အခန်း (၆၀၅-၆၀၆)
Vol. 25 Ch. 605-606
အခန်း(၆၀၅) ပျင်းစရာကောင်းလို့
“အင်း လင်းယုရှန်းဆိုတာ သေချာပါတယ်”။ ဟွော်ချန်းယီ သေချာစွာ ပြောလိုက်သည်။
“ဘယ်တုန်းက ဖြစ်ခဲ့တာလဲ”။ လင်းယုရှန်း သတိကြီးကြီးထားကာ မေးလိုက်သည်။
သူမ တကယ် မမှတ်မိပါ။ ဟွော်ချန်းယီလို လူမျိုးက သူမကို မဟုတ်မမှန် စွပ်စွဲတာလည်း မဖြစ်နိုင်ပေ။ သူ့လက်ပတ် နာရီတွေက အလွန်ဈေးကြီးပြီး သန်းချီတန်လောက်သည်။
“ကျွန်တော့်အဘိုး အသက် ၆၀ ပြည့်မွေးနေ့တုန်းက ခင်ဗျားနဲ့ ခင်ဗျားအစ်မတို့ ကျွန်တော့်အိမ်ကို လာကြပြီး ဥယျာဉ်ထဲမှာ လမ်းပျောက်သွားဖူးတယ်လေ”။ ဟွော်ချန်းယီ ရှင်းပြလိုက်သည်။
ဟွော်ချန်းယီ၏ စကားကို ကြားသောအခါ လင်းယုရှန်း တစ်ခုခုကို မှတ်မိလာပါသည်။
ထိုအဖြစ်အပျက်ကို သူမ ဝေဝေဝါးဝါး မှတ်မိသည်။ သို့သော် သူမကို သူမအစ်မ နှစ်သိမ့်ပြီး ဆုံးမစကား ပြောခဲ့သည့် အကြောင်းကိုသာ မှတ်မိပါသည်။
ဟွော်ချန်းယီကို တွေ့ဖူးသလားဆိုတာတောင် မမှတ်မိပေ။ သူ့လက်ပတ်နာရီကို ဖျက်ဆီးခဲ့ဖူးသည့်အကြောင်းဆို ပိုဆိုးပါသည်။
“အဲ… စီအီးအိုဟွော်၊ လတ်ပတ်နာရီက ဘာဘရန်းလဲ မော်ဒယ်ကကော ဘာလဲ။ ကျွန်မ ပြန်လျော်ပေးပါ့မယ်”
လင်းယုရှန်း မမှတ်မိသော်လည်း တာဝန်ယူဖို့ ဆုံးဖြတ်ထားပါသည်။
“အပြာရောင် ကလေးပတ် နာရီလေး။ ဘရန်းကိုတော့ မမှတ်မိဘူး။ ဒါပေမယ့် အဲ့တုန်းက ရေပန်းစားနေတဲ့ ကလေးဝတ် နာရီဘရန်းတစ်ခုပဲ ဖြစ်မှာ”။ ဟွော်ချန်းယီ ဖြေလိုက်သည်။
Patek Philippe သို့မဟုတ် Vacheron Constantin ကဲ့သို့သော ဘရန်းမျိုးတွေ ဟွော်ချန်းယီ ရွတ်ပြလိမ့်မည်ဟု လင်းယုရှန်း ထင်ထားခဲ့သည်။ သို့သော် ကလေးပတ် နာရီတဲ့လား…။
စီအီးအိုဟွော် အတည်ပြောနေတာကော ဟုတ်ရဲ့လား။
လင်းယုရှန်း ရီဝေသော မျက်နှာဖြင့် သေချာ စဉ်းစားနေပါသည်။ ဒါကိုမြင်တော့ ဟွော်ချန်းယီ ရယ်မောမိလေသည်။
ဟွော်ချန်းယီ ရယ်မောတာကို မြင်မှ လင်းယုရှန်းလည်း အရူးလုပ်ခံလိုက်ရပြီဖြစ်မှန်း နားလည်သွားပါသည်။
“စီအီးအိုဟွော်… ကျွန်…ကျွန်မကို ဘာလို့ ဒီလို နောက်ရတာလဲ”။ လင်းယုရှန်း တိုးညှင်းစွာ အပြစ်တင်လိုက်ပါသည်။
စီအီးအိုဟွော်က အလွန် တည်တံ့ပြီး ခက်ထန်မည့် လူမျိုးဟု လင်းယုရှန်း ထင်ထားခဲ့သည်။ ဒီလို ဟာသလုပ်လိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့ဖူးပါ။ သူမ ထင်ထားတာနဲ့ တကယ် ကွာခြားလွန်းနေပါသည်။
“စိုက်ပျိုးရေးအလုပ်က ပျင်းစရာကောင်းလို့လေ။ စိတ်ရွှင်သွားအောင် နောက်လိုက်တာပါ”။ ဟွော်ချန်းယီ ပြောလိုက်သည်။
တကယ်တော့ ဟွော်ချန်းယီ နောက်နေတာ မဟုတ်ပေ။ လင်းယုရှန်းက တကယ်ပဲ သူ့လက်ပတ်နာရီကို ဖျက်ဆီး ဖူးပါသည်။
လင်းယုရှန်းနဲ့ ဟွော်ချန်းယီတို့ စကားပြောနေကြစဉ် စူစူလေး၏ နူးညံ့ချိုမြိန်သော အသံက စိုက်ခင်းအပြင်ဘက်မှ ထွက်လာလေသည်။
“ဦးလေးပိုင်ဟူကျစ် သမီးလာပြီ!’
စူစူလေး ပန်းပင်တွေ စိုက်ပြီးသွားပြီဖြစ်ကာ ဆရာကြီးရှုယီကို အစီရင်ခံဖို့ ပြေးလာခဲ့ပါသည်။
လုကျန်းယွီ၊ ဟွော်ထျင်းနဲ့ ချင်းလောင်ယွင်တို့လည်း စူစူလေးနောက်မှ လိုက်လာကြသည်။
အစက ဆရာကြီးရှုယီနဲ့ လင်းယုရှန်းတို့ကို လာတွေ့တာဖြစ်သော်လည်း ဟွော်ချန်းယီကိုပါ ကလေးတွေ မြင်လိုက်ရလေသည်။
“ထျင်းထျင်း နင့်အဖေလည်း အပင်တွေ စိုက်နေတယ်!”။ ချင်းလောင်ယွင် အံ့အားသင့်စွာ ပြောလိုက်ပါသည်။
ချင်းလောင်ယွင်လည်း စူစူလေးကို အတုယူပြီး ဟွော်ထျင်းအား ထျင်းထျင်းဟု ခေါ်နေပြီဖြစ်သည်။
ဟွော်ထျင်း မကြိုက်သော်လည်း စူစူလေးတစ်ယောက်တည်းကိုတောင် မတားနိုင်သဖြင့် နှစ်ယောက်ဆို မျှော်လင့်ချက် ပိုနည်းပါးသွားပြီဖြစ်သည်။
“ငါသိတယ်! ငါလည်းမြင်တယ်!”။ ဟွော်ထျင်းက မကျေနပ်စွာ ပြန်ငေါက်လိုက်ပါသည်။
“ဟွန်း! တကယ်မြင်တာကော ဟုတ်ရဲ့လားမသိဘူး!”။ ချင်းလောင်ယွင်လည်း ဟွော်ထျင်းကို ပြန်လည် အရွဲ့တိုက်လေသည်။
“နင်တောင် မြင်ရတာ ငါက ဘာလို့ မမြင်ရမှာလဲ။ ငါက နင့်ထက် အရပ်ပိုရှည်တယ်လေ။ နင့်ထက် အဝေးကြီး ပိုမြင်ရတယ်!”
“အရပ်ရှည်တာနဲ့ ပိုမြင်ရမယ်လို့ ဘယ်သူပြောလဲ။ မယုံဘူး”
“ငတုံးမ! နင့်ဆရာမက နင့်ကို မသင်ထားဘူးလား”
“ငါ့ဆရာမက အဲ့တာတွေ မသင်ဘူး! ဆရာမက ပျော်စရာကောင်းတာတွေပဲ သင်ပေးတာ!”
“ငတုံးမ!”
ထို့နောက် နှစ်ယောက်သား သတ်ပုတ်ကြပြန်သည်။
စူစူလေးရောက်လာတာကို မြင်သောအခါ ဆရာကြီးရှုယီလည်း သူ့အလုပ်သမား ၂ ယောက်ကို ပစ်ထားခဲ့ပြီး စူစူလေးထံ ခပ်သုတ်သုတ် လျှောက်လာခဲ့ပါသည်။
“စူစူလေး သတိထားနော်။ မြေကြီးက ညစ်ပတ်နေတာ။ ညစ်ပတ်တာတွေ မနင်းမိစေနဲ့”။ ဆရာကြီးရှုယီ စူစူလေးကို အမြန်ပွေ့ချီလိုက်ပါသည်။
တခြားသူတွေ ဝင်လာလျှင် သူ့ဆေးပင်စိုက်ခင်းကို ညစ်ပတ်အောင် မလုပ်ဖို့ ဆရာကြီးရှုယီ တဖွဖွပြောသော်လည်း စူစူလေး ဝင်လာလျှင်တော့ စူစူလေး မညစ်ပတ်သွားဖို့က ပိုအရေးကြီးပါသည်။
မျက်နှာလိုက်မှုက သိသာလွန်းသည်။
“ဦးလေးပိုင်ဟူကျစ် သူတို့ဘာလို့ အပင်တွေစိုက်နေကြတာလဲ။” စူစူလေးက ဟွော်ချန်းယီနဲ့ လင်းယုရှန်းတို့ကို လက်ညှိုးထိုးကာ မေးလိုက်လေသည်။
… … …
အခန်း(၆၀၆) စူစူလေးရဲ့ အမိန့်နဲ့သာဆို
“သူတို့လား။ ဪ သူတို့ အလုပ်မရှိ အကိုင်မရှိ အားနေကြလို့ အလုပ်ပေးထားတာပါ”။ ဆရာကြီးရှုယီ ပြန်ဖြေလိုက်သည်။
ဟွော်ထျင်း နှုတ်ခမ်းတွန့်သွား၏။
သူ့အဖေက အလုပ်မရှိအကိုင်မရှိ အားနေတယ်ဟုတ်လား။
သူ့အဖေ သူ့ဆီ လာလည်ရင်တောင် အလုပ်တွေပါ တစ်ခါတည်းသယ်လာရတာကို!
ထိုစဉ် လင်းယုရှန်း လုပ်လက်စ အလုပ်တွေကို ရပ်လိုက်ပြီး ခေါင်းမော့ကာ စူစူလေးကို ရှင်းပြလိုက်ပါသည်။ “စီအီးအိုဟွော်က ဟွော်ထျင်းရဲ့ ဝတ်မှုန်ဓာတ်မတည့်တဲ့ ရောဂါကို ကုသပေးဖို့ ဆရာကြီးရှုယီကို တောင်းဆိုနေတာလေ”
လင်းယုရှန်း ဖော်ကောင်လုပ်လိုက်တာကို ကြားသောအခါ ဆရာကြီးရှုယီက မျက်စောင်းထိုးလိုက်လေသည်။
ဒီဟာမလေး! တမင်သက်သက် ဖော်ကောင်လုပ်တာပဲ!
“ဟမ်… ထျင်းထျင်း နင် ဖျားနေတာလား”။ စူစူလေးက မေးသည်။
ဝတ်မှုန်ဓာတ်မတည့်ခြင်းဆိုတာ ဘာမှန်း စူစူလေး မသိပါ။ သို့သော် ဖျားတာနာတာနဲ့ တူလောက်သည်။
“မဖျားပါဘူးဟ! မဖျားဘူး! ငါက သူ့လို မဟုတ်ဘူး!”။ ဟွော်ထျင်း အမြန်ငြင်းဆန်လိုက်သည်။ သူက လုကျန်းယွီထက် ပိုပြီး ကျန်းမာသန်စွမ်းသည်ဟု ယုံကြည်သည်။
“ထျင်းထျင်း မလိမ်ရဘူးနော်! ဖျားရင် ဆေးသောက်ရမယ်။ ခါးတာနဲ့ပဲ ဆေးကို မသောက်လို့မရဘူး!”။ စူစူလေးက ဆုံးမလိုက်လေသည်။
“ဟုတ်တယ် ဟုတ်တယ်! ကလေးဆိုးတွေက ဖျားရင် ဆေးမသောက်ဘူး!”။ ချင်းလောင်ယွင်လည်း ချက်ချင်း သံယောင်လိုက်ကာ ပြောလိုက်ပါသည်။ “သမီးဆို ဖျားတာနဲ့ ဆေးကို လိမ်လိမ်မာမာသောက်တာ သိလား ဒေါ်လေးစူစူ!”
သူမက အလွန့် အလွန် လိမ္မာပါသည်။
“ငါမဖျားပါဘူးဆို! မဟုတ်တာတွေ မပြောနဲ့!”။ ဟွော်ထျင်းကလည်း ခေါင်းမာစွာ ငြင်းဆန်နေပါသည်။
သူက ဆေးသောက်ရမှာ ကြောက်တယ်တဲ့လား! မဟုတ်တာတွေ!
ဟွော်ထျင်းက စူစူလေးဘက်သို့ မြှားဦးလှည့်လိုက်သည်။ “ဟိုကောင်မလေး ငါ့ကို မဟုတ်တာ ပြောရဲတယ်ပေါ့။ ခါးတာ မြင်တာနဲ့ ထွက်ပြေးတာ ဘယ်သူလဲ! နင်ကမှ ခါးတာကြောက်ပြီး ဆေးမသောက်ရဲတဲ့သူ မဟုတ်ဘူးလား!”
“ဒါမယ့် ငါကတစ်ခါမှ မဖျားဖူးဘူးလေ!”။ စူစူလေး ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောလိုက်ပါသည်။
သူမ ခါးတာ ကြောက်ပါသည်။ သို့သော် သူမက အလွန် သန်မာသည်။ မဖျားအောင်လည်း နေနိုင်သည်။
“နင်တော့…”။ ဟွော်ထျင်း ဆွံ့အသွားရသည်။
သူတကယ်ပဲ မဖျားအောင် မနေနိုင်ပါ။ ဝတ်မှုန်တွေနဲ့ ဓာတ်မတည့်သည့်အပြင် အနည်းဆုံး တစ်နှစ်ကို တစ်ခါလောက် အအေးမိတတ်သည်။
ထို့နောက် စူစူလေးက ဆရာကြီးရှုယီဘက်သို့ ပြန်လှည့်ကာ ပြောလိုက်ပါသည်။ “ဦးလေးပိုင်ဟူကျစ်။ ထျင်းထျင်းရဲ့ ရောဂါကို ကုပေးပါလား။ ထျင်းထျင်းက သမီးသူငယ်ချင်းဆိုတော့ သူ့ကို ကျန်းမာစေချင်တယ်! သမီး ဆေးပင်တွေ စိုက်ပေးမယ်။ ဆေးမြစ်တွေလည်း တူးပေးပါ့မယ်!”
“မလိုပါဘူး မလိုပါဘူး! ငါတို့စူစူလေးက အလုပ်ကြမ်း လုပ်စရာ မလိုပါဘူး”။ ဆရာကြီးရှုယီ အမြန်ငြင်းလိုက်သည်။
စူစူလေးကို တောင်ပေါ်တွေတက် ဆေးမြစ်တွေတူးခိုင်းဖို့ စိတ်တောင် မကူးရဲပါ။
သူက ရှားပါးဆေးပင်တစ်မျိုးမျိုး လိုချင်လျှင် တောင်းဆိုဖို့သာ လိုသည်။ သူ့ထံ ကိုယ်တိုင်လာရောက် ပို့ဆောင်ပေးမည့် လူတွေ အများကြီး ရှိပါသည်။
“ဒါဆို ထျင်းထျင်းကို ဆေးကုပေးရမယ်နော်!”
“ဟုတ်ပါပြီ ဟုတ်ပါပြီ! ဟွော်ထျင်းကို ဆေးကုပေးပါ့မယ်! လုံးဝ ကျန်းမာသွားတဲ့အထိ ဆေးကုပေးပါ့မယ်! စူစူလေးက တောင်းဆိုမှတော့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပါ့မယ်လို့ ကတိပေးပါတယ်!”။ ဆရာကြီးရှုယီက တွန့်ဆုတ်မှု မရှိဘဲ သဘောတူလိုက်လေသည်။
ဆရာကြီးရှုယီ၏ သဘောတူညီချက်ကို ရသောအခါ ဟွော်ချန်းယီ အပျော်လွန်သွားပါသည်။ ထို့နောက် လင်းယုရှန်းကို ကျေးဇူးတင်စွာ လှမ်းကြည့်လိုက်၏။
လင်းယုရှန်းက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်ပြီး တီးတိုးရှင်းပြလိုက်ပါသည်။ “ကျွန်မတူလေးကို ဆေးကုပေးဖို့လည်း စူစူလေးပဲ ကူညီပေးခဲ့တာလေ”
ဆရာကြီးရှုယီကို အကျပ်ကိုင်တာ မကောင်းမှန်း သိသော်လည်း ကလေးတွေအတွက် လူကြီးတွေရဲ့ စိုးရိမ်ပူပန်မှုကို လင်းယုရှန်း နားလည်ပါသည်။
ဟွော်ချန်းယီ ပြန်ပြောလိုက်၏။ “ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ စူစူလေးနဲ့ ဆရာကြီးရှုယီတို့ကိုလည်း ကျေးဇူးတင်ဖို့ နည်းလမ်းရှာမှာပါ”။
“အင်း…”။ လင်းယုရှန်း ခေါင်းငြိမ့်လိုက်ပါသည်။
--- --- ---
ညနေစောင်းသောအခါ ချင်းအိမ်တော်မှ ဟွော်ချန်းယီ ပြန်ထွက်လာခဲ့ပါသည်။
ချူးဟမ့်တစ်ယောက် ချင်းအိမ်တော် ခြံရှေ့မှာ စောင့်နေဆဲဖြစ်သည်။
ဟွော်ချန်းယီကို မြင်ပြီး ချူးဟမ့် အားကြိုးမာန်တက် ပြေးလာသော်လည်း ဟွော်ချန်းယီ၏ ဘော်ဒီဂတ်များက တားဆီးလိုက်လေသည်။
“စီအီးအိုဟွော် စီအီးအိုဟွော်! အရေးကြီးကိစ္စတစ်ခု ပြောစရာရှိလို့ပါ!”။ ဟွော်ချန်းယီကို ချူးဟမ့် လှမ်းအော်လိုက်သည်။
ဟွော်ချန်းယီကတော့ ချူးဟမ့်ကို အေးတိအေးစက်သာ ပြန်ကြည့်လိုက်ပါသည်။
ချူးဟမ့်က ဒါကို အခွင့်ကောင်းယူပြီး အမြန်ရှင်းပြလိုက်လေသည်။ “စီအီးအိုဟွော်! အရေးကြီးကိစ္စ ပြောစရာရှိလို့ပါ! ကျွန်တော့်မိန်းမနဲ့ ပတ်သတ်တဲ့ကိစ္စပါ!”
… … …