အခန်း (၆၀၁-၆၀၂)
Vol. 25 Ch. 601-602
အခန်း(၆၀၁) အဘိုးချင်းရဲ့ ဒေါသ
သူ့သမီးလေး မွေးလာကတည်းက ချစ်စရာကောင်းမှုကြောင့် လူပေါင်းများစွာ၏ နမ်းရှိုက်ခြင်းကို ခံခဲ့ရသည်။ သူ့သမီးလေးကလည်း လူတချို့ကို နမ်းခဲ့ဖူးပါသည်။
သို့သော်လည်း ထိုလူတွေ အားလုံးနီးပါးက လူကြီးမိဘတွေ၊ မိသားစုဝင်တွေသာ ဖြစ်ကြသည်။ အခုတလော စူစူလေးကို အနှောင့်အယှက်အပေးဆုံးလူတွေက သူမရဲ့ တူတွေသာ ဖြစ်သည်။ အထူးသဖြင့် ယှဉ်ပြိုင်လိုစိတ်ကြီးပြီး မနာလိုဖြစ်လွယ်သော ချင်းယုဟွမ်နဲ့ ချင်းယုကျီးတို့ဖြစ်ကြ၏။
ထို့ကြောင့် သူ့သမီးလေးက သက်တူရွယ်တူ ယောက်ျားလေးတစ်ယောက်ကို ဘယ်တုန်းကမှ မနမ်းရှိုက်ခဲ့ဖူးပါ။ လုံးဝ မနမ်းရှိုက်ခဲ့ဖူးပေ။
သူ့သမီးလေး သက်တူရွယ်တူ ကောင်လေးတစ်ယောက်ကို ဒီလို ကြည်ကြည်ဖြူဖြူ နမ်းရှိုက်နေသည့် မြင်ကွင်းအား အဘိုးချင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သူငယ်ချင်းအချင်းချင်းနမ်းတာ ဖြူစင်သော်လည်း အဖေတစ်ယောက်ဖြစ်သည့် အဘိုးချင်းကတော့ ဒါမျိုး လုံးဝ သည်းမခံနိုင်ပါ။
“ကျွန်တော်တို့ ကလေးတွေ တော်တော်အဆင်ပြေနေကြတဲ့ပုံပဲနော်”။ ဟွော်ချန်းယီက အဘိုးချင်းကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
“အဲ… အင်း…” အဘိုးချင်း၏ အပြုံးကတော့ အလွန်တောင့်တင်းလျက် ရှိသည်။
ရင်ထဲမှလည်း ကျိန်ဆဲနေမိသည်။ ဒီသူတောင်းစားလေး! ငါ့သမီးလေးနမ်းတာကို ခံရဲတယ်ပေါ့!
သူ့ရဲ့ ဂေါ်ဖီထုတ်လေးကို ဝက်စားသွားသည့်အတွက် အဘိုးချင်း ဒေါသထွက်နေခြင်းဖြစ်သည်။ အသက် ၃ နှစ်ခွဲအရွယ်သာ ရှိသေးသော်လည်း သူ့ ဂေါ်ဖီထုတ်လေးကို သူများတွေလက်မှ ကာကွယ်ပေးရလိမ့်မည်ဟု မထင်ခဲ့မိပေ။
ဟွော်ချန်းယီရှေ့မှာတော့ အဘိုးချင်း ပေါ်တင် ဒေါသမထွက်နိုင်ပေ။ သူ့ကို သဘောထားသေးသိမ်သည့် လူတစ်ယောက်ဟု ထင်သွားနိုင်သည်။
အဘိုးချင်း၏ ဒေါသများကို ဟွော်ချန်းယီ ခံစားမိပါသည်။ အဘိုးချင်း၏ ခံစားချက်ကိုလည်း သူနားလည်သည်။ သူ့မှာ ဒီလို ချစ်စရာကောင်းပြီး ချိုမြိန်သည့် သမီးလေး ရှိခဲ့လျှင်လည်း ဒီလိုပဲ တုန့်ပြန်မိမှာဖြစ်သည်။
အခန်းထဲမှ ကလေးများကတော့ လူကြီးတွေရဲ့ အတွေးကို နားမလည်ကြပေ။
လုကျန်းယွီကို မရှုံးနိမ့်သဖြင့် ဟွော်ထျင်း အပြုံးများဖြင့် ပြည့်နှက်နေပါသည်။ စူစူလေးရဲ့ အမြင်မှာ သူက လုကျန်းယွီလိုပဲ အရေးပါသည်ဆိုတာကို သက်သေပြနိုင်ခဲ့လေသည်။
သို့သော် သူ့အဖေ၏ အကြည့်တွေကိုမြင်ကာ ဟွော်ထျင်း မျက်နှာတစ်ခုလုံး နီမြန်းသွားလေတော့သည်။
လုကျန်းယွီလည်း ပြုံးရွှင်နေပါသည်။ သူက ဟွော်ထျင်းလောက်တော့ ကလေးမဆန်ပေ။ စူစူလေးမှာ သူငယ်ချင်းတစ်ယောက်ထက် ပိုရှိနေတာ ပြဿနာ မရှိပါ။ တခြားသူတွေကို သဘောကျလည်း ကိစ္စမရှိပါ။
ချင်းလောင်ယွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဟွော်ထျင်းနဲ့ လုကျန်းယွီတို့နှစ်ယောက်စလုံးကို စူစူလေး နမ်းပြီးသွားပြီဖြစ်သဖြင့် ချင်းလောင်ယွင် အမြန် ဝင်ပြောလိုက်သည်။ “သမီးအလှည့်ရောက်ပြီ သမီးအလှည့် ရောက်ပြီး! သမီးလည်း အနမ်းခံချင်တယ် ဒေါ်လေးစူစူ!”
လူယုတ်မာတွေ၊ နတ်ယုတ်မာတွေအကြောင်း ချင်းလောင်ယွင် မသိပါ။ သူမ သိတာဆိုလို့ ဒေါ်လေးစူစူ နမ်းတာကို ခံချင်ရုံသာဖြစ်သည်။
ချင်းလောင်ယွင်က စူစူလေးရှေ့သို့ ရောက်လာပြီး ပါးထိုးပေးလိုက်သည်။
စူစူလေးကလည်း သူမပါးကို အားရပါးရ နမ်းလိုက်ပါသည်။ ချင်းလောင်ယွင် အလွန်ကျေနပ်သွား၏။ သူမလည်း ဒေါ်လေးစူစူ၏ အနမ်းကို ရရှိခဲ့လေပြီ။
ထို့နောက် ချင်းလောင်ယွင်က စူစူလေးကို တစ်ဖန် ပြန်နမ်းရှိုက်လိုက်ပါသည်။
စူစူလေးက ၃ ယောက်စလုံးကို တစ်ယောက်မကျန် နမ်းခဲ့သည်။ သို့သော် ဆရာကြီးရှုယီပြောသလို ဘာမှ ဖြစ်မလာခဲ့ပါ။
တော်သေးတာပေါ့… ၃ ယောက်စလုံးက နတ်ယုတ်မာကြီး မဟုတ်ကြဘူး!
စူစူလေး စိတ်အေးသွားစဉ် အဘိုးချင်းက ချက်ချင်း ကောက်ချီလိုက်ပါသည်။
“ဖေဖေ” စူစူလေး လှည့်ကြည့်လိုက်ရာ အဘိုးချင်း၏ ခက်ခက်ထန်ထန် မျက်နှာကို မြင်လိုက်ရသည်။
ဖေဖေ ဘာဖြစ်နေတာလဲ။ ဘာလို့ စိတ်ညစ်နေတဲ့ပုံ ပေါက်နေတာလဲ။
“သမီးလေး ဒီနေ့ကစားတာ တော်လောက်ပြီ။ မေမေနဲ့ ပန်းပင်လေးတွေ သွားစိုက်ကြရအောင်လေ”။ အဘိုးချင်းက ဆိုသည်။
ဒီဝံပုလွေအုပ်ထဲမှ သူ့သမီးလေးကို အမြန်ခေါ်ထုတ်သွားမှဖြစ်မည်။ ပြီးမှ နမ်းသည့်ကိစ္စကို သေချာ ဆုံးမရပါမည်။
သူ့သမီးလေးကို ဒီလို အခွင့်အရေးယူခွင့် မပေးနိုင်ပါ။
သူ့သမီးလေးရဲ့ အနမ်းက သူတို့လိုချင်တိုင်းရနိုင်တဲ့ အရာမို့လား။ ဆုတောင်းလိုက်လေ!!
… … …
အခန်း(၆၀၂) မာနကြီးတဲ့ သခင်လေးနဲ့ အာပြဲစိန်လေး
စူစူလေးခေတ္တစဉ်းစားလိုက်ပြီး ခေါင်းငြိမ့်လိုက်ပါသည်။ “ဟုတ်ပြီ! မေမေ့ဆီ သွားကြစို့! ပန်းစိုက်ကြမယ်!”
မေမေ့ကို အဖော်ပြုပေးဖို့က အရေးကြီးပါသည်။ စူစူလေးရဲ့ စာရင်းထဲမှာ နံပါတ် ၁ အရေးကြီးဆုံးဖြစ်သည်။ ကျန်တာ ဒီလောက် အရေးမကြီးပါ။
စူစူလေးကို ခပ်သုတ်သုတ် ချီထုတ်သွားသည့် အဘိုးချင်းကို ကြည့်ရင်း ဟွော်ချန်းယီ ခပ်သဲ့သဲ့ ရယ်မောမိသည်။ ထို့နောက် သူ့သားကို ကြည့်လိုက်လေသည်။
အဖေဖြစ်သူ၏ အကြည့်ကို သတိထားမိသဖြင့် ဟွော်ထျင်းလည်း မျက်နှာ အမြန် လွှဲလိုက်ပါသည်။
သူ့ရဲ့ ပျော့တိပျော့ဖတ်ပုံစံကို အဖေဖြစ်သူ မြင်သွားသဖြင့် ဟွော်ထျင်း အလွန်ရှက်ရွံ့မိသည်။
ဟွော်ချန်းယီက ဟွော်ထျင်းထံ ဖြည်းညှင်းစွာ လျှောက်လာပြီး သူ့လက်ဖဝါးကျယ်ကျယ်ဖြင့် ဟွော်ထျင်း၏ ခေါင်းကို သိမ်မွေ့စွာ ပုတ်လိုက်ပါသည်။ “အဖေ့ရှေ့မှာ ရှက်စရာမလိုပါဘူးကွာ။ သူငယ်ချင်းတွေနဲ့ ချစ်ချစ်ခင်ခင်နေတာ မကောင်းတဲ့ အရာမှ မဟုတ်တာ။ အဖေဝမ်းသာပါတယ်”
ဟွော်ထျင်း၏ မျက်နာက ခက်ထန်နေဆဲဖြစ်သည်။ “သူတို့ကို ဘာမှ မခင်ဘူး!”
“အာ့ထျင်း ရှက်စရာမလိုပါဘူးကွာ။ ဒါကောင်းတဲ့ ကိစ္စပဲလေ။ အာ့ထျင်း ရင့်ကျက်လာပြီး သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင် နေတတ်နေပြီဆိုတဲ့ လက္ခဏာပဲ ဥစ္စာ”။ ဟွော်ချန်းယီ ချော့မြူကာ ပြောလိုက်သည်။
နောက်ဆုံးတော့ သူ့သားလေး သူငယ်ချင်းမိတ်ဆွေတွေ ရလာခဲ့လေပြီ။ ဒါဝမ်းသာစရာ ကိစ္စပဲ မဟုတ်လား။
ဟွော်ချန်းယီ၏ စကားကြောင့် ဟွော်ထျင်းလည်း ခေါင်းကိုဖြည်းညှင်းစွာ လှည့်လိုက်ပြီး တီးတိုးပြန်ပြောလိုက်သည်။ “အင်း…”
ဟွော်ချန်းယီ စိတ်ကျေနပ်စွာ ပြုံးလိုက်ပြီး သားဖြစ်သူကို ပွေ့ချီလိုက်သည်။ “အဖေ တောင်းပန်ပါတယ်။ သားကို လာတွေ့ဖို့ အချိန်တွေ အများကြီး ဆွဲနေခဲ့မိတာ”
အဖေဖြစ်သူ၏ ပွေ့ချီမှုကြောင့် ဟွော်ထျင်းအနည်းငယ် ရှက်ရွံ့သွားသော်လည်း နွေးထွေးမှုကိုတော့ ခံစားနေရဆဲ ဖြစ်သည်။
“တောင်းပန်စရာမလိုပါဘူး။ ကျွန်တော်က လူကြီးဖြစ်နေပြီ။ လာမတွေ့လည်း ဘာမှမဖြစ်ဘူး”။ ဟွော်ထျင်းက ပြန်ပြောသည်။
သူ့ကို လာမတွေ့လည်း ကိစ္စမရှိပါ။ သို့သော် လာတွေ့လျှင်တော့ အလွန့်အလွန် ပျော်ဖို့ကောင်းပါသည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ။ ငါတို့ အာ့ထျင်းလေးက လူကြီးဖြစ်နေပါပြီ။ သတ္တိလည်း အရမ်းရှိတယ်နော်”။ ဟွော်ချန်းယီ ချီးကျူးလိုက်လေသည်။
ဟွော်ချန်းယီ၏ ရင်ခွင်ထဲက ဟွော်ထျင်းကို မော့ကြည့်လိုက်ပြီး ချင်းလောင်ယွင် မျက်လုံးများ ရုတ်တရက် နီမြန်းလာပါသည်။
ဟွော်ချန်းယီ၏ ရင်ခွဲထဲရှိ ဟွော်ထျင်းလည်း ငုံ့ကြည့်လိုက်ရာ လောင်ယွင်၏ နီမြန်းနေသော မျက်လုံးများမှ မျက်ရည်များ တပေါက်ပေါက် ကျနေတာကို မြင်လိုက်ရလေသည်။
“အဖေ အောက်ချပေး”။ ဟွော်ထျင်း အမြန်ပြောလိုက်သည်။
ဟွော်ချန်းယီလည်း ဟွော်ထျင်းကို အောက်ပြန်ချပေးလိုက်သည်။ ထိုအခါ ဟွော်ထျင်းက လောင်ယွင်ကို မေးလေသည်။ “အာပြဲစိန်မလေး ဘာလို့ ငိုနေပြန်တာလဲ!”
“အီးဟီးဟီး… နင့်အဖေက နင့်ကို အရမ်းချစ်တာပဲ…”။ အဖေဖြစ်သူ ချင်းချန်းကျစ်၏ စွန့်ပစ်မှုကို ခံခဲ့ရသည့်မှတ်ဉာဏ်များကြောင့် လောင်ယွင် မျက်ရည်များ ထိန်းမနိုင်သိမ်းမရ ကျလာရခြင်းဖြစ်သည်။
ချင်းမိသားစုထံမှ လောင်ယွင်၏ အကြောင်းကို ကြားထားပြီးသားဖြစ်သဖြင့် သူမက သနားစရာကောင်းမှန်း ဟွော်ထျန်း သိပါသည်။ ယုတ်ညံ့သည့် အဖေတစ်ယောက်ကို ပိုင်ဆိုင်ထားရခြင်းက အဖေမရှိတာထက် ပိုပြီး ဆိုးရွားသည်။
ဟွော်ထျင်းကလည်း ငယ်စဉ်ကတည်းက အမေမရှိဘဲ ကြီးပြင်းလာရသူဖြစ်သည်။ အဖေဖြစ်သူကလည်း သူ့ဘေးမှာ အချိန်ပြည့်မနေနိုင်သဖြင့် လောင်ယွင်၏ ခံစားချက်များကို ဟွော်ထျင်း အတိုင်းအတာ တစ်ခုအထိ နားလည်ပေးနိုင်သည်။
ထို့ကြောင့် လောင်ယွင်ကို စိတ်ရှုပ်စရာကောင်းပြီး ပြဿနာရှာသည့် ကောင်မလေးဟု ဟွော်ထျင်း သတ်မှတ်ထားသော်လည်း တစ်ခါမှ မောင်းမထုတ်ခဲ့ခြင်းဖြစ်သည်။
“ငိုမနေစမ်းပါနဲ့! နင့်မှာ အမေရှိသေးတယ် မဟုတ်ဘူးလား။ သူလည်း နင့်ကို အရမ်းချစ်တာပဲလေ။ ငါ့မှာဆို အမေတောင် မရှိဘူး!”။ ဟွော်ထျင်းက ဒေါသတကြီး ပြောလိုက်ပါသည်
ဒီအာပြဲစိန်က ဘာလို့ အချိန်တိုင်း ငိုနေရတာလဲ။ ဦးနှောက်ထဲ မျက်ရည်တွေနဲ့များ ပြည့်နေတာလား။ ဘယ်လောက် ငိုငို မျက်ရည် ကုန်သွားတယ်ဆိုတာ မရှိဘူး!
“အီးဟီးဟီး… မငိုပါဘူး… ငါမငိုပါဘူး…”။
မငိုပါဘူးဟု ဆိုသော်လည်း လောင်ယွင် မျက်ရည်များ ဆက်ကျနေဆဲဖြစ်သည်။
သူမပုံစံကို မြင်ပြီး ဟွော်ထျင်း ရယ်လည်း ရယ်ချင် စိတ်မကောင်းလည်း ဖြစ်သွားမိသည်။
“မငိုဘူးလို့ ပြောပြီး နင့်မျက်နှာပေါ်က ဘာတွေလဲ။ မျက်ရည်မဟုတ်ရင် နှပ်ချေးတွေလား”။ ဟွော်ထျင်း စိတ်မရှည်စွာ ပြောလိုက်သည်။ “နင်ထပ်ငိုရင် ချင်းစူစူကို ခေါ်လိုက်မှာနော်! သူ့ကို လာဆူခိုင်းလိုက်မယ်!”
… … …