အခန်း (၆၀၉-၆၁၀)
Vol. 25 Ch. 609-610
အခန်း(၆၀၉) မူကြိုမှာ ကျောင်းဆရာအသစ်ရောက်ရှိခြင်း
“ခင်ဗျားက ချင်းမိသားစုရဲ့ ပြိုင်ဘက်ဖြစ်လာရမယ်။ ကဏ္ဍတိုင်းမှာနော်။ ကျွန်တော် ပြောတာ နားလည်ရဲ့လား”။
ချူးဟမ့် ခေတ္တကြက်သေသေသွားသည်။ ထို့နောက် ပြုံးကာ ပြန်ပြောလိုက်၏။ “အဲ့တာ ဘယ်လို တောင်းဆိုချက်လဲ။ ဒီ့ထက် လွယ်တာ မရှိတော့ဘူး! အခုလက်ရှိ ကျုပ်စီးပွားရေးက ဟွာချန့်မြို့အခြေစိုက်မဟုတ်ပေမယ့် ချက်ချင်း နေရာ ပြောင်းလိုက်မယ်!”
ချူးဟမ့်အတွကက် အဆ ၁၀,၀၀၀ လောက် အကျိုးကျေးဇူးပြန်ရမည့် ကိစ္စဖြစ်သည်။
ချူးအုပ်စုက ပျက်စီးပြီးသားဖြစ်သဖြင့် ပြန်တည်ဆောက်ဖို့ ဘယ်နေရာမှာမဆို ဖြစ်နိုင်သည်။
“ကောင်းပြီ။ ဒါဆို သွားကြစို့”
“ဘယ်ကို သွားရမှာလဲ”
“ခင်ဗျားရဲ့ ရုံးအသစ်ဆီကို မောင်း” လူငယ်က ညွှန်ကြားလိုက်သည်။
ရုံးအသစ်ဟုတ်လား…။ ဒီလူက သူ့အတွက် ကုမ္ပဏီအသစ်တစ်ခုတောင် စီစဉ်ပေးထားတာလား!
ချူးဟမ့် ဘာမှ ကန့်ကွက်စရာမရှိတော့ပေ။ ချက်ချင်း ကားစက်နှိုးပြီး ထိုလူပြောသည့် တည်နေရာသို့ မောင်းသွားလေသည်။
အခုချိန်မှာ ဒီလမ်းမကြီးက သာမန်ကားလမ်းမကြီးမဟုတ်ဘဲ သူ့ကို အမှောင်ထုထဲမှ ခေါ်ထုတ်ကာ အလင်းဆီ ခေါ်ဆောင်သွားပေးမည့် လမ်းမကြီးဖြစ်သည်ဟု ချူးဟမ့် ခံစားနေရပါသည်။
--- --- ---
တနင်္လာနေ့တွင် စူစူလေး ပုံမှန်အတိုင်းပဲ ဟုံဖုန်းမူကြိုသို့ သွားခဲ့သည်။ ဟဲပေမူလည်း ပါပါသည်။
ဆရာမကျူးက ကလေးတွေကို သတင်းထူးတစ်ခု ချက်ချင်း ကြေညာလေသည်။ “ကလေးတို့။ ဒီနေ့ ဆရာမတို့ဆီ ဆရာအသစ်တစ်ယောက် ရောက်လာလိမ့်မယ်! ဆရာမ မဟုတ်ဘူး ဆရာနော်! အားလုံး စိတ်လှုပ်ရှားနေကြပြီလား!”
မကြာသေးခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကြောင့် ဆရာမတွေ အတော်လေး ထိတ်လန့်ကုန်ကြသည်။ ဆရာမ တစ်ယောက် နှစ်ယောက်ဆို အလုပ်ပါ ထွက်သွားကြပါသည်။
ကံကောင်းစွာဖြင့် ဂုဏ်သရေရှိ အဆင့်မြင့် ကိုယ်ပိုင်ကျောင်းဖြစ်သည့်အတွက် ဟုံဖုန်းမူကြိုက လစာကောင်းကောင်း ပေးထားသည်။ ထို့ကြောင့် ဆရာဆရာမအသစ်တွေ ခပ်မြန်မြန်ပဲ အစားထိုး ဝင်ရောက်လာပါသည်။
“စိတ်လှုပ်ရှားပါတယ်~”။ ကလေးတွေ တစ်ပြိုင်တည်း အော်လိုက်ကြသည်။
“ဟုတ်ပြီ ဒါဆို ဆရာအသစ်လေးကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်~”။ ဆရာမကျူးက ကလေးတွေရှေ့မှ ဦးဆောင် လက်ခုပ်တီးပေးလိုက်သည်။
ထိုစဉ် စာသင်ခန်းတံခါး ပွင့်သွားပြီး Suit ကို သားသားနားနား ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် တင်လာလေသည်။
ထိုလူငယ်က အရပ်ရှည်ပပြီး စူးရှတောက်ပသော မျက်လုံးများရှိသည်။ နှာတံစင်းပြီး မျက်နှာအစိတ်အပိုင်းများက အလွန် ကျော့ရှင်းကာ အလွန်ယောက်ျားပီသပါသည်။
ကလေးတွေက အလှအပ သိပ်မမြင်တတ်သေးသဖြင့် ဆရာအသစ်ကို လက်ခုပ်လက်ဝါးတီးပြီးသား ကြိုဆိုလိုက်ကြသည်။ အပျိုတစ်ယောက်ဖြစ်သည့် ဆရာမကျူးကတော့ မြင်လိုက်ရုံနဲ့ ရှက်သွေးဖြာသွားပါသည်။
ဒီဆရာအသစ်၏ အရည်အသွေးက အလွန်မြင့်မားပါသည်။
ဆရာမ နှစ်ယောက် အလုပ်ထွက်သွားသောကြောင့် ကျန်ရစ်ခဲ့သည့် ဆရာဆရာမများက အလုပ်ပိုရှုပ်ကြမှာ မှန်သော်လည်း ဒီလို ကောင်းကွက်လေးတွေလည်း ရှိပါသေးသည်။
ဆရာအသစ်က စာသင်ခုံစင်မြင့်ပေါ်ကို တက်ပြီး ပြုံးကာ မိတ်ဆက်လိုက်သည်။ “တွေ့ရတာ ဝမ်းသာပါတယ် ကလေးတို့။ ဆရာ့နာမည် ထန်ထိုက်မင်ပါ”။
“တွေ့ရတာ ဝမ်းသာပါတယ် ဆရာထန်~”။ ကလေးများကလည်း တပြိုင်တည်း နှုတ်ဆက်လိုက်ကြသည်။
ကလေးတွေအားလုံးက ဆရာအသစ်တစ်ယောက် ရောက်လာသည်ဆိုတာကိုသာ နားလည်ကြသည်။ ချူးယန်ရှီ တစ်ယောက်တည်းကသာ ဒီဆရာအသစ်က အလွန်သားသားနားနား ဝတ်ဆင်ထားမှန်း သတိထားမိလေသည်။ သူ့ပုံစံက ရိုးရှင်းသည့်ပုံစံပေါက်သော်လည်း တကယ်တမ်းက စည်းစိမ်များဖြင့် ဖုံးလွှမ်းနေသူဖြစ်သည်။
ခေါင်းအစ ခြေအဆုံး ခမ်းနားထည်ဝါမှု အရှိန်အဝါတွေ ထွက်နေသည်။
ချူးယန်ရှီ နားမလည်နိုင်ဖြစ်သွား၏။ ဒီလို ချမ်းသာပြီး ချောမောတဲ့ ယောက်ျားတစ်ယောက်က ဘာကြောင့် မူကြိုမှာ ကျောင်းဆရာ လာလုပ်နေရတာလဲ။
ဧကန္တ ဘဝအတွေ့အကြုံလာယူတာလား။
“ကျေးဇူးတင်ပါတယ် ကလေးတို့။ ဒါပေမယ့် ဆရာ့မျိုးရိုးနာမည်က ထန်ထိုက်ပါ။ စကားလုံး ၂ လုံးပါတယ်။ အဲ့တာကြောင့် ဆရာ့ကို ခေါ်ရင် ဆရာထန်ထိုက် သို့မဟုတ် ဆရာမင်လို့ ခေါ်လို့ရပါတယ်”။ ထန်ထိုက်မင်က ရှင်းပြလိုက်သည်။
“မင်္ဂလာပါ ဆရာမင်~”။ ကလေးတွေအားလုံး ပြောင်းလဲ ခေါ်ဆိုလိုက်ကြသည်။
“ကဲ အခု ဆရာ့ကို ဘယ်သူ ဘာမေးချင်တာရှိလဲ။ မေးချင်တာ မေးလို့ရတယ်နော်။ ဆရာ ဖြေနိုင်တာဆိုရင် သေချာပေါက် ဖြေပေးပါ့မယ်”။ ထန်ထိုက်မင်က ဆိုသည်။
ထိုစကားဆုံးတာနဲ့တစ်ပြိုင်နက် ကလေးတစ်ယောက်က လက်မြှောက်လိုက်ပါသည်။
“ဆရာမင်မှာ ကောင်မလေးရှိလား”။
--- --- ---
အခန်း(၆၁၀) ပန်းချီဆရာကြီးတစ်ယောက် ရောက်လာခြင်း
ဧကန္တ စူစူလေး သူ့တူကြီးအတွက် ကောင်မလေးရှာပေးသည့် အဖြစ်အပျက်က အလွန်အမှတ်ရစရာကောင်းသဖြင့် လူကြီးတွေကို မြင်တိုင်း ကလေးတွေအားလုံး ဒီမေးခွန်းပဲ အရင်မေးကြတာ ဖြစ်နိုင်သည်။
ထန်ထိုက်မင် ပြုံးကာ ပြန်ဖြေလိုက်သည်။ “မရှိသေးပါဘူး။ ဒါပေမယ့် မကြာခင် ရှာဖို့တော့ စဉ်းစားထားတယ်”
“ဒါဆို ဆရာမင်က ဘယ်လိုကောင်မလေးမျိုးကို သဘောကျတာလဲ”။ ကလေးနောက်တစ်ယောက်က မေးသည်။
“အဲ့တာတော့ မပြောတတ်သေးဘူး”။ ထန်ထိုက်မင်က ဆိုသည်။
“သမီး ဆရာမင်ရဲ့ ကောင်မလေး လုပ်လို့ရလား”။ ကလေးမလေးတစ်ယောက်က ရုတ်တရက် မေးလိုက်သည်။
“သမီးကော သမီးကော! သမီးလည်း ဆရာမင်ရဲ့ ကောင်မလေး လုပ်ချင်တယ်!”
“သားလည်း လုပ်မယ်! သားမှာလည်း ကောင်မလေး မရှိဘူး!”။ ကောင်လေးတစ်ယောက်ကပါ ဝင်ပြောလိုက်လေသည်။
“…”
ကလေးတွေအားလုံး လက်မြှောက်ကုန်ကြသည်။
စူစူလေး တူကြီးအတွက် ကောင်မလေးရှာပေးသည့် အဖြစ်အပျက်ကြောင့် ဘယ်သူမဆို ကောင်မလေးလုပ်လို့ ရသည်ဟု ကလေးတွေ ထင်သွားကြသည်။
ထန်ထိုက်မင်က ပြုံးလျက် ရှင်းပြလိုက်ပါသည်။ “ကလေးတို့က ငယ်ပါသေးတယ်။ ဆရာရှာနေတဲ့ ကောင်မလေးက လူကြီးဖြစ်မှ ရမှာလေ”
ဒါကိုကြားတော့ ကလေးတွေအားလုံး စိတ်ပျက်သွားကြသည်။
ဒီခေတ် လူကြီးတွေကတော့ တကယ်ခက်တာပဲ။ ရည်းစားလိုချင်တာတောင် စံနှုန်းတွေ အများကြီး ထားနေတယ်။ အခုလည်း သူတို့ကို ငယ်သေးလို့တဲ့။
ထို့နောက် ကလေးတွေ ထန်ထိုက်မင်ကို မေးချင်တာ ဆက်မေးကြသည်။ ထန်ထိုက်မင်ကလည်း မေးခွန်းတစ်ခုချင်းကို သေချာ ပြန်ဖြေပေးပါသည်။
ကလေးတွေရဲ့ မေးခွန်းကို ဖြေဆိုပြီးနောက် စူစူလေးထံ ထန်ထိုက်မင် အကြည့်ရောက်သွားသည်။
စူစူလေး၏ အသွင်က စပ်စုချင်စိတ်များသည့် တခြားကလေးတွေကြားထဲမှာ ထင်ရှားနေပါသည်။
စူစူလေးက ဆရာအသစ်ကို စိတ်ဝင်စားပုံလည်း မပေါ်ပါ။ တခြားကလေးတွေလို မေးခွန်းလည်း ဘာမှ မမေးပါ။
သို့သော် ထန်ထိုက်မင်က စူစူလေးကို စိတ်ဝင်စားသွားသည်။ “ကျစ်ဆံမြီးလေးနဲ့ ကလေးမလေး။ နာမည် ဘယ်လိုခေါ်လဲ”
ကျစ်ဆံမြီးဟုတ်လား…
သူ့ကို ခေါ်နေတာပဲ။
စူစူလေး ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် သူမ ဘာမှ မဖြေနိုင်ခင် ဘေးက ကလေးများက ကူညီ ဖြေဆိုပေးလိုက်ကြသည်။
“သူ့နာမည် ချင်းစူစူတဲ့! သားတို့ရဲ့ ဘော့စ်လေ!”
“စူစူလေးက အရမ်းတော်တာ”
“စူစူလေးက အရမ်းသတ္တိရှိတယ်!”
“…”
စူစူလေး၏ အမာခံ ပရိတ်သတ် ချင်းလောင်ယွင်အပါအဝင် ကလေးတွေအားလုံး စူစူလေးကို စိတ်အားထက်သန်စွာ ချီးကျူးလိုက်ကြပါသည်။
ချူးယန်ရှီက စူစူလေးနဲ့ မလှမ်းမကမ်းမှာ ထိုင်နေသည်။ သူမ ဒီလိုအလျစ်လျူရှုခံနေရချိန် ချင်းစူစူ အာရုံစိုက်ခံရတာကို အလွန်မုန်းတီးပါသည်။
ချင်းစူစူကို သူမ ရင်ထဲမှ ၂ ကြိမ် ၂ ခါလောက် ဆဲဆိုကြိမ်းမောင်းလိုက်လေသည်။
သို့သော်လည်း ဒီလိုအခြေအနေက ယာယီသာ ဖြစ်မှန်း ချူးယန်ရှီ သိပါသည်။ သူမ စိတ်မပူတော့ပါ။ သူမတို့ ချူးမိသားစု စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက်၏ အကူအညီဖြင့် ပြန်လည် နလံထူလာနိုင်ပြီဖြစ်သည်။ သူမအတွက် အနာဂတ်ကောင်းတစ်ခု စောင့်ကြိုနေပါပြီ။
မကြာခင် ဟွာချန့်မြို့ရှိ ချင်းမိသားစု၏ နေရာကို သူမတို့ ချူးမိသားစုက အစားထိုး ဝင်ရောက်နိုင်တော့မည်။ ထိုအခါ ချင်းစူစူ ရယ်မောနိုင်တော့မှာ မဟုတ်ပါ။
ထန်ထိုက်မင်ပြုံးလျက် ပြောလိုက်သည်။ “ချင်းစူစူလေးက အရမ်း ရေပန်းစားတဲ့ပုံပဲ။ ချင်းစူစူကော ဆရာ့ကို ဘာမေးချင်တာ ရှိလဲ”
ထန်ထိုက်မင်၏ မျက်လုံးတွေထဲမှာ အပြုံးပန်းတွေ ဝေဆာနေပြီး ဆန်းကြယ်သည့် ပျော်ရွှင်မှု အရိပ်အယောင်ကို မြင်နေရသည်။
ချင်းစူစူကို ကြည့်သည့် သူ့အကြည့်က တခြားကလေးတွေကို ကြည့်သည့် အကြည့်နဲ့ ခြားနားပါသည်။
သို့သော်လည်း ကလေးတွေဖြစ်ကြသဖြင့် ခြားနားချက်ကို သတိထားမိကြမှာ မဟုတ်ပေ။
စာသင်ခန်းထဲရှိ လူကြီးတစ်ယောက်ဖြစ်သော ဆရာမကျူးကလည်း ထန်ထိုက်မင်ဘေးမှာ ရပ်နေသဖြင့် သူ့မျက်နှာကို ထင်ထင်ရှားရှား မမြင်ရပါ။
“မမေးချင်ပါဘူး။ အလုပ်ကို ကြိုးကြိုးစားစားလုပ်”။ စူစူလေး ပြန်ဖြေလိုက်သည်။ သူမ ဆရာအသစ်ကို စိတ်မဝင်စားပါ။
ဒါကိုကြားတော့ ထန်ထိုက်မင် ပြုံးသွားပါသည်။ ထို့နောက် အမေးအဖြေ ကဏ္ဍကို အဆုံးသတ်လိုက်ပြီး စာသင်စင်မြင့်ကို ဆရာမကျူးထံ ပြန်အပ်နှံလိုက်သည်။
ထို့နောက် ဆရာမကျူးက နောက်ထပ် သတင်းထူးတစ်ခုကို ထပ်ကြေညာလိုက်ပြန်သည်။ “ကလေးတို့ ဒီနေ့ အရမ်း ပါရမီရှိတဲ့ ပန်းချီဆရာကြီးတစ်ယောက်က ကလေးတို့ကို ပန်းချီဆွဲနည်း လာသင်ပေးဖို့ ရှိတယ်။ စိတ်လှုပ်ရှားကြရဲ့လား”
… … …