အခန်း (၂၄)
Vol. 2 Ch. 24
“ဟယ်လို စာရေးဆရာဟာ, မင်းအလုပ်ရှုပ်နေလား?”
- မရှုပ်ပါဘူး။ ခေတ်အသစ်အဆင့်များစာအုပ်စီးရီးကို ပို့ပေးပြီးတည်းက အားနေတာ။ တစ်ခုခုဖြစ်လို့လား?
တဲဝမ်သူ၏နှုတ်ခမ်းကိုလျှာဖြင့်တစ်ချက်သပ်လိုက်ပြီးနောက် ထူးဆန်းသော ခံစားချက်ပါသည့်လေသံဖြင့် အသာပြောလိုက်သည်။
“ငါနောက်ထပ်စာချုပ်တွေအကြောင်းပြောချင်လို့”
-အာ နောက်ထပ်လား
“ဒါကခက်ခဲမှန်းငါလည်းသိပါတယ်။ ဒါပေမယ့်လက်ရှိအောင်မြင်မှုတွေအရဆို ငါတို့နောက်ထပ်စာအုပ်တွေ ဆက်တိုက်ထပ်ထုတ်သင့်တယ် မင်းကောဘယ်လိုထင်လည်း”
- အမ်, ဒါက .. .
တစ်ဖက်ဖုန်းမှ ဂျယ်ဂန်း၏အသံက တိုးညင်းသွားသည်။
တဲဝမ်အားလျော့သွားသလိုခံစားလိုက်ရသည်။ ထို့နောက် စတိုးဆိုင်ရှေ့တွင်ထိုင်နေသောတဲဝမ်က ဂျယ်ဂန်း၏ ပြန်ဖြေသံကိုကြားလိုက်ရသည်။
- နောက်ထပ်စာချုပ်တွေအကြောင်းကို မစဉ်းစားချင်သေးဘူး။ ပြီးတော့ ကျွန်တော်တခြားပရောဂျက်တွေကိုပါ လက်ရှိဆက်တိုက်ဆိုသလိုရေးနေရတာ။
- ကျွန်တော်ထင်တာတော့ နောက်ထပ်စာချုပ်တွေကို လက်ခံရမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်လာမှာ စိုးတယ်။
- ကျွန်တော်ဒါတွေကိုပြောပြရတာက ခင်ဗျားက အယ်ဒီတာတစ်ယောက်မလို့ပဲ ပြီးတော့ အနုပညာပြပွဲမှာ ထုတ်ဝေဖို့ အတွက်အခြားစာအုပ်တစ်ခုကိုလည်းစီစဉ်ထားသေးတယ်။
“အနုပညာပြပွဲလား?”
- ဟုတ်တယ် ယဉ်ကျေးမှုနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနက ကြီးမှုးကျင်းပတဲ့ ဒစ်ဂျစ်တယ်စာပေဆုအတွက်ပဲ။ ကျောင်းတုန်းတည်းက ကျွန်တော်လုပ်လာတဲ့ ဝတ္ထုရှိတယ် ဒါကြောင့် အဲ့တာကို အပြီးသတ်ပြီး ပွဲမှာ ထုတ်ပြချင်တာ။
တဲဝမ်မချိပြုံးပြုံးလိုက်မိသည်။
“အာ, ကောင်းပြီ အဆင်ပြေပါတယ်။ မင်းရဲ့အရေးအသားတွေက ကောင်းပြီးသားပဲ မင်းရလာဒ်ကောင်းရမှာသေချာတယ်”
တဲဝမ်သူ့ရဲ့ နောက်တတွေကို မြိုသိပ်လိုက်ပြီး အားပေးလိုက်သည်။ ဂျယ်ဂန်းက စာရေးတဲ့အချိန်မှာ အဆုံးမရှိတဲ့ အားအင်တွေနဲ့ ပြည့်နှက်နေသည်ဆိုတာ သူသိသည်။ ထို့ကြောင့်ပဲ အတိတ်မှာ သူ့ရဲ့ စာအုပ်တွေက ရောင်းအားမရှိတာတောင် အခြားစာရေးဆရာများ ထက်ပိုပြီး သူ့ကို ပိုဂရုစိုက်ပေးခဲ့သည်။
“စနေနေ့ကျရင် စာရေးဆရာများတွေ့ဆုံပွဲကို မင်းလာမယ်မလား?”
-ဟုတ် ကျွန်တော်လာမှာ ပြီးတော့ ဆိုမီကို လာမယ်လို့လည်း ဂတိပေးပြီးပြီ။
“ကောင်းပြီ စာရေးဆရာဟာ, ပိတ်ရက်ကြရင်တွေ့ကြတာပေါ့ အလုပ်ကြိုးစားလိုက်ပါဦး”
- ဟုတ်ကဲ့ ပိတ်ရက်ကြတွေ့တာပေါ့ အယ်ဒီတာ။
ဖုန်းချပြီးနောက် တဲဝမ် ဆေးလိပ်တစ်လိပ်ထုတ်ပြီး နှုတ်ခမ်းတွင်တေ့လိုက်သည်။ ထိုအချိန်မှသာ သူ့တွင်မီးခြစ်မရှိမှန်းသတိထားမိသွားသည်။
‘နောက်မှပဲသောက်တော့မယ်’
တဲဝမ် ဆေးလိပ်ဘူးကိုပြန်သိမ်းပြီးနောက်မတ်တပ်ထလိုက်သည်။ မီးခြစ်ကိုတော့ နောက်ကြုံမှသာ ဝယ်ရန်ဆုံးဖြတ်ထားသည်။ ပူပြင်းသောရာသီဥတုက တိမ်များထူထပ်နေသောကောင်းကင်ကြောင့် မိုးများစတင်ရွာလာပြီဖြစ်သည်။
………
ဗရွမ်းးးးးး!
“အားး, ဟေး ရီခါ မင်းရူးသွာပြီလား”
ရေချိုးခန်းမှ ထွက်လာလာချင်း ဂျယ်ဂန်းလန့်သွားသည်။
ဂျယ်ဂန်း အပြင်သွားရင်ဝတ်ဖို့ထုတ်ထားသော တီရှပ်ကို ရီခါက ဆုတ်ဖြဲထားသည်။ အင်္ကျီပေါ်တွင် ဖြဲရာသုံးခုတောင် လုပ်ပြီးသွားပြီဖြစ်သည်။
“မင်းဘာတွေလုပ်နေတာလည်း? ငါ့ကိုအပြင်မသွားဖို့ပြောနေတာလား? ဟမ်”
သူ၏အင်္ကျီကို ခြေသုတ်ဝတ်လုပ်ထားသောရီခါ့ကို ကိုင်မရင်း မေးလိုက်သည်။ ရီခါက သူမဘာမှားလို့လည်းဟူသောအမူအရာဖြင့် ခေါင်းကိုလှည့်ကြည့်နေသည်။
“အာ, ဒါကတကယ်ကိုသွားပြီ။ ဒါက ငါရှိသမျှထဲမှာအကောင်းဆုံး အဝတ်အစားပဲ”
သူပြီးခဲ့တဲ့နှစ်ထဲက အဝတ်အစားအသစ် မဝယ်ဖြစ်သေးပါ။ သူ့ရဲ့ စာရေးဆရာအလုပ်ကလည်း အလှည့်အပြောင်းအမျိုးမျိုးကြောင့် အဝတ်အစားဝယ်ဖို့ဘက်ကိုဂရုမစိုက်ဖြစ်ခဲ့ပါ။
ထိုအချိန်က သူ့တွင်ပိုက်ဆံမရှိသောကြောင့်လည်းပါသည်။
သူ့အနေဖြင့်ကောင်းကောင်းမွန်မွန် နေထိုင်ချင်သောအချိန်များလည်းရှိခဲ့ဖူးသည်။ ဒါပေမယ့် ထိုနေ့ရက်တွေတုန်းက ဈေးပေါသော ဆိုင်များမှ အဝတ်အစားများဝယ်ခြင်းကတောင် သူ့အတွက် စဉ်းစားနေရသည်။
“ရီခါ, မင်းရဲ့ လက်သည်းတွေညှပ်ကြရအောင်။ ငါဒီတစ်ခေါက်သေချာကြည့်ထားမယ် နောက်အခါတွေကျရင် ငါကိုယ်တိုင်လုပ်ပေးမယ်”
“မြောင် . “
ဂျယ်ဂန်း သူ၏ရှုပ်ပွနေသော အဝတ်သေတ္တာထဲမှ နေဗီရောင်ရှပ်အင်္ကျီတစ်ထည်ကို ထုတ်လိုက်သည်။
အိုဟောင်းနေပြီဖြစ်သောကြောင့် အင်္ကျီ၏ ပုခုံးနှင့် ကျောဘက်နေရာအချို့တွင် အရောင်များက လွင့်ပျယ်နေပြီဖြစ်သည်။ ဒါက အခြားအင်္ကျီများနှင့်ယှဉ်လျင် အဆင်အပြေဆုံးဖြစ်နေသေးသည်။
“ငါ့ရဲ့ ပိုက်ဆံတွေကိုသုံးဖြစ်အောင်လုပ်ပေးလို့ မင်းကိုကျေးဇူးတင်ရမယ်ရီခါ။ ငါ့ကိစ္စတွေပြီးတာနဲ့ ပြန်ခဲ့မယ်နော်”
“မြောင် မြောင် . “
ဂျယ်ဂန်း အိမ်မှ အလျင်အမြန်ပဲ ထွက်လာလိုက်သည်။
ဒါက ဆိုးလ်မြို့ဖြစ်သော်လည်း အနည်းငယ်ခေါင်သောရပ်ကွက်နေရာဖြစ်သောကြောင့် ရထားဘူတာသို့ရောက်ရန် အချိန်အတော်ကြာ လမ်းလျောက်ရသည်။ နေ၏ အပူရှိန်ကြောင့် သူ၏ နောက်ကျောတွင်ချွေးများရွဲနေပြီဖြစ်သည်။
‘ငါ့ရဲ့ ပုံစံကို လုံးဝပြောင်းလဲသင့်တယ်’
ဂျယ်ဂန်းသူ၏ အဝတ်များကို ကြည့်ရင်းတွေးလိုက်သည်။
အစကတော့ အင်္ကျီတစ်ခုပဲ ဝယ်ဖို့သာဖြစ်သည်။ သို့သော် အခုတော့ သူ၏ ဂျင်းဘောင်းဘီနှင့် ဖိနပ်များကပါ ဟောင်းနွမ်းနေပြီဖြစ်ကြောင်း သူ သတိထားမိလိုက်သည်။ ထိုအရာများကို သူအချိန် အတော်ကြာတည်းက ဝတ်ဆင်နေခဲ့ခြင်းဖြစ်သည်။ သူထိုဝတ်ဆုံ တစ်ဆုံတည်းကို အပြင်သွားတိုင်းဝတ်နေတာ အချိန်အတော်ကြာပြီဖြစ်သည်။
ဂျယ်ဂန်း လှည့်ပတ်ကြည့်ပြီးနောက် သူနှင့်အဆင်ပြေမည့်ဆိုင်တစ်ဆိုင်ကိုရွေးလိုက်သည်။ ဒါက သူအရင်က ဝင်ကြည့်ဖို့တောင်မရဲသော နာမည်ကြီး ဘရန်းဆိုင်တစ်ဆိုင်ဖြစ်သည်။
ဝန်ထမ်းမိန်းကလေးက သူ့ကိုပြုံးပြပြီးကြိုဆိုသည်။
“မင်္ဂလာပါဆရာ။ ကြည့်ချင်တာတစ်ခုခုများရှိမလား?”
“ကျွန်တော်လှည့်ပတ်ကြည့်ဦးမယ်”
ဂျယ်ဂန်း နေဗီရောင် ပီကေရှပ်အင်္ကျီနှင့် ဘောင်းဘီတိုတစ်ထည်ကို ကောင်တာပေါ်သို့ တင်လိုက်သည်။ ( ပီကေရှပ်က ပိုလိုရှပ်ကိုပြောတာပါပဲ)
အင်္ကျီများကို ဈေးတွက်ပြီးနောက် ဈေးပြသော မော်နီတာစခရင်ပေါ်က ပမာဏက ဒေါ်လာ လေးရာကျော်သွားသည်။
“ကောင်းတယ်”
“ဟုတ်။ ကျေးဇူးပါ။ နောက်လည်းလာအားပေးပါဦး”
ထို့နောက် ဂျယ်ဂန်း ဖိနပ်ဆိုင်သို့သွားပြီး နွေရာသီဝတ်ကြိုးဖိနပ်ကိုဝယ်ယူပြီး သန့်စင်ခန်းသို့ ဝင်လိုက်သည်။ ဝင်ပေါက်နှင့်နီးသောအခန်းထဲမှာပဲ သူအဝတ်အစားများလဲလှယ်လိုက်ပြီး ပြန်ထွက်လာသည်။
‘ငါဆံပင်လည်းသွားညှပ်သင့်တယ်’
အဝတ်အစားအသစ်များလဲလှယ်ပြီးနောက် ပုံစံမကျသောသူ၏ဆံပင်က သူ့မျက်လုံးထဲတွင် ကန့်လန့်ဖြစ်နေသည်။ သူ့မှာအချိန်သိပ်မရှိသောကြောင့် ဆံပင်ညှပ်ဖို့ကို နောက်ရက်သို့သာရွေ့လိုက်သည်။
ဂျယ်ဂန်း ဂျင်းဘောင်းဘီကို သူ၏ အိတ်ထဲထည့်လိုက်ပြီးနောက် ဖိနပ်နှင့် အင်္ကျီတို့ကို အမှိုက်ပုံးထဲသို့ ထည့်ကာ ထွက်လာလိုက်သည်။
နာရီက လေးနာရီထိုးရန် မိနစ်သုံးဆယ်လောက်သာလိုတော့သည်။
ရထားစီးလျင်နောက်ကျမည်ဖြစ်သောကြောင့် သူ့အနေဖြင့် တက္ကစီသာငှားလိုက်သည်။ ဒါက မစီစဉ်ထားသောအရာဖြစ်သည်။
“တက်ခဲ့ပါ”
“ကျေးဇူးပါ။ မြောင်ကျောင် ကောလိပ် နေဒွန်ကို”
စထွက်နေပြီဖြစ်သော တက္ကစီပေါ်တွင်ထိုင်နေရင်း ဂျယ်ဂန်း ဝတ္ထုမူကြမ်းကိုထုတ်လိုက်သည်။
ထိုစာအုပ်က စာမျက်နှာ ရှစ်ဆယ်ခန့် ပရင့်ထုတ်ထားခြင်းဖြစ်သည်။
ခေါင်းစဉ်က ‘ကိုးဆယ်ခုနှစ်များရဲ့ ကလေးငယ်’ ဖြစ်ပြီး စာအုပ်တစ်အုပ်လုံးက စာလုံးရေ ၁၂၀၀၀ ဖြင့်အပြီးသတ်ထားသော အတော်လေးကောင်းသည့် ဝတ္ထုတိုတစ်ခုဖြစ်သည်။
‘ဒါကို ပရောဖက်ဆာ ကြိုက်လောက်မှာပါ။’
ထိုအရာသည် သူကောလိပ်ကျောင်းသားဘဝတည်းက စတင်ရေးသားခဲ့သောအရာဖြစ်သည်။
ဒါက အတိတ်နဲ့ ပစ္စပ္ပန်ကာလများကြားက မိတ်ဆွေဆက်ဆံရေးတွေ သစ္စာမရှိမှုတွေနဲ့ မျော်လင့်ချက်တွေကို မှောင်မိုက်သွားလောက်အောင်ကိုရက်စက်တဲ့ တကယ့်လက်တွေ့ကို ဖော်ပြနေတဲ့ ဒရာမာ အမျိုးအစားဝတ္ထုဖြစ်သည်။
ဂျယ်ဂန်း အရင်က ပရောဖက်ဆာ ဟန်ဟဲဆမ် ကိုပြဖူးခဲ့သော်လည်း ကောင်းမွန်သော ဝေဖန်ချက်ကို မရရှိခဲ့ပါ။ အဲ့အချိန်က ပရောဖက်ဆာက ဂျယ်ဂန်း၏ ဝတ္ထုထဲတွင် ဇာတ်အိမ်ကို မတွေ့ရပဲ ဒါက စာစီစာကုံးလား ပုံပြင်တစ်ပုဒ်လားလို့သာ ပြန်မေးခဲ့သည်။
“ဂျယ်ဂန်း, မင်းအနေနဲ့ မင်းရဲ့အရေးအသားထဲမှာ ဘယ်လိုအဆင့်အတန်းမျိုးကို ထည့်သွင်းမလည်းဆိုတာ စဉ်းစားဖူးလား? ငါဒီဟာကို နည်းနည်းပိုပြီး အသေးစိတ်ထားတဲ့ ဒိုင်ယာရီတစ်ခုလိုပဲခံစားရတယ်။ ဒါက ဝတ္ထုတစ်ပုဒ်မဟုတ်သေးဘူး မင်းရဲ့ စိတ်မကျေနပ်မှုတွေကို ပြန်ပြောင်းရေးထားတဲ့ မင်းတစ်ယောက်ပဲ ဖတ်လို့အဆင်ပြေမယ့် ပုံပြင်တစ်ပုဒ်ပဲ။ ပေးရတဲ့ဈေးနဲ့ မတန်နဲ့ စာအုပ်တစ်အုပ်ကိုဘယ်သူက ဝယ်မှာလည်း? မင်းလေ့ကျင့်ထားတဲ့ စာမူတွေကို အကဲဖြတ်ပေးဖို့ ငါ့ဆီကိုအချိန်မရွေးယူလာနိုင်တယ် ဒါပေမယ့် ဒီလိုမျိုးသနားဖို့ကောင်းတဲ့ အရေးအသားတွေတော့မဟုတ်ဘူး။ မင်းဒီ့ထက်ပိုပြီး လုပ်နိုင်မယ်လို့ ငါမျော်လင့်ထားတယ်”
ဂျယ်ဂန်းမဖော်ပြခဲ့ပေမယ့်လည်း ထိုအချိန်က အတော်လေးခြောက်ခြားခဲ့သည်။
ဒါက သူအားစိုက်ပြီးလုပ်ထားသော အလုပ်တစ်ခုဖြစ်သည်။
သို့ပေမယ့်လည်း ပရောဖက်ဆာစီမှ အားပေးစကားအစား အေးစက်သော ဝေဖန်ချက်များကိုသာ ရရှိခဲ့သည်။
ယင်းအဖြစ်အပျက်ပြီး အချိန်အတော်အကြာအထိ ဂျယ်ဂန်း အရက်နှင့်သာလုံးပမ်းနေပြီး ထိုမူကြမ်းကိုတော့ အံဆွဲရဲ့ အဆုံးမှာသာမေ့သည်အထိပစ်ထားခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး တကယ်ကိုမေ့နေခဲ့သာဖြစ်ပြီး ဆုဂန်ဝိုး၏ အစွမ်းများကို ရရှိပြီးနောက်မှသာ ပြန်လည်သတိရလာခြင်းဖြစ်သည်။ သူမူကြမ်းကိုထုတ်ပြီး ဇာတ်လမ်းတစ်ခုလုံးကို ပြန်လည်ပြင်ဆင်ခဲ့သည်။
‘ဒရာမာဝတ္ထုတွေနဲ့ စိတ်ကူးယဉ်ဝတ္ထုတွေက တကယ်ကိုကွာတာပဲ ဒါကို ငါကိုယ်တိုင်ရေးထားလို့ ကောင်းတယ်လို့ငါခံစားနေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဒါပေမယ့် သူမတစ်ခုခုပြောရင်လည်း ဘာတတ်နိုင်မှာမလို့လည်း ပြန်ပြင်ရုံပေါ့’
ဂျယ်ဂန်း ပရောဖက်ဆာရဲ့ အကဲဖြတ်မှုကို ကောင်းကောင်းနားလည်သည်။ သူမဆီကနေ တုန့်ပြန်ချက်ကောင်းမျိုးရသည်ဆိုလျင်အောင်မြင်မည်မှာ ခုနှစ်ဆယ်ရာခိုင်နှုန်းသေချာပြီးဖြစ်သည်။
စာမူကို ပြရတော့မည်အချိန်နှင့်နည်းကပ်လာသည်နှင့်အမျှ ဂျယ်ဂန်း၏စိတ်က အလွန်လှုပ်ရှားနေသည်။
‘ငါတကယ်ကို နိုင်ချင်တယ်..’
ရွေးချယ်ခံရပြီး ထုတ်ဝေသောအခါတွင် စာအုပ်၏ ဖဲကြိုးတွင် ‘စာပေဆုရစာအုပ်’ ဟူသောစာတန်းနှင့် စာအုပ်ဆိုင်တိုင်းတွေတွေ့ရမှာဖြစ်သည်။
ဒါက ဂျယ်ဂန်း၏ အိပ်မက်တစ်ခုဖြစ်သည်။ ဒါက သူ့အဖေဆီမှ အသိမှတ်ပြုမှုကို ရရှိနိုင်မယ့် နည်းလမ်းလည်းဖြစ်နိုင်သည်။
သူ့ဖခင်ထံမှ အသိမှတ်ပြုမှုကို ပိုက်ဆံရှာနိုင်ရုံသက်သက်ဖြင့်မရရှိနိုင်ပေ။
သူ့အနေဖြင့် ဒီနယ်ပယ်မှာ ဂုဏ်ရှိသောဆုတစ်ခုကို အရယူပြရမည်ဖြစ်သည်။
သူ့ဖခင်က ရှေးရိုးဆန်စွာပဲ စာအုပ်တွေဆိုတာ သူလိုချင်ရင် စာအုပ်ဆိုင်ကနေဝယ်လို့ရတဲ့ စာရွက်များလို့သာတွေးသည်။ စိတ်ကူးယဉ်စာပေ ရသစာပေနှင့် အခြားသော အမျိုးအစားများကို သူမခွဲခြားပါ။ သူက ဘာမှမပြောသော်လည်း သားဖြစ်သူအနေဖြင့် ဂျယ်ဂန်းက သူ့ဖခင်၏အတွေးများကို သိသည်။
“ဒီနားမှာပဲရပ်ပေးလိုက်မယ်နော် ရလား?”
တက္ကစီက ဦးတည်ရာသို့ ရောက်ရှိပြီဖြစ်သည်။
ဂျယ်ဂန်း သူ၏အတွေးများကိုရပ်လိုက်ပြီး ပိုက်ဆံအိတ်ကိုထုတ်လိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးပါ။ ဒီမှာ ကျသင့်ငွေပါ။”
အခန်း ၄၀၃ ရှေ့တွင်ရပ်ပြီး ဂျယ်ဂန်း ပရောဖက်ဆာ၏ ကိုယ်ပိုင် အလုပ်ခန်းတံခါးကိုခေါက်လိုက်သည်။
အခန်းထဲမှ ‘ဝင်ခဲ့ပါ’ ဟုအမျိုးသမီးတစ်ယောက်၏ အသံကိုကြားသည့်နောက် ဂျယ်ဂန်း တံခါးဖွင့်ပြီး ဝင်သွားလိုက်သည်။
“မင်္ဂလာပါ ပရောဖက်ဆာ”
“ဂျယ်ဂန်း ဒီလာခဲ့လေ”
အသက်ငါးဆယ်နှောင်းပိုင်းအရွယ် ပရောဖက်ဆာ ဟဲဆန်က သူ့ကို မတ်တပ်ရပ်ရင်းပြုံးပြကာ ပြန်နှုတ်ဆက်လိုက်သည်။
စားပွဲခုံ၏အထက်တွင် စာရွက်မူကြမ်းများက တောင်ငယ်လေးတစ်လုံးကဲ့သို့တောင် စုပုံနေသည်။
“ဆရာမ ပြိုင်ပွဲအတွက် မူကြမ်းတွေကြည့်နေတာလား”
“ဟုတ်တယ် ပြိုင်ပွဲဝင်တွေများတာဆိုတော့ အတော်လေးပင်ပန်းတယ်။ ငါအခုတင် စာမူကြမ်းပေါင်း အခုသုံးဆယ်လောက်ကြည့်ပြီးတာတောင် စိတ်တိုင်းကျဖို့ကောင်းတာ မတွေ့သေးပါဘူး။ ကော်ဖီယူဦးမလား?”
“ကျွန်တော်ကော်ဖီထည့်ပေးမယ်လေ”
ဂျယ်ဂန်းဘာမှဆက်မပြောပဲ ကော်ဖီကို နှစ်ခွက်ထည့်လိုက်သည်။ ပရောဖက်ဆာ ဟဲဆန် သောက်တတ်သောကော်ဖီအစပ်အဟပ်ကို သူသိသည်။ သူသောက်မည့်ခွက်ထဲသို့ သကြားတစ်ဇွန်းထည့်ပြီးနောက် သူမဆီသို့ ကော်ဖီပလိန်းခွက်ကို ကမ်းပေးလိုက်သည်။
“ကျေးဇူး။ မင်းဖျော်တဲ့ကော်ဖီက အကောင်းဆုံးပဲ”
“ဒါက ကော်ဖီလေးပါပဲ။ ပျော်ရွင်စရာမွေးနေ့ပါ ဆရာမ။”
“ကောင်းပြီး နောက်ထပ်တစ်နှစ်ကြီးလာတာ ဘာများကောင်းလို့လည်း။ အဲ့တာတွေထားပါတော့ မင်းရဲ့စာအုပ်ယူလာလား?”
ဟဲဆမ်က ထွေရာလေးပါးမပြောတော့ပဲ တိုက်ရိုက်တာ လိုရင်းကိုမေးလိုက်သည်။
ဂျယ်ဂန်းခေါင်းညိတ်လိုက်ပြီး အိတ်ထဲမှမူကြမ်းစာအုပ်ကို ထုတ်လိုက်သည်။ ထို့နောက် သူမထံသို့ လက်နှစ်ဖက်ဖြင့်ဂရုတစ်စိုက် ကမ်းပေးလိုက်သည်။
“ဒီစာအုပ်က ငါ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို မဆုံးရှုံးစေနိုင်လောက်ဘူးမလား?”
ဂျယ်ဂန်းတန်းပြီးပြန်မဖြေပါ။ မျက်စိနီသည်အထိ ခံစားစေခဲ့သောညများကို စဉ်းစားပြီးနောက် ခိုင်မာစွာပြန်ပြောလိုက်သည်။
“ဒါပေါ့ လုံးဝကိုပဲ”
ဟဲဆန် နှုတ်ခမ်းသပ်ပြီးပြုံးလိုက်သည်။
သူမ၏မျက်လုံးတစ်စုံက ဂျယ်ဂန်း၏ စိတ်ထဲထိကိုကြည့်နေသယောင်ပင်။
ဂျယ်ဂန်းမထိတ်မလန့်ပဲ သူမ၏ မျက်ဝန်းများကို တည့်တည့်သာပြန်ကြည့်လိုက်သည်။
“ကောင်းပြီ”
ဟဲဆန် ကော်ဖီကိုအနည်းငယ်သောက်ပြီးနောက် စားပွဲပေါ်သို့ပြန်ချလိုက်သည်။
“မင်းမှာလုပ်စရာကိစ္စလေးရှိလို့ ညစာအတူမစားနိုင်တော့ဘူးလို့ပြောထားတာမလား?”
“တကယ်ကိုစိတ်မကောင်းပါဘူးဆရာမ ကျွန်တော်နောက်တစ်ခေါက်တစ်ယောက်တည်း လာလည်ပါ့မယ်”
“သွားပါ။ ငါမင်းရဲ့မူကြမ်းကို ပြီးအောင်ဖတ်ပြီးရင် မင်းကို ပြန်ဆက်သွယ်လိုက်မယ်”
“ဒီကော်ဖီကုန်ရင် ကျွန်တော်သွားပါမယ်”
ကော်ဖီကိုသောက်ပြီးနောက် ဂျယ်ဂန်း ပရောဖက်ဆာ၏ အလုပ်ခန်းမှထွက်လာခဲ့သည်။
ဟဲဆန် အခြားဖတ်လက်စများကို ခနဘေးချထားပြီး ဂျယ်ဂန်း၏မူကြမ်းကို စတင်ဖတ်ကြည့်လိုက်သည်။ စာမျက်နှာတစ်ရွက်ပြီးတစ်ရွက် လှန်နေရင်း သူမ၏ မျက်နှာထက်တွင် အပြုံးရိပ်က တဖြည်းဖြည်းအသက်ဝင်လာသည်။
သူမနှစ်နာရီအတွင်း မူကြမ်းတစ်ခုလုံး ဖတ်၍ ပြီးသွားသည်။
မူကြမ်း၏နောက်ဆုံးတွင်ရေးထားသော စာကြောင်းက သူမကိုနောက်တစ်ခေါက် ပြုံးလိုက်မိစေသည်။
- ကျွန်တော် ဒစ်ဂျစ်တယ်စာပေဆုကိုဝင်ပြိုင်ဖို့စီစဉ်ထားတယ်။ ကျွန်တော် တကယ်လို့ အနိုင်ရပြီး ဆုငွေရခဲ့ရင် ဆရာမစီကို မွေးနေ့လက်ဆောင်ပေးဖို့ပြန်လာခဲ့ပါမယ်။
“သူကတကယ်ကို ထူးဆန်းတာပဲ”
ထိုအချိန် တံခါးဘက်မှ အသံတစ်ခုထွက်ပေါ်လာသည်။
ဟဲဆန် ဝင်လာခဲ့ပါဟုပြောပြီးနောက် လူခုနှစ်ယောက် ရှစ်ယောက်လောက်ရှိသော အမျိုးသားများကော အမျိုးသမီးများပါပါသည့် အဖွဲ့တစ်ခုက တံခါးပေါက်မှ အခန်းထဲသို့ဝင်ရောက်လာသည်။
သူတို့တွေက ဂျယ်ဂန်း၏ အတန်းဖော်များဖြစ်သည့် ဟဲဆန်၏ တပည့်များဖြစ်ကြသည်။ ထိုလူစုများ ကြားထဲတွင် ဆုဟီးလည်းပါဝင်သည်။
“ဟယ်လို ပရောဖက်ဆာ, အရင်နှစ်ကထက်ပိုပြီးငယ်လာသလိုပဲနော် ဆရာမ”
“ကျွန်တော် ပညာရှင်လောကမှ ကူယူမှုများလစဉ်သုံးသပ်ချက်ကိုဖတ်နေတာ။ ကျွန်တော်ထင်တာမမှားရင် ဒါက ဆရာမရဲ့လက်ရာပဲမလား တကယ်ကို ထက်မြက်ပြီး တိကျတာပဲ”
ကျောင်းသားဟောင်းများအကုန်လုံးက ဟဲဆန်ကို ချီးမွန်းနေကြသည်။ လုံးဝကို အရူးအမူးပင်။
လူအုပ်ထဲမှဆုဟီးက ရယ်ရင်း ဆရာမနားသို့ထွက်လာလိုက်သည်။
“ပရောဖက်ဆာ, ကျွန်မဂျယ်ဂန်းကို ခေါ်သေးတယ် သူက ဒီနေ့ချိန်းထားတာလေး ရှိတယ်လို့ပြောတယ်။”
ဆုဟီးဆရာမကို နှုတ်ဆက်ပြီးနောက်ပြောလိုက်ခြင်းဖြစ်သည်။ ဟဲဆန်က ပြုံးရင်းခေါင်းညိတ်ပြလိုက်သည်။
“အင်း သူ့ငါ့ကိုဖုန်းခေါ်သေးတယ် ပြီးတော့ ဒီကိုလည်းလာပြီးသွားပြီ”
“သူဒီကိုလာသွားတယ်လား? ဘာလို့လည်း?”
“သူငါ့ကို သူ့ရဲ့ စာမူကြမ်းကိုပြချင်လို့”
သူမ၏လက်ထဲရှိမူကြမ်းစာရွက်များကို မြှောက်ပြရင်းပြန်ပြောလိုက်သည်။
‘ကိုးဆယ်ခုနှစ်များရဲ့ ကလေးငယ်’ ဟူသောခေါင်းစဉ်အောက်တွင် ‘ဟာဂျယ်ဂန်း’ ဟူသော နာမည်ကို တွေ့လိုက်ပြီးနောက် ဆုဟီး၏မျက်လုံးများ ပြူးကျယ်သွားသည်။
“ဘာလား ဟာဂျယ်ဂန်းက ယဉ်ကျေးမှုကိုမရှိဘူးပဲ”
ပရောဖက်ဆာ၏နောက်ရှိကျောင်းသားတစ်ယောက်က နှာခေါင်းရှုံးရင်း စကားဝိုင်းထဲသို့ဝင်လာသည်။
“ဟုတ်တယ်, သူကပရောဖက်ဆာရဲ့ ညစာစားပွဲကိုတောင်မလာပဲ သူ့ရဲ့မူကြမ်းကိုတောင် လာပြရဲတယ် သူ့ခေါင်းထဲတစ်ခုခုများဖြစ်နေတာလား?”
“အဲ့လူကတကယ်ရယ်ရတယ် ပရောဖက်ဆာ အဲ့လိုမျိုးလူရဲ့ စာမူကြမ်းကို ဖတ်တောင်မဖတ်သင့်ဘူး”
နောက်ဆုံးစကားဝင်ပြောသောသူက ‘ဂျယ်ဂန်းစာမူကြမ်းထက် ကျွန်တော့်စာမူကြမ်းကို ဖတ်ပါလား’ ဟု မပြောမိအောင် မနည်းထိန်းလိုက်ရသည်။
လက်ရှိကျောင်းသားများထဲတွင် ဆုဟီးမှလွဲရင် ကျန်သူများက အကုန်စာရေးနေကြတုန်းဖြစ်သည်။
“ဆရာမ အဲ့စာမူကြမ်းကိုဖတ်ကြည့်ပြီးပြီလား?”
ဆုဟီးမေးလိုက်သည်။
ဟဲဆန် ပြန်မဖြေပဲ မူကြမ်း၏နောက်ဆုံးတွင် ဂျယ်ဂန်းရေးထားသော စကားစုကိုပြလိုက်သည်။ ဆုဟီးက ထိုအရာကိုမြင်သောအခါရယ်လိုက်မိသည်။
“ဆရာမဘယ်လိုထင်လည်း သူဒစ်ဂျစ်တယ်စာပေဆုကို ရနိုင်လောက်လား?”
စာပေဆုအကြောင်းကြားသည်နှင့် ကျောင်းသားအတော်များများ၏ မျက်နှာထက်တွင် အံ့ဩဟန်များပေါ်လာသည်။
သူတို့အားလုံး ဒစ်ဂျစ်တယ်စာပေဆုပြိုင်ပွဲအတွက် စာမူကြမ်းများကို ယူဆောင်လာကြသည်။ ဆရာမသည် စစ်ဆေးသူများထဲမှတစ်ယောက်ဖြစ်ခြင်းသည်လည်း သူတို့အနေဖြင့် ဒီနေရာသို့လာရောက်ရသည့် အဓိကအကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။
“ဟမ်, အင်းအနိုင်ရနိုင်လောက်မှာပါ”
ဟဲဆန် ပြောလိုက်ရင်း ဂျယ်ဂန်း၏မူကြမ်းကို အိတ်ထဲသို့ထည့်လိုက်သည်။
ပြိုင်ပွဲသို့ဝင်ပြိုင်ရန် လုပ်နေသော ကျောင်းသူတစ်ယောက်က ငေးမောရင်း စိတ်လှုပ်တရှား မေးလိုက်မိသည်။
“သူ့..သူ့ရဲ့စာအုပ်ကတကယ်ပဲကောင်းတာလား? အဲ့တာက ဘာအကြောင်းမျာလည်း? ဝါကျအသုံးနှုန်းတွေကော စာကြောင်းဖွဲ့စည်းပုံတွေကပါကောင်းတာလား?”
“ဝေဖန်ချက်ပေးစရာမလိုဘူး ရလာဒ်ထွက်လာရင်သိရမှာပဲ။ ဘာလို့မင်းအရမ်းစိတ်ဝင်စားနေရတာလည်း? အာ, ဟုတ်သား မင်းတို့တွေလည်း ဒစ်ဂျစ်တယ်စာပေဆုအတွက် ပြိုင်ပွဲမှာဝင်ပြိုင်ကြဖို့မလား?”
ထိုကျောင်းသူက သူမ၏အကြည့်ကို ကြမ်းပြင်သို့လွှဲလိုက်သည်။
ဟဲဆန် မတ်တပ်ရပ်လိုက်ပြီး ဆက်ပြောလိုက်သည်။
“ငါက အကဲဖြတ်ဒိုင်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်ရေးကိုယ်တာအရ ချွင်းချက်ကိစ္စတွေကို မျော်လင့်မထားနဲ့ မင်းတို့ငါ့အကြောင်းသိကြတယ်မလား? လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြောင်ဟွန်းက သူ့ရဲ့စာကြမ်းကိုယူပြီးလာခဲ့တယ်။ ငါတို့ချင်းရင်းနှီးတာကြောင့် သူ့ကိုမျက်နှာသာပေးဖို့တောင်းဆိုပေမယ့်လည်း ငါအော်တာပဲခံလိုက်ရတယ်လေ”
“မြောင်ဟွန်း…သူလည်းဝင်ပြိုင်တယ်လား?”
ကျောင်းသားများ၏မျက်နှာက ရှုံ့မဲ့သွားသည်။
ဂျယ်ဂန်းကော မြောင်ဟွန်းပါ နှစ်ယောက်လုံးဝင်ပြိုင်ကြသည်။
ထိုနှစ်ယောက်က သူတို့ကောလိပ်ကျောင်းမှာတည်းက အရေးအသားအကောင်းဆုံးအဖြစ် တစ်ယောက် တစ်လှည့်စီ ဆုကို ဆွတ်ခူးလေ့ရှိသည်။
“အို ခနလေး, ငါမေ့တော့မလို့ မင်းတို့တွေညစာစားပွဲအတွက် စားပွဲ ယူထားပြီးပြီမလား? ငါတို့မနောက်ကျခင်သွားကြတာပေါ့။ ငါဗိုက်တောင်ဆာနေပြီ”
“ကောင်းပါပြီ သွားကြမယ်လေ ဆရာမ”
ဆုဟီး ပရောဖက်ဆာနှင့်အတူအရင်ဆုံးထွက်သွားလိုက်သည်။
သူတို့၏နောက်တွင်တော့ အခြားကျောင်းသားဟောင်းများက စိတ်ပျက်စွာပဲလိုက်ပါလာကြသည်။ သူတို့တွင် ယုံကြည်ချက်များအရင်ခဲ့သို့မရှိတော့ပါ။
…. .
“အဲ့စာရေးဆရာက အိုမြောင်ဟွန်းပဲ”
“ချိုမိန်သောမိန်းမပျို၏အခန်း ကိုရေးတဲ့စာရေးဆရာမလား?”
“ဟုတ်တယ်, အဲ့စာအုပ်က အခုဆိုရင် ဇာတ်ကားတောင်ပြန်ရိုက်နေပြီ”
စားပွဲဝိုင်းများတွင်စာရေးဆရာများကကိုယ်စီကိုယ်စီ စကားများပြောဆိုနေကြသည်။ သူတို့ကအထူးသဖြင့် မြောင်ဟွန်းကိုကြည့်နေကြသည်။
ဈေးကြီးသောဘရန်းဝတ်ဆုံကို ဝတ်ဆင်ထားသောမြောင်ဟွန်းက အခြားစာရေးဆရာများနှင့်အတူ စကားပြောနေသည်။ သူ့အနီးနားက စာရေးဆရာအများစုသည် အမျိုးသမီးများဖြစ်ပြီး အချစ်ဝတ္ထုများကို အဓိကထားရေးကြသူများဖြစ်သည်။
“ငါလည်း အချစ်ဝတ္ထုတွေရေးရင် ကောင်မလေးတွေရဲ့အာရုံကိုရနိုင်လောက်တယ်”
“ဟားဟားဟား အဲ့လိုမပြောနဲ့ မင်းက ငါ့ကိုပါ အချစ်ဝတ္ထုရေးဖို့ စိတ်ပါအောင်လုပ်နေတာပဲ”
ဒါက ရဲတိုဒါမက်ဂျီရို ဟုခေါ်သော ဈေးကြီးသည့် စားသောက်ဆိုင်တစ်ခုဖြစ်သည်။
ကြယ်ပွင့်စာပေက ဒီနေရာကိုယနေ့အတွက် ငှားယမ်းထားခြင်းဖြစ်သည်။ စားသောက်ဆိုင်အတွင်းတွင် ကြယ်ပွင့်စာပေ၏ စာရေးဆရာ အယောက်ငါးဆယ်ကျော်မှအပ အခြားစားသုံးသူများမရှိပါ။
“ငါသူ့ကိုမြင်တည်းက သူ့အိမ်က ပိုက်ဆံရှိတယ်လို့ ခံစားနေရတယ်”
“အေး ငါလည်းသူ့ကိုကြည့်ပြီးတစ်မျိုးကြီးခံစားနေရတာ သိပ်အဆင်မပြေဘူး”
ထိုအချိန်တွင်
တံခါးမှလူတစ်ယောက်က စားသောက်ဆိုင်အတွင်းဝင်ရောက်လာသည်။
စာရေးဆရာများ၏ အကြည့်များက ထိုလူ့ထံသို့စုဆုံသွားသည်။ ထိုလူ၏မျက်နှာကို သူတို့ ယခင်က မမြင်ဖူးကြပါ။
“ဒါကကောဘယ်သူလည်း? သူလည်းစာရေးဆရာပဲလား?”
“အမ် ကြယ်ပွင့်စာပေရဲ့ ဝန်ထမ်းအသစ်များလား?”
စားပွဲများကို သန့်ရှင်းရေးလုပ်ပေးနေသော ဆိုမီက မတ်တပ်ရပ်ပြီး လှည့်ကြည့်လိုက်သည်။ သူမဝင်လာသော ထိုလူ ကိုတွေ့သောအခါ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။