← Chapters

အခန်း (၆၁၁-၆၁၂)

Vol. 25 Ch. 611-612

အခန်း (၆၁၁-၆၁၂)

Vol. 25 Ch. 611-612

အခန်း(၆၁၁) စူစူလေးကို တွေ့ရဖို့ အကြံအဖန်

“စိတ်လှုပ်ရှားပါတယ်~”။ ကလေးတွေအားလုံး တပြိုင်တည်း အော်လိုက်ကြသည်။

ပန်းချီဆရာကြီးတဲ့! အရမ်းတော်မယ့်ပုံပဲ! ပန်းချီဆရာဆိုတာ ပုံလှလှလေးတွေ ဆွဲတဲ့သူမလား။ ပန်းချီဆွဲရမှာတော့ ပျော်စရာကောင်းမယ့်ပုံ သိပ်မပေါ်ဘူး…။

ကလေးတွေ စိတ်ထဲမှာ သိပ်ပြီး စိတ်မလှုပ်ရှားကြသော်လည်း ဆရာမကျူးက အားတက်သရောမေးသဖြင့် စိတ်လှုပ်ရှားချင်ယောင် ဆောင်လိုက်ကြပါသည်။

သို့သော် ဆရာမကျူးကတော့ ကလေးတွေထက်ပင် ပိုပြီး တက်ကြွနေပါသည်။

ကလေးတွေက ဒီပန်းချီဆရာကြီးရဲ့ အရှိန်အဝါကို နားမလည်နိုင်သော်လည်း သူမကတော့ နားလည်သည်။

ဒီပုဂ္ဂိုလ်ကြီးက သာမန်လူတွေ တွေ့ချင်ရင်တောင် တွေ့နိုင်မည့်လူ မဟုတ်ပါ။

ထို့ကြောင့် သူမနဲ့ တခြားဆရာမတွေ တစ်မနက်လုံး သေချာ ပြင်ဆင်နေခဲ့ကြသည်။ ပျော်လည်းပျော်သလို စိုးရိမ်စိတ်လည်း ဖြစ်မိကြသည်။။

ချူးယန်ရှီလည်း အလွန်ပျင်းရိနေပါသည်။

ဘယ်က ပန်းချီဆရာကြီးလဲ။ လမ်းဘေးက သွားခေါ်လာတဲ့ အပေါစား ပုံဆွဲတဲ့သူပဲနေမှာပေါ့!

တကယ်တမ်း အရှိန်အဝါကြီးမားသည့် ပန်းချီဆရာတွေက မူကြိုကျောင်းတစ်ခုမှာ ကလေးတွေကို ပုံဆွဲ လာသင်ရလောက်အောင် အားလပ်နေမည်ဟု ချူးယန်ရှီ မထင်မိပါ။

--- --- ---

နေ့လယ်စာစားချိန် ရောက်သောအခါ ကားအကောင်းစားကြီးများစွာ ဟုံဖုန်းမူကြို ကားပါကင်ဆီသို့ ရောက်လာကြသည်။ ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမများက အသင့်စောင့်ကြိုနေကြပါသည်။

ဆံပင်ဖြူဖြူ အဘိုးကြီးတစ်ယောက် ကားပေါ်မှ ဆင်းလာလေသည်။ အဘိုးကြီးက တခြားသူမဟုတ်ဘဲ နာမည်ကျော် ပညာရှင်ကြီး ဆရာကြီးကောဖြစ်သည်။

ဘေးမှာ ချိုင်ကျမ့်ယဲ့လည်း ပါလာသည်။ ချိုင်ကျမ့်ယဲ့က ဟွာချန့်မြို့မှာ နေစဉ်အတွင်း ဆရာကြီးကောကို အဖော်ပြုပေးနေတာ ကြာပြီဖြစ်သည်။

ကျောင်းအုပ်ကြီး၏ အကူအညီဖြင့် စူစူလေး၏ စာသင်ခန်းထဲသို့ ဆရာကြီးကော ဝင်လာခဲ့ပါသည်။

ပျင်းရိပျင်းတွဲဖြစ်နေသည့် ချူးယန်ရှီတစ်ယောက် ဆရာကြီးကောကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် ကြက်သေသေသွားလေသည်။

ဒါ… ဒါဆရာကြီးကောပဲ!

တကယ်ကြီး ဆရာကြီးကောပါလား!

ဆရာမကျူးပြောတဲ့ ပန်းချီဆရာဆိုတာ ဆရာကြီးကောပေါ့!

ထိုပန်းချီဆရာဆိုတာ သာမန် အသေးစား ပန်းချီဆရာအဆင့်သာ ဖြစ်မည်ဟ ချူးယန်ရှီ ထင်ထားခဲ့တာဖြစ်သည်။ နိုင်ငံတော်၏ ရတနာတစ်ပါးဟု တင်စားထိုက်သော ဆရာကြီးကော ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပါ။

ချူးယန်ရှီ တုန်လှုပ်သွားခဲ့သည်။

သူမ အသက် ၃ နှစ်အရွယ်တုန်းက ပန်းချီလောကမှာ အဆက်အသွယ်တည်ဆောက်ဖို့ ကြိုးစားနေသည့် သူမအဖေက ဆရာကြီးကော၏ တပည့်ဖြစ်သူ ဆရာချန်းဆီမှာ သူမ တပည့်ခံနိုင်အောင် ကြံစည်ခဲ့သည်။ ချူးဟမ့်၏ အဆင့်အတန်းနဲ့ ဆရာကြီးကော၏ တပည့်ဖြစ်သူ ဆရာချန်းနဲ့ အဆက်အသွယ်ရဖို့တောင် အလွန်ခက်ခဲခဲ့ပါသည်။ သို့သော် နောက်ဆုံးမှာတော့ မအောင်မြင်ခဲ့ပေ။

ဆရာကြီးကောကို ဆက်သွယ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါ။ သူတို့ မျက်နှာချင်းဆိုင် တစ်ခါမှ မတွေ့ဖူးကြပေ။

ယခင်ဘဝတုန်းက သူမ အသက် ၇ နှစ် ၈ နှစ်အရွယ်မှာ လင်းယုရှန်းနဲ့အတူ လေလံပွဲတစ်ခုဆီသို့ အတူ လိုက်သွားဖူးသည်။

ထိုအချိန် ဆရာကြီးကော ဆုံးပါးသွားပြီဖြစ်ကာ သူ့ပန်းချီလက်ရာတစ်ခုကို သန်း ၃၀၀ နဲ့ လေလံတင် ရောင်းချနိုင်ခဲ့သည်။

ယခုတော့ ဒီလို အထင်ကရ ပုဂ္ဂိုလ်ကြီးက သူမ အထင်သေးရသည့် မူကြိုကျောင်းဆီ ရောက်လာခဲ့လေပြီ။ ထို့အပြင် သူမတို့ကို ပန်းချီပညာသင်ပေးဖို့ ရောက်လာခဲ့တာဖြစ်သည်။

စာသင်ခန်းထဲရောက်ရောက်ချင်း ဆရာကြီးကော ပထမဆုံးလုပ်သည့်အရာက ကလေးတွေကြားထဲ စူစူလေးကို ရှာဖွေလိုက်ခြင်း ဖြစ်သည်။

စူစူလေး၏ အသွင်အပြင်က အလွန်ထူးခြားပြီး အရှိန်အဝါကလည်း ပြိုင်ဘက်ကင်းသဖြင့် ကလေးတွေကြားထဲ အလွန် ထင်ရှားလို့နေပါသည်။ ထို့ကြောင့် ဆရာကြီးကော ချက်ချင်း သတိထားမိသွားသည်။

ဟူး မတတ်နိုင်ဘူလေ…။

စူစူလေးက သူ့ထံမှ ပန်းချီပညာသင်ယူဖို့ ငြင်းဆန်ခဲ့ကာ တခြား ဘာပညာကိုမှလည်း လက်မခံခဲ့သဖြင့် ဆရာကြီးကော တခြားနည်းလမ်းရှာဖွေခဲ့ရသည်။

ကျောင်းအုပ်ကြီးက ရွှင်ပြုံးလျက် ဆရာကြီးကောကို ကလေးများနဲ့ မိတ်ဆက်ပေးလိုက်ပါသည်။ “ကလေးတို့။ ဒီဘိုးဘိုးက ကလေးတို့ကို ပန်းချီဆွဲနည်းသင်ပေးမယ့် ဆရာကြီးလေ။ သူက အရမ်းတော်ပြီး နာမည်အရမ်းကြီးတဲ့ ပန်းချီဆရာတစ်ယောက်ပဲ။ အားလုံး လိမ်လိမ်မာမာ နေရမယ်နော်!”

“ဟုတ်ကဲ့ပါ~”။ ကလေးတွေအားလုံး ချိုမြိန်စွာ ပြန်ဖြေလိုက်ကြသည်။

ပထမဆုံးအကြိမ်အဖြစ် ချူးယန်ရှီလည်း တခြားကလေးတွေနဲ့အတူ ပြန်ဖြေလိုက်ခြင်းဖြစ်သည်။ အရင်တုန်းက အလွန်ကလေးဆန်လွန်းသဖြင့် ဒီလို မေးခွန်းတွေကို ချူးယန်ရှီ ပြန်မဖြေခဲ့ပါ။

သို့သော်လည်း ဒီနေ့ကတော့ ထူးခြားသည်။ သူမ ဆရာကြီးကောရှေ့မှာ လိမ်လိမ်မာမာနေမှ ဖြစ်ပါမည်။

ဧကန္တ မျှော်လင့်မထားသည့် ဒီတွေ့ဆုံမှုကြောင့် သူမ ဆရာကြီးကော၏ အာရုံစိုက်မှုကို ခံရပြီး ဒီဘဝမှာ ကံကြမ္မာကို ပြောင်းလဲနိုင်လောက်သည်။

… … …

အခန်း(၆၁၂) ဆရာကြီးကောနဲ့ နီးစပ်အောင် ကြိုးစားခြင်း

ဆရာကြီးကောက ပြုံးကာ ပြောလိုက်သည်။ “မကြောက်ကြပါနဲ့ ကလေးတို့။ ဘိုးဘိုးကို ကလေးတို့က ဘိုးဘိုးကောလို့ ခေါ်လည်းရပါတယ်”

“တွေ့ရတာဝမ်းသာပါတယ် ဘိုးဘိုးကော~”။ ကလေးတွေအားလုံး လိမ်လိမ်မာမာနဲ့ ချစ်စရာကောင်းစွာ ပြန်ဖြေလိုက်ကြသည်။ အမှန်ပင်။ ချူးယန်ရှီလည်း အပါအဝင်ဖြစ်သည်။

စူစူလေးတစ်ယောက်တည်းသာ ဆရာကြီးကောကို အူတူတူဖြင့် ကြည့်နေပါသည်။

ဒီဦးလေးကြီးက ဘာလာလုပ်တာလဲ။ သူ့တပည့်လုပ်ခိုင်းပြီး ပန်းချီဆွဲခိုင်းဖို့ လာဖမ်းတာတော့ မဟုတ်ပါဘူးနော်။ သူမမှ ပန်းချီမဆွဲချင်တာ! သူမက ပိုသန်မာလာဖို့ပဲ လိုတယ်! ဒါမှ နတ်ယုတ်မာကြီးကို ကလဲ့စား ပြန်ချေနိုင်မှာ!

ဆရာကြီးကောကလည်း စူစူလေး၏ သတိကြီးပြီး ထွက်ပြေးချင်နေသော မျက်နှာလေးကို မြင်ကာ စိတ်ထဲမှ ရေရွတ်နေမိသည်။

မပြေးပါနဲ့ စူစူလေး။ ကျေးဇူးပြုပြီး မပြေးပါနဲ့။

စူစူလေးနဲ့ တွေ့ရဖို့ ဒီအခွင့်အရေးကို ဖန်တီးခဲ့ရတာ မလွယ်ဘူး!

စူစူလေး လစ်မပြေးနိုင်ခင် ဆရာကြီးကောက အခွင့်အရေးယူကာ အမြန်ပြောလိုက်သည်။ “ကလေးတို့ ဒီနေ့ သင်ခန်းစာ စကြရအောင်။ အားလုံး အသင့်ဖြစ်ပြီလား”

“အသင့်ဖြစ်ပါပြီ!”

ကလေးတွေအားလုံး ပုံဆွဲဖို့ ပစ္စည်းလေးတွေ ထုတ်လိုက်ကြသည်။

ထို့နောက် ဆရာကြီးကော၏ သင်ခန်းစာ စတင်လေသည်။ ဆရာကြီးကောက စာသင်စင်မြင့်ပေါ်မှာ ပုံဆွဲပြပြီး ကလေးများက ကိုယ့်ထိုင်ခုံမှာကိုယ် ပုံဆွဲရသည်။

ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမများက စာသင်ခန်း တံခါးဝမှာ စောင့်ကြည့်နေကြပြီး အကူအညီလိုအပ်သည့် ကလေးများထံ မကြာခဏ လာရောက်ကူညီပေးသည်။

ထန်ထိုက်မင်လည်း စာသင်ခန်းတံခါးကို မှီလျက် ပြုံးကာ စောင့်ကြည့်နေပါသည်။ သူ့မျက်လုံးတွေမှာ ပြက်ရယ်ပြုသော အရိပ်အယောင်တချို့ကို ဖုံးကွယ်ထားသည်။

ဆရာကြီးကောလို အဆင့်အတန်းမျိုးနဲ့လူက ဒီလိုမူကြိုဆီ ရောက်လာတယ်ပေါ့…။

စိတ်ဝင်စားစရာပဲ…

ဒီကျောင်းကို ရောက်တာ ပထမဆုံးရက်ဆိုပေမယ့် စိတ်ဝင်စားစရာတွေ မြင်နေရပြီ။

ဒီမှာနေရတဲ့ နေ့ရက်တွေ ပျင်းစရာကောင်းတော့မှာ မဟုတ်ဘူး။

ခေတ္တကြာသောအခါ ဆရာကြီးကော သင်ကြားပြသပေးမှု ပြီးဆုံးသွားပြီဖြစ်ကာ ကလေးတွေ ကိုယ့်စိတ်ကူးနဲ့ကိုယ် ဖန်တီးဖို့ အချိန်ကျလာပြီဖြစ်သည်။

ဆရာကြီးကောက စာသင်စင်မြင့်ပေါ်မှ ဆင်းလာပြီး ပုံဆွဲနေသည့် ကလေးများကို လိုက်လံကြည့်ရှုလေသည်။

ချူးယန်ရှီ ရုတ်တရက် စိတ်ဖိစီးသွား၏။

ဆရာကြီးကော အာရုံစိုက်တာကိုသာ ခံရပြီး သူ့တပည့်ဖြစ်သွားရင် သူမ အနာဂတ်လုံးဝ တောက်ပသွားပြီပဲ!

ဒါမဟာဖြတ်လမ်းကြီးတစ်ခုလိုပဲ! ချူးအုပ်စုအောင်မြင်လာတာကို စောင့်တာထက်စာရင် အများကြီး ပိုမြန်တယ်!

ပြီးတော့ အရင်ဘဝကလည်း သူမ ပန်းချီပညာကို သင်ဖူးတာပဲ! ရွယ်တူတွေနဲ့ ယှဉ်ရင် သူမစွမ်းရည်က ထူးချွန်တယ်လို့ ပြောလို့မရပေမယ့် အခုက အသက် ၄ နှစ်ပဲ ရှိသေးတာလေ!

အသက် ၄ နှစ်အရွယ်တည်းနဲ့ ဒီလောက် စွမ်းဆောင်တတ်နေပြီ ဆိုရင် သူမကို ပါရမီရှင်လို့ ခေါ်ကြမှာပဲ မဟုတ်လား။

ဒီလိုသာဆို သူမကို ဆရာကြီးကော သတိထားမိနိုင်ချေ ပိုမြင့်သွားပြီ!

ထိုအတွေးဖြင့် ချူးယန်ရှီ အလွန်စိတ်ဖိစိးသွားပြီး ပုံကို သေချာ အာရုံစိုက်ကာ ဆွဲလေသည်။

ကလေးများ၏ ရိုးရှင်းသော ပန်းချီလေးများကို ကြည့်ရင်း ဆရာကြီးကော အပြုံးကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ချစ်ဖို့ကောင်းလိုက်တာ”

ဘေးမှ ကျောင်းအုပ်ကြီးကလည်း ရယ်ရယ်မောမောနဲ့ ထောက်ခံပါသည်။ “ဟုတ်ပါတယ် ကလေးတွေအားလုံးက ချစ်ဖို့ကောင်းကြတယ်”

ဆရာကြီးကောက ကလေးတွေကို တစ်ယောက်ချင်း လိုက်လံကြည့်ရှုနေပြီး ချူးယန်ရှီဘေးသို့ ရောက်ခါနီးနေပြီ ဖြစ်သည်။

ထိုစဉ် ရုတ်တရက်ဆိုသလို ဆေးရောင်ခြယ်ဘူး မှောက်ကျသည့််အသံတစ်သံကို ဆရာကြီးကော ကြားလိုက်ရသည်။

ဆရာကြီးကော လှမ်းကြည့်လိုက်ရာ စူစူလေး၏ ဆေးရောင်ခြယ်ဘူး မှောက်ကျသွားတာဖြစ်မှန်း သိလိုက်ရလေသည်။

စူစူလေးထံ ခပ်သုတ်သုတ်လျှောက်သွားပြီး ဆရာကြီးကော မေးမြန်းလိုက်သည်။ “ဘာဖြစ်တာလဲ။ ခြေထောက် ထိသွားသေးလား”

“မထိပါဘူး”။ စူစူလေးက ပြန်ဖြေသည်။

စူစူလေး၏ ဖိနပ်အဖြူရောင်လေးများက အစွန်းအထင်းမဲ့နေပါသည်။ ဆေးရောင်ခြယ်ဘူးကြောင့် ညစ်ပတ်မသွားမှန်း မြင်သာသည်။

“တော်သေးတာပေါ့ တော်သေးတာပေါ့”။ ဆရာကြီးကော သက်ပြင်းချလိုက်သည်။

ထို့နောက် စူစူလေးရဲ့ “ပန်းချီ”ထံ ဆရာကြီးကော မျက်စိရောက်သွားသည်။

“ဒီကလေးရဲ့ ပန်းချီက တကယ်လှတာပဲ! တော်တော် ပါရမီရှိတဲ့ ကလေးပါလား!”။ ဆရာကြီးကော ချီးမွန်းလိုက်သည်။ သူ့မျက်နှာထားကလည်း လွန်လွန်ကြူးကြူး ရွှင်မြူးနေပါသည်။

ဟမ်…။

စူစူလေးရဲ့ ပန်းချီကို ဆရာကြီးကောက ချီးကျူးနေတာလား!

သူ့မှာ ပါရမီရှိတယ်လို့တောင် ဆရာကြီးကောပြောလိုက်တာလား!

အံ့ဩစရာကြီး!

ဆရာကြီးကောနောက်မှ လိုက်လာသည့် ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမများအားလုံး စူစူလေး၏ “ပန်းချီ”ကို အမြန် ဝိုင်းကြည့်လိုက်ကြသည်။

ထို့နောက်…

အားလုံးမျက်နှာများ ကြက်သေသေသွားကြလေသည်။

… … …

All Chapters