← Chapters

အွတ်

Vol. 45 Ch. 619

အွတ်

Vol. 45 Ch. 619

ရင်ဘတ်ဆီသို့ ဓားချက်တစ်ချက်ကျရောက်သွားချိန်၌ သွေးများဒလဟောပန်းထွက်လာသည်။ လုံအော်ထျန်း၏ မျက်လုံးများမှာ နာကျင်မှုကြောင့် ကွဲအက်တော့မည့်အလား နီရဲနေကာ စိတ်ပျက်အားငယ်စွာဖြင့် အရူးအမူး နောက်ဆုတ်ပြေးသည်။

စိတ်ခံစားချက်များသည် ဒေါသမှ အကြောက်တရားသို့ ပြောင်းလဲသွားသောအခါ နဂါးသွေးဆူပွက်ခြင်း စွမ်းရည်လည်း တိမ်မြုပ်သွားခဲ့သဖြင့် လက်ရှိအခြေအနေမှာ လွန်စွာအားနည်းချိနဲ့နေလေပြီ။

အုံး

ယဲ့ကျွင်းလင်သည် ရန်သူ၏ခေါင်းထက် လျှပ်တပြက်ပေါ်လာကာ ခေါင်းကို ခပ်ပြင်းပြင်းနင်းချလိုက်သည်။

ဒုန်း

လုံအော်ထျန်းသည် မီတာတစ်သောင်းအမြင့်ရှိ ကောင်းကင်ထက်မှ ခြေလွတ်လက်လွတ်ပြုတ်ကျလာကာ မြေကြီးပေါ်သို့ ပြင်းစွာထိတိုက်မိသည်နှင့် ကြီးမားသော မှိုပုံသဏ္ဌာန် ဖုန်လုံးကြီးတစ်ခု လွင့်တက်လာလေတော့၏။

“အဟွတ် အဟွတ်”

လုံအော်ထျန်းသည် သွေးများဆက်တိုက်အန်ကာ ခမ်းနားမြင့်မြတ်သောကိုယ်ခန္ဓာထက် သွေးအလူးလူးကပ်လျက်ပင် အံကိုကြိတ်ကာ ထရပ်ဖို့ကြိုးစားရုန်းကန်သည်။

ရုတ်တရက် အေးစက်သော ဓားသွားမြမြက သူ၏လည်ပင်းကြောကို ဖိကပ်လာခဲ့သည်။ လုံအော်ထျန်းမှာ ဒူးတစ်ဝက်ထောက်ထလျက် အခြေအနေဖြင့် နေရာတွင်ပင် တောင့်ခဲသွားလေတော့၏။

သူသည် နှလုံးသားတွင် လှိုက်တက်လာသောကြောက်ရွံ့မှုကို ဖိနှိပ်ကာ တံတွေးတစ်ချက်ကို ခက်ခက်ခဲခဲမျိုချလျက် ‌မော့ကြည့်လိုက်သည်။ သူ၏ရှေ့မှောက်တွင် ဆီးနှင်းဖြူရောင်ဆံပင်များ လေနှင့်အတူဝဲလွင့်လျက် တဖျပ်ဖျပ်လွင့်ခါနေသော ဝတ်ရုံနက်ဖြင့် ရုပ်ရည်ချောမောသော လူငယ်တစ်ဦးရပ်နေသည်ကို တွေ့လိုက်ရ၏။

ယဲ့ကျွင်းလင်က သူ့ကို အပေါ်စီးမှ ငုံ့ကြည့်နေပြီး နှုတ်ခမ်းများတွင် ကစားလိုသော အပြုံးတစ်ခုရှိသည်။ “ဒါကတကယ်ကို ရင်ခုန်စရာကောင်းတဲ့ လက်ရည်ယှဥ်ပွဲပါပဲ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ...”

“မင်းရှုံးသွားပြီ"

အနိုင်ရသူကို ဆုံးဖြတ်ပြီး ဖြစ်သည်။

ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်းက မလှုပ်မယှက် ကြောင်အကြည့်မိနေကြသည်။

လုံအော်ထျန်း၏ နှလုံးသားကို ဘယ်သူမှမမြင်နိုင်ပါ။ ထိုသူ၏မာနတရားသည် ရှုံးနိမ့်မှုဖြင့် လှိုက်စားခံခဲ့ရလေပြီ။

သူ ရှုံးနိမ့်သွားခဲ့သည်။

မရှုံးနိမ့်သော သမိုင်းမှတ်တမ်းကို သူအသက်နှင့်ရင်း၍ ထိန်းသိမ်းထားခဲ့ရသည်။ မသေမျိုးဧကရာဇ်တစ်ပါးအနေဖြင့် မသေမျိုးသူတော်စင်တစ်ပါးကိုသတ်ဖို့ မည်မျှခိုင်မြဲသောဇွဲနှင့် ယုံကြည်မှု လိုအပ်လိမ့်မည်နည်း။

မသေမျိုးဧကရာဇ်တစ်ပါး၏ အဆုံးစွန်သောအဆင့်ကို ကျော်ဖြတ်တက်ရောက်ပြီးချိန်တွင် ဤကမ္ဘာ၌ သူသည်သာပြိုင်ဘက်ကင်းဟု ပေါ့ပေါ့ဆဆ တွေးထင်မိခဲ့သည်။

လူ့ဘဝတွင် ဘာကိုမှကြိုတင်ခန့်မှန်းလို့မရ။ သူ၏ယုံကြည်မှုမှာ ယဲ့ကျွင်းလင်ဟူသော လူငယ်လေးထံမှ ရိုက်ချိုးဖျက်ဆီးခြင်း ခံခဲ့ရသည်။

တစ်ဖက်လူမှာ ငြင်းစရာမရှိအောင် အားကောင်းလွန်းသည်။ မသေမျိုးစက်ဝန်းကိုပင် ထုတ်မသုံးရသေးခင် သူ့ကို ဤမျှအခြေအနေဆိုးအောင် ဖိနှိပ်ချိုးဖဲ့နိုင်ခဲ့၏။

လူသားမျိုးနွယ်မှ ဟုတ်ပါရဲ့လား။

လုံအော်ထျန်း၏ ယုံကြည်ချက်များ ပြိုလဲလုနီးပါးတွင် နှလုံးသားသည် ပြင်းစွာနာကျင်လျက် စိတ်မသက်မသာဖြစ်လွန်းရ၏။

“ခေါင်းဆောင်ယဲ့ နိုင်ပြီ”

အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက်မှ မသေမျိုးမဟာမိတ်တပ်ဖွဲ့၏ အားပေးကြွေးကြော်သံများ စီစီညံထွက်ပေါ်လာတော့၏။

သူတို့အားလုံး အလွန်အမင်းစိတ်လှုပ်ရှားစွာ ယဲ့ကျွင်းလင်အား လေးစားမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် ငေးကြည့်နေမိကြသည်။

ကောင်းပုလီက သက်ပြင်းချလျက် သံဝေဂသံဖြင့်ဆိုသည်။ “တောင်တစ်လုံးဟာ ဘယ်‌လောက်မြင့်ပါတယ်ဆိုဆို အမြဲတမ်း သူ့ထက်ပိုမြင့်တဲ့ တောင်တစ်လုံးဆိုတာ ထပ်ရှိနေစမြဲပဲ။ လုံအော်ထျန်းဟာလည်း စတင်စိန်ခေါ်သူတစ်ဦးအနေနဲ့ အရမ်းအားကောင်းဆိုနိုင်ပေမဲ့ တာအိုမိတ်ဆွေယဲ့နဲ့တော့ ဘယ်မှာ ပုခုံးချင်းယှဥ်နိုင်မလဲလေ"

“ဟားဟားဟား၊ တွေ့ကြလား၊ ဒါက စစ်မှန်တဲ့ ခွန်အားပဲ” လီဝူကျယ်က လက်ကိုဟန်ပါပါပိုက် ခေါင်းကိုမော့ချီကာ မာနကြီးစွာပြောသည်။

"အသားလွတ်မာန်တက်နေတဲ့ နဂါးကောင် ဆရာသခင့်ကိုမနိုင်ပါဘူးလို့ ငါမပြောခဲ့ဘူးလား"

ပတ်ဝန်းကျင်ရှိ အားပေးသံများက လုံအော်ထျန်း၏ နားထဲတွင် မယုံနိုင်လောက်အောင် ကြမ်းတမ်းရက်စက်နေခဲ့သည်။

ထို့နောက် ဓားကိုင်ထားသောလူငယ်လေးကိုကြည့်ကာ စိတ်ဓာတ်ကျလျက် ခါးသီးစွာပြောလိုက်သည်။

“မင်းငါ့ကို သတ်ချင်ရင် သတ်လိုက်ပါ။ မြန်မြန်ကိစ္စတုံးပေးဖို့ တောင်းဆိုပါတယ်...”

ယဲ့ကျွင်းလင် ဘာမှပြန်မပြောနိုင်မီ ဟုန်ချန်ယဲ့၏အသံ ထွက်ပေါ်လာသည်။ "ဆရာသခင်၊ သူ့ကိုတစ်ခါလောက်တော့ ချမ်းသာပေးလို့မရဘူးလား"

လူတိုင်း ပြိုင်တူလှည့်ကြည့်လိုက်မိကြသည်။

လီဝူကျယ်မှာ ပထမတော့အံ့အားသင့်ကာ ချက်ချင်းပင် ဒေါသအဖြစ်ပြောင်းလဲ ဓားတရမ်းရမ်းဖြင့်စွပ်စွဲသည်။ “ကောင်းတယ်၊ ဒါဆို မင်းက သစ္စာဖောက်ပေါ့!”

ဟုန်ချန်ယဲ့သည် နံဘေးမှအရူးကိုဂရုမစိုက်၊ ယဲ့ကျွင်းလင်ကိုသာ တည့်တည့်စိုက်ကြည့်လျက် အသက်ပြင်းပြင်းရှူပြီး ရှေ့သို့တစ်လှမ်းလှမ်းသည်။ ထို့နောက် စိတ်ပိုင်းဖြတ်ထားသောအသံဖြင့် လေးနက်စွာ တောင်းဆိုလာ၏။

“ဆရာသခင်၊ သူက ဒီတပည့်ကို တစ်ခါကယ်တင်ခဲ့ဖူးတယ်၊ အဲ့ဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ သူ့အတွက် အသက်ရှင်သန်ဖို့ အခွင့်အရေးတစ်ခု တောင်းဆိုချင်ပါတယ်။ ဆရာသခင် သနားညှာတာပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

လုံအော်ထျန်း၏ ထောင်လွှားသောစကားများနှင့် မဆင်မခြင်လုပ်ရပ်များကို သူမနှစ်သက်သော်လည်း ထိုလူသည် သူ့ကို တစ်ခါကယ်တင်ခဲ့ဖူးသည်အမှန်ပင်။ ထို့ကြောင့် မိမိမျက်စိရှေ့တွင် အသက်ပေးရမည့်အခြေအနေကို ဒီတိုင်းကြည့်မနေနိုင်ခဲ့။

မည်သို့ပင်ဖြစ်စေ မိမိအရဲကိုး၍ တောင်းဆိုပေးခဲ့ပြီးလေပြီ။ ယဲ့ကျွင်းလင် မည်သို့ဆုံးဖြတ်သည်ဖြစ်စေ၊ သူကတော့ တာဝန်ကျေပြီဟုသာ သတ်မှတ်ထားလိုက်၏။

ဟုန်ချန်ယဲ့သည် လုံအော်ထျန်း အသက်ရှင်သည် သေသည်ကို ဂရုမစိုက်ပါ။ ကျေးဇူးကန်းခြင်းကြောင့် မိမိ၏ကံတရားနှင့် တာအိုလမ်းကြောင်း မချွတ်‌ချော်စေရုံမျှသာ။

ရှင်းရှင်းပြောရလျှင် ထိုမျှချွဲပျစ်စေးကပ်နေသောလူကို ကျေးဇူးပင်မတင်ချင်လှ။

“ချန်ယဲ့...” လုံအော်ထျန်း၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုဖြင့် ပြည့်လျှံလာပြီး အသံတုန်တုန်ဖြင့် ခေါ်ဆိုလိုက်သည်။

တစ်ဖက်တွင် ဤအနီရောင်ဝတ်ရုံဝတ် နတ်သမီးလေး သူ့အတွက် အသနားခံ တောင်းပန်နေခြင်းကြောင့် သူအလွန် ဝမ်းသာပီတိဖြစ်လျက် အံ့အားသင့်မိကာ အခြားတစ်ဖက်တွင် နတ်သမီးလေးနှင့် ယဲ့ကျွင်းလင်တို့ကြားက ဆက်ဆံရေးကြောင့် သူထိတ်လန့်ခဲ့ရသည်။

ဒါဆို သူတို့နှစ်ယောက်က ဆရာတပည့်တွေပေါ့၊ ငါပေါ့ဆလိုက်ပုံများ။

သူသာ ထိုအကြောင်းကို စောစီးစွာသိခဲ့လျှင် ဤမျှ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့မည်မဟုတ်ချေ။ သေချာပေါက် ဖော်ရွေသော လက်ရည်ယှဥ်ပွဲလောက်ကိုသာ တောင်းဆိုခဲ့မည်ဖြစ်၏။ မိမိသဘောကျသော မိန်းကလေးရှေ့တွင် ကောင်းမွန်သောအမြင်တစ်ခုကိုသာ ချန်ထားခဲ့ချင်ပါသော်ငြား အခြေအနေက ဤသို့ ရှက်ဖွယ်လိလိ ပြောင်းလဲသွားခဲ့လေပြီ။

လုံအော်ထျန်းမှာ နောင်တရလွန်း၍ ဗိုက်ပင်အောင့်လာသည်။

သို့သော် တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားသည်လည်း နက်နက်ရှိုင်းရှိုင်း တုန်ယင်လှုပ်ရှားသွားခဲ့သည်။ ဤ အနီရောင်ဝတ်ရုံဝတ် နတ်သမီးလေးမှာလည်း သူ့ကိုညီတူညီမျှ နှစ်သက်သဘောကျသောကြောင့် ဤသို့အသက်စွန့်ကာ အသနားခံကယ်တင်ပေးနေခြင်းဖြစ်ရမည်။

ယဲ့ကျွင်းလင်က မျက်ခုံးပင့်သည်။ “ရှောင်ဟုန်၊ မင်းက ဆရာသခင်ကို ရန်သူကို ဒီအတိုင်းလွှတ်ပေးလိုက်ဖို့ ပြောနေတာလား?”

အထင်အမြင်လွဲမှားမည်ကို စိုးထိတ်စွာဖြင့် ဟုန်ချန်ယဲ့ အမြန်ရှင်းပြရသည်။ “ဆရာသခင် မကျေနပ်ရင် သူ့ရဲ့ခြေနှစ်ချောင်းကို ဖြတ်ပစ်နိုင်ပါတယ်၊ ဒါမှမဟုတ် လက်တွေဖြတ်ပြီးလွှတ်လိုက်လို့လည်း ရတာပဲ၊ ဒါမှမဟုတ် လူသားတံစို့ထိုးကင်လုပ်ပစ်လိုက်ချင်လည်း ရပါတယ်၊ အသက်ရှူနေသေးရင်ကို အဆင်ပြေပါပြီ၊ နောက်ပြီးတပည့်က ဒီတိုင်းတောင်းဆိုကြည့်ရုံသက်သက်ပါ၊ အလေးအနက်မထားပါနဲ့ ဆရာသခင်"

လုံအော်ထျန်း- “...”

အမ်၊ စကားပြောတာ နည်းနည်းမလောလွန်းဘူးလား။

မင်းလုပ်မှ ငါသေတာထက် ပိုဆိုးတော့မယ်လေ။

"နေပါဦး၊ ထိုးမဲ့ဆင် ခြေတစ်လှမ်းဆုတ်သတဲ့၊ ချန်ယဲ့ကငါ့ကိုကယ်ချင်လို့ ဒီလိုတွေပြောနေတာလားမှမသိတာ" လုံအော်ထျန်းက သူ့ကိုယ်သူနှစ်သိမ့်သည်။

ယဲ့ကျွင်းလင် ခဏတာမျှ တွေဝေသွားသည်။

တကယ်တော့လည်း သူ လုံအော်ထျန်းကို သတ်ချင်စိတ် မရှိပါ။ သူ့ကို ချွေးထွက်စေလောက်အောင် လှုံ့ဆော်နိုင်သောပြိုင်ဘက်မျိုး အမှန်တကယ်ပင် ရှားပါးလှသည်မဟုတ်လော။

အရေးအကြီးဆုံးအချက်မှာ ပြိုင်ဘက်သည် လက်ရှိအချိန်တွင် နဂိုမူလကျင့်ကြံဆင့်သို့ ပြန်မရောက်နိုင်သေးကြောင်း သေချာသည်။ ယဲ့ကျွင်းလင် သူ့ကိုခဏလွှတ်ထားပြီးမှ ပိုမြင့်မားသောကျင့်ကြံဆင့်ကို လက်ဆောင်ယူချင်သေး၏။

ကြက်သွန်မိတ်များကဲ့သို့ အတက်မထွက်မီ ခုတ်လှဲလိုက်လျှင် နှမြောစရာ ကောင်းလှပါဘိ။

ဤမျှအချိန်ပေးတိုက်ခိုက်ခဲ့ပြီး အကျိုးအမြတ်တစ်ခုတော့ အရယူရဦးမည်မဟုတ်လော။

စိတ်ဆုံးဖြတ်ပြီးနောက် ယဲ့ကျွင်းလင် ဓားပျံကိုသိမ်းလိုက်သည်။

ထို့နောက် လက်များကိုနောက်ပစ်ကာ ‌လေးနက်သောအသံဖြင့် ဆိုသည်။ “ရှောင်ဟုန့်အတွက် ငါ မင်းအသက်ကို ချမ်းသာပေးနိုင်တယ်၊ ဒါပေမယ့် မင်းရဲ့ အစောပိုင်းက မာနကြီးတဲ့ စကားလုံးတွေနဲ့ လုပ်ရပ်တွေအတွက် ပြန်တောင်းပန်ရမယ်"

လုံအော်ထျန်း သူ့အကြားအာရုံကိုပင် သံသယဝင်မိလုနီးပါး ဖြစ်မိသည်။ တစ်ဖက်လူ အတည်ပြောနေကြောင်း သိရချိန်တွင် သူ၏နှလုံးသားတစ်ခုလုံး ရှုပ်ထွေးကျန်ရစ်ခဲ့၏။

အသက်ပါခါနီး ဘေးဆိုးကြီးမှ အသက်ရှင်ကျန်ရစ်သည့်အတွက် ပျော်ရွှင်မိသော်လည်း ဝက်ဝက်ကွဲရှုံးနိမ့်မှုနှင့် မြတ်နိုးရာမိန်းကလေးမှ သူ့အတွက်ဒူးထောက်တောင်းပန်ခဲ့ရခြင်းအတွက် သူကြီးစွာအရှက်ရခဲ့ပြီးလေပြီ။ ဘာကို တွန့်ဆုတ်နေရဦးမည်နည်း။

“ခေါင်းဆောင်ယဲ့၊ ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ်! ခင်ဗျားဟာ မသေမျိုးတာအိုမဟာမိတ်ရဲ့ အငြင်းပွားဖွယ်မရှိသော မဟာမိတ်ခေါင်းဆောင်ပါပဲ"

“ကျွန်တော် လုံအော်ထျန်း၊ လက်လျှော့ပါတယ်...”

လုံအော်ထျန်း သူ၏မာနကြီးသော ဦးခေါင်းကိုငုံ့ကိုင်းကာ ခါးသီးစွာဆိုသည်။

နှလုံးသားမှာ မခံနိုင်သကဲ့သို့ တဆတ်ဆတ်တုန်ယင်လျက်။

“ဟဲဟဲ၊ တော်လိုက်တာ။”

ထိပ်တိုက်လက်ရည်ချင်းယှဥ်အပြီး ယဲ့ကျွင်းလင်သည်လည်း ထူးဆန်းသောခံစားချက်တချို့ ဖြစ်ပေါ်ခဲ့သည်။ အကယ်၍သူသာ ဤကမ္ဘာသို့ကူးပြောင်းမလာခဲ့လျှင် လုံအော်ထျန်းသည် ကျင့်ကြံရေးလောက်၏ အဓိကဇာတ်ကောင်ဖြစ်နိုင်သည်ဟု။

ကံမကောင်းစွာဖြင့် သူ့တွင် စနစ်ရှိနေခဲ့သည်။

All Chapters