စိတ်မကောင်းစရာပဲ
Vol. 1 Ch. 89
ရှပ် ... ရှပ် ... ရှပ်"
သူ့နောက်မှ ခြေသံများသည် ကျန်းရီကို သတိ ဝင်သွားစေခဲ့သည်။ သူလှည့်ကြည့်လိုက်သော် မရင်းနှီးသည့် မျက်နှာများစွာကြောင့် အံ့အားသင့်သွား လေသည်။ ကံကောင်းစွာပင် သူ့ကို စိတ်သက်သာရာ ရစေသည့် ရင်းနှီးသည့် မျက်နှာ အနည်းငယ်လည်း ရှိနေခဲ့သည်။ အထူးသဖြင့် ရေခဲအလှမယ်လေး စုလောရွှယ်၏ မျက်နှာ ဖြစ်သည်။
"ကျန်း ... ကျောင်းသားကျန်းရီ ... ငါက သင်တန်းကျောင်းရဲ့ ဒုကျောင်းအုပ်ချီပဲ ... မင်းအဆင်ပြေလား"
ငွေရောင် ဆံပင်ဖြူများနှင့် အဘွားအိုသည် ကြင်နာသော မျက်လုံးများနှင့် ကြည့်ကာ မေးလာခဲ့သည်။ ကျန်းရီသည် ခေါင်းယမ်း၍ သူ့စိတ်ထဲမှ ကြောက်မက်ဖွယ် မြင်ကွင်းကို ထုတ်ပယ် လိုက်သည်။ သူသည် အသက်တစ်ချက် ရှူထုတ်လိုက်ကာ ပြန်ဖြေလိုက်သည်။
"ဒုကျောင်းအုပ်ချီ ... ကျွန်တော် အဆင်ပြေပါတယ် "
"ဟမ်"
ဆရာများ အားလုံးသည် ဆွံ့အသွားကြလေသည်။ ဒီကျန်းရီက ပတ်ဝန်းကျင် အခြေအနေကို နားမလည်ဘူးပဲ ... ကျောင်းအုပ်ချီက သူမကိုယ်သူမ ဒုကျောင်းအုပ်လို့ သုံးတာကို သူက အဲအတိုင်း လိုက်ပြောတယ် ... ကျောင်းတစ်ခုလုံးမှာ ဘယ်သူက သူမကို ကျောင်းအုပ်လို့ မသုံးနှုန်းဘဲ နေရဲလို့လဲ
ကျောင်းအုပ်ချီသည် ထိုကဲ့သို့ အသေးအဖွဲ လေးများကို စိတ်ထဲမထားနေ၍ တော်သေးသည်။ သူမသည် ကျန်းရီကို စိုးရိမ်စွာ ကြည့်၍ မေးလိုက်သည်။
"ကျောင်းသား ကျန်းရီ ... မင်း သတ်ဖြတ်ခြင်း ဧကရာဇ်ဆီက သိုင်းပညာ တာအို သဘောတရားတွေကို နားလည်ခဲ့လား ... "
"သိုင်းပညာ တာအို သဘောတရား"
ကျန်းရီသည် ရှုပ်ထွေးစွာ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး မေးလိုက်သည်။
"သိုင်းပညာ တာအို သဘောတရားက ဘာကြီးလဲ"
"ဒါ ... ဒါက မင်းကို ရှင်းပြဖို့ ခက်တယ်"
ကျောင်းအုပ်ချီသည် တစ်ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြော လာခဲ့သည်။
"မင်း ကျောက်စာထဲက ထူးခြားတဲ့ တစ်ခုခုကို နားမလည်လိုက်ဘူးလား"
ကျန်းရီသည် ခေါင်းယမ်း လိုက်သည်။
"ဟင့်အင်း ... ကျွန်တော် ဘာကိုမှ နားမလည်လိုက်ဘူး ... ကျွန်တော် ချောက်ချားစရာ မြင်ကွင်း တစ်ခုကိုပဲ မြင်လိုက်ရတယ် ... အဲမှာ ရုပ်တုပိုင်ရှင် လူက လူတွေ အများကြီးကို သတ်နေတယ် ... စစ်သည်တွေ တစ်သန်း ကျော်တယ် ... သူသတ်ပြီးသွားတဲ့ အချိန်မှာ မြင်ကွင်းက ပျောက်သွားတယ်"
"အာ ... "
ဆရာများသည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီးသော် သနားစရာဆိုသည့် အကြည့်ကို ထုတ်ဖော်လိုက်ကြသည်။ ရှေးဟောင်း ကျောက်စာများသည် အရှင်သခင် ခြောက်ယောက်က သူတို့၏ စွမ်းအားများကို အသုံးပြု၍ ချန်ထားခဲ့ခြင်း ဖြစ်သည်။ တစ်ယောက်ယောက်သည် ကျောက်စာများကို အသက်ဝင်စေ၍ အရှင်သခင်များ ချန်ထားခဲ့သော အရာရာများကို နားလည် သဘောပေါက်ရန်မှာ အခွင့်အရေးကြီး တစ်ခုဖြစ်သည်။ သို့သော် ထိုအရာများမှ အကျိုးအမြတ် ရမရမှာတော့ ကံအပေါ်တွင်သာ မူတည်ပေသည်။
သို့သော် ကျန်းရီသည် ထိုအခွင့်အရေးကို မဖမ်းဆုပ်နိုင်လိုက်ပုံ ပေါ်လေသည်။
ကျောင်းအုပ်ချီသည် ဇွဲမလျော့သေးပဲ ဆက်မေးလာခဲ့သည်။
"မင်းဘာမှ မရခဲ့ဘူးပေါ့ ... ကျင့်စဉ်တစ်ခု ဖြစ်ဖြစ်၊ ဂါထာတစ်ခု ဖြစ်ဖြစ်ရော ... ဒါမှမဟုတ် ထူးခြားတဲ့ အရာတစ်ခုခု ... သတ်ဖြတ်ခြင်း ဧကရာဇ်က မင်းကို ပေးလိုက်တဲ့ အရာတစ်ခုခုပေါ့"
"တစ်ခုမှ မရခဲ့ဘူး"
ကျန်းရီသည် အခိုင်အမာ ပြောလိုက်သည်။
"ကျွန်တော် မြင်လိုက်တာ ဆိုလို့ သတ်ဖြတ်ခြင်း ဧကရာဇ်က လူတွေကို သတ်နေတယ် ... သူလည်း သတ်ပြီးရော ပျောက်သွားတော့တာပဲ ... ကျွန်တော့်ကို ဘာမှ မပေးခဲ့ဘူး "
"ဟူး ... စိတ်မကောင်းစရာပဲ"
ကျောင်းအုပ်ချီသည် သက်ပြင်း တစ်ချက် ချလိုက်ပြီး စိတ်မကောင်းသည့် အမူအရာ ဖြစ်နေခဲ့သည်။
"သမိုင်း တစ်လျှောက်မှာ သတ်ဖြတ်ခြင်း ဧကရာဇ် ချန်ထားတဲ့ တာအို သဘောတရားကို အသက် ဝင်စေနိုင်တာ ဆိုလို့ လူနှစ်ယောက်ပဲ ရှိသေးတယ် ... ဒါပေမဲ့ သူတို့တွေလည်း ကျောင်းသား ကျန်းရီလိုပဲ ဘာဉာဏ်အလင်းမှ မရခဲ့ဘူး ... သတ်ဖြတ်ခြင်း ဧကရာဇ် ချန်ထားခဲ့တာတွေက ဆန်းကြယ်လွန်းလို့ ကျင့်ကြံခြင်း အဆင့် တစ်ခုခုကို ရောက်မှပဲ နားလည်နိုင်တာ များလား"
ကျောင်းအုပ်ချီသည် သူမ၏ စကားဆုံးသည်နှင့် ကျန်ဒုကျောင်းအုပ်များကို ကြည့်လိုက်သည်။ သို့သော် ခေါင်းယမ်း လိုက်၍သာ အပြင်သို့ ထွက်ခွာသွားခဲ့သည်။ ဆရာများသည်လည်း ကျန်းရီကို ချန်ထားခဲ့ကာ သူမနောက်မှ လိုက်သွား ကြလေသည်။
ကျန်းရီသည် ကျောက်စာကို ကြည့်လိုက်သော် သွေးနီရောင် မျက်လုံးတစ်စုံ၏ ပုံရိပ်သည် စိတ်ထဲတွင် ပေါ်လာခဲ့ပြန်သည်။ သူသည် ရုပ်တု၏ မျက်လုံးအစုံကို စိုက်ကြည့် လိုက်သော်လည်း သူ့စိတ်ထဲမှ မျက်လုံးများနှင့် မတူဟု ခံစားနေခဲ့ရသည်။
တစ်ခဏလောက် ထပ်မံ စူးစမ်း လေ့လာပြီးနောက် ကျန်းရီသည် သတိရသွားကာ ခန်းမအပြင်ဘက်သို့ အမြန် လျှောက်လာခဲ့သည်။ သူထိုနေရာတွင် မည်မျှကြာအောင် နေခဲ့မိသည်ကို မသိတော့ပေ။ သူ၏ အမှတ် တော်တော်များများသည် ကုန်ဆုံး သွားပေရော့မည်။
"ကျောင်းအုပ်ချီရဲ့ အမိန့်အရ မင်းက တာအိုသဘောတရားကို အသက်ဝင်စေနိုင်လို့ အမှတ်လျှော့ မခံရဘူး"
ကျန်းရီသည် တစ်မှတ်မှ မလျော့သော ကျောက်စိမ်းပြားကို ပြန်ရလိုက်သောကြောင့် အံ့အား သင့်နေခဲ့သည်။ သူအပြင်ဘက်ကို ကြည့်မိသောအခါတွင် လူအုပ်လိုက်ကို မြင်ရလေသည်။
"အစ်ကိုကြီး"
ဖက်တီးသည် လူတစ်အုပ်ကို ခေါ်ထားခဲ့ချေသည်။ ထိုလူများထဲတွင် ကျန့်ဝူရွှမ်းနှင့် သူ့ညီမ ကျန့်လင်းအာပင် ပါလိုက်သေးသည်။ လူတိုင်းသည် အားကျကာ မနာလိုသည့် ပုံများ ပေါ်နေခဲ့သည်။ ဖက်တီးသည် ရှေ့တိုး လာကာ တိုးတိုး ပြောလာခဲ့သည်။
"အစ်ကိုကြီး ... မင်းက တကယ် တော်တယ် ... ငါချမ်ဝမ်ကွမ် လူရွေး မမှားဘူးပဲ ... မင်းက သေချာပေါက်ကို ပါရမီရှင်ပဲ ... မင်းဘာတွေ နားလည်လိုက်လဲ"
ကျန့်ဝူရွှမ်းသည်လည်း အသာအယာ မေးလာခဲ့သည်။
"ကျန်းရီ ... မင်း တာအို သဘောတရား တစ်ခုခုကို နားလည်လိုက်လား"
"တစ်ခုမှ နားမလည်လိုက်ဘူး"
ကျန်းရီသည် ခေါင်းယမ်းလိုက်သည်။ သူသည် ပတ်ဝန်းကျင်တွင် လူအများကြီး ရှိနေသည်ကို မြင်လျှင် ခါးသက်စွာ ရယ်မောလိုက်သည်။
"ပြန်ရောက်မှ ပြောကြတာပေါ့"
လူအုပ်သည် အနောက်ဘက် အဆောင်ဆီသို့ လျင်မြန်စွာ လျှောက်လာခဲ့ကြသည်။ ဆရာများနှင့် ကျန်းရီတို့ အုပ်စု ထွက်ခွာသွားသော် ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ် ခန်းမ ဝန်းကျင်ရှိ လူများသည်လည်း အုပ်စု ကွဲသွားကြလေသည်။ မကြာခင်တွင် ဆရာများသည် သတင်းများ ထုတ်ပြန်ကာ ကျောင်းသားများ၏ သိလိုစိတ်များကို ဖြေဖျောက် ပေးလိုက်သည်။ ကျောင်းသား အချို့၏ စိတ်ထဲတွင် နောင်တများ ရှိနေသော်လည်း သက်သာရာ ရသွားခဲ့ပေသည်။
ကျန်းရီသည် ကျောက်စာ၏ ကန့်သတ်ချက်များကို ကျော်လွန် နိုင်ခဲ့သော်လည်း တာအို သဘောတရားကို နားလည်ခဲ့ပုံ မရပေ။
***
"အစ်ကိုကြီး ... မင်းတကယ်ကို တစ်ခုမှ နားမလည်ခဲ့တာလား ... ဒါက စိတ်မကောင်းစရာပဲ ... "
အနောက်ဘက် အဆောင်၏ အဆောင်ငယ်လေး ထဲတွင် ဖက်တီးသည် ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့သည်။ ကျန့်ဝူရွှမ်းနှင့် ကျန်းလင်းအာတွင်လည်း ထိုသို့သော အမူအရာများ ရှိနေခဲ့ကြသည်။ ကျန်းရီသည်လည်း ဝေခွဲမရ ဖြစ်နေကာ နောက်ဆုံးတွင် ထုတ်မေးလိုက်သည်။
"အဲဒီ သိုင်းပညာ တာအို သဘောတရား ဆိုတာက ဘာလဲ"
ကျန့်ဝူရွှမ်းသည် ရှင်းပြလိုက်သည်။
"သိုင်းပညာ တာအို သဘောတရားဆိုတာ သိုင်းပညာရဲ့ အနှစ်သာရ တစ်မျိုးပဲ ... သိုင်းကျင့်စဉ်တွေနဲ့တော့ နည်းနည်း ကွဲပြားတယ် ... ကောင်းကင် တာအိုနဲ့လည်း မတူပြန်ဘူး ... အဲဒါက ကောင်းကင် တာအိုကို သဘောပေါက် နားလည်သွားတဲ့ အရှင်သခင်တွေ ဖန်တီးခဲ့တဲ့ သဘောတရား တစ်မျိုးပဲ"
"မီးသဘာဝ ဆိုရင် အဲဒီ သဘောတရားမှာ မီးရဲ့ အနှစ်သာရတွေ ပါဝင်နေပြီးတော့ မီးစွမ်းအားကို နှစ်ဆလောက် တိုးသွားစေနိုင်တာမျိုး ... ဥပမာ အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်ဆိုရင် သူ့ရဲ့ အရှင်သခင် အရှိန်အဝါကို ပိုင်ဆိုင်တယ် ... သူက အဲ့ဒီ အရှိန်အဝါကို ထုတ်လွှင့်လိုက်တာနဲ့ သူနဲ့အဆင့်မတူတဲ့ ရန်သူတွေက ဖိနှိပ်ခြင်း ခံရမှာပဲ ... သူတို့က သူတို့အင်အားရဲ့ သုံးပုံတစ်ပုံလောက် အထိကို လျော့ကျသွားနိုင်တယ်"
"ဒါက သိုင်းပညာ တာအိုသဘောတရား ဆိုတာပေါ့"
ကျန်းရီ၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။ သူသည် သတ်ဖြတ်ခြင်း ဧကရာဇ်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါတို့ကို ပြန်တွေးနေလိုက်သည်။ ထိုသတ်ဖြတ်ခြင်း အရှိန်အဝါ ထွက်ပေါ်လာသည်နှင့် သန်းချီသော စစ်သားများပါဝင်သော ရန်သူစစ်တပ်သည် ချက်ချင်းဖိနှိပ်ခြင်း ခံလိုက်ရသည်။ သတ်ဖြတ်ခြင်း ဧကရာဇ် သူ့ရန်သူများကို သတ်ဖြတ်သော မြင်ကွင်းသည် သူ့စိတ်ကို တစ်ဖန်လှုပ်ရှား သွားစေပြန်သည်။
"ဘာလို့လဲ ... အစ်ကိုကြီး ... တစ်ခုခု သဘောပေါက်သွားလို့လား"
ဖက်တီးသည် ကျန်းရီ၏ မသက်မသာ အမူအရာကို ကြည့်ရင်း စိုးရိမ်တကြီး မေးလာခဲ့သည်။
ကျန်းရီသည် ပြန်မဖြေခဲ့ပေ။ သို့သော် သူသည် စိတ်ထဲ၌ တစ်ခုခုကို ဖမ်းဆုပ်နိုင်လိုက်သည့်နှယ် ထင်ရလေသည်။ သူသည် အာရုံခံရန် ကြိုးစားလိုက်သော်လည်း မည်သည့်ရလဒ်မှ ထွက်ပေါ်မလာခဲ့ပေ။ သူသည် တစ်ခဏမျှ ရပ်နေခဲ့ပြီး ခေါင်းယမ်းလိုက်သည်။
"ဟင့်အင်း ... ငါဘာကိုမှ သဘောမပေါက်ဘူး"
"ကောင်းပြီ ... မင်းက ရှေးဟောင်းကျောက်စာရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်တယ် ဆိုမှတော့ ကျန်းရီ မင်းက သာမန်လူ တစ်ယောက် မဟုတ်ဘူး ... မင်း ကြိုးစားနေသရွေ့ အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ရလာလိမ့်မယ်"
ကျန့်ဝူရွှမ်းသည် မတ်တတ်ရပ်လိုက်ကာ ကျန့်လင်းအာ၏ ဘေးသို့ လျှောက်သွားလိုက်သည်။
"လင်းအာ ... မင်းက ကျန်းရီကို ကျေးဇူးတင်စကား မပြောတော့ဘူးလား ... သူ့ကြောင့်သာ မဟုတ်ရင် မင်းဒုက္ခ ရောက်နေလောက်ပြီ"
ကျန့်လင်းအာသည် မျက်နှာကို ပုဝါဖြင့် ဖုံးအုပ်ထားဆဲသာ ဖြစ်သည်။ သူမသည် သူမ၏ ရွှန်းလဲ့လဲ့ မျက်လုံးများနှင့် ကျန်းရီကို ကြည့်လိုက်သည်။
"ကျေးဇူး အများကြီး တင်ပါတယ် ... အစ်ကိုကြီး ကျန်းရီ"
ကျန့်လင်းအာ၏ သလင်းကျောက်လို ကြည်လင်နေသော မျက်လုံးများကို ကြည့်ရင်း ကျန်းရီသည် ရှက်ရွံစွာ ခေါင်းညိတ်လိုက်သည်။ ညနေစောင်းနေပြီ ဖြစ်ရာ ကျန့်ဝူရွှမ်းနှင့် သူ့ညီမသည် အရင် ထွက်ခွာသွားခဲ့ကြသည်။ ဖက်တီးသည်လည်း သူ့လူများကို ခေါ်ကာ ထွက်သွားခဲ့လေသည်။ ကျန်းရီသည် သူတို့ ဘာလုပ်ကြသည်ကို မသိပေ။
ကျန်းရီသည် သူ့အခန်းသို့သာ ပြန်လာခဲ့လိုက်သည်။ သူ့စိတ်ထဲတွင် ရှေးဟောင်း ကျောက်စာထက်မှ မြင်ကွင်းကသာ စိုးမိုးနေခဲ့သည်။ အထူးသဖြင့် သွေးနီရောင် မျက်လုံးအစုံသည် သူ့စိတ်ထဲတွင် ထင်ထင်ရှားရှား ပေါ်နေခဲ့သည်။
တာအိုသဘောတရား ... ဒါက သတ်ဖြတ်ခြင်း ဧကရာဇ်ရဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါများ ဖြစ်နေမလား
ကျန်းရီသည် ရေရွတ်လိုက်ပြီး ရှေးဟောင်း ကျောက်စာထက်မှ မြင်ကွင်းကို ပြန်မြင်ယောင်ကာ အတွေးထဲတွင် နစ်မျောသွားခဲ့သည်။ ရုတ်တရက် သူ့စိတ်ထဲတွင် ကောင်းကင် တောင်ပံမြို့ အနောက်ဘက်တောင်ကုန်းမှ မြင်ကွင်းက ပြန်ပေါ်လာခဲ့သည်။ သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါတို့သည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ သူ့မျက်လုံးများသည်လည်း တဖြည်းဖြည်း နီရဲလာခဲ့လေသည်။ မျက်လုံးများသည် သွေးကဲ့သို့ နီရဲလာရာ သတ်ဖြတ်ခြင်း ဧကရာဇ်၏ မျက်လုံးများလောက် ကြောက်စရာကောင်းသွားလေသည်။
အဆောင်ငယ်ထဲတွင် ဘယ်သူမှ ရှိမနေ၍ တော်သေးသည်။ ချမ်ဝမ်ကွမ်သည်လည်း ပြန်မလာသေးသည်မှာ ကံကောင်းသည်။ ဤသို့သော မြင်ကွင်းမျိုးကိုသာ တစ်ယောက်ယောက် မြင်သွားပါက တစ္ဆေတစ်ကောင်မြင်လိုက်သည်ဟု ထင်ကြမှာ အသေအချာ ...
အချိန်ကုန်လာသည်နှင့် ကျန်းရီ၏ မျက်လုံးများသည် မူလအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါများသည်လည်း မည်သည့် အရိပ်အယောင်မှပင် မကျန်တော့ဘဲ ကွယ်ပျောက်သွားခဲ့သည်။ သူလုံးဝနိုးလာသော အချိန်တွင် အရာရာသည် ပုံမှန်အတိုင်း ဖြစ်သွားခဲ့သည်။ သူကိုယ်တိုင်ပင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်တစ်ခုလုံးကို ပြန်မတွေးတတ်တော့ပေ။
***