အခန်း (၆၀၃-၆၀၄)
Vol. 25 Ch. 603-604
အခန်း(၆၀၃) ဆရာကြီးရှုယီနဲ့ ဟွော်ချန်းယီ တွေ့ဆုံခြင်း
စူစူလေးကို ခေါ်မည်ဟု ဟွော်ထျင်း ပြောသောအခါ ချင်းလောင်ယွင် အမြန်ပြောလိုက်ပါသည်။ “မ… မငိုတော့ပါဘူး။ ဒေါ်လေးစူစူကို မပြောပါနဲ့။ ဒေါ်လေး စူစူက ငါငိုတာကို မကြိုက်ဘူး…”
“အေးပါ အေးပါ ငါသိပါတယ်။ နင်မငိုတော့ရင် ငါဘာမှ မပြောဘူး။ နင်ဒီတိုင်းသာ ဆက်ငိုနေရင် သူပြန်လာတဲ့အခါကျ ငါဘာမှမပြောရင်တောင် နင်ငိုထားမှန်း သိလိမ့်မယ်နော်!”။ ချင်းလောင်ယွင်ကြောင့် ဟွော်ထျင်း ရူးချင်လာပါသည်။
“အင်းပါ အင်းပါ… မငိုတော့ဘူး… အင့်…” ချင်းလောင်ယွင် ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်လေသည်။
သူမလည်း မငိုချင်ပါ။ သို့သော် သူမ စငိုလိုက်တာနဲ့ ရပ်နိုင်မှာ မဟုတ်ပေ။
ဟွော်ထျင်းလည်း စားပွဲပေါ်မှ တစ်ရှူးတစ်ရွက်ကို ယူပြီး ချင်းလောင်ယွင်အား ပေးလိုက်သည်။ “မြန်မြန် သုတ်လိုက်။ ကိုယ့်ကိုယ်ကို ကြည့်ပါဦး။ ညစ်ပတ်ပြီး ကြောင်ရုပ်ဆိုးနဲ့တူတယ်! ဟူကျစ်နဲ့ သွားကစားပါလား။ နင်တို့နှစ်ကောင်က မျိုးစိတ်တစ်ခုတည်း ဖြစ်နိုင်တယ်!”
“ငါက ကြောင်ညစ်ပတ်မဟုတ်ဘူး!”။ ချင်းလောင်ယွင် မျက်ရည်တွေကို သုတ်လိုက်ပြီး ဟွော်ထျင်းကိုလည်း ပြန်ချေပလိုက်ပါသည်။
“အေးပါ အေးပါ။ မငိုနဲ့တော့။ နင်အငိုတိတ်ရင် ကြောင်ညစ်ပတ်လို့ မခေါ်တော့ဘူး”
“အင်း…”
ဟွော်ထျင်း၏ ကြမ်းတမ်းခက်ထန်သော ချော့မြူမှုကြောင့် ချင်းလောင်ယွင် အငိုတိတ်သွားခဲ့ပါသည်။
သို့သော်လည်း မျက်နှာတွေကို တစ်ရှူးဖြင့် သုတ်ထားသဖြင့် နီရဲနေပြီး မျက်လုံးတွေကလည်း နီမြန်း စိုစွတ်နေဆဲ ဖြစ်သည်။ ရုတ်တရက်ကြည့်လိုက်လျှင် ရေစက်ပေါက်လေးတွေ တင်နေသည့် ပန်းသီးနီနီရဲရဲလေးတစ်လုံးနှင့် တူနေသည်။
ဒီလိုပုံစံကို မြင်သောအခါ အာပြဲစိန်လေးက အနည်းငယ် ချစ်ဖို့ကောင်းသည်ဟု ဟွော်ထျင်း တွေးလိုက်မိပါသည်။
ဘေးမှာ ဟွော်ချန်းယီတစ်ယောက် ပီတိဖြာသော အပြုံးဖြင့် ရပ်ကြည့်နေလေသည်။
ဆိုးသွမ်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တဲ့ သူ့သားက သူများကိုတောင် နှစ်သိမ့်တတ်နေပြီပေါ့! အရင်ကဆို စိတ်ကူးတောင် ယဉ်နိုင်မှာမဟုတ်တဲ့ မြင်ကွင်းတစ်ခုပါလား။
သူ့သားကို ချင်းအိမ်တော်မှာ နေခွင့်ပေးလိုက်ပြီး ချင်းမိသားစု၏ အုပ်ချုပ်မှုအောက်မှာ အပ်နှံခဲ့ခြင်းက ဟွော်ချန်းယီ၏ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုဟု ဆိုနိုင်ပါသည်။
--- --- ---
ဟွော်ထျင်းနဲ့ တွေ့ဆုံပြီးနောက် ဟွော်ချန်းယီ နောက်ဖေးခြံသို့ ထွက်လာခဲ့ပြီး ဆရာကြီးရှုယီကို လာရှာလေသည်။
ပန်းဝတ်မှုန်များနှင့် ဓာတ်မတည့်သော ဟွော်ထျင်း၏ ရောဂါကို ဆရာကြီးရှုယီက ကုသပေးနိုင်သည်ဟု အိမ်တော်ထိန်းလျို့ ပြောဖူးသည်။ သို့သော် ဆရာကြီးရှုယီက ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်သဖြင့် အိမ်တော်ထိန်းလျို့ တစ်ယောက်တည်း မဖြောင်းဖြနိုင်ခဲ့ပေ။
ထို့ကြောင့် သားဖြစ်သူကို ကုသပေးဖို့အတွက် ဆရာကြီးရှုယီကို တောင်းဆိုရန် ဟွော်ချန်းယီ ကိုယ်တိုင် ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။
ပန်းဝတ်မှုန် ဓာတ်မတည့်ခြင်းက သေစေနိုင်လောက်သည့် ရောဂါမျိုး မဟုတ်သော်လည်း နောက်ပိုင်း သူ့သားအတွက် အခက်အခဲတစ်ခုဖြစ်လာနိုင်သည်။
အဖေတစ်ယောက်အနေဖြင့် သူ့သား၏ ဘဝကို အကောင်းဆုံးသာ ဖြစ်စေချင်ပြီး အန္တရာယ်မှန်သမျှကို တားဆီး ပေးချင်ပါသည်။
နောက်ဖေးခြံကို ရောက်သောအခါ ဆရာကြီးရှုယီအပြင် ဆေးပင်များကို ရေလောင်း၊ မြေဩဇာကျွေးရင်း အလုပ်ရှုပ်နေသော လင်းယုရှန်းကိုလည်း ဟွော်ချန်းယီ မြင်လိုက်ပါသည်။
သူမ၏ လှုပ်ရှားမှုများက ကတုန်ကယင်နိုင်လွန်းလှသည်။ ပါးတွေလည်း နီမြန်းနေပြီး နဖူးပေါ်မှာ ချွေးသီးချွေးပေါက်တွေ စိုရွှဲနေပါသည်။
ဟွော်ချန်းယီ ဆေးပင်စိုက်ခင်းထဲ ခြေချဖို့ ပြင်လိုက်စဉ် ဆရာကြီးရှုယီက လှမ်းအော်လိုက်လေသည်။ “ရပ်လိုက်စမ်း! မင်းကို ဘယ်သူ ဝင်ခွင့်ပေးလို့လဲကွ”
ဆရာကြီးရှုယီ၏ ရိုင်းပျသော အော်သံကြောင့် ဟွော်ချန်းယီ၏ ဘော်ဒီဂတ်များ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး ရှေ့တိုးလာကြလေသည်။
သို့သော် ဟွော်ချန်းယီက ချက်ချင်း တားလိုက်၏။ “ဆရာကြီးရှုယီကို လေးလေးစားစား ဆက်ဆံကြ”
ထို့နောက် ဆရာကြီးရှုယီကို ဟွော်ချန်းယီ တောင်းပန်လိုက်ပါသည်။ “နှောင့်ယှက်သလို ဖြစ်သွားရင် တောင်းပန်ပါတယ် ဆရာကြီးရှုယီ”
ဟွော်ချန်းယီ၏ ယဉ်ကျေးပျူငှာမှုကြောင့် ဆရာကြီးရှုယီ အနည်းငယ် ကျေနပ်သွားသည်။
ဒီကောင်က ဘယ်ဆိုးလို့လဲ။ ကြည့်ရတာ လူကြီးလူကောင်းဆန်မယ့်ပုံပဲ။ ဟိုဘက်အိမ်က လုအဘိုးကြီးထက် အများကြီး ပိုယဉ်ကျေးတယ်!
“မင်းလို အလုပ်များတဲ့ကောင်က ငါ့ဆေးပင်စိုက်ခင်းထဲ ဘာလာလုပ်တာလဲကွ” ဆရာကြီးရှုယီက မေးငေါ့လျက် အထက်စီးဆန်စွာ မေးလိုက်ပါသည်။
“ကျွန်တော့်သားရဲ့ ဝတ်မှုန်နဲ့ဓာတ်မတည့်တဲ့ ရောဂါအကြောင်း ပြောဖို့ လာခဲ့တာပါ”။ ဟွော်ချန်းယီကလည်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်လေသည်။
“ဪ အဲ့တာလား။ ငါကုပေးနိုင်တယ် ဒါပေမယ့် မကုပေးချင်လို့ မကုပေးတာ”။ ဆရာကြီးရှုယီက သူ့ထက် ပို၍ပင် ပွင့်လင်းသေးသည်။
“အကြောင်းအရင်းလေး သိခွင့်ရှိမလား ဆရာကြီးရှုယီ”။ ဟွော်ချန်းယီတစ်ယောက် ကျိုးနွံစွာ မေးလိုက်လေသည်။
… … …
အခန်း(၆၀၄) ဆေးပင်များ စိုက်ပျိုးခြင်း
“ဘာအကြောင်းအရင်းမှ မရှိဘူး။ ဒီတိုင်း ပျင်းလို့ မကုပေးချင်တာ”။ ဆရာကြီးရှုယီ ပြန်ဖြေလိုက်သည်။
“ဆရာကြီးရှုယီ။ ကျွန်တော် လေးလေးနက်နက် တောင်းဆိုဖို့ လာခဲ့တာပါ။ ဆရာကြီးတောင်းဆိုချင်တာ ရှိရင် ကျေးဇူးပြုပြီး ကြိုက်တာ တောင်းဆိုပါ။ ကျွန်တော့်ကိုတော့ အခွင့်အရေးလေး တစ်ခုလောက် ပေးပါနော်”။ ဟွော်ချန်းယီ တောင်းတောင်းပန်ပန် ပြောလိုက်လေသည်။
“လေးလေးနက်နက် တောင်းဆိုတာ ဟုတ်လား။ ဘယ်လောက် လေးနက်လို့လဲ”။ ဆရာကြီးရှုယီက လင်းယုရှန်းဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ “ဟိုမှာကြည့်စမ်း။ သူက လုအိမ်တော် သခင်လေးရဲ့ ဒေါ်လေး။ သူ့တူလေးကို ဆေးကုပေးတဲ့ အတွက် ငါ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ပင်ပင်ပန်းပန်းခက်ခက်ခဲခဲ အလုပ်တွေလုပ်ပေးနေတာ။ စီအီးအိုကြီး ဟွော်ချန်းယီက အဲ့တာမျိုး လုပ်နိုင်လို့လား”
ဆရာကြီးရှုယီက ဟွော်ချန်းယီကို ခက်ခဲသည့် တာဝန်များပေးဖို့ တမင် အကွက်ချကြံစည်နေခြင်းဖြစ်သည်။
ဆေးကုပေးဖို့ တကယ်တမ်း လိုအပ်တာဆိုလို့ စူစူလေးထံမှ တောင်းဆိုချက်တစ်ခုသာ ရှိမှန်း ဆရာကြီးရှုယီ ထုတ်ပြောမှာ မဟုတ်ပါ။ ထုတ်ပြောလိုက်လျှင် စူစူလေးကို သူတို့ သွားနှောင့်ယှက်ကြမှာ ဆရာကြီးရှုယီ သိနေပါသည်။
စူစူလေးက နေ့တိုင်း အလုပ်များသူဖြစ်သည်။ ဒီလို အနှောင့်အယှက်တွေနဲ့ ကြုံလို့မဖြစ်ပေ။
လင်းယုရှန်းကို ဟွော်ချန်းယီ လှမ်းကြည့်လိုက်သည်။
နေရောင်အောက်မှာ ပင်ပင်ပန်းပန်း ရေပုံးတွေသယ်နေသည့် သူမကို မြင်လိုက်ရသောအခါ ငယ်စဉ်က မြင်ကွင်းတစ်ခုကို ဟွော်ချန်းယီ ပြန်အမှတ်ရမိသည်။
ထိုအချိန်တုန်းက သူမမှာ စူစူလေး အရွယ်လောက်သာ ရှိဦးမည်။ သို့သော် စူစူလေးထက် ပိုပြီး ရှက်ကြောက်တတ်သည်။
ဟွော်ချန်းယီက ဆရာကြီးရှုယီကို ပြန်လှည့်မေးလိုက်လေသည်။ “ဒီတိုင်း ရေပုံးသယ်ပြီး မြေဩဇာကျွေးဖို့ပဲမလား”
“ပဲ ဆိုတာ ဘာစကားလဲကွ။ လွယ်တယ်များ ထင်နေတာလား”။ ဆရာကြီးရှုယီက ငေါက်လိုက်သည်။ “မင်းပုံစံက အရပ်ရှည်ပြီး သန်မာမယ့်ပုံစံပေါက်ပေမယ့် တစ်ခါမှ အလုပ်ကြမ်းမလုပ်ဖူးမှန်း ငါလောင်းရဲတယ်”
“မလုပ်ကြည့်ဘဲ မသိနိုင်ဘူးလေ”
“ကောင်းပြီလေ။ မင်းခြေထောက်ကို သေချာဆေးပြီး ဖိနပ်သွားလဲလာခဲ့။ အပြင်က ဘက်တီးရီးယားတွေ ငါ့စိုက်ခင်းထဲကို သယ်မလာနဲ့”။ ဆရာကြီးရှုယီ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”။ ဟွော်ချန်းယီ ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် ဖိနပ်တကယ် သွားလဲလာပြီး ဆေးပင်စိုက်ခင်းထဲ ဝင်လာခဲ့သည်။
ဟွော်ချန်းယီကို မြင်သောအခါ လင်းယုရှန်း အံ့ဩတကြီး မေးလိုက်လေသည်။ “စီအီးအိုဟွော်… ဘာ… ဘာလို့”
ဟွော်ချန်းယီလို လူမျိုးက စိုက်ပျိုးရေးအလုပ်တွေ လုပ်နေတာ ဘယ်လိုမှ မသင့်တော်ပေ။
မျက်လုံးနဲ့ တပ်အပ်သာ မမြင်လျှင် ဟွော်ချန်းယီ ဒီလို လုပ်နိုင်မှန်း လင်းယုရှန်း ယုံကြည်နိုင်မှာ မဟုတ်ပါ။
“ဆရာကြီးရှုယီရဲ့ အမိန့်လေ။ ဘယ်သူက လွန်ဆန်နိုင်မှာလဲ”။ ဟွော်ချန်းယီက အတည်တဝက် အနောက်တဝက်ဖြင့် ပြုံးကာ ပြန်ဖြေလိုက်ပါသည်။
ထို့နောက် လင်းယုရှန်း၏ လက်ထဲမှ ရေပုံးများကို ယူလိုက်ပြီး ဟွော်ချန်းယီ အလုပ်စလုပ်လေသည်။
ဆေးပင်တွေကို အားကြိုးမာန်တက် ရေလောင်းနေသည့် ဟွော်ချန်းယီကို ကြည့်ရင်း လင်းယုရှန်း ရီဝေသွားပါသည်။ ဒီလို ပါရမီရှိပြီး ဂုဏ်သရေကြီးသည့် ပုဂ္ဂိုလ်တစ်ယောက်က ဒီလိုအလုပ်တွေ လုပ်နိုင်လိမ့်မည်ဟု လုံးဝ မထင်ခဲ့ပါ။
ချူးဟမ့်သာဆို သူ့လက်နဲ့ ဒီလိုအလုပ်တွေ လုပ်ဖို့ မသင့်တော်ဟု ပြောမှာ သေချာသည်။
ဟွော်ချန်းယီကို ငေးကြည့်နေတာကြောင့် လင်းယုရှန်း အာရုံလွဲကာ ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်ပြီး ဟန်ချက် ပျက်၍ နောက်ပြန်လဲကျသွားလေသည်။
ထိုအချိန်တွင် ဟွော်ချန်းယီ အမြန်လှုပ်ရှားလိုက်ပြီး လင်းယုရှန်း၏ လက်ကိုဆွဲကာ ပြန်ထိန်းပေးလိုက်ပါသည်။
ထိုစဉ် လင်းယုရှန်းလည်း သူမကို ကောင်လေးတစ်ယောက် လက်ကမ်းပေးနေသည့် ပုံရိပ်တစ်ခုကို ပြန်မြင်ယောင်လာမိသည်။
ဝေဝါးနေသည့် မှတ်ဉာဏ်ပုံရိပ်များက ရှေ့က မြင်ကွင်းတွေနဲ့ ရောယှက်သွားလေသည်။
“ဘာဖြစ်လို့လဲ”
လင်းယုရှန်း စိုက်ကြည့်နေတာကို သတိထားမိပြီး ဟွော်ချန်းယီ မေးလိုက်ပါသည်။
“ဘ-ဘာမှ မဖြစ်ပါဘူး”။ လင်းယုရှန်း အမြန်ခေါင်းခါလိုက်သည်။ ခေါင်းထဲက မှတ်ဉာဏ်အစိတ်အပိုင်းတွေကို ခါထုတ်ရင်း အလုပ်ပြန်လုပ်နေလိုက်ပါသည်။
သူတို့နှစ်ယောက် တာဝန်ကိုယ်စီယူရင်း အချိန်အတော်ကြာအောင် အလုပ်လုပ်ခဲ့ကြသည်။ ဟွော်ချန်းယီက ထွန်ခြစ်တစ်ချောင်းဖြင့် မြေကို ဆွဲနေပြီး လင်းယုရှန်းက မြေဩဇာများ ကြဲနေပါသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းတာကြောင့်ပဲလား စိုက်ပျိုးရေးအလုပ်က ပျင်းစရာကောင်းလွန်းလို့ပဲလား မသိပါ။ ဟွော်ချန်းယီ ငြီးငွေ့လာပြီး လင်းယုရှန်းကို စကားပြောလိုက်သည်။ “အရင်တုန်းက ကျွန်တော့်လက်ပတ်နာရီ တစ်လုံးကို ဖျက်ဆီးဖူးတယ်နော် မစ္စလင်း။ အခု ပြန်လျော်ပေးဖို့ အဆင်ပြေပြီလား”
“ဟင်။ ကျွန်… ကျွန်မက နာရီတစ်လုံး ဖျက်ဆီးဖူးတယ် ဟုတ်လား။ စီအီးအိုဟွော် လူမှားနေတာလား”။ လင်းယုရှန်း နားမလည်နိုင်စွာ ပြန်မေးလိုက်လေသည်။
… … …