အခန်း (၆၁၉-၆၂၀)
Vol. 25 Ch. 619-620
အခန်း(၆၁၉) ဆရာအသစ်ရဲ့ သတိပေးချက်
ဆရာကြီးကောက ချယ်ရီကလစ်လေးကို ယူလိုက်ပြီး စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် မေးလိုက်သည်။ “ဒါ ဦးလေးကော အတွက်လား”
“အွန်း။ သမီးကို တစ်ခုခုပေးထားတော့ သမီးက ပြန်ပေးတာလေ”။ စူစူလေးက ပြန်ဖြေလိုက်သည်။
သူစိမ်းတွေထံမှ အလကား ဘာမှ မယူရဘူးဟု ဖေဖေနဲ့ မေမေက သင်ပေးထားသည်။ ကိုယ့်ဘက်မှ တစ်စုံတစ်ရာ ပြန်ပေးသင့်ပါသည်။
ဆရာကြီးကောက သူမအတွက် Spongebob ပုံများ လှလှပပ ဆွဲပေးထားသည်။ ထို့ကြောင့် သူမဘက်က လက်ဆောင် ပြန်ပေးသင့်ပါသည်။
“ဟုတ်ပြီ ဟုတ်ပြီ။ ဦးလေးကော လက်ခံပါတယ်!”။ ဆရာကြီးကော အလွန်ပျော်ရွှင်နေပုံရပြီး လက်ထဲက ချယ်ရီ ကလစ်လေးကို အဖိုးတန်ဆုံး ရတနာတစ်ခုလို ပြုမူနေလေသည်။
ဆရာကြီးကောက သဘောကောင်းသဖြင့် တန်ဖိုးသိပ်မကြီးသည့် ကလစ်တစ်ချောင်းကိုတောင် အဖိုးတန်ပစ္စည်းတစ်ခုလို သဘောထားနေတာဟု အားလုံး ထင်နေကြသည်။
ဆရာကြီးကော၏ ပျော်ရွှင်မှုက အတုအယောင်မဟုတ်ဘဲ အစစ်အမှန်ဖြစ်မှန်း ချိုင်ကျမ့်ယဲ့ တစ်ယောက်တည်းသာ သိပါသည်။
ဆရာကြီးကော ပြန်သွားသောအခါ ကျောင်းအုပ်ကြီးက စာသင်ခန်းထဲ ပြန်ဝင်လာပြီး စူစူလေးရဲ့ ဟိုခြစ်ဒီခြစ်ပန်းချီကားကိုပါ နံရံပေါ်မှာ ချိတ်ထားဖို့ ဆရာမကျူးအား ညွှန်ကြားလိုက်သည်။
စူစူလေးကတော့ ဆရာကြီးကော လာလည်သည့်ကိစ္စကို စိတ်ထဲ သိပ်မထားခဲ့ပါ။
ကလေးအများစုကလည်း ထိုနည်းလည်းကောင်းဖြစ်၏။ ဆရာကြီးကောက ဘယ်လောက်ထိ အရှိန်အဝါကြီးသလဲဆိုတာ သူတို့ နားမလည်သေးပါ။ သဘောကောင်းသည့် ဘိုးဘိုးကြီးတစ်ယောက် စာလာသင်ပေးသည်ဆိုတာသာ နားလည်သည်။ ထို့အပြင် ကျောင်းအုပ်ကြီးနဲ့ ဆရာဆရာမများလည်း ပါသဖြင့် အလွန် စည်ကားလွန်းပါသည်။
သို့သော် ဒီအဖြစ်အပျက်ကြောင့် ချူးယန်ရှီအပေါ် သက်ရောက်မှုကြီးကြီးမားမားရှိခဲ့သည်။
အခွင့်အလမ်းကောင်းတစ်ခု သူမ လက်ထဲရောက်မှ လွတ်ထွက်သွားတာကို ဒီတိုင်း ငေးကြည့်နေခဲ့ရသည်။
သူမသာ… ဒီအခွင့်အလမ်းကို ရရှိခဲ့လျှင် ဒီဘဝ ကံကြမ္မာကို ပြောင်းလဲနိုင်လောက်သည်။
--- --- ---
ဆရာကြီးကောပြန်သွားသောအခါ ကျောင်းဝန်းထဲမှာ ကစားဖို့အတွက် ကလေးတွေကို ဆရာဆရာမများက အပြင်ခေါ်ထုတ်လာခဲ့သည်။
တချို့က သဲပုံးလေးတွေထဲမှာ ကစားနေကြပြီး တချို့က စီးဆောများ လျှောများ စီးနေကြသည်။ တချို့ကတော့ ဒန်းစီးနေကြလေသည်။
ထန်ထိုက်မင်လည်း ကလေးတွေနဲ့အတူ ကစားနေပြီး ကလေးတွေအတွက် ဧရာမ သဲရဲတိုက်ကြီးတစ်ခု ဆောက်ပေးနေသည်။
တခြားကစားနည်းတွေ ကစားနေကြသည့် ကလေးတွေပါ ထန်ထိုက်မင်ကို စိတ်ဝင်စားသွားကြသည်။
ချူးယန်ရှီက ဒီလို ကစားရတာတွေကို သဘောမကျပေ။ သို့သော် ထန်ထိုက်မင်က သူနဲ့အတူ သဲရဲတိုက်ဆောက်ဖို့ ချူးယန်ရှီအား တာဝန်ပေးထားသည်။ သူမက သူများထက် ပိုထူးချွန်သဖြင့် စံပြကောင်းဖြစ်နိုင်သည်ဟု ဆိုသည်။
ချူးယန်ရှီလည်း စိတ်မပါလက်မပါဖြင့် ထန်ထိုက်မင်နဲ့အတူ သဲရဲတိုက်ဆောက်ခဲ့ရသည်။ သူမ လက်တွေကို လှုပ်ရှားနေသော်လည်း ချူးယန်ရှီ တာဝန်ထဲ စိတ်မပါပေ။
ထန်ထိုက်မင်က ဆရာကြီးကောလို နိုင်ငံတော်အဆင့် ပညာရှင်မဟုတ်ပေ။ ထို့ကြောင့် ဒီလို မူကြိုဆရာရှေ့မှာ သူမ ဘာမှ လုပ်ပြဖို့ စိတ်မဝင်စားပါ။
“ချူးယန်ရှီ အရင်တစ်ခေါက်က လစ်ထွက်လာနိုင်ခဲ့တာ တော်သားပဲ”
ရုတ်တရက် ထန်ထိုက်မင်၏ ထူးဆန်းသော စကားကို ချူးယန်ရှီ ကြားလိုက်ရသည်။
ချူးယန်ရှီ ရုတ်တရက် မော့ကြည့်လိုက်ရာ ထန်ထိုက်မင်၏ ပြုံးနေသော မျက်နှာကို ဘေးဘက်မှ မြင်လိုက်ရပါသည်။
သူ့ပုံစံက မထူးခြားပါ။ သူ့အပြုံးကလည်း နူးညံ့သိမ်မွေ့ပြီး ဖော်ရွေပုံပေါက်သည်။
သူ့လက်တွေက သဲရဲတိုက်ကို တည်ဆောက်နေဆဲဖြစ်ပြီး မျက်လုံးတွေကလည်း သဲရဲတိုက်ဆီမှာသာ ရှိနေသည်။
ချူးယန်ရှီ နားကြားမှားတာလားဟုပင် ထင်သွားမိသည်။
“လူမိသွားတော့လည်း ကောင်းကောင်းဖုံးကွယ်နိုင်ခဲ့တယ်။ တော်ပါပေတယ်”။ ထန်ထိုက်မင် ထပ်ပြောလိုက်သည်။
ချူးယန်ရှီ အလွန်ထိတ်လန့်သွား၏။
ဒီတစ်ခါတော့ သူမကို ထန်ထိုက်မင် စကားပြောနေတာ သေချာပါသည်။
သူ… သူက… ဧကန္တ…
“ဆရာထန်ထိုက် ဘာတွေပြောနေတာလဲ။ သမီး နားမလည်ဘူး”။ ချူးယန်ရှီ ရိုးသားဖြူစင်ချင်ယောင် ဆောင်ပြီး ပြန်မေးလိုက်သည်။
“ဘာမှ ဝန်ခံစရာမလိုပါဘူး။ ဆရာက အကြံပေးတာပါ။ တစ်ခါတလေ တစ်ယောက်ယောက်ကို ဒုက္ခရောက်အောင် လုပ်ဖို့ဆိုရင် ကိုယ်တိုင် လုပ်စရာမလိုဘူး။ တခြားသူတွေရဲ့ လက်ကို အသုံးချလို့ရတယ်။ ဥပမာအားဖြင့် လူတချို့မှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိတတ်ကြတယ်မလား။ အဲ့ဒီအကြောင်းတွေသာ ပျံ့သွားပြီး လူတိုင်းသိသွားရင်… ဘာဖြစ်မယ် ထင်သလဲ”
… … …
အခန်း(၆၂၀) ကလေး ၃ ယောက်ကို စိတ်ဒုက္ခပေးခြင်း
ထန်ထိုက်မင်၏ စကားလုံးများကြောင့် ချူးယန်ရှီ မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။
အခုချိန်မှာ ချူးယန်ရှီက ချင်းစူစူကို ဘယ်လိုကလဲ့စားချေရမလဲဆိုတာသာ စဉ်းစားနေတာဖြစ်၏။
ဟုတ်သားပဲ!
ချူးစူစူက လူထူးဆန်းတစ်ယောက်ပဲ! ခွန်အားကြီးမားရုံတင်မကဘူး သူ့ဖြစ်တည်မှုတစ်ခုလုံးက ထူးဆန်းနေတာ!
ဒီနေ့ဒီအချိန်ထိ ချင်းမိသားစု၏ ဖုံးကွယ်ထားမှုကြောင့် ချင်းစူစူ၏ မကောင်းဆိုးဝါးဆန်သော ခွန်အားအကြောင်း ဘယ်သူမှ သိပ်မသိကြပါ။ မူကြိုက ဆရာမတွေနဲ့ ကျောင်းသားမိဘတွေတောင် မသိကြပါ။
ချင်းစူစူက အနည်းငယ် သန်မာပြီး၊ အနည်းငယ် သတ္တိရှိကာ တိရိစ္ဆာန်တွေကို ယဉ်ပါးအောင် လုပ်နိုင်သည်ဟူ၍သာ လူနည်းစုက သိထားကြသည်။
သို့သော် ချင်းစူစူ၏ သရုပ်မှန်ကို ဘယ်သူမှ မသိကြပေ။ သူမ၏ ကြောက်စရာကောင်းသော စွမ်းရည်များကို ဘယ်သူမှ မသိကြပါ။
ချင်းစူစူရဲ့ သရုပ်မှန်ကိုသာ လူတိုင်းသိသွားကြလျှင် ဒီလောက်ထိ တည်ငြိမ်အေးချမ်းနေမှာ မဟုတ်တော့ပေ။
ဒါတွေကို တွေးမိပြီးနောက် ချူးယန်ရှီ အိပ်မက်မှ လန့်နိုးလာသလို ခံစားလိုက်ရသည်။
ထို့နောက် ထန်ထိုက်မင်ကို သူမ ငေးကြည့်လိုက်၏။ ရင်ထဲက စိတ်ရှုပ်ထွေးမှုတွေလည်း ကြီးထွားလာနေသည်။
ဒီလူက ဘယ်သူလဲ။ သူမ ကိစ္စတွေကို ကောင်းကောင်းနားလည်နေတဲ့ပုံပဲ။ အကြံတောင် ပေးခဲ့သေးတယ်…။
အရေးမကြီးပါဘူး! သူပြောတာ မှန်တယ်! သူပြောတဲ့အတိုင်းသာလုပ်လိုက်ရင် တခြားသူတွေရဲ့ လက်ကို အသုံးချပြီး ချင်းစူစူကို ကလဲ့စားချေနိုင်မှာပဲ!
--- --- ---
ထိုအချိန်တွင် စူစူလေးက ထောင့်တစ်နေရာရှိ မြက်ခင်းပေါ်မှာ ရီဝေစွာ ထိုင်နေပါသည်။
မူကြိုက တခြားကလေးတွေနဲ့ ကစားဖို့လည်း စိတ်မပါပေ။
သူမ စိတ်ထဲမှာ အကြောင်းအရာတစ်ခုသာ စွဲထင်နေသည်။ ပိုသန်မာလာဖို့ ဖြစ်သည်။
ကိုကြီးလုက နတ်ယုတ်မာကြီး မဟုတ်သော်လည်း သူမ မကြာခင် နတ်ယုတ်မာကြီးနဲ့ ပြန်ဆုံရလောက်သည်။
ထိုအချိန်ရောက်လို့ သူမ မသန်မာသေးလျှင် နတ်ယုတ်မာကြီးက သူမကို အနိုင်ထပ်ကျင့်နိုင်သည်။ သူမ ဘာမှ မတိုးတက်လာသေးဘဲ အသုံးမကျဖြစ်နေဆဲဟု ပြောလိမ့်မည်။
စဉ်းစားကြည့်ရုံနဲ့ လက်သီးတွေ ယားလာပါပြီ။
မဖြစ်ဘူး! နတ်ယုတ်မာကြီးကို ဒီလိုပြောခွင့်ပေးလို့မဖြစ်ဘူး! သူ့ကို ကြောက်လန့်သွားအောင် လုပ်ပစ်ရမယ်! ပြီးတော့ အားပါပါနဲ့ ကန်ပစ်ရမယ်!
အစီအစဉ်က ဒါပဲ!
ဒါတွေကို စဉ်းစားရင်း စိတ်လှုပ်ရှားမှုကြောင့် စူစူလေး၏ ခြေထောက်များ ယိမ်းခါလာပါသည်။
ချင်းလောင်ယွင်က စူစူလေး၏ ဘေးမှာ ထိုင်နေသည်။ လက်ထဲမှာလည်း ပန်းပွင့်လေးတစ်ပွင့် ကိုင်ထားပြီး ထိုပန်းပွင့်လေးကို လက်စွပ်ကလေးဖြစ်သွားအောင် ပုံဖော်နေသည်။
“ဒီမှာ ဒေါ်လေးစူစူအတွက်!”။ ချင်းလောင်ယွင်က စူစူလေးအတွက် ပန်းလက်စွပ်လေး ပေးလိုက်သည်။
ကျိုးဟောက်က ဆီးသီးတစ်လုံးကိုင်ရင်း ချင်းလောင်ယွင်နဲ့ စူစူလေးတို့ထံ ရောက်လာပါသည်။
“ယွင်ယွင် ဒီမှာကြည့်စမ်း။ ငါ ဆီးသီးတစ်လုံးရလာတယ်!” ကျိုးဟောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မူကြိုတစ်ဝန်းမှာ သီးပင်တွေ အများကြီး စိုက်ပျိုးထားသည်။ ဒီဆီးပင်လည်း အပါအဝင်ဖြစ်၏။
သို့သော် ဆရာမတွေက ဆီးသီးခူးခွင့် မပြုပါ။ ဆီးသီးတွေ မှည့်ခါနီးမှ အလုပ်သမားတွေကို ခေါ်ပြီး ခူးခိုင်းသည်။
ဒီနှစ် အလုပ်သမားတွေ မလာသေးသဖြင့် ဆီးပင်ပေါ်မှာ ဆီးသီးတွေနဲ့ ပြည့်နှက်နေပါသည်။
ကလေးတွေ အားလုံး ခူးချင်ကြသော်လည်း အရပ်က ပုသဖြင့် ခူးလို့မရနိုင်ပေ။
အပင်ပေါ်မှ တစ်ခါတလေ ကြွေကျလာသည့် ဆီးသီး တစ်လုံး နှစ်လုံးလောက်ကိုသာ ကလေးတွေ ကောက်နိုင်ကြသည်။
ကလေးဟူသည် အမြဲတမ်း စပ်စုချင်စိတ် ရှိကြသည်။ သူတို့အတွက် ဒီသစ်ပင်ပေါ်က ဆီးသီးတွေက စူပါမားကတ် သို့မဟုတ် အိမ်မှာ ဝယ်ထားသည့် ဆီးသီးတွေထက် အများကြီး ပိုစားချင်စဖွယ်ကောင်းပါသည်။
ကျိုးဟောက်လက်ထဲက ဆီးသီးကို ချင်းလောင်ယွင် အံ့အားသင့်စွာ ကြည့်လိုက်သည်။ “ဝါး! တကယ်ကြီးပဲ ဟောက်ဟောက်က အရမ်းတော်တာပဲ! ကံလည်း အရမ်းကောင်းတယ်!”
“ဒါပေါ့! ငါက အပိုတွေ ပြောနေတယ် ထင်လို့လား!”။ ချင်းလောင်ယွင်၏ ချီးကျူးစကားကို ကြားပြီးနောက် ကျိုးဟောက် တစ်ယောက် မျက်နှာပေါ်မှာ ဂုဏ်ယူဝံ့ကြွားမှုများဖြင့် ပြည့်နှက်သွားပါသည်။
“ဟောက်ဟောက် ဆီးသီးတွေ ထပ်သွားရှာရအောင်! တခြားနေရာမှာလည်း ရှိလောက်တယ်!”။ ချင်းလောင်ယွင် ပျော်ရွှင်စွာ ပြောလိုက်သည်။
“အွန်း၊ အတူတူသွားရှာကြရအောင်။ ဆီးသီး ၃လုံး ရှာမယ်။ တစ်လုံးက နင့်အတွက်၊ တစ်လုံးက ငါ့အတွက်၊ တစ်လုံးက ဘော့စ်စူစူအတွက်!”။ ကျိုးဟောက် သဘောတူလိုက်ပါသည်။
သူတို့နှစ်ယောက် ဆီးသီးရှာပုံတော်ထွက်ဖို့ ပျော်ပျော်ရွှင်ရွှင် ဆွေးနွေးနေကြစဉ် ချူးယန်ရှီ ရောက်လာပြီး အထင်အမြင်သေးစွာ ပြောလိုက်သည်။ “ဆီးသီးတစ်လုံးရတာ ဘာတွေ ပျော်စရာကောင်းနေလို့လဲ”
… … …