာကိုလည်း? အာ..”
ဂွမ်ဆို ဂျယ်ဂန်းရဲ့မျက်နှာမကောင်းတာကိုမြင်ပြီး စကားပြောတာကို ခနရပ်လိုက်သည်။ သူဒါကိုမပြောပဲနေလည်းမကြာခင်သိသွားမှာပဲဆိုတော့ အမြန်ပဲရှင်းပြလိုက်သည်။
“အထွေထွေမန်နေဂျာက ငါ့ကိုဒီနေရာကိုသွားဖို့ ပြောလိုက်တာ… ငါနေရာအတိအကျကို ရှာနေတုန်းရှိသေးတယ် မင်းကိုတွေ့လိုက်ရတာပဲ…”
ဂျယ်ဂန်းပြောစရာစကားများပျောက်ရှသွားသည်။ သူ့အနေနဲ့ သူကောဘယ်လိုသိလည်းဆိုတာ ထပ်မေးဖို့မလိုတော့ပါ။
ဒီနယ်ပယ်ကကျဉ်းသည်။ ဒီလူတွေကသာ ကုမ္ပဏီတွေမှာ ပတ်ပြီးလုပ်နေကြတာဖြစ်သည်။ ဒါကြောင့် ဒီနယ်ပယ်ထဲကလူတွေက တစ်ယောက်ကိုတစ်ယောက်သိကြသည်။ ဒါကြောင့် အထွေထွေမန်နေဂျာ မာအနေနဲ့ ကြယ်ပွင့်စာပေမှာ သူ့လူတွေရှိတာ သာမန်သာဖြစ်သည်။
ဟီတဲမီဒီယာက ဂျယ်ဂန်းအနေနဲ့ သူနေတဲ့နေရာကို လူလွတ်လိုက်ရင် မကြိုက်ဘူးဆိုတာ သိတာတောင် လွတ်လိုက်သေးသည်။ ဂျယ်ဂန်းသူ့ခေါင်းထဲက မလိုတဲအတွေးတွေကို ထုတ်လိုက်သည်။
“ဆရာ ဟာ, မကြာခင်ညနေစာစားချိန်တောင်ရောက်တော့မှာဆိုတော့, မင်းများငါနဲ့အတူ…”
“ကျွန်တော်ချိန်းထားတာရှိတယ်”
“အာ..ဒါဆိုလည်း မတ်တပ်ရပ်ပြီးစကားပြောရတာတော့သိပ်အဆင်မပြေဘူး ဒီအနားကကဖေး…”
“မဟုတ်ဘူး ငါတို့ဒီမှာပဲ စကားပြောကြတာပေါ့ ကျွန်တော်လိုချင်တဲ့ စာချုပ်အချက်လက်တွေကိုပြောမယ်”
“စာ-စာချုပ်အချက်အလက်?”
ဂွမ်ဆိုရဲ့မျက်နှာတွင် ကြောက်ရွံ့မှုကထင်ဟပ်နေသည်။
သူ့အနေနဲ့ ဂျယ်ဂန်းရဲ့ ယုံကြည်ချက်ရှိပြီး ပြတ်သားတဲ့သွင်ပြင်ကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်သည်။ သူတို့က စာရေးဆရာနဲ့ အယ်ဒီတာဖြစ်တာကြောင့် သူတို့လုပ်ရတာတွေက မတူညီကြပေမယ့်လည်း သူကလည်း သူ့လို အာဏာမရှိတဲ့သူသာဖြစ်သည်။
“ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်အုပ်ရေ ၃၀၀၀ အတွက် ၁၁ ရာခိုင်နှုန်းလိုချင်တယ် နောက်ထပ် အုပ်ရေတစ်ထောင် မိတ္ထူထုတ်ဝေတိုင်း ၁ ရာခိုင်နှုန်းထပ်ထည့်ပေးရမယ်။ အွန်လိုင်းစာအုပ်ထုတ်ဝေမှုအတွက်က ၇ ပုံ ၃ ပုံခွဲချင်တယ် ဒါပေါ့ ကျွန်တော်က ၇ ပုံ။ ဒါကိုအထွေထွေမန်နေဂျာဆီပြန်ပြောလိုက်ပါ။”
“ဆရာဟာ, ဒါ-ဒါက…”
ဂွမ်ဆို မျက်နှာဖြူဖျော့သွားပြီး စကားဆက်မပြောနိုင်တော့ပါ။ ဒါကမဖြစ်နိုင်တာကြီး။ ဂျယ်ဂန်းပြောတောင်းထားတဲ့အခြေအနေတွေက နာမည်ကျော်စာရေးဆရာတွေအတွက် ညှိနှိုင်းမှုအချက်အလက်တွေဖြစ်သည်။
“မင်းငါပြောတာကိုနားလည်မယ်ထင်ပါတယ် ငါအလုပ်ရှုပ်နေလို့ အရင်သွားနှင့်မယ်”
“ဆရာဟာ, ခနလောက်စောင့်ပါဦး”
“ကျွန်တော့်နောက်ကမလိုက်နဲ့”
ဂျယ်ဂန်းစိတ်ဆိုးတကြီးဖြင့် နောက်လှည်ပြီးပြောလိုက်သည်။ နောက်ကလိုက်နေတဲ့ ဂွမ်ဆို နေရာမှာပဲ အေးခဲသွားသည်။
“ကျွန်တော့်နောက်ကမလိုက်ပါနဲ့ ပြီတော့ အိမ်ကိုကျွန်တော်မခေါ်ပဲမလာပါနဲ့ မဟုတ်ရင်စာချုပ်အကြောင်းကိုစဉ်းစားစရာမလိုတော့ဘူး ပြီးတော့ အချက်အလက်တွေကို သဘောတူမတူကိုလည်း ဒီနေ့ပဲစာနဲ့ အကြောင်းပြန်ပေးပါ။”
ဂျယ်ဂန်းလေသံမာမာနှင့် ရုပ်တည်သာပြောလိုက်သည်။ ဂွမ်ဆိုဂျယ်ဂန်းရဲ့ပုံရိပ်အဝေးသို့ထွက်သွား တာကိုတုန်တုန်ယင်ယင်ဖြင့်သာရပ်ကြည့်နေသည်။
“ကျွန်တော်တောင်ပန်ပါတယ်.. စီနီယာဂွမ်ဆို…”
ဂျယ်ဂန်းလည်းဒီလိုလုပ်ရတာကို ကျေနပ်မနေပါ။ ဒါပေမယ့်လည်း ဒီလိုလုပ်မှသာရမည်ဖြစ်သည်။ ဂွမ်ဆိုအနေဖြင့် ဟီတဲမီဒီယာရဲ့ ဝန်ထမ်းဖြစ်နေသ၍ သူဘာမှမတတ်နိုင်ပါ။ သူ့အနေဖြင့် ဟီတဲမီဒီယာရဲ့ လိုက်ကပ်နေတာကို ဖြုတ်ချဖို့အတွက် ဒီလိုသာလုပ်နိုင်သည်။
ဂွမ်ဆို ဂျယ်ဂန်းကို အရိပ်တောင်မမြင်ရတော့မှ ကိုယ့်ကိုကိုယ်ပြန်ထိန်းချုပ် နိုင်သွားပြီး သူ့အထက်လူကြီးကို ဖုန်းခေါ်လိုက်သည်။ တစ်ဖက်က ဖုန်းမြည်သည်နှင့်ချက်ချင်း ကိုင်လိုက်သည်။
-ဘာလည်း? ပြီးသွားပြီလား?
“ဟုတ်ကဲ့ အထွေထွေမန်နေဂျာ သူက သူတောင်းဆိုတဲ့ အချက်တွေကို ကျွန်တော်တို့လက်ခံ ရင် စာချုပ်ချုပ်မယ်ပြောပါတယ်”
-တောင်းဆိုတာလား? သူဘာတွေပြောလည်း?
ဂွမ်ဆို ဂျယ်ဂန်းပြောသမျှကို တစ်ချက်ခြင်းပြန်ပြောလိုက်သည်။ ဖုန်းပြောနေသည်နှင့်အမျှလေထုက ပိုပို၍ တင်းကျပ်လာသည်။
-ဒီအရူးကောင်ကတော့ကွာ သူပွဲဦးထွက်တုန်းက စာအုပ်တစ်ထောင်လောက်တောင် မရောင်းရတာကို အခုသူက တခြားစာရေးဆရာတွေအထက်မှာရပ်တည်နိုင်ပြီ ထင်နေတာလား? လူတွေကသူ့ကို နာမည်ကြီးလာပြီပြောတာနဲ့ ဒီကောင်က ပိုပိုပြီးရူးလာတာလား?
ဂွမ်ဆိုဖုန်းကိုနားနားကနေအနည်းငယ်ခွာပြီး မျက်ခုံးတွန့်နေသည်။ သူဒီအပြစ်တင်သံတွေရပ် သွားတော့မှမေးလိုက်သည်။
“အထွေထွေမန်နေဂျာ ကျွန်တော်ဘာဆက်လုပ်ရမလည်း?”
-ဘာဆက်လုပ်ရမလည်း?
-လက်ထောက်မန်နေဂျာပတ် မင်းပါရူးသွားတာလား? အဓိပ္ပါယ်မရှိတာတွေဆက်မပြောပဲ “ငါ့ရဲ့ယောက်ျားက သမန်းဝံပုလွေ” ကိုရေးတဲ့ဆရာကို သွားတွေ့လိုက်တော့။ ဂျယ်ဂန်းဆိုတဲ့ ကောင်ကိုတော့ ဂျောင်ထိုးထားလိုက်
ဘိ!
စကားပြောပြီးတာနဲ့ တစ်ဖက်မှဖုန်းချသွားသည်။
ဂွမ်ဆိုကြမ်းပြင်ကိုငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ သံသယတွေက သူ့စိတ်ထဲပြည့်နှက်နေသည်။ ဒါက သူအထက်တန်းကျောင်းသားဘဝတွေတည်းက စိတ်ကူးခဲ့တဲ့ အလုပ်ကော ဟုတ်သေးရဲ့လား?
“မင်းသေချာပြီလား? ကိုယ်စားလှယ်က မင်းကိုဈေးကြီးတာတွေဝယ်ကျွေးဖို့ပြောထားတာ”
“ညနေစာစားရုံလေးပါပဲ။ ဒီမှာပဲအဆင်ပြေပါတယ် အဝေးကြီးလည်းမသွားချင်ဘူးလေ”
ကြယ်ပွင့်စာပေမှ တဲဝမ်နဲ့ ဂျယ်ဂန်း လူစည်နေတဲ့အသားကင်ဆိုင်မှာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ဝန်ထမ်းကောင်မလေးက သူတို့ဆီမှအမှာစာ လာကောက်သည်။
“မင်းတို့ဘာသုံးဆောင်ချင်လည်းမသိဘူး?”
“အမဲနံရိုးနဲ့ မျက်လုံးကင် သုံးကင် အရင်ချပေးပါ”
တဲဝမ် တုံ့ဆိုင်းမနေပဲ အကောင်းဆုံးအသားတွေကိုသာရွေးချယ်လိုက်သည် တစ်ခုကို ဒေါ်လာသုံးဆယ်လောက်သာကျသင့်သည်မဟုတ်လား။ ဂျယ်ဂန်းမအံဩပါ။ စာရေးဆရာတစ်ယောက်ကို ဝယ်ကျွေးတာတွေကို ကုမ္ပဏီကကပေးထားတဲ့ ကဒ်နဲ့အသုံးပြုနိုင်တယ်လေ။
“မစခင်ကျွန်တော့်မှာ ပြောစရာတစ်ခုရှိတယ်။”
တဲဝမ် ပြုံးရင်းပြောလိုက်သည်။
“မင်းရဲ့စာအုပ်ကို နောက်ထုပ်အုပ်ရေတစ်ထောင် မိတ္ထူထုတ်ဝေတော့မယ်။”
“ဒါဆို စာအုပ်တစ်အုပ်ကို အုပ်ရေလေးထောင်ဖြစ်သွားတာလား?”
“ဟုတ်တယ် တွက်ကြည့်ရရင် ဒေါ်လာနှစ်ထောင့်ငါးရာလောက်ပေါ့။ ဒါက မင်းအနေနဲ့ တစ်လကို ဒေါ်လာ ၂၅၀၀ လောက်ရလိမ့်မယ်လို့ပြောတာနဲ့အတူတူပဲ ဒါတောင် ပုံနှိပ်စာအုပ်တွေဆီကပဲရှိ သေးတယ်။”
ဂျယ်ဂန်းအားပါးတရပြုံးလိုက်သည်။ သူ့ရဲ့ လက်ရှိခံစားချက်တွေကို တဲဝမ်မမြင်အောင်နေစရာ အကြောင်းမရှိပါ။
အခြားသူတွေလိုပဲ အခုဆိုသူ့မှာ ပုံမှန်ဝင်ငွေလမ်းကြောင်းရရှိပြီဖြစ်သည်။ သူ့အနေနဲ့ ဂတ်စ်ဖိုးတွေကို စိတ်ပူပြီး ငါးတစ်ကောင်လိုပဲ ရေအေးနဲ့ မြန်မြန်ရေချိုးစရာအကြောင်းမရှိတော့ပါ။ ဘဝတစ်ဆစ်ချိုး ပြောင်းလဲခဲ့ပြီ။
“တုန့်ပြန်မှုတွေကသာဆက်ကောင်းနေရင် တစ်အုပ်ကို အုပ်ရေ ငါးထောင်လောက် မိတ္ထူထုတ်ဝေတာတောင် ဖြစ်နိုင်သေးတယ်”
“ငါတကယ်ကို အဲ့လိုမျိုးဖြစ်လာဖို့မျော်လင့်မိတယ်”
“ဒါကြောင့် ဆရာဟာအနေနဲ့ စီးရီးကို ဆက်ပြီးဆွဲဆန့်လိုစိတ်ရှိသေးလား သိချင်တယ်?”
ဂျယ်ဂန်းခွက်ကိုချလိုက်ပြီး တဲဝမ်ရဲ့မျက်လုံးများကို ကြည့်လိုက်သည်။
“ကျွန်တော့်ကို ဒီစီးရီးကိုဆက်ရေးစေချင်တာလား?”
“ဟုတ်တယ် ကျွန်တော်ဆယ်အုပ်လုံးမဖတ်ရသေးပေမယ့် ရှစ်အုပ်မြောက်မှာတော့ တိုက်ပွဲစတာကိုဖတ်မိတယ်။ ကျွန်တော်တို့သာ ဒီအပိုင်းကို ရှစ်အုပ်မြောက်ကနေပြီးတော့ ၁၀ အုပ်မြောက်ထိဆွဲဆန့်နိုင်ရင် စာအုပ် ဆယ့်ငါးအုပ်လောက်အေးဆေးပြီးတယ်မလား? ဒီထက်ပိုသွားရင်တော့ ဇာတ်အိမ်ကပျက်သွားပြီး စီးရီးတစ်ခုလုံးပျက်သွားလောက်တယ်။”
တဲဝမ်က ကုမ္ပဏီရဲ့အမြတ်ကိုပဲကြည့်တတ်တဲ့ အယ်ဒီတာတစ်ယောက်မဟုတ်ပါဘူး။
သူအနေနဲ့အခြေအနေကိုထိန်းညှိပြီး လက်ရှိပရောဂျက်ကိုလည်း မပျက်စီးစေချင်ပါ။ ဒါကြောင့်ပဲ သူကစာရေးဆရာတွေကြားထဲမှာနာမည်အတော်လေးရှိသည်။ ဂျယ်ဂန်းလည်းသူ့အကြောင်းသိသည်။
“ဒါကိုဘယ်လိုထင်လည်း? ဆယ့်ငါးအုပ်မြောက်ထိသွားမယ်ဆိုရင် စာအုပ်ကနာမည်လည်းပိုရလာ နိုင်ပြီး ကျွန်တော်တို့ဘက်ကလည်း အုပ်ရေငါးထောင်ကျော် ခြောက်ထောင်လောက်ထိတောင် ပုံနှိပ်ရလိမ့်မယ်လေ။ မင်းအတွက်ဝေစုကလည်း အုပ်ရေအတိုင်းမြင့်တက်လာမှာပါ။”
“ဒါပေမယ့် ကျွန်တော်ကတော့ ဇာတ်လမ်းကို မြင်သာအောင်ဇာတ်သိမ်းပြီးပြီ…”
ဂျယ်ဂန်းလမ်းဘက်ကိုကြည့်ရင်း ပြန်ပြောလိုက်သည်။
မိန်းမငယ်လေးတစ်ယောက် တံခါးမှတစ်ဆင့် စားသောက်ဆိုင်ထဲသို့ဝင်ရောက်လာသည်။
အရပ် ၁၆၀ စင်တီမီတာလောက်မြင့်ပြီး မျက်လုံးရွဲများဖြင့် ချစ်ဖို့ကောင်းတဲ့ ပုံပန်းသွင်ပြင်မျိုးကို ပိုင်ဆိုင်ထားသည်။ စားသောက်ဆိုင်က ပိုပြီးအသက်ဝင်လာသလိုတောင် ဂျယ်ဂန်းခံစားလိုက်ရသည်။
“ဆိုမီး, ဒီဘက်!”
တဲဝမ်လက်ပြရင်းအော်လိုက်သည်။
ချစ်ဖို့ကောင်းတဲ့မိန်းမလှလေးကပြုံလိုက်တာကို ဂျယ်ဂန်းမြင်လိုက်သည်။ သူမရဲ့ဖိနပ်ကို ဖိနပ်စင်ထဲထည့်ပြီးနောက် သူတို့ဘက်သို့လျောက်လာသည်။ ထို့နောက် ဂျယ်ဂန်းဘက်သို့လှည့်ကာ တစ်ခြားစားသုံးသူများကိုတောင်သတိမထားပဲ ခါးကိုကိုးဆယ်ဒီဂရီစောင်း၍နှုတ်ဆက်လိုက်သည်။
“ဟယ်လို ဆရာဟာ, ကျွန်မက ကြယ်ပွင့်စာပေကဝန်ထမ်း ဂျောင်ဆိုမီပါ။ ကားပါကင်ထိုးနေလို့နောက်ကျသွားတယ်။”
သူမရဲ့မျက်နှာအတိုင်းပင် သူမတွင် ကြည်လင်ပြီးနှစ်လိုဖွယ်အသံရှိသည်။
ဂျယ်ဂန်း မသိလိုက်ပဲ သူ့မျက်လုံးများက သူမရဲ့အဖြူရောင်ခြေအိတ်နှင့် စကတ်များကို ကြည့်နေရင်းမှတစ်ဆင့် သတိဝင်လာပြီးကြောင်တောင်တောင်ဖြင့် ပြန်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူမရဲ့ခြေအိတ်မှာရေးထိုးထားသောကြောင်ရုပ်က ရီခါနှင့်အတော်လေးတူသည်။ သူခံစားချက်ကောင်းနေသည်။