အရှုံးပေးတယ်
Vol. 45 Ch. 618
“ဟမ်”
သူ့အပေါ်သို့ ဖိစီးလာသော ဆူပွက်နေသည့် အရှိန်အဝါကို ခံစားမိသောအခါ ယဲ့ကျွင်းလင် မျက်ခုံးပင့်မိသည်။ ပြိုင်ဘက်၏ခွန်အားသည် အဆမတန် တိုးမြင့်လာပြန်လေပြီ။
ချက်ချင်းပင် လက်ဖဝါးများနှင့် လက်သည်းများ၏ ရေတွက်မရသော အရိပ်များ သူ့မျက်နှာရှေ့တည့်တည့် ထွက်ပေါ်လာသည်။ အစွယ်များဖြဲ၍ ဝှေ့ယမ်းတွန့်လိမ်နေသော နဂါးပုံသဏ္ဌာန်ချီငွေ့စီးကြောင်းများ၏ လက်ဝါးများနှင့် လက်သည်းများပင်။
ဝုန်း ဝုန်း ဝုန်း ဝုန်း
သိပ်သည်းသော ပေါက်ကွဲမှုများ မရေမတွက်နိုင်အောင် ဖြစ်ပေါ်လာသည်။
အသက်ရှူချိန်ပင် မရလိုက်မီ ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ရွှေရောင်အလင်းသည် မိုးစက်မိုးပေါက်ဖြင့်ထိမှန်သော ငှက်ပျောဖတ်ကဲ့သို့ လှိုင်းထန်လှုပ်ခတ်လာသည်။
“သေ"
လုံအော်ထျန်း၏ မျက်လုံးများသည် သွေးများ ယိုစီးကျတော့မည့်အလား နီရဲကာ ရန်သူကို သွေးရူးသွေးတန်းတိုက်ခိုက်တော့သည်။ သူ၏ ပြင်းထန်သော ဒေါသကြောင့် တိုက်ခိုက်မှုစွမ်းအားသည်လည်း ကြောက်မက်ဖွယ်ကောင်းစွာ တိုးတက်လာကာ လှုပ်ရှားမှုတိုင်းသည် ကောင်းကင်ကိုချိုးဖျက် မြေကြီးကိုခွဲထွက်ချင်သကဲ့သို့ ပြတ်သားပြီး အားကောင်းသည်။
သူ့ထိုးစစ်၏ ပြင်းထန်မှုသည် ယဲ့ကျွင်းလင်ကိုပင် ဖိနှိပ်ထားနိုင်သည်။
ပြိုင်ဘက်၏ အဆုံးစွန်သောအားထုတ်မှုကို မြင်သောအခါ ယဲ့ကျွင်းလင် အနည်းငယ်အံ့အားသင့်မိသော်လည်း ဤသို့ တိုက်ပွဲအရှိန်တက်ခြင်းက ပို၍ပင် စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာကောင်းသလို ခံစားရသည်။
ထို့နောက် လုံအော်ထျန်းသည် သူ၏ထူထဲသော နဂါးအမြီးကို ကြိမ်လုံးကဲ့သို့ ဝှေ့ယမ်းရိုက်ခတ်လာ၏။ ထိုအမြှီးဖျားက ယဲ့ကျွင်းလင်၏ လက်မောင်းထက်သို့ ပြင်းထန်စွာ ထိမှန်သောအခါ ဖြန်းခနဲအသံတစ်ချက် ခပ်နက်နက် ဖြစ်ပေါ်လာပြီး လူကို အနောက်သို့ မီတာရာပေါင်းများစွာ လွင့်စင်သွားစေခဲ့သည်။
ယဲ့ကျွင်းလင်သည် လွင့်ထွက်သွားရာမှ တည်ငြိမ်အောင်ရပ်မိချိန်တွင် လက်များတွင် မခံစားဖူးသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ တမုဟုတ်ချင်းပင် သူ့မျက်လုံးတို့တွင် အံ့အားသင့်မိဟန် အရိပ်အယောင် ထင်ပေါ်လာတော့၏။
ဘုရားရေ၊ ငါ့ကိုတောင် နာအောင်ရိုက်နိုင်တယ်ပေါ့။
ယဲ့ကျွင်းလင် မသိခဲ့သည်မှာ လုံအော်ထျန်း ရိုက်ထုတ်လိုက်သော ထိုနဂါးအမြှီးတစ်ချက်သည် သာမန် မသေမျိုးသူတော်စင်တစ်ပါးကိုပင် သွေးအလိမ်းလိမ်းဖြင့် ဒဏ်ရာကြီးစွာရစေဖို့ အသာလေးတတ်နိုင်ပါကြောင်း။
သို့သော် သူ၏ကြံ့ခိုင်သန်မာသော ကိုယ်ခန္ဓာကာကွယ်ရေးကျင့်စဥ်ကြောင့် နာကျင်မှုတချို့ကိုသာ ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်၏။
“ဝေါင်း"
လုံအော်ထျန်းသည် သွေးရူးသွေးတန်း မျက်လုံးများဖြင့် ရှေ့သို့စွန်တိုးလာကာ သူ၏ပုံပန်းသဏ္ဌာန်သည်လည်း စစ်မှန်သော နဂါးလူသားပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားတော့သည်။
ကိုယ်ခန္ဓာတစ်ခုလုံး ရွှေရောင်နှင့် အနက်ရောင်နှေသော အကြေးခွံများဖြင့် ဖုံးလွှမ်းနေလျက် သူ၏လက်များနှင့် ခြေထောက်များတွင် ချွန်ထက်သော နဂါးလက်သည်းခြေသည်းများ လျင်မြန်စွာ ကြီးထွားလာသည်။ ခမ်းနားသော နဂါးခေါင်းတစ်ခုက သူ၏လည်ပင်းထက် ရစ်သိုင်းအုပ်မိုးလာကာ ဆံပင်အနက်ရောင်များ အရိုင်းဆန်စွာလွင့်ပျံလျက် မျက်နှာထားမှာ ကြောက်မက်ဖွယ်ရာ ကြမ်းတမ်းရင့်ရော်နေခဲ့၏။
ဤပုံသဏ္ဌာန်သည် ပျော့ပျောင်းမှု၊ သွက်လက်မှု၊ အရည်အသွေးမြင့်မားသော ကာကွယ်ရေးနှင့် အားကောင်းသော ပေါက်ကွဲပျက်စီးမှုတို့အား ပေါင်းစပ်ဖွဲ့စည်းထားသော လုံအော်ထျန်း၏ မူရင်းသဏ္ဌာန်၊ နဂါးမျိုးနွယ် စစ်သည်အားလုံးအတွက် အသုံးအများဆုံးပုံစံဖြစ်သည်။
“မဟာမိတ်... မဟာမိတ်ခေါင်းဆောင် ရှုံးတော့မှာလား” အဖွဲ့မှ မသေမျိုးဘုရင်တစ်ပါးက မယုံနိုင်စွာရေရွတ်လိုက်သည်။
ချင်းလျန်ဓားမသေမျိုးက ခေါင်းလှည့်ကြည့်၍ ဆူငေါက်သည်။ “ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ၊ ခေါင်းဆောင်ယဲ့မှာ မသုံးရသေးတဲ့ ကျင့်စဥ်နည်းလမ်းတွေ တစ်ပုံကြီးရှိနေတုန်းပဲကွ"
“ဟာသပဲ၊ ငါ့ဆရာသခင်ရဲ့ နတ်ဘုရားစွမ်းအင်က ကောင်းကင်ထက်ကျယ်ပြန့်တယ်။ သူကဒီတိုင်း အဲ့နဂါးကို အပျော်ကစားနေသေးရုံသက်သက်ပဲ” လီဝူကျယ်က နှာခေါင်းရှုံ့လျက် ဝင်ပြောသည်။
“ဆက်ကြည့်နေလိုက်ပါ၊ ဒီနေ့ အဲ့ကောင် သူ့ဘဝရဲ့ အကြီးမားဆုံးသော ထိုးနှက်ချက်ကို ခံယူရလိမ့်မယ်"
ယဲ့ကျွင်းလင်၏ ကျင့်ကြံရေးခရီးလမ်းတစ်လျှောက် မျက်ချည်မပြတ်လိုက်ပါခဲ့သော မျက်မြင်သက်သေတစ်ဦးအနေဖြင့် လီဝူကျယ်ကတော့ ဤတိုက်ပွဲသည် ယခုမှ စတင်ရုံသာ ရှိသေးကြောင်း သိထားသည်။
မြင့်မားသော နဂါးဟောက်သံသည် ကောင်းကင်တိမ်တိုက်များကို ထိုးဖောက်ကာ မဟာပထဝီမြေပြင်ကျယ်ကို လှုပ်ခါစေလျက် ထွက်ပေါ်လာခဲ့၏။
ဒေါသထွက်နေသည့် အခြေအနေတွင် လုံအော်ထျန်း၏ ယဲ့ကျွင်းလင်ကို လုံးဝအနိုင်ယူနိုင်တော့မည်ဟု ယုံကြည်ချက်ပြင်းပြလျက်ရှိ၏။ သူသည် ရှုံးနိမ့်မှုကို လုံးဝလက်ခံမည်မဟုတ်၊ ဤတိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့ပါက ဘဝတစ်လျှောက်လုံး ခေါင်းမဖော်ဝံ့အောင် အရှက်ရစရာဖြစ်ပေလိမ့်မည်။
“ငါဟာ မရှုံးနိမ့်သော ကျင့်ကြံရေးလမ်းစဉ်ကို လျှောက်လှမ်းနေသူဖြစ်တယ်။ ငါသည် ရှုံးနိမ့်မှုကို ဘယ်တော့မှ ခွင့်ပြုမည်မဟုတ်”
လုံအော်ထျန်းသည် ကြွေးကြော်အော်ဟစ်ရင်း ယဲ့ကျွင်းလင်ရှေ့တွင် လျှပ်တပြက် ပေါ်လာသည်။ သူ၏ အားအကောင်းဆုံးလက်နက်ဖြစ်သည့် နဂါးလက်သည်းဖြင့် တိုက်ခိုက်ရေးစွမ်းအားကို စုဆောင်းလိုက်ကာ တောင်များကိုဖြို ပင်လယ်များကိုမှောက်လှန်ချင်သည့် စွမ်းအားဖြင့် စတင်တိုက်ခိုက်တော့၏။
ချွမ်
ထိုအချိန်တွင် သတ္တုချင်းထိခတ်သံ ချွင်ခနဲက ကြည်လင်စွာထွက်ပေါ်လာသည်။ ထိုအသံဖြင့် လူတိုင်း၏နားစည်များ ရောင်ရမ်းလာအောင် ရိုက်ခတ်ခံလိုက်ရပြီး နားများပင် ပင်းတော့မတတ်။
“ဘာ”
လုံအော်ထျန်း၏ အမူအရာ အနည်းငယ်ပျက်ယွင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အင်အားအပြည့်ထည့်ထားသော နဂါးလက်သည်း တိုက်ကွက်ကို ရွှေရောင်ဓားပျံတစ်လက်က ဆီးကြိုပိတ်ပင်လိုက်သောကြောင့်ပင်။
ရွှေရောင်ဓားပျံသည် ယဲ့ကျွင်းလင်၏ရှေ့တွင် တောက်ပစွာလင်းလက်၍ ပိတ်ဆည်းကာကွယ်ထားကာ ကျူးကျော်၍မရနိုင်သော မြင့်မြတ်သန့်စင်မှုကို ထုတ်လွှတ်လျက်ရှိသည်။
တစ်ချိန်တည်းမှာပင် ယဲ့ကျွင်းလင်၏ ကိုယ်ခန္ဓာတစ်ခုလုံးသည် ပြိုင်ဘက်ကင်းနတ်ဓားတစ်ချောင်းကို ဓားအိမ်မှချွတ်လိုက်သကဲ့သို့ အရှိန်အဝါဖြာထွက်လာကာ မျက်လုံးအကြည့်တို့က ချွန်ထက်စူးရှလျက် လုံအော်ထျန်းကို အထင်အမြင်သေးစွာ စိုက်ကြည့်နေခဲ့သည်။
“မရှုံးနိမ့်နိုင်ဘူးပေါ့"
ယဲ့ကျွင်းလင်သည် လုံအော်ထျန်း၏ မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်ကာ။ တစ်လုံးချင်းစီ ဆိုသည်။ “ငါ့ရှေ့မှာ ဘယ်သူကများ မရှုံးနိမ့်ဘူးလို့ ပြောဝံ့သလဲ”
ရုတ်တရက် သူ၏ညာဘက်လက်ဖြင့် ဓားရိုးကို ခိုင်မြဲစွာ ဆုပ်ကိုင်လိုက်ချိန်၌ ကိုယ်ခန္ဓာတစ်ခုလုံးအား ဖုံးလွှမ်းနေသော ချီစီးကြောင်းသည် မယုံနိုင်လောက်အောင် ဆူပွက်မြင့်တက်လာလေတော့၏။
အကန့်အသတ်မဲ့ သတ်ဖြတ်လိုစိတ်၊ ချီစွမ်းအင်နှင့် အရှိန်အဝါတို့ ရုတ်တက် ပေါက်ကွဲထွက်လာကာ လုံအော်ထျန်း၏ ကိုယ်ခန္ဓာတစ်ခုလုံးကို ဖုံးလွှမ်းရစ်သိုင်းသွားခဲ့သည်။
လုံအော်ထျန်း၏ မျက်စိသူငယ်အိမ်များမှာ သေးသေးလေးသာကျန်တော့သည်အထိ ကျုံ့ဝင်သွားခဲ့ပြီး သူ၏ကိုယ်ခန္ဓာတွင်း စီးဆင်းနေသော သွေးပူပူတို့သည် ရုတ်တရတ်အေးခဲရပ်ဆိုင်းကာ ကျောရိုးတွင်လှိုက်တက်လာသော အအေးဓာတ်ကို ခံစားလိုက်ရ၏။
သူ၏နှလုံးသားထဲတွင် မကြုံစဖူးသော ကြောက်ရွံ့မှုတစ်ခု ကူးစက်ထွက်ပေါ်လာသည်။
၎င်းသည် လုံအော်ထျန်း တစ်ခါမှမခံစားဖူးသော ခံစားချက်ဖြစ်သည်။ တစ်ချိန်က မသေမျိုးသူတော်စင်နှင့် သွေးထွက်သံယို တိုက်ပွဲဝင်ခဲ့သည့်တိုင် ထိတ်လန့်ကြောက်ရွံ့ခြင်း စိုးစဥ်းမျှမရှိခဲ့ပါ။
သို့သော် ယခု မျက်စိရှေ့မှ ဓားကိုင်ထားသောလူငယ်လေးကို သူသေးထွက်မတတ် ကြောက်ရွံ့လာမိသည်။
ဝှစ် ဝှစ် ဝှစ်
ဓားကို တစ်ချက်လွှဲခုတ်လိုက်ချိန်တွင် မရေမတွက်နိုင်သော ဓားသွားအရိပ်များ အလွှာလိုက် ပေါက်ကွဲထွက်လာသည်။
လုံအော်ထျန်း၏ ဦးရေပြားသည် မသိစိတ်၏သတိပေးချက်ဖြင့် စူးခနဲကျင်တက်ကာ ချက်ချင်းပင် ကာကွယ်ခုခံဖို့ပြင်ဆင်သည်။
ချွမ် ချွမ် ချွမ်
သတ္တုချင်းရိုက်ခတ်သံများ ဆက်တိုက်မြည်ဟည်းကာ သူ၏ခန္ဓာကိုယ်မှ မီးပွားများ အဆက်မပြတ်ပေါက်ကွဲထွက်လာသည်။
ယဲ့ကျွင်းလင်သည် တိုက်ပွဲကို အလေးအနက်ထားတိုက်ခိုက်နေကာ ဓားချက်တိုင်းသည် မယုံနိုင်လောက်အောင် လျင်မြန်တိကျသည်၊ ရက်စက်သည်။ ဓား၏အရှိန်အဝါသည် အရာအားလုံးကိုခုတ်ဖြတ်၍ ဓားသွားထိရာသက်ရှိတိုင်းကို ဇီဝိန်ခြွေနိုင်သည်။
၎င်းသည် မသေမျိုးသတ်ဓားကျင့်စဥ် ဖြစ်သည်။
ဤကဲ့သို့သော ဓားကျင့်စဥ်မျိုးသည် သတ်ဖြတ်ရေးစွမ်းရည်တွင် မယုံနိုင်လောက်အောင် အားကောင်းလေသဖြင့် တာအိုအဆင့် ဓားစိတ်ဆန္ဒနှင့်ပေါင်းစပ်သောအခါ အံ့မခန်းပြင်းအားတစ်ခုကို ဆောင်ယူလာပေးနိုင်၏။
“ဒါက... ဒါက ဘယ်လို နက်နဲတဲ့ ဓားကျင့်စဥ်မျိုးပါလိမ့်...?” ချင်းလျန်ဓားမသေမျိုးသည် အလွန်အမင်း တုန်လှုပ်အံ့သြလျက် တိုးတိုးရေရွတ်မိသည်။
ယဲ့ကျွင်းလင် အသုံးပြုနေသော ဓားကျင့်စဥ်သည် သူ၏ချင်းလျန်ဓားကျင့်စဥ်ဖြင့် လုံးဝလိုက်မမီနိုင်သောနေရာတွင်ရှိကြောင်း သူတပ်အပ်ပြောနိုင်သည်။
ဤ ကြောက်မက်ဖွယ်ကောင်းသော ဓားအရှိန်အဝါသည် ကောင်းကင်အောက်ရှိ မသေမျိုးအားလုံးကို သတ်ဖြတ်ခုတ်ပိုင်းမည်ဟု ကြွေးကြော်နေသကဲ့သို့။
“အား အာ့...”
မကြာမီ လုံအော်ထျန်း၏ သန်မာစွာကုပ်တွယ်ထားသော အကြေးခွံများ တစ်ချပ်ပြီးတစ်ချပ် ကွဲအက်သွားကာ ရွှေရောင်နှင့် အနက်ရောင်သွေးများ တစ်စက်စက်ယိုစီးကျလာသည်။ သူ၏ကိုယ်ခန္ဓာတစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်း၍ ဒဏ်ရာများက ကြောက်စရာကောင်းလောက်အောင် နေရာလပ်မကျန် ဖုံးလွှမ်းနေခဲ့လေပြီ။
သူ၏ ပြူးကျယ်ထိတ်လန့်နေသော မျက်လုံးများတွင် ဓားကိုင်ဆောင်ထားသောပုံသဏ္ဌာန်ကို ရောင်ပြန်ဟပ်လျက်ရှိကာ သူ၏နှလုံးသားမှာတော့ မုန်တိုင်းထန်သောပင်လယ်ပြင်အတွင်း ပစ်ချခံထားရသလို ခံစားရ၏။
ဤသို့သောခေတ်အကူးအပြောင်းတွင် ထိုမျှသန်မာအားကောင်းသော လူသားတစ်ယောက် ပေါ်ပေါက်လာခဲ့ကြောင်း လုံအော်ထျန်း ယခုထိတိုင် မယုံကြည်နိုင်သေး။
ကိုယ်ခန္ဓာ ကာကွယ်ရေး၊ အနီးကပ်တိုက်ခိုက်ရေး၊ လှုပ်ရှားမှုအမြန်နှုန်း၊ သို့မဟုတ် ဓားကျင့်စဥ်စွမ်းအားပင် ဖြစ်စေ၊ အရာအားလုံးသည် ပြစ်ချက်ရှာမရသော ထိပ်တန်းအဆင့်ဖြစ်သည်။