← Chapters

အခန်း (၆၁၅-၆၁၆)

Vol. 25 Ch. 615-616

အခန်း (၆၁၅-၆၁၆)

Vol. 25 Ch. 615-616

အခန်း(၆၁၅) တော်ပဲတော်တာ ပါရမီမပါဘူးး

ဒီပန်းချီက အရမ်းလှတာပါလား! အရမ်းလှလွန်းလို့ သာမန် မူကြိုကလေးတစ်ယောက် ဆွဲနိုင်တဲ့ ပန်းချီလို့တောင် မထင်ရဘူး!

“ပန်းချီက အတော်လေး လှပါတယ်။ ကြည့်ရတာ ဒီကလေးက ကျောင်းပြင်ပ ပန်းချီသင်တန်းတွေ တက်ထားတဲ့ပုံပဲ”။ ဆရာကြီးကောက အကဲခတ်လိုက်သည်။

ပန်းချီက လှပ ပါသည်။ တခြားကလေးတွေအားလုံးထဲမှာ ထင်ရှားနေသည်။

သို့သော်လည်း ဆရာကြီးကော၏ အမြင်မှာတော့ ဘာမှ မထူးခြားလှပါ။ ဆရာကြီးကောအတွက် ဒီလို ပန်းချီအဆင့်မျိုးဆိုတာ ပြင်ပ ပန်းချီသင်တန်းများ တက်ထားသဖြင့် ဆွဲသားနိုင်သည့် အဆင့်ဖြစ်သည်။

အားလုံးက ပုံသေ လေ့ကျင့်မှုသာ ဖြစ်နိုင်သည်။ အနုပညာ၏ အနှစ်သာရ ကင်းမဲ့နေသည်။ ထို့အပြင် ဒီလို အရွယ် ကလေးတစ်ယောက်မှာ ရှိသင့်သည့် ဖန်တီးနိုင်စွမ်းနဲ့ ကလေးဆန်သော ဖြူစင်ရိုးသားမှုတို့ပင် ပျောက်ကွယ်နေသည်။

“ဆရာကြီးကော… ဒီကလေးမလေးလည်း တော်တော် ပါရမီရှိတဲ့ပုံပဲနော်။ ဒီအသက်အရွယ်နဲ့ ဒီလောက်ထိ ဆွဲနိုင်တာ အထင်ကြီးစရာပဲ”။ ချိုင်ကျမ့်ယဲ့က ဆိုသည်။

ဒီပန်းချီက ပညာရှင်အဆင့်မဟုတ်သော်လည်း သာမန်ထက် ထူးခြားမှန်း သူလည်း မြင်နိုင်ပါသည်။

သို့သော် အသက် ၄ နှစ်အရွယ်လောက်နဲ့ ဒီလို ပန်းချီအဆင့်မျိုး ဆွဲသားနိုင်တာက အလားအလာကောင်းသည့် လက္ခဏာ ဖြစ်သည်။ ထို့ကြောင့် ချိုင်ကျမ့်ယဲ့ကတောင် သူမကို တပည့်အဖြစ် ထားဖို့ စဉ်းစားမိလေသည်။

ဆရာကြီးကောက ပြုံးလိုက်ပါသည်။ “ကျမ့်ယဲ့။ ဒီလို လေ့ကျင့်ပါများလို့ ရလာတဲ့ ရလဒ်က ပါရမီမဟုတ်ဘူး။ ပန်းချီ ပါရမီဆိုတာ ပုံတူကူးတာမဟုတ်ဘူး၊ ဖန်တီးနိုင်စွမ်းနဲ့ပဲ သက်ဆိုင်တယ်။ ပန်းချီဆွဲနည်းတွေ ဘယ်လောက်ပဲ မြန်မြန်ဆန်ဆန် သင်ယူနိုင်ပါစေ ပါရမီ မပါရင် မထူးချွန်လာနိုင်ဘူး။ ဒီအရွယ်မှာ ဒီလိုဆွဲတတ်ပေမယ့် နောက် ၁၀ နှစ် ကြာတဲ့အခါမှာလည်း ဒီလိုပဲ ဆက်ဆွဲနေနိုင်တယ်”

စူစူလေးနဲ့ ပတ်သတ်လာလျှင် ဆရာကြီးကောက အရူးမျက်ကန်းလို ဘက်လိုက်တတ်သော်လည်း စူစူလေးနဲ့ မပတ်သတ်သည့် ကိစ္စတိုင်းမှာတော့ ပညာရှင်ဆန်ဆန် ချင့်ချိန် ဆုံးဖြတ်တတ်သည်။

ဆရာကြီးကော၏ စကားကြောင့် ချိုင်ကျမ့်ယဲ့လည်း အတွေးများ နက်ရှိုင်းသွားပါသည်။

သို့သော် ချူးယန်ရှီ၏ အပြုံးကတော့ တဖြည်းဖြည်း မှေးမှိန်လာလေသည်။

ဘာဖြစ်တယ်…။

သူမကို လေ့ကျင့်ပါများလို့သာ တော်လာတာ ပါရမီမရှိဘူးလို့ ပြောလိုက်တာလား…။ အသက် ၄ နှစ်အရွယ်လေးနဲ့ ဒီလောက်ထိ ဆွဲနိုင်တာ ပါရမီမဟုတ်လို့ဘာလဲ။

ပြီးတော့ နောက် ၁၀ နှစ်ကြာတဲ့အခါ ဒီအဆင့်ပဲ ရှိနေဦးမှာလို့ ဘာလို့ တပ်အပ်ပြောနိုင်ရတာလဲ။ သူမသာ အခွင့်အလမ်းကောင်းတွေရပြီး သေချာ လေ့ကျင့်သင်ယူနိုင်ရင် အောင်မြင်မှုတွေ အများကြီးရလာမှာပဲ!

ဆရာကြီးကောက ချိုင်ကျမ့်ယဲ့ကို ဆက်ပြောသည်။ “မင်းမယုံရင် သူ့ကို နောက်တစ်ပုံ ထပ်ဆွဲခိုင်းလိုက်။ သူဆွဲနေတဲ့အချိန် သေချာစောင့်ကြည့်။ ငါပြောတာ ဟုတ်မဟုတ် မင်းနားလည်လာလိမ့်မယ်”

ချိုင်ကျမ့်ယဲ့က ဆရာကြီးကော၏ အမြော်အမြင်ကို ယုံကြည်ပါသည်။ သို့သော် နောင်တ မရစေဖို့အတွက် ချူးယန်ရှီအား ထပ်မံစမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ချိုင်ကျမ့်ယဲ့က ချူးယန်ရှီကို ပြောလိုက်သည်။ “သမီး၊ နောက်တစ်ပုံလောက် ထပ်ဆွဲပေးလို့ ရမလား။ ကြိုက်တဲ့ ပုံဆွဲပါ။ ဒါပေမယ့် ကိုယ်ပိုင် အိုင်ဒီယာလေးတွေ ထည့်ဆွဲနိုင်ရင်တော့ အကောင်းဆုံးပေါ့”

ချူးယန်ရှီက နားလည်နိုင်စွမ်း သိပ်မရှိသေးသည့် ကလေးမလေးတစ်ယောက်သာ ဖြစ်သဖြင့် ချိုင်ကျမ့်ယဲ့ အများကြီး မတောင်းဆိုရဲပါ။

“ရပါတယ်!”။ ချူးယန်ရှီ၏ မျက်နှာက ပြုံးရွှင်နေသော်လည်း ရင်ထဲမှာတော့ အံကြိတ်နေမိသည်။

ဆရာကြီးကောနဲ့ ချိုင်ကျမ့်ယဲ့တို့ရဲ့ စကားကို သူမ ရှင်းရှင်းလင်းလင်း ကြားပါသည်။

ဆရာကြီးကောက သူမကို ပါရမီမရှိဘူးလို့ ထင်တယ်ပေါ့!

သူမ လှလှပပ ဆွဲထားတဲ့ ပန်းချီက ချင်းစူစူရဲ့ ဟိုခြစ်ဒီခြစ်ပုံတွေလောက် တကယ် မလှတာလား။

ချိုင်ကျမ့်ယဲ့က သူမကို အခွင့်အရေးထပ်ပေးနေသဖြင့် ဒီအခွင့်အရေးကို အရယူပြီး သူမရဲ့ ပန်းချီက ချင်းစူစူထက် အများကြီး ပိုသာမှန်း ပြသရမည်။

အားလုံးရဲ့ စောင့်ကြည့်မှုအောက်မှာ ချူးယန်ရှီ ပန်းချီ စတင် ရေးဆွဲလေသည်။

အခုချိန်မှာ အသက် ၄ နှစ်သာ ရှိသေးသဖြင့် စုတ်တံကို သေချာ ခိုင်ခိုင်မြဲမြဲမ မဆုပ်ကိုင်နိုင်သေးသော်လည်း သူမ လေ့ကျင့်ထားတာတွေ မှတ်မိပါသေးသည်။ ထို့ကြောင့် ယခုလက်ရှိ အသက်အရွယ်ထက် အများကြီးသာလွန်သည့် လက်ရာကောင်းတစ်ခုကို ဆွဲသားနိုင်ဖို့ မခက်ခဲလှပါ။

သို့သော် စာရွက်ပေါ်မှာ သူမရဲ့ ပန်းချီ ရုပ်ပုံပေါ်လာလေလေ ချိုင်ကျမ့်ယဲ့ မျက်မှောင်ပိုကြုတ်လာလေလေ ဖြစ်မှန်း ချူးယန်ရှီ သတိမထားမိခဲ့ပါ။

ဆရာကြီးကောကတော့ ယုံကြည်ချက်အပြည့်ဖြင့် စောင့်ကြည့်နေသည်။

နောက်ဆုံးတော့ ချူးယန်ရှီ ပန်းချီဆွဲလို့ ပြီးဆုံးသွားပြီဖြစ်သည်။ ထို့နောက် မျှော်လင့်ချက်ပြည့်ဝသော အပြုံးဖြင့် ဆရာကြီးကောနဲ့ ချိုင်ကျမ့်ယဲ့တို့ကို မော့ကြည့်လိုက်သည်။ သူတို့ရဲ့ အံ့အားသင့်နေသော မျက်နှာများနဲ့ သူတို့နှုတ်မှ ထွက်လာသော ချီးကျူးစကားများကို ကြားရဖို့ ချူးယန်ရှီ မျှော်လင့်ထားသည်…။

… … …

အခန်း(၆၁၆) အသိအမှတ်အပြုမခံရဘူး

ချိုင်ကျမ့်ယဲ့ ပြုံးလိုက်ပြီး ချူးယန်ရှီ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပါသည်။ “သမီးက တကယ် တော်တာပဲ! ဆက်ကြိုးစားပါ။ နောက်ဆို ဒီပညာက သမီးအတွက် အားသာချက်ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်”

ချူးယန်ရှီ အပြုံးများ အေးခဲသွား၏။

အားသာချက်ကောင်းဟုတ်လား။

ဒါချီးကျူးစကားမှ မဟုတ်တာ!

သူမကို အထင်သေးနေတာပဲ! သူမရဲ့ အဆင့်က အရမ်းနိမ့်တယ်လို့ သွယ်ဝိုက်ပြီး ပြောလိုက်တာပဲ!

ဒီပညာကို ကောလိပ်ဝင်ခွင့်စာမေးပွဲတွေ၊ အထက်တန်းစာမေးပွဲတွေမှာ မဆိုသလောက် အမှတ်ပိုလေးရဖို့ သုံးနိုင်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်လား!

သူမ ကြားချင်တာ ဒါမှ မဟုတ်တာ!

သူတို့ဆီမှာ တပည့်ခံပြီး ထိပ်တန်း ပန်းချီဆရာတစ်ယောက် ဖြစ်လာချင်တာ!

ချူးယန်ရှီ အလွန် ဒေါသထွက်သွားကာ အတည်ပြုဖို့ ဆုံးဖြတ်လိုက်ပါသည်။ “ဘိုးဘိုး… သမီးပန်းချီက မလှဘူးလား။ ဘိုးဘိုး မကြိုက်ဘူးလား”

ချိုင်ကျမ့်ယဲ့ အမြန်ပြောလိုက်သည်။ “သမီး ဆွဲထားတာ အရမ်းလှပါတယ်!”

ဒါ လိမ်ညာတာ မဟုတ်ပေ။ အသက် ၄ နှစ်အရွယ်လောက်နဲ့ ဒီလို ဆွဲနိုင်တာ အလွန်ရှားပါသည်။

ချိုင်ကျမ့်ယဲ့က ကလေးကိုလည်း စိတ်ဓာတ်ကျမသွားစေချင်ပါ။ တိုင်းပြည်ကို အကျိုးပြုမည့် အနာဂတ် ပညာရှင်လေးများအား အစွမ်းကုန် ချီးမြှောက်ပေးရမှာ သူတို့တာဝန်ဖြစ်သည်။

သို့သော် ဆရာကြီးကောပြောတာ မှန်ပါသည်။ ဒီကလေးမလေးရဲ့ ပါရမီကို သိပ်မမြင်ရပါ။ သူ့တပည့်အဖြစ် လက်ခံရလောက်သည့်အထိ စံနှုန်း မပြည့်မီပါ။

ချူးယန်ရှီက ရိုးသားဖြူစင်သော မျက်နှာမျိုးဖြင့် မေးလိုက်သည်။ “ဒါဆိုဘိုးဘိုး၊ သမီးပန်းချီနဲ့ ချင်းစူစူရဲ့ပန်းချီ ဘယ်သူ့ဟာ ပိုလှလဲ”

“အဲ…”။ ထိုမေးခွန်းကြောင့် ချိုင်ကျမ့်ယဲ့ အကျပ်ရိုက်သွားသည်။

ရိုးရိုးသားသား ပြောရလျှင် စွမ်းရည်အရ ကြည့်ပါက ဒီကလေးမလေးရဲ့ ပန်းချီက ပိုသာမှန်း သိသာပါသည်။

သို့သော်လည်း ဒီနေ့ သူတို့တွေ မူကြိုကျောင်းကို ရောက်လာရသည့် အကြောင်းအရင်းက စူစူလေးကြောင့် ဖြစ်သည်။ စူစူလေးရဲ့ ပန်းချီကို ချီးကျူးနေတာက စူစူလေး ပန်းချီဆွဲထားတာ လှတာ မလှတာနဲ့ မဆိုင်ပေ။

ရှေ့က ကလေးမလေးကို စိတ်မကောင်းဖြစ်သွားအောင် မလုပ်ချင်သဖြင့် ချိုင်ကျမ့်ယဲ့ သေချာ ရှင်းပြလိုက်သည်။

“သမီးနဲ့ စူစူလေးတို့မှာ ကိုယ်ပိုင် အားသာချက်တွေ ရှိကြပါတယ်။ နှစ်ယောက်စလုံးရဲ့ ပုံလေးတွေက လှကြတယ်။ ဒါပေမယ့် လှတဲ့ပုံစံချင်း မတူဘူး။ ပြီးတော့ တခြားသူတွေက သမီးရဲ့ ပန်းချီကို ဘယ်လိုထင်သလဲဆိုတာကို သိပ်ပြီး ဂရုမစိုက်နဲ့။ ဖန်တီးနိုင်စွမ်းဆိုတာ ရင်ထဲကလာတာ။ လူတိုင်းက အမြင်ချင်းမတူကြလို့ အကြိုက်ချင်းလည်း တူမှာ မဟုတ်ဘူး”

ချူးယန်ရှီ၏ အပြုံးက တောင့်တင်းနေပါသည်။ “ကျေးဇူးတင်ပါတယ် ဘိုးဘိုး”

ဘာ…

သူမရဲ့ ပန်းချီနဲ့ ချင်းစူစူရဲ့ ဟိုခြစ်ဒီခြစ်ပုံက အဆင့်ချင်းတူတူပဲလို့ ပြောလိုက်တာလား။

ဟာသပဲ! ဒီနှစ်ယောက်က တကယ့် ပန်းချီဆရာတွေကော ဟုတ်ကြရဲ့လား။

ပါရမီဆိုတာကို တကယ်ကော နားလည်ကြရဲ့လား။

အသက်ကြီးလာလို့ အမြင်အာရုံချို့တဲ့နေကြပြီထင်တယ်! အကောင်းနဲ့ အဆိုးနဲ့တောင် မခွဲခြားတတ်ကြတော့ဘူး!

သူ့စကားတွေကို ကလေးမလေး နားလည်သွားပြီဟု ထင်သဖြင့် ချိုင်ကျမ့်ယဲ့ ဘာမှ ထပ်မပြောတော့ပါ။

ဆရာကြီးကောနဲ့အတူတူ တခြားကလေးများရဲ့ ပန်းချီကို ဆက်လက်ကြည့်ရှုလိုက်သည်။

နောက်ဆုံးတော့ စူစူလေးဘေးသို့ ပြန်ရောက်လာကြပါသည်။

သို့သော် စူစူလေးက ပန်းချီပင် ဆွဲမနေတော့ပေ။ တိတိကျကျ ပြောရပါက ရီဝေနေပြီး နတ်သားရဲဖြစ်ခဲ့စဉ်ဘဝကို ပြန်စဉ်းစားနေခြင်းဖြစ်သည်။

ဆရာကြီးကောနဲ့ ချိုင်ကျမ့်ယဲ့တို့ ပြန်ရောက်လာတာကိုမြင်သောအခါ စူစူလေး ပြောလိုက်သည်။ “ဦးလေးကော တခြား ကလေးတွေကို သွားကြည့်လိုက်ပါ။ သူတို့တွေ ပုံဆွဲရတာကို ကြိုက်ရင်ကြိုက်မှာပေါ့။ သမီးကတော့ မကြိုက်ဘူး”

“ကြည့်ပြီးသွားပါပြီ။ အားလုံး တော်ကြပါတယ်! ဒါပေမယ့် စူစူလေးရဲ့ ပန်းချီက အထူးခြားဆုံးပဲလို့ ထင်နေတုန်းပဲ!”။ ဆရာကြီးကောက ပြန်ပြောလိုက်သည်။

အားလုံးထဲမှာ အထူးခြားဆုံး၊ အထင်ရှားဆုံး၊ လက်ရာအမြောက်ဆုံး ပန်းချီဖြစ်သည်။

စူစူလေး သက်ပြင်းချလိုက်သည်။

လူကြီးတွေက တော်တော်ထူးဆန်းပါလား။ မလှမှန်း သိသာနေတဲ့အရာကို ဘာလို့ ထူးခြားတယ်လို့ပဲ တဖွဖွ ပြောနေကြတာလဲမသိဘူး။

စူစူလေးရဲ့ လူကြီးလေးလို အမူအရာကို မြင်ပြီး ဆရာကြီးကော ရွှင်မြူးသွားပါသည်။

“ဟားဟားဟားဟား စူစူစူလေးက အရမ်းချစ်ဖို့ကောင်းတာပဲ”။ ဆရာကြီးကောက ဟန်တောင် မဆောင်နိုင်တော့ပေ။

စူစူလေးက သူ့ရဲ့ ကယ်တင်ရှင်ဖြစ်သည်။ ထို့ကြောင့် စူစူလေးနဲ့ ပတ်သတ်တာမှန်သမျှက သူ့အတွက် အလွန် ထူးခြားကောင်းမွန်ပါသည်။

“ဒီလိုဆိုရင်ကော စူစူလေး။ ဦးလေးကောရဲ့ ပန်းချီကားတချို့ စူစူလေးကို လက်ဆောင်ပေးမယ်လေ”။ ဆရာကြီးကော ရုတ်တရက် ကမ်းလှမ်းလိုက်လေသည်။

ထိုစကားကို ကြားသောအခါ ကျောင်းအုပ်ကြီးနဲ့၊ ဆရာဆရာမများအပါအဝင် ချူးယန်ရှီပါ ကြက်သေသေသွားကြလေသည်။

… … …

All Chapters