အခန်း (၆၂၃-၆၂၅)
Vol. 25 Ch. 623-625
အခန်း(၆၂၂) စူစူလေး၏ ကြမ်းကြုတ်မှု
အနာဂတ်မှာ သူများတွေကို ကပ်စားရတဲ့သူ ဖြစ်လာမယ့် ချင်းလောင်ယွင်လို လူမျိုးက သူမကို လှောင်ပြောင်ရဲတယ်ပေါ့!
သူမ အခြေအနေတွေ ဘယ်လောက်ပဲ ဆိုးနေပါစေ သူ့လို ယောက်ျားတကာနောက် လိုက်ရလောက်တဲ့ အဆင့်ထိတော့ မရောက်ခဲ့ဘူး!
“နင့်ကိုပြောတာ! အရှက်မရှိဘူး! နင့်ကျတော့ အမြဲတမ်း ငိုနေပြီး ငါ့ကို ဝေဖန်ရဲတယ်! အရင်တစ်ခေါက်ကဆို ငိုယိုပြီး ဟိုဘက်အိမ်က ကိုကြီးလုကို စိတ်မဆိုးဖို့ တောင်းပန်နေရတာ မဟုတ်ဘူးလား”
စူစူလေး၏ အားပေးမှုနဲ့ ထောက်ခံမှုတို့ကြောင့် ချင်းလောင်ယွင် ယုံကြည်ချက်များ ပြန်လည် ပြည့်ဝသွားပါသည်။
“သူခိုးမ! နင့်မှာ ငါ့ကို ဝေဖန်ခွင့်ရှိလို့လား။ မနက်တိုင်း မျက်နှာသစ်ပြီး သွားတိုက်ရင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲကော ပြန်ကြည့်ရဲ့လား”။ ချူးယန်ရှီ မျက်လုံးများ မီးတောက်လောင်နေပါပြီ။
ချူးယန်ရှီက သူမကိုယ်သူမ ချင်းလောင်ယွင်ထက် အများကြီး မြင့်မြတ်သည်ဟု ခံယူထားသူဖြစ်သည်။ သူမရဲ့ အမြင်မှာ ချင်းလောင်ယွင်လို အဆင့်အတန်းက သူမကို မကောင်းပြောစရာအကြောင်း မရှိပေ။
ချူးယန်ရှီ ကြမ်းကြုတ်လာပြီး သူများကို ရိုက်တော့မည့်ပုံစံ ဖြစ်နေသဖြင့် ကျိုးဟောက်က သူငယ်ချင်းဖြစ်သူကို ချက်ချင်း ကာကွယ်ပေးလိုက်သည်။ “ယွင်ယွင်ကို ရိုင်းရိုင်းစိုင်းစိုင်း မပြောနဲ့နော်! ယွင်ယွင်ကို ငါကာကွယ်ပေးထားတာ! သူ့ကို အနိုင်ကျင့်ရင် ငါနင့်ကို အလွတ်မပေးဘူး!”
ကျိုးဟောက်က ထိုစကားလုံးတွေကို တီဗွီရှိုးတစ်ခုခုမှ ကြားဖူးတာ ဖြစ်ပါလိမ့်မည်။ သွားကျိုးနေ၍ စကားမပီတာကြောင့်သာ မဟုတ်လျှင် ကလေးတချို့ကို ကြောက်လန့်သွားစေနိုင်သည်။
ဒေါသထွက်လွယ်သည့် ကျိုးဟောက်ကို ကြည့်ရင်း ချူးယန်ရှီ ရုတ်တရက် တည်ငြိမ်သွားကာ ကျိုးဟောက်ကို အာရုံစိုက်လိုက်သည်။
“ကျိုးဟောက် သူများကို လိုက်ခြောက်မနေစမ်းပါနဲ့။ နင်က ဘယ်သူနဲ့ ရန်ဖြစ်နိုင်လို့လဲ။ ဆီးသီးပင်တောင် မတက်နိုင်တဲ့ဥစ္စာ။ အပင်ပေါ်က ကြွေကျလာတဲ့ ဆီးသီးတွေပဲ လိုက်ကောက်ပြီး ကျေနပ်နေတာ မလား”။ ချူးယန်ရှီ လှောင်ပြောင်လိုက်သည်။
“ငါ… ငါတက်နိုင်တယ်!”
ကျိုးဟောက် စိတ်ထဲမှာ အနည်းငယ် ကြောက်ရွံ့နေသော်လည်း ယောက်ျားလေးတစ်ယောက်၏ မာနကြောင့် ထုတ်မပြနိုင်ပါ။
ချူးယန်ရှီက အားရပါးရ ရယ်မောလိုက်သည်။ “နင်တက်နိုင်တယ်ဆိုရင် အခု တက်ပြလေ။ ဟိုဆီးပင်ပေါ်မှာ ရှိတဲ့ ထိပ်ဆုံးက ဆီးသီးကို ခူးပြီး ငါ့ကို လာပြ!”
“အဲ့… အဲ့လို လုပ်လို့မရဘူး! ကလေးတွေ သစ်ပင်တက်လို့ မရဘူးလို့ ဆရာမကျူးက မှာထားတယ်!”။ ကျိုးဟောက် တွန့်ဆုတ်စွာဖြင့် ငြင်းဆန်လိုက်ပါသည်။
“ဆင်ခြေတွေ ပေးမနေစမ်းပါနဲ့! နင် ဒီတိုင်း မတက်နိုင်လို့ ဆရာမတွေ မတက်ခိုင်းတာလို့ ဆင်ခြေပေးနေတာ မလား။ နင် အသုံးမကျရင် အသုံးမကျဘူးလို့ ဝန်ခံလိုက်စမ်းပါ!”။ ချူးယန်ရှီ တမင်သက်သက် ရန်စလိုက်သည်။
“နင်ကမှ အသုံးမကျတာ! ငါက အရမ်း အသုံးကျတယ်!”။ ကျိုးဟောက် ဒေါသတကြီး ပြောလိုက်သည်။
“မဟုတ်တာမပြောနဲ့။ ငါတို့ဟောက်ဟောက်က အရမ်း တော်တာ!”။ ချင်းလောင်ယွင်ကလည်း ကျိုးဟောက်ကို ကာကွယ်ပေးလိုက်သည်။
ကျိုးဟောက်ရဲ့ သူငယ်ချင်းတစ်ယောက်အနေဖြင့် ချင်းလောင်ယွင်ကလည်း ကျိုးဟောက်၏ “ဂုဏ်သိက္ခာ”ကို ကာကွယ်ပေးရပါမည်။
“ဪ ဟုတ်လား။ ငါတော့ မမြင်မိပါဘူး။ နင်တို့နှစ်ယောက် ဆီးပင်အောက်မှာပဲ ထိုင်စောင့်နေလိုက်ကြ။ နောက်ထပ် ဆီးသီးတစ်လုံးလောက် ကြွေကျလာရင် ကြွေကျလာမှာပေါ့”။ ချူးယန်ရှီ ထပ်ပြီး လှောင်ပြောင်လိုက်သည်။
ကျိုးဟောက် ဒေါသထွက်လွန်းသဖြင့် မြေကြီးကို ခြေထောက်ဖြင့် ဆောင့်လိုက်သည်။ “နင်အကျင့်မကောင်းဘူး!”
သူမနဲ့ ကျိုးဟောက်တို့ကို ချူးယန်ရှီက စကားဖြင့် အနိုင်ယူနေသဖြင့် စူစူလေးဘက်သို့ လှည့်ကာ ချင်းလောင်ယွင် အကူအညီတောင်းလိုက်ပါသည်။ “ဒေါ်လေးစူစူ အကျင့်မကောင်းတဲ့ ယန်ရှီက ဟောက်ဟောက်ကို အနိုင်ကျင့်နေတယ်။ ဟောက်ဟောက်နဲ့ သမီးနဲ့ ဆီးသီးပင်အောက်မှာ ဆီးသီးကြွေကျတဲ့အချိန်ပဲ စောင့်နေရမှာလို့ ပြောတယ်”
စူစူလေး ဘာမှ ပြန်မပြောဘဲ မတ်တပ်ရပ်လိုက်ပြီး ဆီးပင်အောက်သို့ လျှောက်သွားပါသည်။
ဆီးပင်ကြီးက အလွန်သက်တမ်းရင့်နေပြီဖြစ်ကာ ပင်စည်ကြီးကလည်း အလွန်ထူသည်။ ပုံမှန်ဆို ဆရာဆရာမတွေနဲ့ ဥယျာဉ်မှူးတွေတောင် အလွယ်တကူ မလှုပ်ခါနိုင်ကြပါ။
စူစူလေး လက်သီးကို သေချာ ဆုပ်လိုက်ပြီး-
ဝုန်း!
သစ်ပင် ပင်စည်ကြီးကို လက်သီးဖြင့် ထိုးလိုက်သည်။
သစ်ပင်ကြီးတစ်ပင်လုံး ပြင်းပြင်းထန်ထန် လှုပ်ခါသွားလေသည်။
ဝှစ်- ဝှစ်-
ထို့နောက် ဆီးသီးများ တစ်လုံးပြီးတစ်လုံး မိုးရွာကျသလို ဆီးပင်ပေါ်မှ ကြွေကျလာပါသည်။
ဘုတ်-
ဆီးသီးတစ်လုံးက ချူးယန်ရှီ၏ ခေါင်းပေါ်တည့်တည့်ကို ကျလာသည်။
ထို့နောက် ဆီးသီးပေါင်းများစွာ ချူးယန်ရှီ၏ ခန္ဓာကိုယ်အနှံ့ပေါ် ပြုတ်ကျလာပါသည်။
ချူးယန်ရှီ ခေါင်းကို လက်ဖြင့် ကာလိုက်ပါက မျက်နှာကို မကာနိုင်ပါ။ မျက်နှာကို လက်ဖြင့် ကာလိုက်တော့လည်း ပခုံးတွေကို မကာနိုင်တော့ပါ။
… … …
အခန်း(၆၂၃) ငါရိုက်တာမဟုတ်ဘူး ဆီးပင်ကြီးက ရိုက်တာ
ခန္ဓာကိုယ်အနှံ့ ဆီးသီးများစွာ ထိမှန်ပြီးနောက် ချူးယန်ရှီ အော်ဟစ်လိုက်ပါသည်။ ဆီးသီးတွေ ကြွေကျလာတာကို သူမ အလွန် ထိတ်လန့်သွားသည်။
ဆီးသီးတွေက မကြီးမားသော်လည်း ကိုင်းအမြင့်များမှ ကြွေကျလာသဖြင့် လူပေါ် ကြွေကျသည့်အခါ အတော်လေး နာကျင်ရပါသည်။
ထို့ကြောင့်လည်း မူကြိုကျောင်းက နှစ်တိုင်း အလုပ်သမားငှားပြီး ဆီးသီးတွေ ခူးခိုင်းရခြင်းဖြစ်သည်။
သို့သော်လည်း ဆီးပင်ကြီးက အလွန်ကြီးမားပြီး ခိုင်မာသည်။ သာမန်လူတစ်ယောက် ဘယ်လောက်ပဲ ထိုးနှက် ကန်ကျောက်ပါစေ၊ သစ်ကိုင်းကြီးတွေက လှုပ်ခါသွားမှာ မဟုတ်ပါ။ ထို့ကြောင့် ဆီးသီးတွေ ကြွေကျလာအောင် ကျောင်းသားတစ်ယောက်က ပင်စည်ကို ကန်လိုက်မည့်အဖြစ်အား မူကြိုကျောင်းကလည်း မျှော်လင့်ထားမှာ မဟုတ်ပါ။
သစ်ပင်အောက်မှာ လူ ၄ ယောက်ရှိသည့်အနက် ချူးယန်ရှီတစ်ယောက်တည်းပေါ်ကိုသာ ဆီးသီးတွေ ကြွေကျလာသည်။
ကျန် ၃ ယောက်က ဘေးကင်းပါသည်။
ချူးယန်ရှီပေါ် ဆီးသီးမိုးတွေ ရွာနေတာကို ကြည့်ပြီး ချင်းလောင်ယွင်နဲ့ ကျိုးဟောက်တို့ အစက အံ့အားသင့်သွားသော်လည်း နောက်တော့ အားရပါးရ ရယ်မောလိုက်ကြသည်။
ဟားဟားဟား! နည်းတောင်နည်းသေးတယ်!
အချိန်အတန်ကြာမှ ဆီးသီးတွေ ကြွေကျတာ ရပ်သွားပြီး ပတ်ဝန်းကျင်လည်း ပြန်လည် တိတ်ဆိတ်သွားသည်။
စူစူလေးကို ချူးယန်ရှီ ဒေါသတကြီး စိုက်ကြည့်လိုက်၏။ “ချင်းစူစူ ဒါဘာလုပ်တာလဲ”
“ယွင်ယွင်နဲ့ ကျိုးဟောက်အတွက် ဆီးသီးခူးပေးတာလေ”
သူမပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ ကျိုးဟောက်နဲ့ ယွင်ယွင်တို့ ဆီးပင်အောက်မှာ စောင့်နေရင် ဆီးသီးတွေ ကြွေကျလာမယ်ဆိုပြီး…။
အခု ကြွေကျလာပြီလေ။
“ဒါဆို ဘာလို့ ငါ့ကို ရိုက်တာလဲ”
“ငါနင့်ကို မရိုက်ပါဘူး။ ဆီးပင်ကြီးက ရိုက်တာ”။ စူစူလေး ပြန်ဖြေလိုက်သည်။
ဆီးသီးတွေက ဆီးပင်ပေါ်က ကြွေကျတာလေ။ ဘယ်သူ့ပေါ် ကြွေကျမလဲဆိုတာ တပ်အပ် ပြောလို့မှ မရတာ။
ချူးယန်ရှီ ကံဆိုးသည်ဟုသာ ပြောနိုင်သည်။
စူစူလေး၏ စကားကြောင့် ချူးယန်ရှီ ဆွံ့အသွားပါသည်။
စူစူလေး ပြောတာမှန်ပါသည်။ သူမပေါ် ဆီးသီးတွေ ကြွေကျတာက ကံဆိုးလို့သာ ဖြစ်နိုင်သည်။
ချူးယန်ရှီ ဒေါသပိုထွက်ရတာက ချင်းစူစူ ကြောက်စရာ ခွန်အား ထုတ်သုံးခဲ့သော်လည်း သက်သေခိုင်ခိုင်လုံလုံ မပြနိုင်ပါ။
သစ်ပင်တစ်ပင်ကို လက်သီးနဲ့ ထိုးလိုက်ရုံနဲ့ မလုံလောက်သေးဘူး!
ထို့အပြင် ကင်မရာကလည်း သစ်ပင်ကြီးအပေါ်ပိုင်းကို မရိုက်ပြနိုင်ပါ။ သစ်ပင်ကြီးက အလွန်မြင့်လွန်းတာကြောင့်ဖြစ်သည်။
ဒီလိုဗီဒီယိုမျိုးကို အွန်လိုင်းပေါ် တင်လိုက်ပါက လုပ်ကြံဖန်တီးထားသည်ဟု စွပ်စွဲကြလိမ့်မည်။ တစ်စုံတစ်ယောက်က သစ်ပင်ပေါ်မှ ဆီးသီးတွေ ပစ်ချပေးနေကြောင်း သို့မဟုတ် သစ်ကိုင်းတွေကို အပေါ်မှ လှုပ်ခါပေးနေတာဖြစ်သည်ဟု ကောက်ချက်ချကြလိမ့်မည်။
သူမလိုချင်တာ ဒါမဟုတ်ပါ။
မြေကြီးပေါ် ကြွေကျလာသည့် ဆီးသီးများကို မြင်သောအခါ ကျိုးဟောက်နဲ့ ချင်းလောင်ယွင်တို့ အပျော်လွန်သွားကာ ဆောင့်ကြောင့်ထိုင်ပြီး ဆီးသီးတွေကို စတင် ကောက်လေသည်။
ဆူညံသံတွေကြောင့် တခြားကလေးတွေပါ ဆီးသီးကောက်ဖို့ အပြေးရောက်လာကြသည်။
ဆရာမတွေ တားဖို့ ကြိုးစားသော်လည်း မတားနိုင်ခဲ့ပါ။ ကလေးတွေ အားလုံး မြေကြီးပေါ်က ဆီးသီးတွေကို ပျော်ပျော်ကြီး လုကောက်နေကြသည်။
အင်္ကျီအိတ်ကပ်မပါသည့် ကလေးများက အပေါ်အင်္ကျီများကို ချွတ်ကာ အိတ်အဖြစ် အသုံးပြုပြီး ဆီးသီးတွေ ထည့်ကြသည်။
ဆရာမကျူး ခေါင်းမူးသွား၏။
ဒီညနေ ကျောင်းသားမိဘတွေ ကျောင်းလာကြိုရင် သူမ ဘယ်လို ရှင်းပြရပါ့မလဲ။
ဆရာမကျူး၏ စိတ်ကို သိနေသည့်အလား ထန်ထိုက်မင် ရောက်လာပြီး ပြုံးကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ကလေးတွေနဲ့ ဆီးသီးကောက်တဲ့ ကစားနည်း ကစားခဲ့တာလို့ ပြောလိုက်ပါ။ ကလေးတွေလည်း အများကြီး ပျော်ခဲ့ရသလို မိဘတွေလည်း ဝမ်းသာကြမှာပါ”
“အဲ့လိုဖြစ်ပါစေလို့ပဲ မျှော်လင့်ရတာပဲ”။ ထန်ထိုက်မင်၏ စကားကို ကြားမှ ဆရာမကျူး သက်ပြင်းချနိုင်တော့သည်။
ဆီးသီးများ ပြန့်ကျဲနေသည့် ကြားထဲ မတ်တပ်ရပ်နေသည့် စူစူလေးကို ထန်ထိုက်မင် အပြုံးဖြင့် ကြည့်နေပါသည်။
ချင်းစူစူ… မင်းက ငါရှာနေတဲ့လူဆိုတာ သေချာသွားပြီ…
မြေကြီးပေါ်မှာ ဆီးသီးတွေ တစ်လုံးမှ မရှိတော့သည့်အခါမှ ကလေးတွေ လူစုခွဲသွားကြသည်။
ချူးယန်ရှီ တစ်ယောက်တည်းသာ စူစူလေးတို့ကို ဒေါသတကြီး စိုက်ကြည့်ရင်း ကျန်ခဲ့လေတော့သည်။
--- --- ---
လင်းယုရှန်းနဲ့ ချူးဟမ့်တို့ တရားရုံးဝင်ပေါက်မှာ ဆုံဖို့ စီစဉ်ခဲ့ကြသည်။
နှစ်ယောက် ဆုံတာနဲ့ တစ်ပြိုင်နက် ချူးဟမ့်က သရော်ပြုံးပြုံးလိုက်ပြီး လင်းယုရှန်းအား အမိန့်သံဖြင့် ပြောလိုက်သည်။ “အထဲဝင်ပြီး လက်မှတ်ထိုးစရာရှိတာ မြန်မြန်ထိုးလေ!”
လင်းယုရှန်းက ချူးဟမ့်ကို သံသယဖြစ်စွာ ကြည့်လိုက်ပြီး ချက်ချင်း မလှုပ်ရှားသေးပါ။
“ဘာတွေ ရပ်ကြည့်နေတာလဲ။ အခုမှ နောက်ပြန်ဆုတ်ချင်နေပြီလား။ နောက်ကျသွားပြီနော်!”။ ချူးဟမ့် သွေးအေးစွာ ရယ်မောရင်း ပြောလိုက်ပါသည်။
… … …
အခန်း(၆၂၄) လင်းယုရှန်း ကွာရှင်းမှုအောင်မြင်ခြင်း
“နောက်မဆုတ်ပါဘူး”။ လင်းယုရှန်း ခိုင်ခိုင်မာမာ ပြောဆိုလိုက်သည်။
ထို့နောက် တရားရုံးထဲ ဝင်သွားလေသည်။
ဒီနေ့မနက် ချူးဟမ့်ထံမှ ဖုန်းဝင်လာပြီး တရားရုံးမှာ ကွာရှင်းပြတ်စဲကြမည်ဟု ဆိုလာသောအခါ လင်းယုရှန်း မယုံကြည်နိုင်ခဲ့ပေ။ ချူးဟမ့် လှည့်ကွက်တစ်ခုခု ထုတ်သုံးဖို့ ကြိုးစားနေတာ ဖြစ်မည်ဟု ထင်ခဲ့၏။
လုကျန်းယွီက စိတ်မပူဖို့ပြောပြီး အိမ်တော်ထိန်းကျန်းကိုပါ အဖော်ထည့်ပေးလိုက်မည်ဟု ဆိုကာမှ လင်းယုရှန်း စိတ်အေးနိုင်ပြီး တရားရုံးမှာ ချူးဟမ့်နဲ့ လာတွေ့ရဲခဲ့ခြင်းဖြစ်ပါသည်။
ဒီတစ်ခါ ချူးဟမ့်က တကယ် ကွာရှင်းပြတ်စဲပေးတာဖြစ်သဖြင့် လင်းယုရှန်း အံ့အားသင့်ခဲ့ရသည်။ ပြဿနာတွေ ထပ်မရှာတော့ဘဲ ကွာရှင်းစာချုပ်မှာ ခပ်မြန်မြန်ပဲ လက်မှတ်ထိုးပေးခဲ့ပါသည်။
တရားရုံးမှ ပြန်ထွက်လာသောအခါ ချူးဟမ့်ကို လင်းယုရှန်း ကြည့်လိုက်ပြီး ဘာကြောင့် စိတ်ပြောင်းသွားတာလဲဟု မေးဖို့ ကြံလိုက်သည်။
သို့သော်လည်း ချူးဟမ့်က သူမကို အရင်လှောင်ပြောင်လိုက်ပါသည်။ “လင်းယုရှန်း မင်းကတော့ တစ်ခုခုပဲ။ ငါနဲ့ ကွဲတာတောင် မကြာသေးဘူး ဟွော်မိသားစုရဲ့ ဟွော်ချန်းယီနဲ့ ပေါင်းသင်းနေပြီပေါ့! ငါသိသလောက်ဆို မင်းတို့ နှစ်ယောက် ပေါင်းသင်းနေတာ တော်တော်ကြာနေပြီပဲ!”
“ချူးဟမ့် ရှင်ဘာတွေ ပြောနေတာလဲ”။ လင်းယုရှန်းက ချူးဟမ့်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ။ ချက်ကောင်းထိသွားလို့လား။ အခုမှ လိပ်ပြာမလုံဖြစ်နေပြီလား”။ ချူးဟမ့် သရော်လိုက်ပြီး လင်းယုရှန်းကို အထင်အမြင်သေးစွာ ပြောလိုက်သည်။
“ချူးဟမ့် ရှင်မဟုတ်တာတွေ မပြောနဲ့နော်။ ရှင့်ဘက်က ဖောက်ပြန်လို့ ကျွန်မတို့ ကွာရှင်းခဲ့တာ မဟုတ်ဘူးလား”။ လင်းယုရှန်းက စကားကို အမှန်ပြင်ပေးလိုက်သည်။
“သောက်ပိုတွေ လာမပြောစမ်းပါနဲ့။ မင်းသာ ဟွော်ချန်းယီနဲ့ အရင်ကတည်းက ဇယားတွေ မရှိခဲ့ရင် အဲ့ဒီနေ့က ချင်းအိမ်တော်ရှေ့မှာ သူရဲကောင်းကြီးလုပ်ပြီး မင်းကို ကယ်တင်ပေးခဲ့စရာအကြောင်းရှိလား”
“အဲ့တာ စီအီးအိုဟွော်မှာ ဖြောင့်မတ်တဲ့ စိတ်ဓာတ်ရှိလို့လေ”
“ဖြောင့်မတ်တဲ့ စိတ်ဓာတ်ရှိလို့ ဟုတ်လား။ ဖြောင့်မတ်တဲ့ စိတ်ဓာတ်ရှိလို့ပဲ သူ့အာဏာနဲ့ ပါဝါကို အသုံးချပြီး ငါ့ကို ၃ ရက်အတွင်း ကွာရှင်းပေးဖို့ ခြိမ်းခြောက်ခဲ့တာပေါ့ ဟုတ်လား။ အဲ့လိုမှ မကွာရှင်းပေးရင် ငါ့ဘဝကို လုံးဝ ဖျက်ဆီးပစ်မယ်လို့ ပြောခဲ့တာ ဘယ်သူလဲ”
ချူးဟမ့်က ဆုံးရှုံးမှုတွေ အားလုံးအတွက် လင်းယုရှန်းကိုသာ အပြစ်တင်နေသည်။ အခုလို အခြေအနေထိ သူရောက်နေရတာ သူမရဲ့ အပြစ်ကြောင့်သာ ဖြစ်သည်ဟု ယုံကြည်သည်။
“ကျွန်မနဲ့ ကွာရှင်းဖို့ ရှင့်ကို စီအီးအိုဟွော် ဖိအားပေးခဲ့တာလို့ ပြောချင်တာလား”။ လင်းယုရှန်း မှင်သက်သွားသည်။
“မင်းဘာလို့ အခုချိန်ထိ ဟန်ဆောင်နေသေးတာလဲ။ မင်းတို့နှစ်ယောက် စီစဉ်ထားတဲ့အတိုင်း ဖြစ်လာပြီ မဟုတ်ဘူးလား”။
“ချူးဟမ့် ကျွန်မ ရှင်းရှင်းပဲပြောမယ်။ မစ္စတာဟွော်နဲ့ ကျွန်မနဲ့က မရင်းနှီးဘူး။ တခြား ဘာဆက်ဆံရေးမှလည်း မရှိဘူး။ ကျွန်မတို့ ပေါင်းသင်းခဲ့တဲ့ အချိန်အတွင်း ကျွန်မဘက်က ဖောက်ပြန်တဲ့လုပ်ရပ် ဘာမှ မလုပ်ခဲ့ဘူး”။ လင်းယုရှန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။
ချူးဟမ့်သာ မပြောပြလျှင် လင်းယုရှန်း ဒါတွေ သိမှာတောင် မဟုတ်ပါ။
ဟွော်ချန်းယီက နောက်ကွယ်ကနေ သူမကို ကူညီပေးခဲ့တယ် ဟုတ်လား။
ဘာကြောင့်လဲ။ ငယ်ငယ်တုန်းက ဆုံခဲ့ဖူးလို့လား။
ဒါမှမဟုတ် အဲ့ဒီနေ့က သူ့သားရဲ့ ရောဂါကို ဆရာကြီးရှုယီ ကုသပေးဖို့လက်ခံအောင် သူမ ကူညီပေးခဲ့လို့လား။
ဒုတိယဖြစ်နိုင်ချေက ပိုများသည်ဟု လင်းယုရှန်း ခံစားမိသည်။
ထိုကိစ္စမှာ လင်းယုရှန်း အများကြီး မကူညီပေးခဲ့ရသော်လည်း ဟွော်ချန်းယီက ကျေးဇူးရှင်ကို ကျေးဇူးဆပ်တတ်သူ ဖြစ်မှန်း လူသိများသည်။
ဘယ်လောက်ပဲ သေးဖွဲသည့် အကူအညီဖြစ်ပါစေ ဟွော်ချန်းယီက မှတ်ထားပြီး ကျေးဇူးပြန်ဆပ်တတ်သည်။
“ဟား! မင်းစကားကို အရူးပဲ ယုံတော့မယ်! ငါ့နောက်ကွယ်မှာ မင်းတို့နှစ်ယောက် ဘယ်အဆင့်ထိတောင် ရောက်နေပြီလဲ မပြောနိုင်ဘူး!”။ ချူးဟမ့်က လှောင်ရယ်ကာ စွပ်စွဲလိုက်လေသည်။
“ချူးဟမ့် ဒီကိစ္စမှာ ရှင့်အပြစ်ဆိုတာ သိသာနေတာကို ဘာလို့ တခြားသူတွေကို အပြစ်ပုံချနေရတာလဲ”
တစ်ချိန်တုန်းက သူမယောက်ျားဖြစ်ခဲ့ဖူးသည့် ဒီလူမှာ ဒီလိုအရှက်မရှိသည့်စကားတွေ ပြောနိုင်လိမ့်မည်ဟု လင်းယုရှန်း လုံးဝ မထင်ခဲ့ပါ။
“ငါ့အမှား ဟုတ်လား။ မင်းတို့ ငါ့ကို ထောင်ချောက်ဆင်ထားတာ မဟုတ်ဘူးလား။ မင်းက နောက်လူကို အသင့်ပြင်ထားပြီး ငါနဲ့ ကွာရှင်းလို့ရအောင် တမင်သက်သက် အကွက်ဆင်တာ မဟုတ်ဘူးလားကွ!”
… … …
အခန်း(၆၂၅) ကျေးဇူးပါ စီအီးအိုဟွော်
လင်းယုရှန်း အသက်ဝဝ ရှူလိုက်သည်။ သူမ ချေပစရာ စကားမရှိတော့တာ မဟုတ်သော်လည်း ချေပဖို့ ခွန်အား မရှိတော့တာ ဖြစ်သည်။
“မင်းလိုချင်တဲ့ ကွာရှင်းစာချုပ် ရပြီးသွားပြီဆိုတော့ မင်းတို့ဖာသာဘာပဲလုပ်လုပ် ငါဝင်တားလို့ မရတော့ဘူးပေါ့! ပြီးတာပဲ ချူးဟမ့်ဆိုတဲ့ငါ အရှုံးကိုပဲ လက်ခံလိုက်ပါ့မယ်! တစ်ဖက်လူက အရမ်း ချမ်းသာပြီး အာဏာရှိတာကိုး!”
သို့သော် ဒီအရှုံးက ယာယီသာဖြစ်သည်။ သူ့ရဲ့ ကယ်တင်ရှင်ကို သူရှာတွေ့ထားပြီးပြီဖြစ်သည်။ သိပ်မကြာခင်မှာ သူ့ကို အားလုံး မော့ကြည့်ကြရလိမ့်မည်။ ထိုအချိန်ရောက်လာမှ လင်းယုရှန်းကို နောင်တရသွားအောင် သူလုပ်ပစ်ပါမည်။
ထိုလူ စီစဉ်ပေးထားသည့် သူ့အနာဂတ်ကို စဉ်းစားရင်း ချူးဟမ့် အားတက်လာပြီး တက်တက်ကြွကြွဖြင့် ထွက်ခွာသွားလေတော့သည်။ မျက်နှာပေါ်မှာလည်း အပြုံးများ ပြည့်နှက်နေသည်။
သူ့ပုံစံကို မြင်ပြီး လင်းယုရှန်း ဘာမှ မပြောချင်တော့ပါ။ အရင်တုန်းက တုံးအမိခဲ့သည့် သူမကိုယ်သူမသာ အပြစ်တင်ချင်တော့သည်။
အချိန်တွေအတော်ကြာအောင် ပေါင်းသင်းလာသည့် သူမ ယောက်ျားက ဒီလို လူယုတ်မာ ဖြစ်နေလိမ့်မည်မှန်း သူမ နည်းနည်းလေးတောင် သံသယ မဖြစ်ခဲ့ပါ။ ဒီ ၂ နှစ်အတွင်း သူမ အရူးမျက်ကန်းလို ယုံကြည်ခဲ့မိသည်။
ဒီလိုလူမျိုးကို ယောက်ျားပီသပြီး ပါရမီရှိကာ နူးညံ့သိမ်မွေ့သည်ဟု ဘာကြောင့် ထင်ခဲ့မိပါလိမ့်။
အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရလျှင် အစ်မစကားကို နားမထောင်ဘဲ ချူးဟမ့်နဲ့ လက်ထပ်ခဲ့သည့် သူမကိုယ်သူမ ပါးရိုက်မိပါလိမ့်မည်။
--- --- ---
တရားရုံးမှ ပြန်လာပြီးနောက် လင်းယုရှန်း အနည်းငယ် စိတ်ဓာတ်ကျနေသည်။ အိမ်တော်ထိန်းကျန်းက သူမကို လုအိမ်တော်သို့ရောက်အောင် လိုက်ပို့ပေးခဲ့သည်။
လုအိမ်တော်ရှေ့မှာ မတ်တပ်ရပ်ရင်း ခြံဝန်းထဲကို ငေးကြည့်ကာ လင်းယုရှန်း အလွန်ရီဝေနေပါသည်။
ထိုစဉ် သူမအနောက်မှ ခေါ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“မစ္စလင်း”
လင်းယုရှန်း လှည့်ကြည့်လိုက်ရာ ဟွော်ချန်းယီ၏ နက်ရှိုင်းသော မျက်လုံးများနဲ့ အကြည့်ချင်း ဆုံသွားလေသည်။
ဟွော်ချန်းယီက အရပ်ရှည်ပြီး အရှိန်အဝါရှိသည်။ သူ့မျက်နှာကလည်း အလွန် တည်ကြည်ဖြောင့်မတ်ပါသည်။
“စီအီးအိုဟွော်”။ လင်းယုရှန်း နှုတ်ဆက်လိုက်ပါသည်။
သူမ ဘာမှ မေးစရာမလိုပါ။ ဟွော်ချန်းယီက သူ့သား ဟွော်ထျင်းဆီလာခဲ့တာ ဖြစ်မှန်း သိသာပါသည်။
“မစ္စလင်း ဒီနေ့ စိတ်ညစ်နေတာလား”။ ဟွော်ချန်းယီက မေးသည်။
လင်းယုရှန်း ခေါင်းခါလိုက်၏။ “ဟင့်အင်း ကျွန်မ ဘာမှ မဖြစ်ပါဘူး။ ပြီးတော့ စီအီးအိုဟွော်ကိုလည်း ကျေးဇူးတင်ပါတယ်”
“ဘာအတွက် ကျေးဇူးတင်တာလဲ”
“ကျွန်မ ခင်ပွန်းဟောင်းလေ။ ရှင့်ကြောင့် သူ ကွာရှင်းဖို့ လက်ခံခဲ့တာလို့ ကြားတယ်”
“ဘာမှ မဟုတ်ပါဘူး။ ကျွန်တော် စကား တစ်ခွန်းနှစ်ခွန်းပဲ ပြောလိုက်တာပါ။ ဘာမှ အပန်းမပြီးဘူး”။ ဟွော်ချန်းယီ ပြန်ဖြေလိုက်ပါသည်။
သူ ပြောတာ မှန်ပါသည်။ ခြိမ်းခြောက်စကား အနည်းငယ်သာ ပြောခဲ့တာဖြစ်ကာ ချူးဟမ့်က အကြောက်လွန်ပြီး သူ့စကား နားထောင်ခဲ့ခြင်းဖြစ်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် စီအီးအိုဟွော်။ ကျွန်မတစ်ယောက်တည်းသာဆို အဆင်ပြေမှာ မဟုတ်ဘူး။ စီအီးအိုဟွော် ဝင်ကူညီပေးခဲ့လို့ အဆင်ပြေသွားတာပါ”
“ကိစ္စမရှိပါဘူး။ မစ္စလင်း အဆင်ပြေရင် ပြီးတာပါပဲ”
သူတို့နှစ်ယောက် ၁၀ မီတာအကွာမှာ မျက်နှာချင်းဆိုင် ရပ်နေကြပြီး တိတ်ဆိတ်သွားကြသည်။
အချိန်အတန်ကြာမှ လင်းယုရှန်းက ပြောလိုက်ပါသည်။ “အင်း… ကျွန်မ အိမ်ထဲ ဝင်တော့မယ်။ ကျွန်မ တူလေး စောင့်နေမှာမို့လို့…”
ထိုသို့ပြောပြီးနောက် လင်းယုရှန်း လုအိမ်တော်ထဲသို့ ဝင်သွားခဲ့ပါသည်။
ဟွော်ချန်းယီလည်း ချင်းအိမ်တော်ထဲ ဝင်လာခဲ့သည်။ ခြံထဲမှာ ဟွော်ထျင်းက သူ့အဖေကို အတော်ကြာအောင် စောင့်ကြည့်နေခဲ့တာဖြစ်သည်။
ဟွော်ချန်းယီ ဝင်လာတာကို မြင်သောအခါ ဟွော်ထျင်းက ပြေးလည်း မဖက်သလို စကားလည်း မပြောဘဲ သေချာ စိုက်ကြည့်ရင်း တစ်ခုခုကို စဉ်းစားနေပါသည်။
“ဘာဖြစ်လို့လဲ”။ ဟွော်ချန်းယီက ဟွော်ထျင်းရှေ့မှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မေးလိုက်ပါသည်။
“အဖေ ကျွန်တော့်ကို မိထွေးရှာပေးဖို့ ကြံနေတာလား”။ ဟွော်ထျင်း တဲ့တိုး မေးလိုက်လေသည်။
ဒါကို ကြားတော့ ဟွော်ချန်းယီ ရယ်မောမိ၏။ “အဲ့အတွေးတွေ ဘယ်ကနေ တတ်လာတာလဲ။ အဖေ့မှာ အဲ့လိုရှာဖို့ အချိန်ရှိပါ့မလား”
“ဟုတ်လို့လား။ ဟိုဘက်အိမ်က မစ္စလင်းနဲ့ စကားပြောကောင်းနေတယ် ထင်ထားတာ”
… … …