အခန်း (၆၁၃-၆၁၄)
Vol. 25 Ch. 613-614
အခန်း(၆၁၃) ကျောင်းသူစူစူလေး ဒီလောက်တော်မယ် ထင်မထားဘူး
“ပန်းချီ”ဟု ခေါ်တာထက် “တောင်ခြစ်မြောက်ခြစ်”ဟု ခေါ်လျှင် ပိုပြီးသင့်တော်လိမ့်မည်။
စူစူလေးက အရောင်ပေါင်းစုံကို ကျပန်း လျှောက်ခြယ်ထားခြင်းဖြစ်ပြီး သူမ ဘာဆွဲထားသလဲဆိုတာကို နားလည်ဖို့ အလွန်ခက်ခဲပါသည်။
သူတို့ ဘာမှနားမလည်နိုင်သဖြင့် အသိအမှတ်လည်း မပြုနိုင်ကြပေ။
ဒါပေမယ့် ဆရာကြီးကောက လှတယ်လို့ပြောတော့ တကယ်လှလို့ပဲနေမှာ!
သူတို့ နားမလည်နိုင်တာက သူတို့ရဲ့ အနုပညာအမြင် အရမ်းနိမ့်လို့ အသိအမှတ်မပြုနိုင်တာဘဲ နေမှာ!
စူစူလေးရဲ့ အပြစ်မဟုတ်သလို ဆရာကြီးကောရဲ့ အပြစ်လည်း မဖြစ်နိုင်ဘူး!
အူကြောင်ကြောင်ပုံစံ မပေါက်စေဖို့အတွက် ကျောင်းအုပ်ကြီးက သံယောင်လိုက်ကာ ပြောလိုက်ပါသည်။ “ကျောင်းသူစူစူလေးရဲ့ ပန်းချီက တကယ် လက်ရာမြောက်တာပဲ။ အရောင်ရွေးချယ်မှုတွေ၊ ပေါင်းစပ်မှုတွေက… အရမ်းကို ထူးခြားပါပေတယ်”
ကျောင်းအုပ်ကြီးကတောင် ဒီလိုပြောသဖြင့် ဆရာမတွေလည်း ငြိမ်မနေနိုင်တော့ပါ။ “ကျောင်းသူစူစူလေး ဒီလောက် တော်မယ်ထင်မထားဘူး!”
အားလုံးရဲ့ ချီးကျူးစကားတွေကို ကြားသောအခါ စူစူလေး အံ့အားသင့်သွားသည်။ သူမရဲ့ ပန်းချီကားလေးကို ငုံ့ကြည့်လိုက်ပါသည်။
သူမ လျှောက်ခြစ်ထားတာကို အားလုံးက ဘာလို့လှတယ်လို့ ပြောနေကြတာလဲ။
လူသားတွေက တော်တော်ထူးဆန်းတာပဲ။
မလှမ်းမကမ်းမှာထိုင်နေသည့် ချူးယန်ရှီတစ်ယောက် စူစူလေးရရှိနေသည့် ချီးမွန်းစကားတွေကို ကြားပြီး ကြက်သေသေသွားလေသည်။
ဒါသူမ ကြားချင်တဲ့ ချီးကျူးစကားတွေ၊ သူမ လိုချင်တဲ့ အသိအမှတ်ပြုမှုတွေ!
ဒါပေမယ့် အဲ့ဒီ ချင်းစူစူဆီ ဘာလို့ရောက်သွားတာလဲ!
ဆရာကြီးကောက သူမ လက်ရာကို မြင်တော့မယ့်ဥစ္စာ!
သူမရဲ့လက်ရာက ချင်းစူစူရဲ့လက်ရာထက် ကျိန်းသေပေါက် ပိုသာမှာ!
ချူးယန်ရှီ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။
စိတ်ထဲမှလည်း ချင်းစူစူကို ကျိန်စာတိုက်နေသည်။ ချင်းစူစူ မသာမ! ခလုတ်တိုက်ပြီး သေပါစေ! အပြင်ထွက်တိုင်း ကားတိုက်ပါစေ! အစားစားတိုင်း နင်ပါစေ! ရေသောက်တိုင်း သီးပါစေ!
စိတ်ကြိုက် ကျိန်ဆဲပြီးနောက် ဆရာကြီးကော၏ အာရုံစိုက်မှုကို ဘယ်လိုပြန်ရအောင် လုပ်ရမလဲဆိုတာ ချူးယန်ရှီ စတင် ကြံစည်လေသည်။
ခေတ္တစဉ်းစားပြီးနောက် ချူးယန်ရှီလည်း ချင်းစူစူလိုပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘယ်သူမှ ကြည့်မနေသည့်အချိန် စားပွဲပေါ်မှ သူမရဲ့ ဆေးရောင်ခြယ်ဘူးကို တိုက်ချပစ်လိုက်ရာ ကြမ်းပြင်ပေါ်သို့ စုတ်တံများ၊ ဆေးရောင်ခြယ်ခွက်များ အကုန် ပြုတ်ကျကုန်သည်။
ကျယ်လောင်သည့် အသံကြောင့် စာသင်ခန်းထဲက ခေါင်းအားလုံး ချူးယန်ရှီဘက်သို့ လှည့်ကြည့်ကုန်သည်။
အမှန်ပင်။ ဆရာကြီးကောလည်း အပါအဝင်ဖြစ်သည်။ ကျယ်လောင်တဲ့ အသံလာရာဘက်ကို လှည့်ကြည့်ကြတာ လူသားတွေရဲ့ ပင်ကိုယ်အသိစိတ်ပဲ မဟုတ်လား။
သို့သော်လည်း ဆရာကြီးကော ခပ်မြန်မြန်ပဲ အကြည့်ပြန်လွှဲသွားပါသည်။ စူစူလေးကို ပြန်ကြည့်ကာ မေးလိုက်သည်။ “စူစူလေး ဆရာကြီး ခုနက သင်ပေးတဲ့ အကြောင်းအရာတွေ အကုန် နားလည်ရဲ့လား။ သေချာ နားမလည်လိုက်တဲ့ နေရာ ရှိလား။ နားမလည်ရင် ပြန်ရှင်းပြပေးမယ်လေ”။
ချူးယန်ရှီ ဒေါသကြောင့် လက်များ တဆတ်ဆတ် တုန်ယင်လာသည်။
ဘာလို့လဲ။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။
သူမ ပထမဆုံး အခွင့်အရေးကို ဆုံးရှုံးသွားလို့လား။
ဒါဆို ချင်းစူစူလို နည်းလမ်းမျိုး သုံးတာတောင် ဆရာကြီးကောရဲ့ အာရုံစိုက်မှုကို မရနိုင်တော့ဘူးလား။
“ကျေးဇူးတင်ပါတယ် ဦးလေးကြီး။ ဒါပေမယ့် သမီးဒါတွေ မသင်ချင်ဘူး”။ စူစူလေး ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်လေသည်။
ဒါကိုကြားတော့ ကျောင်းအုပ်ကြီးနဲ့ ဆရာမတွေအားလုံး တုန်လှုပ်သွားကြလေသည်။
ကျောင်းအုပ်ကြီးက အမြန် ဝင်ရှင်းပြလိုက်၏။ “စူစူလေး ဒီဘိုးဘိုးကြီးက ပန်းချီပညာမှာ အရမ်းအရမ်းကို တော်တာ။ သူသင်ပေးတဲ့ ပညာတွေက အရမ်းတန်ဖိုးကြီးပြီး အသုံးဝင်တယ်။ စူစူလေးသာ သေချာ သင်ယူမယ်ဆိုရင် အနာဂတ်မှာ အများကြီး အထောက်အကူဖြစ်မှာ”
ကျောင်းအုပ်ကြီးက အတတ်နိုင်ဆုံး ရှင်းပြဖို့ ကြိုးစားသည်။ သို့သော် စူစူလေးလို ကလေးတစ်ယောက်က နားလည်နိုင်ပါ့မလားဆိုတာတော့ မသေချာပါ။
အခုချိန်မှာ ကျောင်းအုပ်ကြီးက မူကြိုကလေးတစ်ယောက်သာ ပြန်ဖြစ်ချင်မိတော့သည်။ သူသာ ကလေးတစ်ယောက်ဆို လိမ်လိမ်မာမာနဲ့ စိတ်ပါဝင်စားစွာ သင်ယူမည်ဖြစ်သည်။ ဒီလို ပညာရှင်ကြီး သင်ကြားပေးသည့် ပညာကိုလည်း အားကြိုးမာန်တက် သင်ယူမည်ဖြစ်သည်။
“ဒါပေမယ့် သမီးမှ ပန်းချီမဆွဲချင်တာ…”။ စူစူလေးက စိတ်မဝင်စားပါ။
သူမ ဒီ့ထက် သန်မာလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ စိတ်ဝင်စားတာ! ဒီ့ထက် သန်မာလာမှ ဖြစ်မယ်!
ကျောင်းအုပ်ကြီး၏ အပြုံး တွန့်သွားသည်။ ရင်ထဲမှလည်း အော်ဟစ်ညည်းညူလိုက်လေသည်။
သွားပြီ သွားပြီ! ဆရာကြီးကော စိတ်ဆိုးသွားလောက်ပြီ!
သူတို့ရဲ့ ဘာမဟုတ်တဲ့ မူကြိုလေးမှာ လိုလိုလားလား ပညာလာသင်ပေးတာကိုတောင် အငြင်းခံလိုက်ရတယ်တဲ့လား!
… … …
အခန်း(၆၁၄) စူစူလေးကို အရူးမျက်ကန်း ဘက်လိုက်မှု
ချူးယန်ရှီ ရင်ထဲ လက်ခုပ်လက်ဝါးတီးလိုက်မိသည်။
ချင်းစူစူက ငတုံးဖြစ်နေလို့ တော်သေးတာပေါ့။ ရှေ့ကိုရောက်လာတဲ့ အခွင့်ကောင်းတစ်ခုကို ဘယ်လို အမိအရ ဆုပ်ကိုင်ရမလဲဆိုတာတောင် မသိဘူး!
တော်တော် အသိဉာဏ်နည်းပါးတာပဲ! ဆရာကြီးကောက နဂိုကတည်းက ဒေါသကြီးတာ။ အခုတော့ ချင်းစူစူကို လုံးဝ မုန်းတီးသွားလောက်ပြီ!
ချင်းစူစူကို ဆရာကြီးကော ဂရုမစိုက်တော့တာနဲ့ သူမအတွက် အခွင့်အရေး ရလာမှာပဲ!
သို့သော်လည်း ဆရာကြီးကောက အပြုံးမပျက်ပေ။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ စူစူလေး မသင်ချင်ရင်လည်း မသင်ချင်ဘူးပေါ့။ ကလေးတွေမှာ ကိုယ်ပိုင်အိပ်မက်ရှိတာကောင်းတယ်။ လူကြီးတွေ တွန်းအားပေးလို့ ကိုယ့်အိပ်မက် ပြောင်းလဲသွားတာမျိုး မဖြစ်သင့်ဘူး”
အားလုံး အံ့အားသင့်သွားရလောက်အောင် ဆရာကြီးကောက စူစူလေးကို ဒေါသမထွက်သည့်အပြင် သူမရဲ့ အမြင်ကိုပါ ထောက်ခံနေပါသည်။
ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမတွေအားလုံး အခုမှ ရင်ထဲက အလုံးကြီး ကျသွားကာ သက်ပြင်းချနိုင်ကြတော့သည်။
တော်သေးတာပေါ့ တော်သေးတာပေါ့… အားလုံး ထိတ်လန့်နေကြတာ…။
ချူးယန်ရှီ မျက်လုံးပြူးသွားသည်။
ချင်းစူစူရဲ့ ရိုင်းစိုင်းတဲ့ စကားကို ဆရာကြီးကောက ဘယ်လိုတောင် အဓိပ္ပာယ်ကောက်လိုက်တာလဲ။ ကိုယ်ပိုင်အိပ်မက် ရှိတာ ကောင်းတယ်တဲ့လား။
ပန်းချီဆရာတွေ အကုန်လုံးက ဒီလိုကြောင်တောင်တောင်တွေချည့်ပဲလား။
ဒါပေမယ့် ဆရာကြီးကောက အရမ်း မောက်မာတဲ့လူမဟုတ်ဘူးလား။ သူမ မြင်နေရတာတွေက ကြားထားတာတွေနဲ့ လုံးဝ ခြားနားနေပါလား…။
ဆရာကြီးကောက ကျောင်းအုပ်ကြီးဘက်သို့လှည့်ကာ ချီးကျူးလိုက်ပါသည်။ “ကျောင်းအုပ်ကြီးရဲ့ သင်ကြားပေးမှုကလည်း ပြောင်မြောက်ပါပေတယ်! ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးဖြတ်ချက်ခိုင်မာအောင် သင်ကြားပေးနိုင်တဲ့ကျောင်းမျိုးက တကယ်ရှားတယ်!”
အလကားနေရင်း ဆရာကြီးကောချီးကျူးတာကို ခံလိုက်ရသဖြင့် ကျောင်းအုပ်ကြီး ရွှင်မြူးသွားပါသည်။ “ဆရာကြီးကောက မြှောက်ပင့်နေပြန်ပါပြီ။ ဒါက စူစူလေးရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါ။ ဧကန္တ သူ့မိသားစု သင်ပေးထားတာပဲ နေမှာ”
သူတို့ မူကြိုကျောင်းက ကလေးတွေ ဘယ်လိုဖြစ်ပြီး ဒီလောက်ထူးခြားလာတာလဲဆိုတာ ကျောင်းအုပ်ကြီး ကိုယ်တိုင်ပင် မသိပါ။ ထို့ကြောင့် အလကားနေရင်း ချီူးကျူးခံပြီး ဂုဏ်မယူရဲပေ။
“ဆရာဆရာမတွေရဲ့ ညွှန်ကြားမှုနဲ့ မိသားစုရဲ့ သင်ကြားပြသပေးမှုက တန်းတူညီမျှ အရေးပါပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသူစူစူလေးက တကယ်ကို ထူးချွန်ပါပေတယ်!”။ ဆရာကြီးကောက စူစူလေးကို ချီးကျူးမဆုံးနိုင် ဖြစ်နေလေသည်။
ဆရာကြီးကော၏ ချီးကျူးစကားများကို ကြားပြီး ကြောင်စီစီဖြစ်နေသည့် ကျောင်းအုပ်ကြီးနဲ့ ဆရာမများ စိတ်ထဲ တွေးမိကြသည်။
စူစူလေးရဲ့ ပန်းချီက ဘယ်လောက်တောင် လှလို့ ဆရာကြီးကော ဒီလောက် ဖြစ်နေတာလဲ။
ဒီတိုင်းသာ ဆက်သွားရင် ဆရာကြီးကောက စူစူလေးကို တပည့်အဖြစ်ပါ လက်ခံလောက်တယ်!
ချူးယန်ရှီ သည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်လာလေပြီ။
ကောင်းတဲ့အရာတွေက ဘာလို့ ချင်းစူစူဆီပဲ ရောက်သွားတတ်တာလဲ။
ဆရာကြီးကော ပြောနေတဲ့ စကားလုံးတိုင်းက သူမ ကြားချင်တဲ့ စကားတွေလေ!
မြင်ရသော်လည်း မထိတွေ့ရသည့် ခံစားချက်ကြီးက ချူးယန်ရှီ နှလုံးသားကို ယားယံလာစေသည်။ ဒေါသထွက်ပြီး ကုတ်ခြစ်ပစ်ချင်လောက်အောင် ဖြစ်နေသည့် ခံစားချက်ကြီးက သူမကို ရူးသွပ်စေသည်။
ဆရာကြီးကောနဲ့ အတူလိုက်ပါလာသည့် ချိုင်ကျမ့်ယဲ့တစ်ဦးတည်းသာ စူစူလေးကို မြင်ရဖို့အတွက်နဲ့ ဆရာကြီးကော ဘယ်လောက်တောင် ကြိုးစားထားမှန်း သိထားပါသည်။ ထို့ကြောင့် အခု စူစူလေးနဲ့ အချိန်တူတူဖြုန်းဖို့ အခွင့်အရေး ရလာပြီဖြစ်သဖြင့် အခွင့်အရေးကို အဆုံးရှုံးခံလို့ ဖြစ်ပါ့မလား။
ဆရာကြီးကောချီးကျူးတာကို ခံရသဖြင့် စူစူလေး ကံကောင်းသည်ဟု ကျောင်းအုပ်ကြီးနဲ့ ဆရာမများက တွေးနေကြပါသည်။ သို့သော်လည်း စူစူလေးနဲ့ စကားပြောခွင့်ရဖို့ ဆရာကြီးကော ဘယ်လောက်တောင် ခက်ခက်ခဲခဲ ကြိုးပမ်းထားသလဲဆိုတာ မသိကြပါ။
ချူးယန်ရှီ သည်းမခံနိုင်တော့ပေ။ ဒီလိုရှားပါး အခွင့်အရေးကို လက်လွှတ်ခံမည့်အစား သူမလည်း အလောင်းအစားလုပ်ပြီး စွန့်စားရမည်။
ထို့ကြောင့် ချူးယန်ရှီ မတ်တပ်ရပ်လိုက်သည်။ “ဘိုးဘိုးကော၊ သမီး ပုံဆွဲလို့ ပြီးသွားပြီ။ ကြည့်ပေးလို့ရမလား”
ချိုမြိန်ပြီး လိမ္မာယဉ်ကျေးသည့် အသံလေးဖြင့် ချူးယန်ရှီ တောင်းဆိုလိုက်ပါသည်။
ချူးယန်ရှီ၏ မျှော်လင့်တကြီး စောင့်ကြည့်မှုအောက်မှာ ဆရာကြီးကောက အေးအေးလူလူ လျှောက်လာပြီး ချူးယန်ရှီ လက်ထဲမှ ပန်းချီကို ယူကာ လေးလေးနက်နက် အကဲခတ်လိုက်သည်။
ဘေးမှာ ရပ်နေသည့် ချိုင်ကျမ့်ယဲ့လည်း ထိုပန်းချီကားကို မြင်ပါသည်။ မြင်လိုက်တာနဲ့ တစ်ပြိုင်နက် ချိုင်ကျမ့်ယဲ့က အံ့အားသင့်သွားလေသည်။
“ဆရာကြီးကော ဒီပန်းချီက…”
… … …