← Chapters

အခန်း (၆၀၇-၆၀၈)

Vol. 25 Ch. 607-608

အခန်း (၆၀၇-၆၀၈)

Vol. 25 Ch. 607-608

အခန်း(၆၀၇) ခြိမ်းခြောက်တဲ့သူ

“သူ့ကို လွှတ်ပေးလိုက်”။ ဟွော်ချန်းယီ အမိန့်ပေးလိုက်သည်။

ဘော်ဒီဂတ်တွေလည်း ချူးဟမ့်ကို လွှတ်ပေးလိုက်ကြပါသည်။

ချူးဟမ့် လမ်းပင်ကောင်းကောင်း မလျှောက်နိုင်သေးသော်လည်း ဟွော်ချန်းယီရှေ့သို့ အမြန်ရောက်ရှိလာပါသည်။

“စီအီးအိုဟွော်က ကျွန်တော့်မိန်းမနဲ့ ရင်းနှီးတဲ့ပုံပဲနော်”။ ချူးဟမ့်က လွန်လွန်ကြူးကြူး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“ခင်ဗျားတို့ အခု ကွာရှင်းပြတ်စဲဖို့ တရားရင်ဆိုင်နေကြတာမလား”။ ဟွော်ချန်းယီ တည်ငြိမ်စွာ ပြန်မေးလိုက်ပါသည်။

“ဟုတ်ပါတယ်။ ကျွန်တော့်မိန်းမနဲ့ စီအီးအိုဟွော်တို့ ရင်းနှီးတာကို အသုံးချပြီး လာကပ်တာ မဟုတ်ပါဘူး”။ ချူးဟမ့် ရှင်းပြလိုက်သည်။

ဟွော်ချန်းယီ ဘာမှ မပြောဘဲ စောင့်သာ ကြည့်နေသည်။

ချူးဟမ့် အမြန် ဆက်ပြောလိုက်သည်။ “ဒီလိုပါ စီအီးအိုဟွော်။ ကျွန်တော့်ကို အခွင့်အရေးလေးတစ်ခုလောက် ပေးစေချင်လို့ပါ။ နည်းပညာမြင့် ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေက အရည်အသွေး အရမ်းကောင်းပါတယ်။ စီအီးအိုဟွော်ဆီမှာလည်း နည်းပညာပိုင်းဆိုင်ရာ ကုမ္ပဏီတွေ ရှိတယ်လို့ ကြားမိတယ်။ ကျွန်တော်တို့ ချူးအုပ်စုကို အခွင့်အရေးတစ်ခုလောက် ပေးပါလား”

ဟွော်ချန်းယီနဲ့ စကားပြောခွင့်ရဖို့ဆိုတာ အလွန်ရှားပါးသည့် အခွင့်အရေးတစ်ခုဖြစ်မှန်း ချူးဟမ့်သိပါသည်။ ထို့ကြောင့် သူ တစ်စက္ကန့်ပင် အချိန်မဖြုန်းနိုင်ပါ။

“စိတ်မဝင်စားဘူး”။ ဟွော်ချန်းယီ ချက်ချင်း ငြင်းဆန်လိုက်လေသည်။

ချူးဟမ့်စကားကို ဒီလိုရပ်ပြီး နားထောင်ပေးတာတောင် လင်းယုရှန်း၏ မျက်နှာကြောင့်ဖြစ်သည်။

ဟွော်ချန်းယီ ထွက်သွားဖို့ ပြင်လိုက်သော်လည်း သူ့လက်ကို ချူးဟမ့် အသည်းအသန် လာဆွဲလေသည်။

“စီအီးအိုဟွော် မသွားပါနဲ့! မသွားပါနဲ့ဦး! ကျွန်တော် ပြောစရာရှိသေးလို့ပါ!”။ ချူးဟမ့် ကြံရာမရဖြစ်လာပြီး အမြန် ပြောလိုက်သည်။ “စီအီးအိုဟွော်၊ ကျွန်တော့် မိန်းမ လင်းယုရှန်းက ကျွန်တော်နဲ့ ကွာရှင်းဖို့ ကြံနေတယ်! စီအီးအိုဟွော်သာ ချူးအုပ်စုကို အခွင့်အရေးပေးမယ်ဆိုရင် ကျွန်တော် ကွာရှင်းဖို့ ကြည်ကြည်ဖြူဖြူ လက်ခံပေးပြီး တရားရုံးမှာ ချက်ချင်း ကွာရှင်းစာချုပ် လက်မှတ်သွားထိုးပေးပါ့မယ်! မဟုတ်ရင် ကျွန်တော် ကွာရှင်းဖို့ကို အချိန် ၁ နှစ် ၂ နှစ်လောက်ဆွဲပြီး သူ့ကို စိတ်ဆင်းရဲအောင် လုပ်မှာနော်!”

ဟွော်ချန်းယီ မျက်မှောင်ကြုတ်သွားသည်။ “ခင်ဗျားမိန်းမကို အသုံးချပြီး ကျုပ်နဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတာလား”

“အဲ့လိုမဟုတ်ပါဘူး။ ဒါပေမယ့် စီအီးအိုဟွော်က အပေးအယူလို့ မြင်ချင်လည်း သဘောပါပဲ။ အားလုံးက စီးပွားရေး သမားတွေချည့်ပဲ မဟုတ်လား။ ပေးဆပ်ရတဲ့ တန်ဖိုးချင်းတူညီရင် အပေးအယူတိုင်းကို ညှိနှိုင်းလို့ ရတာပဲ”။ ချူးဟမ့် ရှင်းပြလိုက်သည်။

“ခင်ဗျားနဲ့ ခင်ဗျားမိန်းမတို့ ကွာရှင်းလိုက်ရင် ကျုပ်အတွက် ကောင်းကျိုးရှိမယ်လို့ ဘာလို့ထင်နေတာလဲ”။ ဟွော်ချန်းယီက ခပ်သဲ့သဲ့ပြုံးကာ မေးလိုက်ပါသည်။

“ဟန်မဆောင်စမ်းပါနဲ့ စီအီးအိုဟွော်ရာ။ ခင်ဗျားသာ ကျုပ်မိန်းမကို သဘောမကျဘူးဆိုရင် ခုနက ဘာလို့ သူရဲကောင်းကြီး လုပ်ပြီး ကယ်ခဲ့တာလဲ။ စီအီးအိုဟွော် ဒီလို သူရဲကောင်းဆန်ဆန် ပြုမူတာမျိုး ကျုပ်တစ်ခါမှ မကြားဖူးပါဘူး”။ ချူးဟမ့် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်လေသည်။

လင်းယုရှန်းကို ဟွော်ချန်းယီ ကယ်တင်ပေးတာတစ်ခုတည်းနဲ့ သူ့ရင်ထဲမှာ ခံစားချက်တစ်ခုခု ရှိနေသည်ဟု ချူးဟမ့် ကောက်ချက်ချနိုင်ပါသည်။

“ခင်ဗျား ထင်တာတွေ မှားနေပြီ။ ခင်ဗျားမိန်းမကို ကျုပ်သိတာ မှန်တယ်။ ဒါပေမယ့် ငယ်ငယ်တုန်းက တစ်ခါနှစ်ခါပဲ တွေ့ဖူးတာ။ အရွယ်ရောက်လာတော့ တစ်ခါမှ မတွေ့ခဲ့ကြဘူး။ ကျုပ်နဲ့ ဘာမှ မရင်းနှီးဘူး”။ ဟွော်ချန်းယီ ပြန်ဖြေလိုက်သည်။

“စီအီးအိုဟွော်။ ခင်ဗျားလို အဆင့်အတန်းနဲ့ ကျုပ်တို့ ချူးအုပ်စုကို ကူညီပေးလိုက်တာက ခုနကလို ပြဿနာ ဝင်ဖြေရှင်းပေးတာလောက်တောင် မပင်ပန်းရပါဘူး! လင်းယုရှန်းကို လိုလိုလားလား ကယ်တင်ပေးခဲ့ပြီး အခု ကျုပ်ပြောနေတာတွေကို နားထောင်ပေးနေတာကို ကြည့်ခြင်းအားဖြင့် ခင်ဗျားရင်ထဲမှာ သူရှိနေမှန်း သိသာတယ်!”

ဟွော်ချန်းယီ ရုတ်တရက် ပြုံးလိုက်သည်။ “ခင်ဗျားခန့်မှန်းတာ တစ်ဝက်ပဲ မှန်တယ်။ ကျွန်တော် လင်းယုရှန်းကို ကူညီပေးဖို့ နည်းနည်းလောက် အားစိုက်ထုတ်ရတာ မပင်ပန်းဘူး။ ဒါပေမယ့် ခြိမ်းခြောက်တာတွေပါတဲ့ အပေးအယူ တစ်ခုကိုတော့ လက်ခံမှာ မဟုတ်ဘူး”

“စီအီးအိုဟွော် ဘာကို ဆိုလိုတာလဲ”။ ချူးဟမ့် အံ့အားသင့်သွားသည်။

“ခင်ဗျား ခြိမ်းခြောက်တာကို ခံရမယ့်အစား ကျုပ်က ခြိမ်းခြောက်တဲ့သူပဲ ဖြစ်ချင်တာ။ ဒီလိုဆိုရင်ကော။ ကျုပ်ခင်ဗျားကို အချိန် ၃ ရက် ပေးမယ်။ ၃ ရက်ကြာလို့မှ လင်းယုရှန်း မကွာရှင်းရသေးရင် ခင်ဗျားတို့ ချူးအုပ်စု အစရှာမရတဲ့အထိ ပျောက်ကွယ်သွားအောင် လုပ်ပေးမယ်။ ပြီးတော့ ချူးမိသားစုပိုင် စည်းစိမ်တွေကိုလည်း အားလုံး ပိတ်သိမ်းခံရအောင် လုပ်ပေးမယ်”

“ခင်ဗျား… ခင်ဗျား ဘာပြောလိုက်တယ်”။ ချူးဟမ့် ကြက်သေသေသွားလေသည်။

… … …

အခန်း(၆၀၈) ဆန်းကြယ်တဲ့လူ

သူခန့်မှန်းတာ မှန်ကန်သည်ဟု ချူးဟမ့် ယုံကြည်ခဲ့သည်။ သို့သော်လည်း ရလဒ်ကတော့ သူခန့်မှန်းထားတာနဲ့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပါသည်။

ချူးဟမ့် ထည့်စဉ်းစားဖို့ မေ့သွားသည့်အချက်က ဟွော်ချန်းယီလို စီးပွားရေးအင်ပါယာကြီးတစ်ခုကို တည်ထောင်ထားသူ တစ်ယောက်အား သူအလွယ်တကူ ခြိမ်းခြောက်လို့ ရနိုင်ပါ့မလား ဆိုတာပင်။

အမြဲတမ်း သူက ခြိမ်းခြောက်သူသာ ဖြစ်ခဲ့သည်။

အမှားကြီး လုပ်မိပြီဖြစ်မှန်း သိသဖြင့် ချူးဟမ့် အမြန်တောင်းပန်လိုက်ပါသည်။ “စီအီးအိုဟွော် ကျွန်တော် မှားပါတယ်။ ကျွန်တော် မှားပါတယ်! ဘာမှ မစဉ်းစားဘဲ ခုနက မဟုတ်တမ်းတရားတွေ ပြောမိတာ! မကြားချင်ယောင် ဆောင်ပေးလို့ မရဘူးလား”

“မရဘူး။ ကျုပ်သေချာ ကြားလိုက်တယ်”။ ဟွော်ချန်းယီ ခွင့်လွှတ်ပေးမှာ မဟုတ်ပေ။

ထို့နောက် ဟွော်ချန်းယီ လှည့်ထွက်သွားခဲ့သည်။ ချူးဟမ့် ပြေးလိုက်ပြီး တောင်းပန်ချင်ခဲ့သော်လည်း ဟွော်ချန်းယီ၏ ဘော်ဒီဂတ်များက တားဆီးလိုက်ကြပါသည်။

ဟွော်ချန်းယီ ကားထဲဝင်ပြီး မောင်းထွက်သွားခါမှ ချူးဟမ့်တစ်ယောက် တကယ်ပဲ အချိန် ၃ ရက်သာ ရှိတော့မှန်း နားလည်လိုက်ရသည်။

လခွီးပဲ!

အစက လင်းယုရှန်းကို စိတ်ဒုက္ခပေးဖို့ သူ့မှာ အချိန်တွေ အများကြီးရှိခဲ့သည်။

တရားရင်ဆိုင်နေရင်း သူမနဲ့ ညှိနှိုင်းဖို့ အချိန်တွေ ရှိခဲ့သည်။ နောင်တစ်ချိန် သူမ စိတ်ပြောင်းချင် ပြောင်းသွားနိုင်သည်။

ယခုတော့ သူ့မှာ အချိန် ၃ ရက်သာ ကျန်ပါတော့သည်။

၃ ရက်အတွင်း သူ ဘာလုပ်နိုင်မှာလဲ။ ချူးဟမ့် နောင်တများဖြင့် ပြည့်နှက်သွားလေတော့သည်။

ဒီလိုဖြစ်မယ်မှန်းသာ သိရင် ဟွော်ချန်းယီကို လာမတွေ့ခင်ကတည်းက သေချာ စဉ်းစားခဲ့ပါတယ်!! ဒါပေမယ့် အမှားက လုပ်ပြီးသွားပြီ။ နောင်တရနေဖို့ နောက်ကျသွားပြီ!

အချိန်အတော်ကြာ ရီဝေစွာ မတ်တပ်ရပ်နေပြီးနောက် ချူးဟမ့် စိတ်ပျက်လက်ပျက်ဖြင့် ကားဆီ ပြန်လျှောက်လာခဲ့ပါသည်။

ကားထဲဝင်ပြီး ကားစက်နှိုးဖို့ ပြင်လိုက်စဉ် ဘယ်ချိန်ကတည်းကမှန်းမသိ သူ့ကားထဲရောက်နေသည့် လူငယ် တစ်ယောက်ကို နောက်ကြည့်မှန်မှ မြင်လိုက်ရသဖြင့် ချူးဟမ့် ထိတ်လန့်သွားလေသည်။

“မင်း… မင်းဘယ်သူလဲကွ! ငါ့ကားထဲ ဘယ်လို ရောက်နေတာလဲ”

“မစ္စတာချူး။ ကျွန်တော့်ဆီက ကျေးဇူးတင်လက်ဆောင်တွေ လက်ခံထားတာ မကြာသေးဘူးလေ။ မေ့သွားပြီလား”။ ထိုလူက အပြုံးဖြင့် ဆိုသည်။

“ကျေးဇူးတင် လက်ဆောင်ဟုတ်လား…။ မင်းက…”။ ချူးဟမ့် ၂ စက္ကန့်လောက် စဉ်းစားလိုက်ပြီး မှတ်မိသွားသည်။ “မင်း…မင်းက အဲ့ဒီလူလား”

ချူးဟမ့်ထင်ထားတာထက် ထိုလူက အများကြီး ပိုငယ်နေပါသည်။ အစက သက်လတ်ပိုင်းလူတစ်ယောက် သို့မဟုတ် အဘိုးကြီးတစ်ယောက် ဖြစ်မည်ဟုပင် ထင်ထားခဲ့တာဖြစ်သည်။

“မစ္စတာချူး မှတ်ဉာဏ်က ဘယ်ဆိုးလို့လဲ”။

“မင်း… မင်း ဘာလိုချင်လို့လဲ”။ ချူးဟမ့် သတိကြီးစွာ မေးလိုက်သည်။

“ဘာမှ မလိုချင်ပါဘူး။ မစ္စတာချူး ခုတလော အခက်အခဲတွေ ကြုံနေရတယ်လို့ ကြားမိလို့လေ။ အဲ့တာကြောင့် ကူညီပေးဖို့ လာခဲ့တာပါ”။

“ကူညီပေးဖို့ လာခဲ့တာဟုတ်လား”။ ထိုလူငယ်ကို ချူးဟမ့် မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

တကယ်ကြီးလား… သူအလိုအပ်ဆုံးအချိန်မှာ အကူအညီပေးနိုင်မယ့်သူ တကယ်ပေါ်လာပြီလား။

မကြာသေးခင်က ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ဟွော်ချန်းယီ၏ ရိုက်ချက်များကြောင့် ချူးဟမ့် ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ရဲတော့ပါ။

“မစ္စတာချူးမှာ လူတွေ လိမ်စရာ စည်းစိမ်ဥစ္စာတွေ ရှိသေးလို့လား”။ လူငယ်က ပြန်ချေပလိုက်သည်။

အခုလက်ရှိ ချူးဟမ့်က မွဲတေနေသူဖြစ်သည်။ ဘာတန်ဖိုးမှ မရှိတော့ပါ။

“ကျုပ်…”။ ချူးဟမ့် ဆွံ့အသွားသည်။ သူဝန်မခံချင်သော်လည်း ချေပစရာ စကားအစအန ရှာမရတော့ပေ။

“မစ္စတာချူး အရမ်းကြီး စိတ်ဓာတ်မကျပါနဲ့။ တကယ် အောင်မြင်တဲ့လူတွေဆိုတာ အမြဲတမ်း ကံအတက်အကျတွေနဲ့ ကြုံရစမြဲပဲ။ အခုလက်ရှိ မစ္စတာချူး ရှုံးနိမ့်နေတာ ယာယီပါ။ အခွင့်အရေးကို အရယူပြီး ခွန်အား ပြန်စုစည်းနိုင်ရင် ပြန်အောင်မြင်လာဖို့ မခက်ခဲပါဘူး”။

လူငယ်၏ စကားလုံးတွေကြောင့် ချူးဟမ့် စိတ်ပြောင်းသွားခဲ့သည်။ သူကြားချင်တဲ့ စကားတွေကလည်း ဒါတွေပဲ မဟုတ်လား။

“ခင်ဗျားပြောတာမှန်တယ်! ကျုပ်တို့ ချူးအုပ်စု တကျော့ပြန်လာနိုင်ဖို့ အချိန်ကောင်းတစ်ခုနဲ့ ကူညီထောက်ပံ့ပေးနိုင်မယ့် လူတစ်ယောက်ပဲ လိုအပ်တာ!”

“ဒါပေမယ့် မစ္စတာချူး… ကျွန်တော်ကလည်း စီးပွားရေး သမားတစ်ယောက်ပါ။ ချူးမိသားစုကို ကူညီပေးရမယ် ဆိုရင် တန်ဖိုးတစ်ခုတော့ ပြန်တောင်းဆိုရလိမ့်မယ်”

“ကျုပ်ကို ဘာလုပ်စေချင်လို့လဲ။ လုပ်စေချင်တာ ပွင့်ပွင့်လင်းလင်းပြောလိုက်! ဘာမဆို ကျုပ်လုပ်ပေးနိုင်တယ်!”။ ချူးဟမ့် အမြန် ခေါင်းငြိမ့်လိုက်ပါသည်။

… … …

All Chapters