အခန်း (၆၂၁-၆၂၂)
Vol. 25 Ch. 621-622
အခန်း(၆၂၁) လက်ဖက်စိမ်းမ
ချူးယန်ရှီ ရောက်လာတာနဲ့ တစ်ပြိုင်နက် ချင်းလောင်ယွင်မျက်နှာ ရန်လိုမှုများဖြင့် ပြည့်နှက်သွားသည်။ ဒေါသထွက်နေသော မျက်နှာဖြင့် သူမ ပြန်ချေပလိုက်၏။ “ပျော်တော့ ဘာဖြစ်လဲ! နင်က မနာလိုဖြစ်နေတာ! ဟောက်ဟောက်က ရှာတွေ့ပြီး နင်ရှာမတွေ့လို့ မနာလိုဖြစ်နေတာ!”
ကျိုးဟောက်ကလည်း ထောက်ခံပါသည်။ “ဟုတ်တယ်! ငါ့မှာ တစ်လုံးပဲရှိတာ။ ယွင်ယွင်ကိုပေးမှာ နင့်ကို မပေးဘူး! ဟွန်း!”
ချင်းလောင်ယွင်ကြောင့် ကျိုးဟောက်လည်း ချူးယန်ရှီကို သဘောမကျပါ။
ချူးယန်ရှီက ဆက်ပြီး လှောင်ပြောင်လေသည်။ “ချင်းလောင်ယွင် နင့်မှာ ငါမနာလိုဖြစ်စရာ ဘာတွေရှိနေလို့လဲ။ အားနည်းချင်ယောင်ဆောင်ပြီး သူများတွေ နောက်မှာ ပုန်းနေတာကလွဲလို့ နင်ဘာလုပ်နိုင်လို့လဲ။ ဪ ဟုတ်သားပဲ နင်က သူများပစ္စည်းတွေလည်း ခိုးတတ်သေးတယ်နော်။ အရင်တုန်းက ချင်းစူစူရဲ့ လက်ကောက်ကို ခိုးလို့ လက်ပူးလက်ကြပ်မိခဲ့သေးတယ်မဟုတ်လား။ နင်က သူခိုးမပဲ!”
ချူးယန်ရှီ တမင်သက်သက် လုပ်နေတာဖြစ်သည်။ ချင်းလောင်ယွင်ကို ရန်စပြီး စိတ်မထိန်းနိုင်ဖြစ်သွားအောင် လုပ်ချင်တာ ဖြစ်သည်။
ချူးယန်ရှီ၏ အမြင်မှာတော့ ကျိုးဟောက်နဲ့ ချင်းလောင်ယွင်တို့လို ဦးနှောက်မရှိသည့် ကလေးနှစ်ယောက်က စိတ်ပိုင်းဆိုင်ရာ လှည့်စားဖို့ လွယ်ကူသူတွေ ဖြစ်ကြသည်။ ချင်းစူစူထက် ပိုပြီး ရင်ဆိုင်ရ လွယ်ကူသည်။ စကားလေး နည်းနည်းပြောလိုက်ရုံနဲ့ သူတို့ ဒေါသထွက်သွားကြလိမ့်မည်။
ဒီကလေးနှစ်ယောက် ဒေါသထွက်သွားလျှင် ချင်းစူစူကိုလည်း ဒေါသထွက်အောင် လုပ်နိုင်ပါလိမ့်မည်။
ချင်းစူစူက သူ့ကိုယ်သူ အမြဲတမ်း ကိုယ်ရံတော်တစ်ယောက်ဟု သတ်မှတ်ထားသူဖြစ်သဖြင့် ချင်းလောင်ယွင် အနိုင်ကျင့်ခံရချိန်မှာ ဝင်ကာကွယ်ပေးလိမ့်မည်။
ထို့နောက် ထိုအခွင့်အရေးကို အရယူပြီး ချင်းစူစူ ကြောက်စရာခွန်အားကို အသုံးချနေသည့် ဓာတ်ပုံအား ခိုးရိုက်ထားလိုက်မည်။
သေချာပါသည်။ ချင်းလောင်ယွင် ဒေါသထွက်သွားသည်။ “နင်! နင်လိမ်နေတာ! ငါမခိုးဘူး!”
“ငါမလိမ်ဘူး။ နင့်ကိုယ်နင် ဘာမှန်း မသိဘူးလား။ မှန်ထဲပြန်ကြည့်ပါဦး။ အခုတောင် ငိုမဲ့မဲ့ဖြစ်နေပြီ”
“နင်ငါ့ကို အနိုင်ကျင့်နေတာ…”။ ချင်းလောင်ယွင် နှုတ်ခမ်းစူလိုက်ပြီး မျက်လုံးများ နီမြန်းလာသည်။
“ငါက အမှန်တရားပြောနေတာ။ အမှန်တရားပြောတိုင်း အနိုင်ကျင့်တယ် ဖြစ်သွားကောလား။ နင်ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့အပြစ်အတွက် သူများတွေကို အပြစ်မတင်နဲ့လေ”
အသက် ၂၀ ကျော် ဦးနှောက်နဲ့ ချူးယန်ရှီတစ်ယောက် ချင်းလောင်ယွင်ကို စကားဖြင့် အပြတ်အသတ် အနိုင်ယူလိုက်သည်။
“နင်… နင်…”။ ချင်းလောင်ယွင် စိတ်ထဲ ဗလာကျင်းဖြစ်သွားပြီး ချူးယန်ရှီ၏ စကားကို ဘယ်လို ချေပရမှန်း မသိတော့ဘဲ ငိုတော့မလို ဖြစ်လာသည်။
ချင်းလောင်ယွင် အနိုင်ကျင့်ခံနေရတာကို မြင်ပြီး ကျိုးဟောက်က အမြန်ကာကွယ်ပေးလိုက်သည်။ “ချူးယန်ရှီ မဟုတ်တာ မပြောနဲ့! ယွင်ယွင်ကို အနိုင်မကျင့်နဲ့!”
“ငါက မဟုတ်တာ ပြောနေလို့လား။ ငါပြောတဲ့စကား ဘယ်နားမှားလို့လဲ။ နင်တို့လို တုံးအပြီး စဉ်းစားဉာဏ်မရှိတဲ့ လူတွေပဲ ချင်းလောင်ယွင်လို လက်ဖက်စိမ်းမ လှည့်စားတာကို ခံရမှာ! လက်ဖက်စိမ်းမဆိုတာ ဘာကို ဆိုလိုတာလဲကော နားလည်ရဲ့လား။ အဲ့တာ သူ့လို ဟန်ဆောင်ငိုယိုပြပြီး သူများတွေကို လှည့်စားတတ်တဲ့ မိန်းကလေးတွေကို ခေါ်တာ!”
ချူးယန်ရှီ၏ စကားလုံးများက ဟာကွက်ကင်းသဖြင့် ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့ မယှဉ်နိုင်ကြတော့ပေ။
သူတို့နှစ်ယောက် ဒေါသလည်းထွက် ဝမ်းလည်း နည်းသွားသည်။
ချူးယန်ရှီ ရင်ထဲ ကျေနပ်သွား၏။ သူမ ခန့်မှန်းထားသည့်အတိုင်းပင်။ ဒီကလေးစုတ် ၂ ယောက်က လှည့်စားဖို့ လွယ်ကူသည်။ စကားတစ်ခွန်းနှစ်ခွန်း ပြောလိုက်ရုံနဲ့ နှစ်ယောက်စလုံးကို ဒေါသထွက်သွားအောင် လုပ်နိုင်သည်။
နည်းနည်းလောက်ထပ်ပြီး မီးလောင်ရာလေပင့်လိုက်ပါက သူမ လိုချင်တာ ရလိမ့်မည်။
ထိုအချိန်တွင် စူစူလေး မော့ကြည့်လိုက်သည်။ သူမရဲ့ လုံးလုံးဝိုင်းဝိုင်း မျက်လုံးများဖြင့် ချူးယန်ရှီကို ကြည့်ကာ မေးလိုက်ပါသည်။
“ယွင်ယွင်ကို ဘာတွေပြောနေတာလဲ။ နင်လည်း အမြဲတမ်း ငိုနေတာပဲ မဟုတ်ဘူးလား”
ငိုတဲ့နေရာမှာ ချူးယန်ရှီနဲ့ ချင်းလောင်ယွင်တို့က တန်းတူညီမျှဖြစ်သည်။
နှစ်ယောက်စလုံးက စူစူလေး သဘောမကျသည့် အငိုဘုရင်မများဖြစ်ကြသည်။
အခုတော့ ချင်းလောင်ယွင်က သိပ်မငိုတော့ပါ။ သို့သော် ချူးယန်ရှီကတော့ မကြာခဏဆိုသလို ငိုယို သောင်းကျန်းတတ်သည်။
ထို့နောက် ချင်းလောင်ယွင်ကို စူစူလေး ပြောလိုက်သည်။ “ယွင်ယွင် နင်က အခု အရမ်းလိမ္မာနေပြီ။ ကိုယ့်အမှားကိုယ်သိပြီး ပြန်ပြင်နိုင်တဲ့ ကလေးတွေက လိမ္မာတဲ့ ကလေးတွေတဲ့။ အခု မလိမ္မာတာဆိုလို့ သူတစ်ယောက်ပဲ ရှိတော့တယ်”
ငိုမဲ့မဲ့ဖြစ်နေသည့် ချင်းလောင်ယွအင်တစ်ယောက် စူစူလေး၏ နှစ်သိမ့်ပေးမှုကြောင့် ချက်ချင်း ပြန်တက်ကြွသွားသည်။
“အွန်း ဟုတ်တယ် ဟုတ်တယ်။ ငါက လိမ္မာနေပြီ!”။ ချင်းလောင်ယွင် မျက်နှာ ချက်ချင်း ပြုံးရွှင်သွားသည်။ “ချူးယန်ရှီ နင့်ကျတော့ မလိမ္မာဘဲ ငါ့ကို လာအပြစ်တင်သေးတယ် အရှက်ကို မရှိဘူး!”
ပြောပြောဆိုဆိုနဲ့ ချူးယန်ရှီကို ချင်းလောင်ယွင် လှောင်ပြောင်သော မျက်နှာပေးမျိုး လုပ်ပြလိုက်သည်။
ဒါကိုမြင်တော့ ချူးယန်ရှီ အသက်ရှူပါ ရပ်မတတ်ဖြစ်သွား၏။
“ဘယ်သူ့ကို အရှက်မရှိဘူးလို့ လာခေါ်နေတာလဲ!”
… … …