သူ့ကို ဓားနဲ့ သတ်လိုက်
Vol. 1 Ch. 90
ကျန်းရီသည် ညဘက်တွင် ပင်ပင်ပန်းပန်း ကျင့်ကြံပြီးနောက် အိပ်ပျော်သွားခဲ့ရာ တံခါးခေါက်သံ တစ်ခုကြောင့် နိုးလာခဲ့သည်။ သူသည် တံခါးကို ဖွင့်ကြည့်လိုက်သောအခါ လူယုတ်မာ အပြုံးနှင့် ချမ်ဝမ်ကွမ်ကို တွေ့လိုက်ရသည်။
"မနက်စောစောစီးစီး မင်းက ဘာလို့ လူယုတ်မာပုံ ပေါ်နေတာလဲ ... ညက သိမ်မွေ့တဲ့ အလှလေး တစ်ယောက်လောက် မရခဲ့ဘူးလား"
ကျန်းရီသည် ထေ့ငေါ့ ပြောလိုက်သည်။ ဖက်တီးသည် ခါးသက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော့်ပုံစံနဲ့ ဘယ်လိုလုပ်ပြီး အလှလေး တစ်ယောက်လောက် ရနိုင်မှာလဲ ... ကျွန်တော် အများဆုံး လုပ်နိုင်တာ ဆိုလို့ ပိုက်ဆံနည်းနည်းသုံးပြီး ရုပ်ရည်အသင့်အတင့်ရှိတဲ့ ကောင်မလေးတွေကို ဝယ်နိုင်ရုံပေါ့"
ကျန်းရီသည် အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပြီးနောက် လှည့်ကြည့်ကာ မေးလိုက်သည်။
"မင်းက စောစောစီးစီး ဒီလိုပြုံးနေမှတော့ ပြောပါဦး ... သတင်းကောင်းကို"
"ဟီးဟီး ... ကျွန်တော်တို့ အတွက် ဆရာအသစ်တစ်ယောက် ရပြီ ... သူမရဲ့ အလှက သင်တန်းကျောင်းရဲ့ အလှဆုံးဆယ်ယောက်ထဲမှာ ပထမရနိုင်တယ် ... သူမက အရမ်းလှနေမှတော့ ကျွန်တော်တို့ မျက်လုံးကို အစာကျွေးလို့ ရတာပေါ့"
ဖက်တီးသည် စကားပြောနေချိန်တွင် မျက်လုံးများ တစ်လက်လက် တောက်နေခဲ့သည်။ မကြာခင်မှာပင် သူ့မျက်နှာသည် မဲမှောင်သွားခဲ့သည်။ သူသည် သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒါပေမဲ့ ဒီဆရာမလှလှက ပေါင်းသင်းဆက်ဆံရ ခက်တယ်လို့ ကျော်ကြားနေတော့ ကျွန်တော်တို့ အရင်ကလောက် အေးအေးဆေးဆေးနေလို့ရမှာ မဟုတ်တော့ဘူး ... ဟုတ်သား ... ကျွန်တော်တို့ တောင်ပေါ်မှာ ဂူတစ်လုံး ရှာထားရမယ် ... အစ်ကိုကြီးက ကျင့်ကြံလေ ... ကျွန်တော်က တရေးအိပ်မယ် ... ဟား..ဟား ... ငါအရမ်းတော်တာပဲ"
ဆရာမလှလှ … ကျန်းရီ၏ မျက်လုံးများသည် တောက်ပသွားကာ အလန့်တကြား ပြောလိုက်သည်။
"ဒါက ဆရာမစုတော့ မဖြစ်နိုင်ဘူး မလား"
"အမှန်ပဲ ... ဆရာမ စုလောရွှယ်ပဲ"
ဖက်တီးသည် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလာခဲ့သည်။
"စုလောရွှယ်က သင်တန်းကျောင်းရြ့ ကျောင်းသူတစ်ယောက် ဖြစ်ဖူးပြီးတော့ ပါရမီရှင် ကျောင်းသူ တစ်ယောက်ပဲ ... ဒါပေမဲ့ သူမက ဘာလို့ ပညာသင်ပြီးသွားတာကို ကျောင်းမှာ ဆက်နေပြီး ဆရာမ တစ်ယောက် လုပ်နေတာပါလိမ့် ... သူမရဲ့ အဆင့်အတန်းက ဆရာတစ်ယောက် ဆိုပေမဲ့ အသက်အရွယ်က နှစ်ဆယ့်တစ်နှစ်ပဲ ရှိသေးတာ ... ဒါတောင်မှ သူမက ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့်ကို ရောက်နေပြီ ... ပြီးတော့ သူမ ဘယ်လောက် လှတယ် ဆိုတာ မင်းသူမကို စတွေ့တည်းက သိပြီး လောက်ပါပြီ"
"ငါမင်းကို လျှို့ဝှက်ချက် တစ်ခုပြောပြမယ် ... ဆရာမစုက နောက်ခံအင်အား အရမ်းကောင်းတဲ့ မိသားစုက လာတာ ... ဒုကျောင်းအုပ် တစ်ယောက်ရဲ့ သားဆိုရင် သူမကို မရလို့ အကြမ်းဖက်သတဲ့လေ ... ဒါပေမဲ့ အဲဒီတစ်ယောက်က ထူးထူးဆန်းဆန်းပဲ ပျောက်ဆုံးသွားခဲ့တယ် ... ဒုကျောင်းအုပ်က ဒေါသအရမ်း ထွက်ပေမဲ့လည်း အဆုံးမှာ မဖြေရှင်းပဲ ကိစ္စက ပြီးသွားခဲ့တယ်"
ကျန်းရီသည် ထိုအကြောင်းကို ကြားရသောအခါ အတော်လေး အံ့အား သင့်သွားခဲ့သည်။ သင်တန်းကျောင်း၏ ဒုကျောင်းအုပ်များ အားလုံးသည် အနည်းဆုံး စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များ ဖြစ်ကြပြီး ကျောင်းအုပ်ဆိုလျှင် နယ်မြေတစ်ခုလုံး၏ အတော်ဆုံးသူ ဆယ်ယောက်ထဲမှ တစ်ယောက်ဖြစ်ကာ ဗာဂျရာအဆင့်ကို ရောက်နေပြီဟု ဆိုကြသည်။ စုလောရွှယ်သာ သူ့သားကို အန္တရာယ် ဖြစ်စေခဲ့လျှင် ဒုကျောင်းအုပ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်ပေလိမ့်မည်။ သို့သော် သူမသည် ဘာမှမဖြစ်ခဲ့ပုံထောက်လျှင် သူမသည် သင်တန်းကျောင်းတွင် ဆရာတစ်ယောက် အဆင့်အတန်းဟု ယူဆနိုင်ပါဦးမည်လော
"မင်းရဲ့ဂိုဏ်းတောင်မှပဲ သူမမိသားစု နောက်ကြောင်းကို စုံစမ်းလို့မရဘူးလား"
ကျန်းရီသည် စူးစမ်းလို၍ မေးမြန်းလိုက်သည်။
ချမ်ဂိုဏ်းသည် ရှန်ဝူနိုင်ငံတော် တစ်ခုလုံး၏ ကုန်သွယ်ရေး သုံးပုံတစ်ပုံခန့်ကို ထိန်းချုပ်ထားရာ သူတို့တွင် ကျယ်ပြန့်သော သတင်းပေးအဖွဲ့အစည်းများ ရှိရပေမည်။ ပြီးခဲ့သည့်ရက်များတွင် ဖက်တီးသည့် သူ့နောက်ကြောင်းကို စုံစမ်းရန် နေ့တစ်ဝက်သာ ကြာခဲ့သည်။
"ဘာသတင်းမှ မရဘူး"
ချမ်ဝမ်ကွမ်သည် ခေါင်းယမ်းကာ ပြောလာခဲ့သည်။
"အင်အားအကြီးဆုံး ဒုကျောင်းအုပ်ချီက သူမ(စုလောရွှယ်)ကို သူမရဲ့ မြေးလို သတ်မှတ်ထားပြီး အရမ်းချစ်မြတ်နိုးတယ် ... ဘယ်သူမှ သူမအကြောင်းကို ရဲရဲတင်းတင်း မစုံစမ်းရဲဘူး ... ကျွန်တော်တို့သာ ဒုကျောင်းအုပ်ချီကို ဒေါသထွက်စေမိရင် သင်တန်းကျောင်းမှာ ရှိတဲ့ ကျွန်တော်တို့ ဂိုဏ်းက လူတွေအားလုံး ဖယ်ရှားခံရလိမ့်မယ် ... ဘယ်ဂိုဏ်းကမှ သူမရဲ့ ဆန္ဒကို ဆန့်ကျင်ရဲမှာ မဟုတ်ဘူး"
ကျောင်းအုပ်ချီ …
ကျန်းရီသည် သဘောပေါက်သွားခဲ့သည်။ သူမနေ့က တွေ့ခဲ့သော ငွေရောင် ဆံပင်များနှင့် အဘွားအိုသည် ဒုကျောင်းအုပ်များ၏ ခေါင်းဆောင်ဖြစ်သည်မှာ ထင်ရှားသည်။ သင်တန်းကျောင်း အတွင်း သူမ၏ အကာအကွယ် အောက်တွင် စုလောရွှယ်သည် သက်တောင့် သက်သာ နေနိုင်ပေသည်။ သူမ ကျန်းရိလျှိုကို ဂရုစိုက်စရာ မလိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
ချမ်ဝမ်ကွမ်နှင့် ကျန်းရီတို့သည် မနက်စာကိာ အမြန် စားလိုက်ကြပြီး အနောက်ဘက် အဆောင်ရှိ စုရပ်ထံ သွားလိုက်ကြသည်။ စုရပ်နေရာတွင် လူတိုင်း စုစည်းမိချိန်၌ အဖြူရောင် ဝတ်ဆင်ထားသော မိန်းမပျိုသည် ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ မိန်းကလေးသည် နှင်းကဲ့သို့ ဆွတ်ဆွတ် ဖြူနေသော အသားအရည် ရှိလေသည်။ သူမ၏ ပုံပန်းသွင်ပြင်နှင့် လိုက်ဖက်သော နူးညံ့သိမ်မွေ့သည့် မျက်နှာလေးသည် လူတိုင်း၏ အာရုံကို ဖမ်းစားထားသည်။ အထူးသဖြင့် သူမ၏ အေးစက်စက် အရှိန်အဝါတို့သည် လူတိုင်းကို မိုင်တစ်ထောင်လောက် အကွာအဝေးကပင် ငြင်းဆန် နေသည်ဟု ထင်ရစေလေသည်။ သူမသည် ယောကျ်ားတိုင်း၏ သိမ်းပိုက်လိုသော ဆန္ဒကို အလွယ်တကူ လှုံ့ဆော်နိုင်လေသည်။
စုလောရွှယ်သည် လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းများကို ရေတွက်လိုက်သည်။ လူတိုင်းရောက်ပြီမှန်း သေချာသွားချိန်တွင် လက်ကို ဝှေ့ယမ်းလိုက်ကာ အေးစက်စက် ပြောလိုက်သည်။
"သွားကြတော့"
တရားမဝင် အပြင်ဆောင် ကျောင်းသားများသည် အဖွဲ့များစွာ ရှိကြသော်လည်း အဖွဲ့အလိုက် လူအရေအတွက် အတိအကျ သတ်မှတ်မထားပေ။ အဖွဲ့တစ်ခုကို ဆရာတစ်ယောက်က ဦးဆောင်ပေသည်။ ထိုသို့သော စီမံမှုကို ကြည့်လျှင် တရားမဝင် ကျောင်းသားများ၏ အဆင့်အတန်း နိမ့်ပါးကြောင်းကို မြင်တွေ့နိုင်ပေသည်။
မြေကွက်လပ်ထဲတွင် အခြားအဖွဲ့များမှ ကျောင်းသားများလည်း ရှိနေခဲ့သည်။ ကျောင်းသား အားလုံးသည် ကျန်းရီတို့ အဖွဲ့အား စုလောရွှယ် ခေါင်းဆောင်မည်ကို မြင်သောအခါ မနာလို ဖြစ်နေကြသည်။ အဖွဲ့ထဲတွင် ထိုသို့သော အလှလေး ရှိနေပါလျှင် မျက်လုံးကို နေ့တိုင်း အစာ ကျွေးနိုင်သည် မဟုတ်ပါလား။
ကျန်းရီတို့ အဖွဲ့တွင် လူခြောက်ဆယ်၊ ခုနှစ်ဆယ်ခန့် ရှိသော်လည်း ထူးထူးခြားခြား ထက်မြက်သူ တစ်ယောက်မှ မပါပေ။ ချမ်ဝမ်ကွမ်ကိုပင် အဖွဲ့တွင် အဆင့်အတန်း အမြင့်ဆုံးဟု သတ်မှတ်၍ ရပြီး ချမ်ဂိုဏ်းမှ လာသော ဂိုဏ်းသားများလည်း ခြောက်ယောက်၊ခုနှစ်ယောက်ခန့် ပါဝင်နေပေသည်။ အင်အားအရဆိုလျှင် ကျန်းရီကိုပင် အားအကောင်းဆုံးဟု ပြော၍ ရပေသည်။
စက္ကန့်ပိုင်းအတွင်းတွင် လူတိုင်းသည် သင်တန်းကျောင်းည တောင်ဘက်တံခါးမှ ထွက်လာခဲ့ပြီး တောင်ခြေဆီ ပြေးသွားလိုက်ကြသည်။ စုလောရွှယ်သည် အဖွဲ့ကို ဦးဆောင်သွားသည်။ သူမ၏ ခြေလှမ်းတိုင်းသည် ပေါ့ပါးသွက်လက်နေသော်လည်း ခြေလှမ်းတစ်လှမ်း ချင်းစီသည် မီတာ အမြောက်အများ သွားနိုင်လေသည်။ လေညှင်းတို့သည် သူမ၏ ဝတ်ရုံကို အသာအယာ ရိုက်ခတ် နေလေသည်။ ဝတ်ရုံစလေး တလွင့်လွင့်နှင့် သူမသည် ကောင်းကင်ထက်မှ ဆင်းသက်လာသော နတ်သမီးလေး အလားပင်။
"ဖုန်း ... ဖုန်း"
အဖွဲ့တိုင်းတွင် အများစုမှာ ဆယ့်ခြောက်နှစ်မှ ဆယ့်ရှစ်နှစ်အရွယ် လူငယ်လေးများ ဖြစ်ကြသည်။ လူတိုင်းသည် စုလောရွှယ်၏ အလှကို မြင်လိုက် ကြသောအခါ သတိလက်လွတ် ဖြစ်ကုန်ကြလေသည်။ သူတို့သည် တောင်ပေါ်မှ ဆင်းနေသည်ကို မေ့လျော့ကာ ခြေချော်ကျ၍ ပွန်းပဲ့ကုန်ကြလေသည်။
စုလောရွှယ်သည် လှည့်ကြည့်လိုက်သည်။ သူမသည် ခံစားချက်မဲ့ပုံပေါ်နေသော်လည်း မျက်ဝန်းထဲတွင် အပြုံးရေးရေးတို့ ဖြတ်ပြေးသွားခဲ့သည်။ သူမ၏ မျက်ဝန်းထဲမှ ရှက်ရိပ်များသည် ကျန်းရီကို သတိလက်လွတ်ဖြစ်စေ၍ ခြေချော်ကာ တောင်ပေါ်မှ လိမ့်ကျသွားစေလေသည်။
"အိုင်းယား ... အစ်ကိုကြီး..အစ်ကိုကြီး"
ဖက်တီးသည် နောက်ခံအင်အားကောင်းကာ ငွေဇွန်းကိုက်၍ မွေးဖွားလာသူဖြစ်သည်။ သူသည် မိန်းကလေးလှလှများ အပေါ်တွင် ကျရှုံးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် စုလောရွှယ်၏ အကြည့်မလွှဲချင်စရာ အလှကို မြင်ရသော်လည်း သူ့ကိုယ်သူ ခပ်ချေချေ ပုံစံကို ထိန်းထားနိုင်ပေသည်။ ကျန်းရီလိမ့်ကျသွားသည်ကို မြင်လိုက်လျှင် သူသည် အလန့်တကြား အော်ဟစ်ကာ ကူညီရန် ပြေးသွားရလေသည်။ ကျန်းရီကို အမှီလိုက်နိုင်သွား၍ မတ်တတ်ရပ်နိုင်ရန် ကူညီလိုက်ပြီးသော် ချမ်ဝမ်ကွမ်သည် ရည်ရွယ်ချက် ရှိရှိနှင့် အသံကျယ်ကျယ် ပြောလိုက်လေသည်။
"အစ်ကိုကြီး ... မင်းအဆင်ပြေလား ... ခါတိုင်းရက်တွေမှာ မင်းက တည်ငြိမ်တယ် မဟုတ်ဘူးလား ... ဘာလို့ ဒီနေ့မှ တခြားသူတွေလို ဖြစ်နေတာလဲ ... မင်းက ငါတို့ိကို အရှက်ရစေတာပဲ ... "
စုလောရွှယ်သည် ကျန်းရီ၏ နမော်နမဲ့ နိုင်မှုနှင့် ဖက်တီး၏ ဟာသဉာဏ်တို့ကို မြင်ရသော် ရယ်မိသွားလေသည်။ သူမ၏ မျက်နှာထက်ရှိ အပြုံးလေးသည် တစ်စက္ကန့်လေးတောင် မကြာလိုက်သော်လည်း ခေါင်းများစွာသည် သူမကို လှည့်ကြည့်လာကြသည်။ ကျန်းရီသည် သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ပြီး ကြည့်လိုက်စဉ်မှာပင် သူမ၏ အပြုံးလေးကြောင့် ထပ်မံမှင်သက်သွားမိရပြန်သည်။ သူမ၏ အကြည့်ကြောင့် သူမသောက်ပါဘဲနှင့် မူးသွားစလို ခံစားလိုက်ရသည်။
"ဝှစ်"
ထိုခဏတွင် လေထဲမှ အသံတစ်သံသည် ထွက်ပေါ်လာခဲ့လေသည်။ နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော မြင်းပျံနှစ်ကောင် ဆွဲသည့် ခမ်းနားသည့် ရထားလုံးသည် ကောင်းကင်ထက်တွင် ပေါ်လာခဲ့သည်။ ကျက်သရေရှိသော လူငယ်တစ်ယောက်သည် ရထားလုံးထက်တွင် ဝံ့ဝံ့ကြွားကြွားရပ်လျက် မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းကာ သူတို့ဘက်သို့ ကြည့်နေခဲ့သည်။
ရှေးဟောင်းစစ်တပ်သုံး ရထားလုံး ... ကျန်းရိလျှို
ကျန်းရီသည် မှင်သက်နေရာမှ ချက်ချင်းသတိဝင်လာကာ ခြင်္သေ့များသည် သူတို့၏ သဘာဝရန်သူကို တွေ့သည့်အခါ လည်ဆံမွေးများ ထောင်သကဲ့သို့ ဆံပင်များ ထောင်ထလာခဲ့သည်။ ချမ်ဝမ်ကွမ်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။ အခြားကျောင်းသားများကမူ အားကျကာ မနာလိုသည့် အကြည့်များနှင့် ကြည့်နေခဲ့သည်။ ကျောင်းသူများကမူ သူ၏ ဖမ်းစားခြင်းကို ခံလိုက်ရကာ ကျန်းရိလျှို ချည်းကပ်လာသည်နှင့် အလွန်အမင်း စိတ်လှုပ်ရှားလာကြလေသည်။
သူသည် တော်ဝင်မင်းသားတစ်ပါး ဖြစ်ရုံသာမက သင်တန်းကျောင်းတစ်ခုလုံး၏ အတော်ဆုံးပါရမီရရှင် သုံးယောက်တွင်လည်း ပါဝင်ပြီး ရှန်ဝူနိုင်ငံတော် တစ်ခုလုံး၏ ကောင်ကင်အဆင့်သတ်မှတ်ချက်တွင် အတော်ဆုံး ငါးနေရာ၌လည်း ပါဝင်သေးသည်။ သူ၏ ပြိုင်ဘက်ကင်း ပုံပန်းသွင်ပြင်နှင့် အပြုအမူတို့ကိုလည်း ချန်ထား၍ မရပေ။ ထို့ကြောင့် သူသည် မိန်းကလေးကျောင်းသူတိုင်း၏ အိပ်မက်မင်းသားလေး ဖြစ်လာရလေသည်။
သို့သော် စုလောရွှယ်၏ မျက်ဝန်းထဲတွင် မကျေမနပ်မှုများ အထင်းသား ပေါ်နေခဲ့သည်။ သူမသည် ရုတ်တရက် အေးစက်စက် အသံနှင့် ပြောလိုက်လေသည်။
"မင်းတို့တွေက ဘာလို့ ရပ်နေကြတာလဲ ... တောင်အောင်ကို ဆင်းစရာ မလိုတော့ဘူးလား"
စုလောရွှယ်သည် ပြောပြီးသည်နှင့် အမြန်သွားရန် ပြင်လိုက်သည်။ သို့သော် ကျန်းရိလျှိုသည် သူမရှေ့တွင် ရောက်နေခဲ့ပြီ ဖြစ်သည်။ ရှေးဟောင်း စစ်တပ်သုံး ရထားလုံးသည် သူမရှေ့တည့်တည့်တွင် ရပ်တန့်နိုင်ရန် စက္ကန့်ပိုင်းသာ ကြာလေသည်။ ကျန်းရိလျှိုသည် ရထားလုံးအတွင်းမှ ခုန်ထွက်လာကာ စုလောရွှယ်၏ ရှေ့တွင် ပိတ်ရပ်လိုက်လေသည်။ သူသည် အပြုံးတစ်ခုနှင့် ပြောလိုက်သည်။
"လောရွှယ် ... ငါတို့တွေ့ခဲ့တာ အတော်ကြာပြီပဲ ... မင်းက ဘာလို့ ငါ့ဆီကနေ အမြဲ ပုန်းရှောင်နေတာလဲ ... ငါက မင်းမျက်လုံးထဲမှာ တော်တော်လေး ကြည့်ရ ဆိုးနေတာလား"
"သေစမ်း"
မကျေမချမ်းမှု များသည် ဖက်တီး၏ မျက်လုံးထဲမှ ဖြတ်ပြေး သွားခဲ့သည်။ ကျန်းရိလျှိုက များလွန်း မနေဘူးလား ... သူက လူအများကြီး ရှိနေတာကို ဂရုမစိုက်ဘဲ သူတို့ရဲ့ ဆရာမကို လူမြင်ကွင်းမှာတောင် မြှူဆွယ် နေလိုက်သေးတယ် ... သူက ကြက်သီးထစရာ ကောင်းတဲ့ စကားချိုချို တွေကိုတောင် ပြောလိုက်သေးတယ်။
"ဘေးဖယ်စမ်း ... ကျန်းရိလျှို"
စုလောရွှယ်၏ မျက်နှာသည် ပို၍ပင် အေးစက်သွားခဲ့သည်။ ကျန်းရိလျှိုသည် လေးစားလောက်ဖွယ် အဆင့်အတန်းရှိကာ သူ၏ အရည်အချင်းကြောင့် ကျောင်းအုပ်ကျူးကော့ ကလည်း မျက်နှာသာ ပေးထားခဲ့သည်။ ထို့ကြောင့် သူ သူမကို နှောင့်ယှက် နေသော်လည်း သူမ ဘာမှမလုပ်နိုင်ပေ။
ကျန်းရိလျှို၏ လက်ရှိ လက်စွပ်မှ အလင်းရောင် တစ်ချက် လက်သွားကာ ဖြူဖွေးသော ဓားရှည် တစ်ချောင်းသည် ထွက်ပေါ် လာခဲ့သည်။ သူသည် ဓားလက်ကိုင်ကို ရုတ်တရက် စုလောရွှယ်ထံ ထိုးပေးလိုက်ကာ လေးနက်သော လေသံနှင့် ပြောလာခဲ့သည်။
"လောရွှယ် ... မင်း ငါ့ရဲ့ ရည်မှန်းချက်တွေ အတွေးတွေကို သိပါတယ် ... ဒီနေ့ ငါထိန်းချုပ်ထားရတဲ့ အရာကို ပြောရမယ် ... မင်းသာ ငါ့ကို ဒီဓားနဲ့ မသတ်ဘူး ဆိုရင် ငါ့တစ်ဘဝလုံး မင်းကို ငါ့ရဲ့ဇနီးအဖြစ် မရရအောင် ယူမယ်"
ဓားရှည်၏ အဖျားဘက်သည် ကျန်းရိလျှို၏ ရင်ဘတ်ထက်တွင် ရှိနေလေသည်။ ဓားရှည်သည် လက်နက်ကောင်း တစ်ခုဖြစ်ရာ သူ့ဝတ်ရုံ ကပ်နေသော အသားကို အနည်းငယ် ထိုးစိုက်သွားလေသည်။ လတ်လတ်ဆတ်ဆတ် သွေးများသည် စိမ့်ထွက်လာကြပြီး သူ့ဝတ်ရုံကို ရဲရဲနီသွားစေလေသည်။
"အာ"
စုလောရွှယ်သည် ဤသို့သော အခြေအနေမျိုးကို ကြုံဖူးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်မှန်း သိသာလေသည်။ စုလောရွှယ်သည် ဆရာမတစ်ယောက် ဖြစ်သော်လည်း အသက်နှစ်ဆယ့်တစ်နှစ်သာ ရှိသေးသည်။ ဤကဲ့သို့သော အခြေအနေ အလှည့်အပြောင်းတွင် ပျာယာခတ်သွားကာ သူမ ဘာလုပ်သင့်သည်ကို မသိတော့ပေ။
"လေးစားစရာပဲ ... ကျန်းရိလျှိုရဲ့ ဒီပရိယာယ်က မိန်းကလေး ဘယ်နှစ်ယောက်ရဲ့ နှလုံးသားတွေကို ရသွားမလဲ မသိဘူး"
ဖက်တီးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ ထို ချစ်ရေးဆိုမှုကို မျက်ဝန်းတဖျတ်ဖျတ် လက်ကာ ကြည့်နေကြသော ကျောင်းသူများစွာကို တွေ့လိုက်ရလေသည်။ အားလုံးသည် သဝန်တို နေကြသော်လည်း သူတို့၏ စုလောရွှယ်ထံ မနာလိုမှုကို ပင့်သက်ရှိုက်၍သာ ဖော်ပြနိုင်ကြလေသည်။
ကျန်းရီသည် ကျန်းရိလျှိုနှင့် စုလောရွှယ်ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့သည်။ စုလောရွှယ်၏ ပျာယာခတ်နေမှုကို မြင်သော် သူသည် မသက်မသာ ခံစားလိုက်ရသည်။ သူသည် ရုတ်တရက် ရှေ့သို့ တိုးသွားကာ အသံကျယ်ကျယ် ပြောလိုက်လေသည်။
"ဆရာမစု ... သူ့ကို သတ်လိုက်သင့်တယ် ... သူက ဒီလောက် အရှက်မဲ့နေမှတော့ သူ့ရဲ့ အဆင့်အတန်း ကိုလည်း ထည့်တွက်နေစရာ မလိုပါဘူး"
***