ရန်စကျီစယ်တိုက်ပွဲ
Vol. 45 Ch. 621
လုံအော်ထျန်း မထွက်ခွာမီ ပြောသွားသော စကားများသည် ဟုန်ချန်ယဲ့ကို စိတ်ပျက်လက်ပျက်ကျန်ရစ်စေခဲ့၏။
ကြင်နာမှုကို ရန်ငြိုးဖြင့် ပြန်လည်ပေးဆပ်သွားခဲ့သည် ဆိုပါစို့။
ပြောချင်တာပြောပြီး ဒီလိုကြောင်တောင်တောင်အခြေအနေမှာ ငါ့ကိုတစ်ယောက်တည်းထားခဲ့တာလား။
လီဝူကျယ်က ချောင်းအနည်းငယ်ဟန့်ကာ အလွန်အင်မတန်နူးညံ့သောအသံလေးဖြင့် ကြက်သီးထဖွယ်ခေါ်ဝေါ်လာသည်။
“ချန်ယဲ့”
လည်ချောင်တွင်းမှ ဖျစ်ညှစ်ထွက်လာသော နက်ရှိုင်းသောလေသံသည် မယုံနိုင်လောက်အောင် ပျို့အန်စရာကောင်းကာ ဟုန်ချန်ယဲ့တစ်ကိုယ်လုံးတွင် ကြက်သီးများတဖြန်းဖြန်းထလာစေတော့၏။
“ထွက်သွားစမ်း အရူးကောင်"
ဟုန်ချန်ယဲ့လည်း ရှက်ဒေါသဖြင့် ဆူပူငေါက်ငမ်းလိုက်သည်။
ဒေါသထွက်နေပြီးသားအခြေအနေကို သက်သက်လာဆွနေတာလား။
“ဟားဟားဟား”
လီဝူကျယ်က မျက်နှာကြီးမည်းသည်အထိ ဒေါသချောင်းချောင်းထွက်နေသောဟုန်ချန်ယဲ့ကို လုံးလုံးလျားလျားလျစ်လျူရှုကာ ဗိုက်ကိုနှိပ်၍ ကိုယ်ကိုရှေ့နောက်ယမ်းခါသည်အထိ ရယ်မောလေတော့၏။
“မင်း အဲ့ဒီအသံကို ထပ်လုပ်ရဲရင် ဒီအရှင်နဲ့ ထိပ်တိုက်တွေ့ရပြီသာမှတ်"
ဟုန်ချန်ယဲ့၏ မျက်လုံးများမှ ဒေါသမီးလျှံများ တောက်လောက်လာပြီး ရှေ့သို့ တဟုန်ထိုးတက်ကာ လီဝူကျယ်ကို အင်္ကျီကော်လာမှ ဆွဲကိုင်ရင်း ခပ်တင်းတင်း သတိပေးလိုက်သည်။
လီဝူကျယ်သည် စနောက်ရာက လက်လွန်တော့မည်ဖြစ်ကြောင်း သဘောပေါက်သဖြင့် လက်နှစ်ဖက်ကိုလျင်မြန်စွာမြှောက်ပြလိုက်ပြီး ရယ်ရယ်မောမော လျှောချသည်။ "အစ်ကိုကြီးကလည်း စတာလောက်ကို ဘယ်လိုဖြစ်နေရတာလဲ။"
"မစနဲ့ လုံးဝမရယ်ရဘူး" ဟုန်ချန်ယဲ့က အေးစက်စွာ ပြောလိုက်သည်။
"ဟို တာအိုမိတ်ဆွေကလည်း တော်တော် ထူးဆန်းတာပဲနော်၊ သူသာ အစ်ကိုကြီးကယောက်ျားတစ်ယောက်ဆိုတာ သိသွားရင် ဘယ်လောက်တောင် ခံရခက်လိုက်လေမလဲ၊ ပြောရောပြောပြရက်ပါ့မလား" လီဝူကျယ်သည် မျက်စိတစ်ဖက်မှိတ်ပြကာ ထပ်မံစနောက်လိုက်သည်။
မိန်းကလေးရှုံးလှအောင်လှသော ထိုယောက်ျား၏ ကြောက်မက်ဖွယ်ကောင်းလှသည့် ဆွဲဆောင်နိုင်မှုကို သူမျက်မြင်တွေ့ထားခဲ့ရပြီဖြစ်ပြီး နတ်မိမယ်တမျှသော အသွင်အပြင်တွင် ကျောက်သားကဲ့သို့ ဖြောင့်တန်းခိုင်မာပါသည်ဆိုသော ယောက်ျားသားများဖြင့် တောင့်မခံနိုင်စွာ ကျရှုံးရတတ်သည်ကို ကြုံခဲ့ဖူးပြီးသားပင်။
သနားစရာကောင်းလှသည်မှာ လုံအော်ထျန်းတစ်ယောက်ကတော့ အမှောင်ထဲတွင် ပိတ်မိနေဆဲသာ။
"သူ့ဘာသူဘာဖြစ်ဖြစ် ဒီအရှင်နဲ့ ဘာဆိုင်လို့လဲ" ဟုန်ချန်ယဲ့သည် လက်များကိုဟန်ပါပါပိုက်လျက် အမူအရာမဲ့စွာဆိုသည်။
"ဟူး"
အညှာအတာကင်းသော အမူအရာကို မြင်သောအခါ လီဝူကျယ်သည် သက်ပြင်းချလိုက်ပြီး ညည်းညူသံဖြင့် ခပ်တိုးတိုးရေရွတ်လိုက်၏။ "ချန်ယဲ့၊ မင်းက တကယ်ကို ရက်စက်နိုင်တာပါလား..."
ထိုစကားပြောပြီးသည်နှင့် ချက်ချင်းလှည့်ကာ နောက်သို့မကြည့်ဘဲ ထွက်ပြေးတော့လေသည်။ နားကြားပြင်းကပ်စရာကောင်းလှသော ရယ်မောသံမှာ အဝေးမှ လွင့်မျောလာခဲ့ပြီး အလွန်ရိုက်နှက်ထုထောင်းချင်စရာ ကောင်းလှပေ၏။
ဟုန်ချန်ယဲ့ - “???”
ခဏအကြာမှ သတိပြန်ဝင်လာသော ဟုန်ချန်ယဲ့မှာ ဒေါသကြောင့်ရူးသွပ်သွားဟန်ဖြင့် ပြင်းထန်စူးရှသော ကြုံးဝါးသံကိုထုတ်လွှတ်ကာ နတ်ဆိုးဂိုဏ်းချုပ်မုဒ်အပြည့်ဝင်သွားသကဲ့သို့ လူသတ်တော့မည့်မျက်နှာဖြင့် လီဝူကျယ်နောက် အပြေးလိုက်တော့သည်။
"မင်း လီမျိုးရိုး အခုရပ်လိုက်စမ်း၊ ဒီအရှင်မင်းကို အသေသတ်ပစ်မယ်"
ထိုအဖြစ်အပျက်ကို အစအဆုံးကြည့်လိုက်ရသောလူအပေါင်းမှာ ဝါးလုံးကွဲရယ်ချချင်လှပါသော်ငြား နောက်ဆက်တွဲ ဆိုးကျိုးများကို စဉ်းစားမိသောအခါ ရယ်သံမထွက်အောင် မျက်နှာများ နီရဲသည်အထိ အတင်းအကြပ် ထိန်းထားကြရသည်ဟူ၏။
ယဲ့ကျွင်းလင်သည် တပည့်လေးများကြားရှိ ဖော်ရွေရင်းနှီးသော နောက်ပြောင်ရန်ပွဲလေးများကို အပျင်းပြေကြည့်ရင်း တားဖို့လည်းစိတ်ကူးမရှိဟန်၊ ပန်းကန်လုံးပုံစံဆံပင်ဖြင့် လူငယ်လေးကိုသာ လှမ်း၍ညွှန်ကြားသည်။ "ရှောင်ဟေး၊ မင်းနည်းနည်းပါးပါး သွားကြည့်ပေးလိုက်ပါဦး၊ သေတော့မသေစေနဲ့"
ပြဿနာအရင်းအမြစ်ကိုကြည့်ခြင်းအားဖြင့် တိုက်ပွဲမှာလည်း အတော်လေးပြင်းထန်လိမ့်မည်ဟု ခန့်မှန်းရနိုင်၏။ အသေးစားဒဏ်ရာလေးများက ပြဿနာမရှိသော်လည်း တစ်စုံတစ်ဦးမှာ အသေသတ်တော့မည့်ဟန်ဖြင့် ပြေးဝင်သွားသောကြောင့် အဖွဲ့၏ ပင်တိုင်ဆေးဆရာဖြစ်သူက နောက်ကတကောက်ကောက်လိုက်ကြည့်နေပါမှ တော်ရာကျပေမည်။
"ဟုတ်ကဲ့၊ ဆရာသခင်..." မှိုဘုရင်ကခေါင်းညိတ်လိုက်သည်။ သူလည်း ထိုရန်ပွဲကြားညပ်မည်ကိုတော့ ကြောက်ရသဖြင့် အဝေးမှရပ်ကြည့်နေရုံသာ တတ်နိုင်ပေမည်။
ယဲ့ကျွင်းလင်သည် တစ်ဖက်မှ ဒေါသအမျက် တလူလူထွက်လျက် လက်ထဲမှအရိုးကြီးကို အငြှိုးတကြီးကိုက်ဝါးနေသော ဆံပင်အဝါနှင့်အဘိုးကြီးအား တစ်ချက်လှမ်းကြည့်ကာ ပျော်ရွှင်စွာမေးလိုက်သည်။
"အဘိုးကြီးကောင်း၊ ခင်ဗျားနဲ့ရှောင်လုံက ပြဿနာကြီးကြီးမားမားတစ်ခု ရှိထားပုံရတယ်နော်"
"အဲ့အကောင်လေးက အရမ်းရိုင်းတယ်၊ ကျွန်တော်ကတော့ သူ့ကိုအထင်ကြီးမိခဲ့သေးတာ" ကောင်းပုလီက မကျေမချမ်းဆိုသည်။ လုံအော်ထျန်းမှ လူသိရှင်ကြား အားမနာပါးမနာကျိန်ဆဲခဲ့ခြင်းကြောင့် သူ့မှာ ယခုတော့ မျက်နှာပြစရာပင်မကျန်တော့။
"မဟာမိတ်ခေါင်းဆောင်၊ လုံအော်ထျန်းကို အောင်မြင်စွာ ဖိနှိပ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီဆိုတော့ အလယ်ပိုင်းဒေသရဲ့ အခြေအနေကလည်း ငြိမ်ဝပ်ပိပြားသွားတော့မှာပါ"
ချင်းလျန်ဓားမသေမျိုးသည် လေးစားမှုအပြည့်ရှိသော မျက်နှာထားဖြင့် သူ့ဆီ လျှောက်လာပြီး လက်သီးဆုပ်ကာ ဦးညွှတ်လိုက်သည်။
သူတို့အားလုံး မသေမျိုးဧကရာဇ်အဆင့် စွမ်းအားရှင်များ ဖြစ်ကြသော်လည်း ကွာဟချက်သည် မီးစတစ်စနှင့် တစ်ကမ္ဘာလုံးကို တောက်ပထွန်းလင်းစေသောလကဲ့သို့ဟု နှိုင်းဆရမည်ပင်။ မိမိကိုယ်ကို နေရာမသိပါဘဲ ဤပုဂ္ဂိုလ်နှင့် ဆက်လက်နှိုင်းယှဥ်နေပါက စိတ်ဓာတ်ဘုန်းဘုန်းကျရုံသာ ရှိတော့ပေမည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ လုံအော်ထျန်း၏ ရူးသွပ်ကြမ်းတမ်း၍ ခန့်မှန်းမရနိုင်သော တိုက်ခိုက်မှုများကို ရင်ဆိုင်နေရချိန်တွင်ပင် ဤလူငယ်လေးသည် အစမှအဆုံး အေးဆေးတည်ငြိမ်လျက်သာရှိခဲ့၏။ အရာအားလုံးမှာ သေချာပေါက် သူ့ထိန်းချုပ်မှုအောက်တွင်ကာ မလွတ်မကင်း တည်ရှိနေရသကဲ့သို့။
ထိုအချက်ကြောင့် ချင်းလျန်ဓားမသေမျိုးသည် တစ်ဖက်လူမှာ ရှေးခေတ်ခွင်းလွင်ကမ္ဘာမှ လူမသိသူမသိ ဇာတ်မြှုပ်ရှင်သန်ခဲ့သော မသေမျိုးဧကရာဇ်တစ်ပါးသာ ဖြစ်လိမ့်မည်ဟု ပို၍ပင် သေချာစေခဲ့သည်။
ခွင်းလွင်ကမ္ဘာတွင် ဘာကြောင့်ဆက်လက်နေထိုင်ဖို့ ရွေးချယ်ခဲ့ရသနည်း ဟူသောအကြောင်းရင်းကို ဆက်လက်စဥ်းစားလိုက်မည်ဆိုပါလျှင် စိတ်ကူးထားသလောက် ဖြစ်နိုင်ချေရှိသော အကြောင်းရင်းများစွာက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြမည်သာဖြစ်၏။
ချင်းလျန်ဓားမသေမျိုးကတော့ ယဲ့ကျွင်းလင်သည် ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါအားလုံးကို စစ်တုရင်ကွက်ပေါ်ရှိ နယ်ရုပ်များကဲ့သို့သဘောထားကာ ကြီးကျယ်ခမ်းနားသော ကစားပွဲတစ်ခုအား ကျင်းပနေခြင်းသာဟု ကောက်ချက်ချမိသည်။ တစ်ဖက်လူသည် အေးအေးလူလူနှင့် အလျင်စလိုမနိုင်ဟန်ရှိသော်လည်း အမှန်တကယ်တွင် ထိုသူ၏တည်ရှိမှုနှင့် အတွေးအမြင်တို့က ဖောက်ထွင်းမမြင်နိုင်လောက်အောင် နက်နဲလှကာ သူတို့လို သာမန်လူများ၏ အသိဉာဏ်မျှဖြင့် ခန့်မှန်းနိုင်မည်မဟုတ်ဟု။
ယဲ့ကျွင်းလင်က လက်ကို ဝှေ့ယမ်းကာ အလေးမထားအမူအရာဖြင့် ဆိုလိုက်သည်။ "အဲ့လောက်ကတော့ သွေးပူလေ့ကျင့်ခန်းလို့ သဘောထားလိုက်ရုံပါပဲကွာ"
ထိုစကားမှာလည်း ကြီးကြီးကျယ်ကျယ်နိုင်ပုံရသော်ငြား မှန်ကန်နေပြန်၏။
အဘယ့်ကြောင့်ဆိုသော် စနစ်၏ အမျိုးမျိုးသောတိုးမြှင့်မှုဆုလာဘ်များအပြီး သူ၏ခွန်အားသည် နယ်ပယ်အားလုံးတွင် လိုက်မမီအောင် တိုးတက်လာခဲ့ပြီးသားပင်။ ဤကျင့်ကြံရေးလောကသည်သာ ဂိမ်းတစ်ခုဖြစ်ခဲ့မည်ဆိုလျှင် သူသည် အားနည်းချက်မရှိ ပြီးပြည့်စုံသော စစ်သည်တော်တစ်ဦး ဖြစ်လိမ့်မည်။
သူသည် သာမန် မသေမျိုးဧကရာဇ်များကို လက်ဖျောက်တစ်ချက်တီးရုံမျှဖြင့် အလွယ်တကူ သတ်နိုင်နေသည်။ လုံအော်ထျန်းကဲ့သို့သော ရှားပါးပါရမီရှင်တစ်ဦးသာလျှင် တိုက်ပွဲတွင် သူ၏ စိတ်ပါဝင်စားမှုကို နှိုးဆွပေးနိုင်ပြီး ချွေးနည်းနည်းထွက်စေနိုင်လောက်သည်သာ။
ထိုသို့သော စကားလုံးများနှင့် လုပ်ရပ်များသည် လူတိုင်းကို ပို၍ပင် အထင်ကြီးကြောက်ရွံ့စေကာ သူတို့၏စိတ်နှလုံးတွင် မဟာမိတ်ခေါင်းဆောင်ယဲ့၏ လက်ရှိ ကန့်သတ်ချက်သည်ကား မိုးကောင်းကင်ဘယ်အထပ်တွင်များ ရှိနေလောက်မည်နည်းဟု အတွေးစပေါ်ထွက်လာစေသည်။
ကြီးမားခမ်းနားသောတိုက်ပွဲတစ်ခု ပြီးဆုံးသွားသည့် သတင်းထူးသည်လည်း စက္ကန့်မခြား ပျံ့နှံ့သွားခဲ့ရာ အလယ်ပိုင်းဒေသ၏ ကျင့်ကြံမှုလောကတွင် ဆွေးနွေးငြင်းခုန်မှုများ နောက်တစ်ဖန် ဆူပူအုံကြွလာစေပြန်တော့၏။
"ဘာ၊ နဂါးမျိုးရင်းတစ်ကောင် ပေါ်လာပြီး မဟာမိတ်ခေါင်းဆောင်ယဲ့ကို သွားစိန်ခေါ်တယ်ပေါ့"
"အဲ့ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက အဲ့ဒီနဂါးမျိုးရင်းကို မဟာမိတ်ခေါင်းဆောင်ယဲ့က ဖိနှိပ်နိုင်ခဲ့တာပဲ"
"သောက်ကျိုးနည်း၊ အဲ့ဒါ ဒဏ္ဍာရီလာ နဂါးတဲ့ဟ၊ မဟာမိတ်ခေါင်းဆောင်ယဲ့က နဂါးတစ်ကောင်ကို တီကောင်လေးလိုမျိုး ရိုက်နှက်နိုင်တဲ့အထိ စွမ်းအားကြီးလိမ့်မယ်လို့ မထင်ခဲ့ဘူး"
"အံမခန်းပါပဲ၊ အံမခန်းစွမ်းအားရှင်"