← Chapters

အခန်း (၆၁၇-၆၁၈)

Vol. 25 Ch. 617-618

အခန်း (၆၁၇-၆၁၈)

Vol. 25 Ch. 617-618

အခန်း(၆၁၇) မလှမပ သန်း ၅၀၀ တန်ပန်းချီကား

ဆရာကြီးကောရဲ့ ပန်းချီကားတွေတဲ့!

ပန်းချီကားတစ်ခုချင်းစီတိုင်းက ထောင်နဲ့ချီတဲ့ ရွှေချောင်းတွေရဲ့တန်ဖိုးနဲ့ ညီတယ်!

သာမန်လူတွေ အိပ်မက်တောင် မမက်နိုင်တဲ့ ရတနာတွေပဲ!

အခုတော့ စူစူလေးကို လက်ဆောင်ပေးမလို့တဲ့လား။ ပြီးတော့ တစ်ခုတည်းတောင် မဟုတ်ဘူး!!

ငယ်လွန်းသဖြင့် နားမလည်နိုင်သည့် ကလေးများမှအပ လူကြီးတွေအားလုံး ကြက်သေသေကုန်ကြသည်။

လူအုပ်ကြီးရဲ့ မှင်သက်နေသော အကြည့်တွေအောက်မှာ ဆရာကြီးကောက အသင့်ပြင်ဆင်ထားသည့် ပန်းချီကားကို ထုတ်ယူစေခဲ့သည်။

ပန်းချီကားက ဘောင်ခတ်ပြီးသားဖြစ်ပြီး ဝန်ထမ်းများက စာသင်ခန်းထဲအထိ သယ်ဆောင်လာကြသည်။

ပန်းချီကားကို မြင်လိုက်တာနဲ့တစ်ပြိုင်နက် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

ဒါဆရာကြီးကောရဲ့ အကျော်ကြားဆုံး “တဲငယ်အောက်မှာ မိုးရေစက်သံနားထောင်ခြင်း” ပန်းချီကားပဲ!

ဒီဂန္တဝင်လက်ရာကို နိုင်ငံခြားသားတစ်ယောက်က သန်း ၅၀၀ နဲ့ ကမ်းလှမ်းဖူးတယ်!

ချူးယန်ရှီ မျက်လုံးများ ကျွတ်ကျမတတ်ဖြစ်သွားသည်။

ဒီပန်းချီကားကို သူမ အတော်လေး ရင်းနှီးနေပါသည်။ ယခင်ဘဝတုန်းက သူမ ဆယ်ကျော်သက်အရွယ်မှာ ဒီပန်းချီကားကို နိုင်ငံခြားသားတစ်ယောက်က သန်း ၆၈၀ နဲ့ ဝယ်ယူသွားခဲ့ကြောင်း ကြားဖူးသည်။

ဒီလို ပန်းချီကားမျိုးကို ဆရာကြီးကောက ချင်းစူစူကို ပေးမလို့တဲ့လား!

မယုံနိုင်စရာပဲ!

ချင်းစူစူ သက်ပြင်းချပြလိုက်ရုံနဲ့ ဆရာကြီးကောတို့ ဘာကြောင့် သဘောကျသွားမှန်း သူမ နားမလည်ပါ။ သူမ လေးလေးနက်နက် ပန်းချီဆွဲပြတာကိုကျတော့ ဘယ်သူမှ အသိအမှတ်မပြုကြပေ။

ကျောင်းအုပ်ကြီးက ဆရာကြီးကောကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ဆရာကြီးကော… စူစူလေးက ငယ်လွန်းပါသေးတယ်။ ဒီ… ဒီလို တန်ဖိုးအရမ်းကြီးတဲ့ ပန်းချီကားမျိုး သူ့ကိုပေးတာ နည်းနည်း… မသင့်တော်ရာ မကျဘူးလား”

ကျောင်းအုပ်ကြီး စိတ်လှုပ်ရှားလွန်းသဖြင့် စကားတွေပါ ထစ်ငေါ့သွားသည်။

“ကိစ္စမရှိပါဘူး။ ဒါ ကျုပ်အသိအမှတ်ပြုတဲ့အနေနဲ့ ပေးတဲ့ လက်ဆောင်ပါ။ ဒီပန်းချီကို ကျုပ်သိမ်းထားလို့လည်း ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး။ အဲ့တာကြောင့် ကျုပ်ရဲ့ အမွေအနှစ်ကို လက်ဆင့်ကမ်းတဲ့အနေနဲ့ ဒီပါရမီရှိတဲ့ ကလေးမလေးကို ပေးခဲ့လိုက်တာ ပိုကောင်းပါတယ်”။ ဆရာကြီးကော ပြန်ဖြေလိုက်သည်။

ကျောင်းအုပ်ကြီး ဆွံ့အသွား၏။ ဆရာကြီးကောက အနုပညာအမွေအနှစ်နဲ့ ချီပြီး ပြောနေသဖြင့် ငွေကြေးတန်ဖိုးအကြောင်း သူထပ်ပြောပါက သဘောထား သေးသိမ်ရာကျပါလိမ့်မည်။

သူတို့ စကားပြောနေကြစဉ် ဆရာကြီးကော၏ ဝန်ထမ်း ၂ ယောက်က တစ်မီတာအမြင့်ရှိပြီး ၆၀ စင်တီမီတာကျော် အကျယ်ရှိသည့် ပန်းချီကားတစ်ချပ်ကို စာသင်ခန်းထဲ သယ်လာကြသည်။

ကျောင်းအုပ်ကြီး၊ ဆရာဆရာမများအားလုံး အသက်ပင်ဝဝ မရှူရဲကြတော့ပါ။

စူစူလေးကတော့ တည်ငြိမ်နေပါသည်။ ဆရာကြီးကောရဲ့ “တဲငယ်အောက်မှာ မိုးရေစက်သံနားထောင်ခြင်း” ပန်းချီကို အချိန်အတော်ကြာ ကြည့်လိုက်ပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။ “မကြိုက်ဘူး မလိုချင်ဘူး”

တခြားသူတွေ အိပ်မက်သာမက်နိုင်မည့် ရတနာကို စူစူလေး ပြတ်ပြတ်သားသား ငြင်းလိုက်သည်။

အားလုံး ဗုံးကွဲသံတစ်သံကြားလိုက်ရသလို နားတွေ အူထွက်သွားကြလေသည်။

ကျောင်းအုပ်ကြီးက စူစူလေးကို အမြန်ဝင်ရှင်းပြ၏။ “စူစူလေး ဒီပန်းချီကားက အရမ်း အဖိုးတန်တယ်။ ဒီက ဘိုးဘိုးကော ဆွဲထားတဲ့ ဂန္ထဝင်လက်ရာတစ်ခုလေ။ လူတွေ အများကြီး သဘောကျကြတဲ့ ပန်းချီကားပဲ”

“ဒါပေမယ့် သမီးမှ မကြိုက်တာ”။ စူစူလေး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “မှောင်မှောင်မဲမဲကြီးနဲ့ လှလည်း မလှဘူး”

အဲ…

ကျောင်းအုပ်ကြီး ရှက်သွားသည်။ ဒီပန်းချီကားက မှင်ဆေးပန်းချီ အမျိုးအစားဖြစ်သည်။ မူကြိုကလေးတစ်ယောက်က ဒီလို အနုပညာလက်ရာကို ခံစားနိုင်ဖို့ဆိုတာ တကယ်ပဲ ခဲယဉ်းလှပါသည်။

ကျောင်းအုပ်ကြီးလည်း ကြောက်ကြောက်လန့်လန့်ဖြင့် ဆရာကြီးကောကို လှည့်ကြည့်လိုက်သည်။

ဆရာကြီးကောက ဒေါသမထွက်ဘဲ စူစူလေးကို မေးလိုက်သည်။ “ဒါဆို စူစူလေးက ဘယ်လိုပန်းချီကားမျိုးကို သဘောကျတာလဲ”

စူစူလေး စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သူမ မလိုချင်သော်လည်း ထပ်ငြင်းပါက ဦးလေးကော စိတ်မကောင်း ဖြစ်သွားလိမ့်မည်။

ပြီးရော… တစ်ခုခု တောင်းဆိုမှ ဖြစ်မှာပေါ့…။

စူစူလေး ခေတ္တစဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။ “Spongebob Squarepants ပုံ ဆွဲပေး!”

Spongebob Squarepants…?

ဂန္ထဝင်ပန်းချီစရာကြီးကို Spongebob Squarepants ပုံ ဆွဲခိုင်းနေတာလား…!

… … …

အခန်း(၆၁၈) စူစူလေး ဆွဲစေချင်တာ ဆွဲပေးမယ်

ဆရာကြီးကောလည်း ခေတ္တ ကြောင်စီစီဖြစ်သွားပြီး ရယ်မောလိုက်ပါသည်။ “ဟုတ်ပါပြီ ဟုတ်ပါပြီ။ စူစူလေးကို Spongebob Squarepants ပုံ ဆွဲပေးပါ့မယ်”

“ရောင်စုံနဲ့ ဆွဲရမှာနော်။ အဖြူအမဲကြီးနဲ့ပဲ မဆွဲနဲ့! ဒီရုပ်ပြစာအုပ်ထဲကလိုပဲ အရောင်တောက်တောက် လှလှလေးတွေ ဖြစ်ရမယ်!”။ စူစူလေးက ထပ်ပြောသည်။

ဆရာကြီးကောက တရုတ်ရိုးရာ မင်စုတ်ချက်ပန်းချီ ကော်ဟွားပညာမှာ ထူးချွန်သူဖြစ်သည်။ စူစူလေး ပြောသည့် ရုပ်ပြစာအုပ်ထဲမှ ရုပ်ပုံများက ရောင်စုံခဲတံများ၊ အရောင်စိုစိုတောက်တောက်များဖြင့် ရေးဆွဲထားခြင်း ဖြစ်သည်။

ဒါကိုကြားတော့ ကျောင်းအုပ်ကြီးက အမြန်ဝင်ဖြောင်းဖြလိုက်သည်။ “စူစူလေး တကယ်တော့လေ ကော်ဟွား ပန်းချီပညာကလည်း အရမ်း လှပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက လက်ဆင့်ကမ်း ထိန်းသိမ်းလာတဲ့ ရိုးရာ ပန်းချီပညာတစ်ခုပဲ။ အဲ့ဒီ ပန်းချီတွေရဲ့ အလှက တခြား ရေဆေးပန်းချီတွေထက် အများကြီးပိုသာပါတယ်”

“ဟုတ်လား”။ စူစူလေး ဇဝေဇဝါဖြစ်သွားသည်။ သို့သော် သူမ အမြင်မှာတော့ ရုပ်ပြစာအုပ်ထဲက ရုပ်ပုံတွေက ပိုမို လှပနေဆဲဖြစ်သည်။

ကျောင်းအုပ်ကြီး ဘာမှ ထပ်မဖြောင်းဖြနိုင်ခင် ဆရာကြီးကောက ဝင်ပြောလိုက်ပါသည်။ “စူစူလေး ဘယ်လို ပန်းချီကားပဲ လိုချင်လိုချင် ဦးလေးကော ဆွဲပေးမယ်။ ကိစ္စမရှိဘူး!”

ဆရာကြီးကောက ရေဆေးပန်းချီပစ္စည်းများ ချက်ချင်း ယူလာခိုင်းလိုက်ပြီး စူစူလေးအတွက် နေရာမှာတင် စတင် ရေးဆွဲပေးလေသည်။

ဆရာကြီးကောက ကော်ဟွားပန်းချီပညာကို အဓိက လေ့လာသူဖြစ်သော်လည်း တခြားပန်းချီအမျိုးအစားတွေမှာပါ ကျွမ်းကျင်ပါသည်။

ခေတ္တကြာတော့ အလွန်အသက်ဝင်သည့် Spongebob Squarepants ရုပ်ပုံတစ်ပုံ ကားချပ်ပေါ်မှာ ပေါ်လာလေသည်။

စူစူလေး ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။ “ဒါလေးလှတယ်!”

သေချာပါသည်။ စူစူလေးရဲ့ အမြင်မှာတော့ ဒီလို အရောင်အသွေးစုံလင်ပြီး တောက်ပနေသည့် ပန်းချီမျိုးက အလှပဆုံး ဖြစ်သည်။

တခြားကလေးတွေလည်း ထောက်ခံကြသည်။

“ဟုတ်တယ် လှတယ်!”

“Spongebob က အစစ်ကြီးကျနေတာပဲ!”

“ဘိုးဘိုးကောက တော်လိုက်တာ!”

“ဘိုးဘိုးကော တခြားအကောင်တွေပါ ဆွဲပေးလို့ရမလား။ Patrick Star နဲ့ Mr. Krabs တို့ ပုံပါ ဆွဲပေးပါလား”

“…”

ကလေးတွေရဲ့ မျက်လုံးများ ကြယ်ကလေးတွေလို တောက်ပနေသည်။

ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမများကတော့ အနေခက်စွာသာ ပြုံးနေနိုင်ကြလေသည်။

ချူးယန်ရှီ စိတ်ထဲမှ ကျိန်ဆဲလိုက်၏။

ဒီသောက်ကလေးတွေကတော့! ကောင်းတာနဲ့ ဆိုးတာကို မခွဲခြားတတ်ကြဘူးပဲ!

စူစူလေးနဲ့ တခြားကလေးတွေရဲ့ ချီးကျူးစကားကို ကြားသောအခါ ဆရာကြီးကော ပိုမိုတက်ကြွသွားပြီး Spongebob ပုံတွေ အများကြီး ထပ်ဆွဲပေးလိုက်သည်။

ဒီတစ်ခါတော့ စူစူလေး တကယ် ပျော်ရွှင်သွားပါသည်။

စူစူလေးက ပန်းချီကားများကို ကိုင်လျက် ပြောလိုက်၏။ “ဒီပန်းချီကားတွေကို စာသင်ခန်းထဲမှာ ချိတ်ထားချင်တယ်! ဒါမှ အမြဲတမ်း ကြည့်လို့ရမှာ!”

ထို့နောက် စူစူလေးက ကျောင်းအုပ်ကြီးနဲ့ ဆရာမများဘက်သို့ လှည့်ကာမေးလိုက်သည်။ “ဆရာမကျူး စာသင်ခန်းထဲမှာ ချိတ်ထားလို့ရလား”

ဆရာမကျူး အံ့အားသင့်လွန်းသဖြင့် စူစူလေး၏ မေးခွန်းကို ဘယ်လိုဖြေရမယ်မှန်းတောင် မသိတော့ချေ။

ဆရာကြီးကောရဲ့ လက်ရာစစ်စစ်တွေ…။

“တဲငယ်အောက်မှာ မိုးရေစက်သံနားထောင်ခြင်း” ပန်းချီကား မဟုတ်ရင်တောင် ဆရာကြီးကော လက်နဲ့ ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားမို့လို့ အရမ်းတန်ဖိုးကြီးမှာပဲ!

ဆရာမကျူးလည်း ဆုံးဖြတ်ချက်ကို အလွယ်တကူ မချရဲပါ။ ထို့ကြောင့် ကျောင်းအုပ်ကြီးကို လှည့်ကြည့်လိုက်သည်။ ကျောင်းအုပ်ကြီးက ပျော်ရွှင်စွာ ဖြေပေးလိုက်လေသည်။ “စူစူလေး ချိတ်ထားချင်ရင် ချိတ်ထားပေါ့။ ကိစ္စမရှိပါဘူး!”

ဆရာကြီးကောရဲ့ လက်ရာကို အတန်းထဲမှာ ချိတ်ထားရတာ သူတို့ကျောင်းအတွက် ဂုဏ်ယူစရာ ဖြစ်သည်။ ဒီ့ထက် ကောင်းတာကို ကျောင်းအုပ်ကြီး မတောင်းဆိုနိုင်တော့ပါ။

“ဟုတ်ပါပြီ။ ဒါဆို စူစူလေး မကြာခဏ ကြည့်လို့ရအောင် နံရံပေါ်မှာ ဒီပန်းချီကားတွေ ချိတ်ထားပေးဖို့ ကျောင်းအုပ်ကြီးကို တောင်းဆိုပါတယ်”။ ဆရာကြီးကောက ချက်ချင်း ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ”။ ကျောင်းအုပ်ကြီးကလည်း ခေါင်းငြိမ့်သည်။

ထို့နောက် စူစူလေး မြင်နိုင်မည့် နံရံတွေပေါ်မှာ ပန်းချီကားတွေကို ချိတ်ဆွဲဖို့ ဆရာဆရာမတွေကို တာဝန်ပေးလိုက်သည်။

စူစူလေး အလွန်ကျေနပ်သွားသည်။ အခုဆို သူမ အချိန်မရွေး Spongebob ကို မြင်နိုင်ပါပြီ။

ထို့နောက် ဆရာကြီးကောက ပန်းချီပညာအခြေခံအသိပညာတချို့ကို ကလေးများအား ရှင်းပြခဲ့သည်။ ထို့နောက်မှာတော့ ဆရာကြီးကော၏ တစ်နေ့တာ သင်ကြားပို့ချမှု ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

နှုတ်ဆက်ချိန်ရောက်သောအခါ စူစူလေးက သူမဆံပင်ပေါ်မှ ချယ်ရီကလစ်လေးတစ်ချောင်းကို ဖြုတ်ကာ ဆရာကြီးကောအား ပေးလိုက်သည်။ “ဒါဦးလေးကောအတွက်”

စူစူလေး လက်ထဲက ချယ်ရီကလစ်လေးကို ကြည့်ပြီး ကျောင်းအုပ်ကြီးနဲ့ ဆရာမများ အပြုံးတွေ အေးခဲသွားရပြန်သည်။

စူစူလေးရဲ့ ကလစ်လေးက ချစ်ဖို့ကောင်းပေမယ့် ဆရာကြီးကော သုံးလို့မှ မရတာ!

… … …

All Chapters