ငါအရမ်းကို အမြင်ကျဥ်းခဲ့တာပါလား
Vol. 45 Ch. 620
ဤမြင်ကွင်းတွင် လူတိုင်း စိတ်ခံစားချက်တို့ လှိုင်းခတ်မိခဲ့ကြသည်။
မည်မျှပင် မာနကြီးပြီး အားကောင်းသော စွမ်းအားရှင်ဖြစ်ခဲ့ပါစေ၊ အဆုံးစွန်ထိ ဖိနှိပ်ချိုးနှိမ်ခံရအပြီးတွင် ခေါင်းငုံ့နာခံရမည်သာ။
ထိုဆံပင်ဖြူနှင့်လူငယ်သည် မာနထောင်လွှားမှုအမျိုးမျိုးကို ကုသရာ၌ ကျွမ်းကျင်အဆင့်ပင်။
“သူ့အမှားကို ဝန်ခံပြီး လက်လျှော့တာ ကောင်းပါတယ်၊ ဒီကလေးမှာ အခွင့်အရေး ရှိပါသေးတယ်” ကောင်းပုလီက ကျေနပ်အားရသော အမူအရာဖြင့် ခေါင်းတညိတ်ညိတ်ဆိုသည်။
တကယ်တော့ သူသည်လည်း လုံအော်ထျန်း အသက်ရှင်ကျန်ရစ်ဖို့ကို မျှော်လင့်ခဲ့သည်။ ဤမျှရှားပါးအဖိုးတန်သော ပါရမီရှင်တစ်ဦး အချိန်မတန်မီ သေဆုံးသွားမယ်ဆိုပါက ခွင်းလွင်ကမ္ဘာအတွက် ကြီးမားသောဆုံးရှုံးမှုတစ်ခုသာဖြစ်လိမ့်မည်။ အနာဂတ်မှာ ပိုပြီးအားကောင်းသန်မာလာပါမှ တစ်ချိန်ချိန်တွင် ဤကမ္ဘာကို ဂြိုဟ်သားမျိုးနွယ်တို့ လာရောက်ကျူးကျော်ပါက ကူညီတိုက်ခိုက်ပေးနိုင်မည်။
ဆံပင်ဝါဝါဖြင့် ခွေးနှင့်တူသောအဘိုးကြီးကိုကြည့်ရင်း လုံအော်ထျန်းရေရွတ်မိသည်။
"ရုပ်ကခွေးရုပ်နဲ့ ဟိတ်ဟန်တော့အတော်ကောင်းတာပဲ"
ငါ့လိုမြင့်မြတ်တဲ့ နဂါးမျိုးနွယ်ကိုများ ခွေးမျိုးနွယ်က ဒီလိုလာဆုံးမနေရလား။
“ရှောင်လုံလေး၊ သူ့စကားကိုမှတ်ထားနော်၊ နောက်ပြီး မင်းစည်းကမ်းတွေကိုသေချာလိုက်နာရမယ်၊ ငါ့စည်းကမ်းတွေကိုပေါ့” ယဲ့ကျွင်းလင်က သူ့ပုခုံးကိုပုတ်ရင်း ဆုံးမသည်။
ရှောင်၊ ရှောင်လုံလေးပေါ့။
လုံအော်ထျန်း သွေးအန်မိမတတ်ပင် စိတ်ထိခိုက်သွားရသည်။
ဘာလို့လဲ။
လုံအော်ထျန်းသည် ဒေါသကိုဖိနှိပ်ရင်း မကျေနပ်မှုကို နည်းနည်းဖြစ်ဖြစ် ဖော်ပြချင်သော်လည်း တစ်ဖက်လူ၏ တစ်ခြမ်းစောင်းအပြုံးကိုတွေ့သောအခါ သူ့ခေါင်းပေါ်သို့ ရေခဲရေပုံးတစ်ပုံး လောင်းချလိုက်သကဲ့သို့ ခြေစခေါင်းဆုံး အေးခဲတောင့်တင်းသွားရ၏။
နှုတ်ခမ်းဝသို့ရောက်လာသော စကားလုံးများကို အတင်းအကျပ် ပြန်လည်မျိုချလိုက်ရသည်။
သူထပ်အရိုက်မခံချင်တော့။
“ဘာလို့ ဘာမှပြန်မပြောတာလဲ၊ မင်းက စည်းကမ်းမလိုက်နာချင်တာလား” ယဲ့ကျွင်းလင် မျက်ခုံးပင့်သည်။
လုံအော်ထျန်း၏ မျက်နှာကြွက်သားများ ဆတ်ခနဲလှုပ်ခါသွားပြီး အကြာကြီးငြိမ်နေပြီးမှ ငိုသည်ထက်ဆိုးသောအပြုံးတစ်ခုကို ဇွတ်အတင်းညှစ်ထုတ်လိုက်သည်။ “ရှောင်လုံလေး မဝံ့ရဲပါဘူး...”
“ဒါမှ ငါ့လူပီသတာပေါ့။”
ယဲ့ကျွင်းလင်က ကျေနပ်စွာ ခေါင်းညိတ်သည်။
လုံအော်ထျန်းသည် အံတင်းတင်းကြိတ်၍ ပြောသမျှကိုခေါင်းငုံ့ခံကာ ယနေ့ခံစားခဲ့ရသော အရှက်တရားများကို နှလုံးသားထဲ ခိုင်မြဲစွာစွဲမှတ်ထားလိုက်သည်။
သူ ပိုအားကောင်းလာပြီး မြေပြင်ပေါ်ကျသွားသော သူ၏အရှက်သိက္ခာကို ပြန်လည်အဖတ်ဆယ်ရမည်။
“ရှောင်ဟေး၊ ဒီကောင့်ကို ယာယီကုသမှု ပေးလိုက်ပါ။ လမ်းတစ်ဝက်မှာ ပစ်လဲသွားရင် တခြားတစ်ယောက်ကကောက်သွားဦးမယ်” ယဲ့ကျွင်းလင်က စိတ်ရင်းမှန်ဖြင့် ဆိုသည်။
လုံအော်ထျန်း၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်ပြီး စွမ်းအားအဆင့်လည်း ကျဆင်းသွားသောကြောင့် ယဲ့ကျွင်းလင်သည် ဒီတိုင်းလွှတ်လိုက်ပြီးမှ လမ်းတစ်ဝက်တွင် ဓားပြတိုက်ခံရပြီးသေသွားမှာကိုတော့ စိုးရိမ်မိသေးသည်။
သူ့ကြက်သွန်မိတ်ကို သူပဲရိတ်သိမ်းမည်။
“ဟုတ်ကဲ့၊ ဆရာသခင်။”
လူအုပ်ကြားထဲမှ ပန်းကန်လုံးပုံစံ ဆံပင်ညှပ်ထားသော အစိမ်းရောင်ဝတ်ရုံဝတ် လူငယ်လေးတစ်ဦး ထွက်လာကာ စိတ်လှုပ်ရှားနေသောအမူအရာဖြင့် လုံအော်ထျန်းဆီ ချဉ်းကပ်လာသည်။
သွေးစွန်းနေသော ဒဏ်ရာအပြည့်ဖြင့် နဂါးလူသားကို ကြည့်ရင်း မှိုဘုရင်မှာ စိတ်လှုပ်ရှားကာ နှလုံးက လည်ချောင်းဝသို့ပင်ခုန်တက်လာသလို ခံစားမိ၏။
သူ၏ရှေ့ရှိ ဤလူသည် ဆရာသခင်နှင့် အကြိမ်ရေရာပေါင်းများစွာ အသေအလဲတိုက်ခိုက်နိုင်သော တည်ရှိမှုပင်ဖြစ်သည် မဟုတ်လော။
နောက်ဆုံးတွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသော်လည်း ပါရမီရှင်တို့မည်သည် ကျဆင်းရိုးမရှိပါချေ။
"ကျွန် ကျွန်တော့်ကို ကုသပေးဦးမလို့လား"
လုံအော်ထျန်း၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ဖြစ်ပေါ်လာသည်။
ယဲ့ကျွင်းလင်၏ ရန်ငြှိုးမထားတတ်သောစိတ်ဓာတ်ကို သူတကယ်အံ့သြမိလေသည်။
ဆိုရိုးစကားအတိုင်း အောင်နိုင်သူသည် ဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူသည် ပြစ်မှုကျူးလွန်သူဖြစ်သည်။ လုံအော်ထျန်းသည် တိုက်ပွဲနယ်ပယ်တွင် ကျင်လည်ခဲ့သူတစ်ဦးအနေဖြင့် ဤနိယာမကို ကောင်းစွာ နားလည်သည်။ ယဲ့ကျွင်းလင် သူ့ကို အရှက်ခွဲလိုသည်ဆိုလျှင်တောင် ရှုံးနိမ့်သူတစ်ဦးအတွက် ကျိုးကြောင်းဆီလျော်နေမြဲသာ။
သူကိုယ်တိုင်လည်း မကျေနပ်မှုနှင့် မုန်းတီးမှုများကို ပယ်ဖျောက်လို့မရနိုင်သေးပါ။ အရိုက်ခံရပြီး ဦးချိုးခေါင်းငုံ့သွားမည့်သူတွေထဲ သူမပါ။ ပိုမြင့်သောနေရာဆီသို့ ကုပ်ကပ်တွယ်တက်ပြီး တစ်ဖက်လူကို လက်စားချေ၍ ပေးဆပ်ခဲ့ရသောအရှက်တရားနှင့် ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ ကြိုးစားဦးမည်သာ။
သို့သော် ယဲ့ကျွင်းလင်ကတော့ သူ့ဒဏ်ရာများကို ဂရုတစိုက်ရှိရုံမက ကုသပေးဖို့ဆေးဆရာကိုပါ ရှာပေးလိုက်သေးသည်။ ထိုသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာလည်း သူလမ်းတစ်ဝက်တွင် အန္တရာယ်ပြုမခံရစေဖို့ သက်သက်သာ...
ဤသို့ ပွင့်လင်းရက်ရောသော စိတ်ဓာတ်ပိုင်ရှင်၏ရှေ့တွင် လုံအော်ထျန်းမှာ ပြောမပြတတ်လောက်အောင် အရှက်ရပြီး ယုတ်ညံ့မိသလို ခံစားရ၏။
ရင်ထဲမှ မကျေနပ်မှုသည် ချက်ချင်း ပျောက်ကွယ်သွားပြီး နက်ရှိုင်းသော လေးစားမှုဖြင့် အစားထိုးခံလိုက်ရသည်။
ငါ လုံမျိုးရိုးရဲ့အမြင်က လုံးဝကျဥ်းမြောင်းခဲ့တာပဲ။
လုံအော်ထျန်း ယုံကြည်သွားသည်။
ဤတစ်ကြိမ်တွင် သူ တကယ်ပင် ယုံကြည်သွားသည်။
အစောက ဖိအားပေးခံရသောကြောင့် ခေါင်းငုံ့ပြီး အမှားဝန်ခံခဲ့ရသည်ဆိုသော်ငြား ယခုအချိန်တွင် လုံအော်ထျန်း တကယ်နောင်တရကာ အမှားဝန်ခံချင်မိလာသည်။
တစ်ခါတစ်ရံ အင်အားဖြင့် လွှမ်းမိုးနိုင်စွမ်းသည် လူအများကို လက်နက်ချဒူးထောက်စေနိုင်သည် မှန်သော်လည်း ထိုအရှုံးပေးခြင်းသည် ကြောက်ရွံ့မှုနှင့် ကူကယ်ရာမဲ့မှုတို့ကြောင့် မဖြစ်မနေပြုလုပ်ရသော ရွေးချယ်မှုတစ်ခုသာ ဖြစ်သည်။ သို့သော် မြင့်မြတ်တည်ကြည်သော စိတ်ထားသည်ကား ရန်သူအပေါင်းကို လေးစားမှုဖြင့်ဒူးထောက်လိုအောင် အလိုအလျောက် ခိုင်းစေနိုင်သည်။
လုံအော်ထျန်း၏အမြင်တွင် ယဲ့ကျွင်းလင်သည် စွမ်းအားအမြင့်ဆုံးသူ ဖြစ်ရုံသာမက အကျင့်သီလနှင့်ပြည့်စုံသော သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပေတော့၏။
ယဲ့ကျွင်းလင်ကမူ သူ့ဘာသူ စိတ်ကူးပေါက်၍ထလုပ်သော ကြက်သွန်မြိတ်ထိန်းသိမ်းရေးလုပ်ရပ်က လုံအော်ထျန်း၏အမြင်များကို ပြောင်းပြန်လှန်ပေးနိုင်ခဲ့ကြောင်း မသိခဲ့ပါချေ။
ယဲ့ကျွင်းလင်သာ သူ့အတွေးများကိုသိခဲ့လျှင် သေချာပေါက် ပြောလိမ့်မည်။
"ဒီကောင်လေး ဒရာမာတွေတော်တော်များနေတာပဲ"
လုံအော်ထျန်းကဲ့သို့ စိတ်လှုပ်ရှားနေသော မှိုဘုရင်သည်လည်း ကုသမှုကို စတင်ခဲ့လေပြီ။
ဒဏ်ရာများက အလွန်ပြင်းထန်သည်။ ထို့အပြင် ယဲ့ကျွင်းလင်၏ဓားချက်များဖြစ်သောကြောင့် ၎င်းတို့သည် သာမန်ဒဏ်ရာများကဲ့သို့ မရိုးရှင်းနေခဲ့။ မှိုဘုရင်မှာ ခြောက်ဆယ်ရာခိုင်နှုန်းလောက်အထိသာ အားထုတ်ကုသပေးနိုင်ခဲ့သည်။ ကျန်ရှိသော လေးဆယ်ရာခိုင်နှုန်းကို လုံအော်ထျန်း ကိုယ့်အားကိုယ်ကိုး၍ ပြန်လည်ထူထောင်ကုစားရမည်။
ထိုသို့ဖြစ်လင့်ကစား လုံအော်ထျန်းသည် လူငယ်လေးကို ကျေးဇူးတင်မိရ၏။
“ကျေးဇူးတင်ပါတယ်၊ တာအိုမိတ်ဆွေ”
“ရပါတယ် ယဉ်ကျေးစရာမလိုပါဘူး။ ကျွန်တော်လည်း ဆရာသခင်ရဲ့ အမိန့်အရ ဆောင်ရွက်တာပါ။”
မှိုဘုရင်က လက်ကိုဝှေ့ယမ်း၍ငြင်းဆန်ကာ ကပ်ဘေးတစ်ခုထဲမှ ဝေးဝေးနေသကဲ့သို့ အမြန်ဆုတ်ခွာသွားလိုက်သည်။ မည်သို့ပင်ဆိုစေ တစ်ဖက်လူကို ကြောက်စရာကောင်းသည်ဟု ခံစားနေရဆဲပင်။
အခြေအနေ အနည်းငယ် ပြန်လည်ကောင်းမွန်လာသော လုံအော်ထျန်းသည် ရောက်လာခါစတုန်းကလို မတ်မတ်ပြန်ရပ်နိုင်လေပြီ ဖြစ်သော်ငြား မာနထောင်လွှားသောအမူအရာမှာတော့ မကျန်ရှိလေတော့။
ထို့နောက် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ လက်သီးဆုပ်၍ ဦးညွှတ်အရိုအသေပြုရင်း ဆိုသည်။ “ခေါင်းဆောင်ယဲ့၊ ကျွန်တော် ဒီတစ်ခါ ခင်ဗျားကို ဒုက္ခလာပေးမိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်။”
တစ်ဖက်လူ၏ နောက်တရနေသောအသွင်အပြင်ကိုကြည့်ကာ ယဲ့ကျွင်းလင်က အလေးအနက်မှာကြားသည်။
“ရှောင်လုံ၊ မင်း ပြန်သွားတဲ့အခါ ကောင်းကောင်းဆက်ကျင့်ကြံပါ။ ဒီနေ့ကိစ္စတွေကြောင့် မင်းရဲ့တာအိုစိတ်ဓာတ် မပျက်စီးပါစေနဲ့၊ တာအိုလမ်းကြောင်းက မင်းခြေထောက်အောက်မှာပဲရှိနေတယ်၊ ဆက်ပြီးလျှောက်လှမ်းပါ"
တစ်ဖက်လူစိတ်ဓာတ်ကျလေလွင့်သွားမည်ကိုတော့ သူမလိုချင်။ ကျင့်ကြံဆင့်ထပ်တက်လာသောအခါတွင်မှ ထုံးစံအတိုင်း အသင့်ခူးစားချင်သေးသည်။
ဆိုတော့ ပထမဦးဆုံး ကောင်လေးစိတ်အားပြန်တက်လာဖို့ ကြက်သားစွပ်ပြုတ်ချိုချို တိုက်ပေးရမည်။
လုံအော်ထျန်းမှာတော့ ကြားလိုက်ရသောအားပေးစကားကြောင့် အသက်ရှူနှုန်းမြန်ဆန်လာကာ နေရာတွင် တောင့်တင်းသွားခဲ့ရသည်။
ထိုစာကြောင်းသည် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။
ဝုန်း
နောက်တစ်စက္ကန့်တွင် သူ၏ ရှုပ်ထွေးသောအတွေးများ ချက်ချင်းရှင်းလင်းသွားသည်။
မူလက လုံအော်ထျန်း၏ ခိုင်မြဲစွာတည်ဆောက်ထားခဲ့သော မရှုံးနိမ့်ခြင်းတာအိုစိတ်ဓာတ်သည် ဤဆိုးရွားသော ရှုံးနိမ့်မှုပြီးနောက် အနည်းငယ် ကွဲအက်ယိုင်နဲ့သွားခဲ့သည်ပင်။ ထိုကွဲအက်မှုက သူ့ကို စိတ်ရှုပ်ထွေးသွားစေလိမ့်မည် မဟုတ်သော်လည်း သူ၏ကျင့်ကြံမှုကို သေချာပေါက် ထိခိုက်စေလိမ့်မည်။ တာအိုနှလုံးသားတွင် အဆိပ်ခတ်သကဲ့သို့ဖြစ်ကာ ကျင့်ကြံမှုပင် လုံးဝရပ်တန့်သွားနိုင်ချေရှိသည်။
ရှုံးနိမ့်မှုကို မခံစားဖူးသူအတွက် ကြီးမားလေးလံသော ထိုးနှက်ချက်တစ်ခုပင်မဟုတ်လော။
သို့သော် ယဲ့ကျွင်းလင်၏ အမှာစကားများသည် လုံအော်ထျန်း၏ တိုက်ခိုက်လိုစိတ်ကို ချက်ချင်း ပြန်လည်မီးမွှေးပေးခဲ့သည်။ သူ၏ ကွဲအက်နေသော တာအိုစိတ်ဓာတ် ပြန်လည်ကောင်းမွန်လာရုံသာမက ပို၍ပင် တည်ငြိမ်ပြည့်စုံလာသည်။
မှန်ပါသည်။ တာအိုလမ်းစဥ်က သူ၏ ခြေထောက်အောက်မှာ ရှိနေသည်။ အနိုင်ရသည်ဖြစ်စေ ရှုံးနိမ့်သည်ဖြစ်စေ မတွန့်ဆုတ်ဘဲ ရှေ့ကို ဆက်သွားဖို့သာ လိုအပ်သည်။
တစ်သက်မှတစ်ခါ ရှုံးနိမ့်ခြင်းသည် သူ့အတွက် အလဟဿမဖြစ်စေရ။
လုံအော်ထျန်းသည် လေးနက်စွာဦးညွှတ်လာကာ ခိုင်မာသောလေသံဖြင့်ဆိုသည်။ “ခေါင်းဆောင်ယဲ့၊ ခင်ဗျားရဲ့ သွန်သင်ချက်တွေကို ကျွန်တော် စွဲမြဲနေအောင် မှတ်ထားပါ့မယ်။ ကျွန်တော့်ရဲ့ကျင့်ကြံဆင့်ကိုလည်း ဒီ့ထက်ပိုတိုးတက်အောင် ကြိုးစားပါ့မယ်။ နောက်တစ်ကြိမ် ထပ်တွေ့တဲ့အခါ ခင်ဗျားနဲ့ လက်ရည်ထပ်ယှဥ်နိုင်ဖို့ မျှော်လင့်ပါတယ်"
“ငါလည်း မျှော်လင့်ပါတယ်” ယဲ့ကျွင်းလင်က အဓိပ္ပာယ်ရှိသောအပြုံးဖြင့် ဆိုသည်။
စိတ်နေသဘောထား ပြောင်းလဲတည်ငြိမ်သွားသော လုံအော်ထျန်းကို ကြည့်ရင်း ကောင်းပုလီက မုတ်ဆိတ်ကိုပွတ်သပ်ကာ ကျေနပ်ပြုံးဖြင့် သက်ပြင်းချသည်။ “ဒါဟာ ပါရမီရှင်တစ်ဦးအတွက် မှန်ကန်တဲ့ စိတ်နေသဘောထားပါပဲ။ ဒီကလေးရဲ့ အနာဂတ်ကို ငါပိုပြီး မျှော်လင့်မိလာပြီ။"
လုံအော်ထျန်း ဆက်သည်းမခံနိုင်တော့ဘဲ ကောင်းပုလီကို ဟောက်သည်။ “မင်း ဘာတွေ ဟောင်နေတာလဲ။ ပါးစပ်ကိုပိတ်ထားလိုက်တော့၊ ငါသည်းခံနေရတာ အရမ်းများပြီ"
သူ ယဲ့ကျွင်းလင်၏ ဆုံးမစကားကို လက်ခံနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူက အရည်အချင်းကို လုပ်ရပ်ဖြင့် သက်သေပြခဲ့ပြီးလေပြီ။ သို့သော် ဤခွေးရုပ်နှင့်လူထံမှ ဆုံးမစကားကိုတော့ သူလုံအော်ထျန်း ဒီ့ထက်ပိုသည်းမခံနိုင်တော့ပါချေ။
နေရာတကာ ဝင်ဝင်ပြောနေရအောင် မင်းကဘယ်သူလဲ။
ဘယ်သူ့ခွေးက ကြိုးမချည်ဘဲ ထွက်ပြေးပြီး လူအာရုံနောက်အောင် လာလုပ်နေတာလဲ။
လုံအော်ထျန်း၏ အော်ဟစ်ဆူငေါက်ခြင်းကို ခံလိုက်ရသော ကောင်းပုလီမှာ ကြောင်တောင်တောင်ဖြစ်သွားရသည်။
အမှန်တော့ ဤနေရာတွင် သူ၏နောက်ခံသမိုင်းကြောင်းကို အားလုံးသိပြီးဖြစ်သည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် သခင်အားကိုးနှင့် ဘုန်းတန်ခိုးကြီးသောခွေးအဖြစ် ဆက်လက်ပြုမူနေခဲ့ခြင်းပင်။ တစ်ဖက်လူက သူ့ကို မျက်နှာသာမပေးပဲနေလိမ့်မည်မဟုတ်ဟု ထင်ထားခဲ့သည်။
ရှက်စရာကောင်းလိုက်တာနော်၊
“အဟမ်း အဟမ်း၊ တခြား ဘာကိစ္ဟမှမရှိရင် မင်းသွားလို့ရပြီ” ယဲ့ကျွင်းလင်က လက်ကိုယမ်းကာ သွားခွင့်ပြလိုက်သည်။
“ခေါင်းဆောင်ယဲ့၊ နောက်မှ တွေ့ကြမယ်” လုံအော်ထျန်း လေးစားသော အမူအရာဖြင့် နောက်တစ်ဖန်ဦးညွှတ်သည်။
ထွက်ခွာတော့မည့်အချိန်တွင် သူ၏အကြည့်သည် အနီရောင်ပုံရိပ်လေးထံ ရွေ့လျားသွားကာ နှလုံးသားမှာ ထူးဆန်းသောစိတ်ခံစားချက်များဖြင့် ဆူပွက်လာတော့၏။
တစ်ဖက်မိန်းကလေး သူ့အတွက်တောင်းပန်ဖို့ ရဲရဲဝံ့ဝံ့ထွက်လာသည့်ပုံရိပ်လေးမှာ သူ့နှလုံးသားထက် နွေးထွေးစွာကျန်ရစ်ဆဲပင်။
အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်ပုံရသော ဤ အနီရောင်ဝတ်ရုံဝတ် နတ်သမီးလေးသည် အပြင်ပန်းပုံစံနှင့်မတူညီစွာ နွေးထွေးကြင်နာတတ်သော နှလုံးသားပိုင်ရှင်ဖြစ်နေခဲ့သည်။
“ချန်ယဲ့”
လုံအော်ထျန်း၏ အကြည့်သည် ပျော့ပျောင်းနူးညံ့သွားကာ အလွန်တရာလေးနက်သောအသံဖြင့် ဆိုသည်။
“ဒီခင်မင်ရင်းနှီးမှုကို၊ ကျွန်တော်၊ လုံမျိုးရိုး နှလုံးသားထက် မှတ်တမ်းတင်ထားပါ့မယ်၊ နောက်တစ်ကြိမ် တွေ့တဲ့အခါ ကျွန်တော့်ရဲ့ မတူညီတဲ့ပုံစံအသစ်ကို ပြသပေးပါ့မယ်၊ ချန်ယဲ့ရဲ့ ကျွန်တော့်အပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ကျွန်တော် သေချာပေါက် စိတ်မပျက်စေရပါဘူး”
ထို့နောက်၊
လုံအော်ထျန်းသည် သူ့ကိုယ်သူ ခန့်ညားလွန်းလှပြီအထင်နှင့် ကောင်းကင်သို့ ပျံတက်သွားကာ ကောင်းကင်ယံထက်တွင် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ရွှီခနဲပြောင်းလဲ၍ လေစီးကြောင်းများကို လှုပ်ခတ်ကာ အရိပ်အယောင်မကျန်ရှိစွာ ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိ လူများထံမှ ထူးဆန်းသောအကြည့်များစွာကို ခံစားနေရသော ဟုန်ချန်ယဲ့သည် ပါးစပ်ကို ရုပ်ပျက်ဆင်းပျက်မဲ့ရွဲ့ကာ လုံအော်ထျန်း ပျောက်ကွယ်သွားရာ အရပ်ကိုကြည့်သည်။ ထို့နောက် အချိန်အကြာကြီးထိန်းချုပ်ထားရဟန်တူသော စကားတစ်ခွန်းကို ဖျစ်ညှစ်ပြောလာခဲ့၏။
"သူ့ကိုအခုသတ်လိုက်ရင် နောက်မကျသေးဘူးမလား"