← Chapters

သူတော်စင်အဆင့်

Vol. 45 Ch. 623

သူတော်စင်အဆင့်

Vol. 45 Ch. 623

လုံအော်ထျန်းအနေဖြင့် စစ်ထူယန်၏ မူလဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံဖြင့် သတိထားမိလိုက်လေသည်။

စစ်ထူယန်၏ နှုတ်ခမ်းများက အနည်းငယ်မျှ ကွေးညွှတ်သွား၏။

"နဂါး တာအိုမိတ်ဆွေ၊ ခင်ဗျားရဲ့နာမည်ကို အတော်ကြာကတည်းက ကြားဖူးသိဖူးနေပြီး လေးစားခဲ့ရတာပါ။ ကျွန်တော်က အလင်းမျိုးနွယ်က စစ်ထူယန်ပါ"

လုံအော်ထျန်းက လှောင်ပြောင်သော ဟန်ပန်ဖြင့် တုံ့ပြန်လိုက်သည်။ "အလင်းမျိုးနွယ်က နိဗ္ဗာန်ကမ္ဘာရဲ့ နတ်ဘုရားလို မျိုးနွယ်စုပဲမလား၊ ဆိုလိုတာက မင်းဒီကို ခိုးဝင်လာတာပေါ့"

"ငါ ခန့်မှန်းကြည့်ပါရစေ၊ အခု ခွင်းလွင်ကမ္ဘာက စည်ပင်ဝပြောတဲ့ ကာလကို ပြန်ရောက်လာပြီ၊ တိုးတက်ဖို့ နေရာတွေ အများကြီးရှိနေတယ်၊ ဒါကြောင့် မင်းတို့တွေ အတွေးယုတ်တွေဝင်လာပြီး သိမ်းပိုက်လုယူချင်တဲ့လောဘတွေ အဆိပ်တက်လာတာဖြစ်မှာပေါ့။ မင်းအခု ငါ့ဆီလာပြီး လက်နက်ချဖို့ စည်းရုံးချင်တာကလည်း မင်းတို့ရဲ့ရည်မှန်းချက် မြန်မြန်အောင်မြင်ချင်လို့ပဲမဟုတ်လား"

လုံအော်ထျန်း၏ စကားများသည် တစ်ဖက်လူက ဟန်ဆောင်ထားသော အပြုံးမျက်နှာဖုံးကို တိုက်ရိုက် ထိုးဖောက်လိုက်သဖြင့် အနားရှိ မျက်စိတစ်ဖက် ဘီလူးကြီးသည်ပင် မျက်နှာအကြီးအကျယ်ပျက်သွားခဲ့သည်။ စစ်ထူယန်သည်လည်း အပြုံးနည်းနည်းပျက်သွားပြီး မာနကြီးသည်၊ ရိုင်းစိုင်းသည်၊ စိတ်ဆတ်သည်ဟု ကောလာဟလအလွန်များသော ဤနဂါးမျိုးနွယ်စွမ်းအားရှင်အကြောင်း ကောင်းကောင်းနားလည်လိုက်မိဟန်ရှိ၏။

"ပြောရရင် မင်းခန့်မှန်းတာတွေကလည်း အခြေခံအားဖြင့် မှန်ပါတယ်၊ ဒါပေမယ့် တစ်ခုလောက်ပြင်ပေးရဦးမယ်၊ ငါကမင်းကို လက်နက်ချဖို့ လာစည်းရုံးတာမဟုတ်ဘူး၊ ပူးပေါင်းဆောင်ရွက်ဖို့ လာစည်းရုံးတာ"

"အဲ့စကားက ဘာသ‌ဘောလဲ"

ပူးပေါင်းဆောင်ရွက်မည်ဟူသော စကားတွင် လုံအော်ထျန်းသည် ခပ်လှောင်လှောင်အော်ဟစ်ရယ်မောလိုက်မိ၏။ စစ်ထူယန်၏ အကြောင်းအရာ အပြောင်းအလဲမြန်မှုအတွက် မထီမဲ့မြင် လှောင်ပြောင်ချင်သယောင်။

စစ်ထူယန်က ဒေါသထွက်ခြင်းအလျဥ်းမရှိဘဲ တည်ငြိမ်စွာဆိုသည်။

"မင်းက ဒီကမ္ဘာမှာ အကြာကြီးနေထိုင်ခဲ့ရတော့ အပြင်ဘက်က စကြဝဠာကြီးတစ်ခုလုံး ဘာတွေပြောင်းလဲသွားပြီလဲဆိုတာ လုံးလုံးမသိသေးပုံပဲ"

"ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းက ခွင်းလွင်ရဲ့ အံ့ဖွယ်လေးပါးသာ အောင်မြင်ခဲ့ဖူးတဲ့ မသေမျိုးသူတော်စင်အဆင့်ကို အခုဆိုရင် ထိပ်တန်းကမ္ဘာ အခုတစ်ရာလောက်ထဲက သက်ရှိသတ္တဝါတွေ ရောက်ရှိနိုင်နေပြီ။ လက်ရှိ ခွင်းလွင်ကမ္ဘာက လုံးဝနောက်ကျကျန်ခဲ့ပြီလေ၊ စကြဝဠာထဲမှာဆိုရင် အောက်ပိုင်းအဆင့်လောက်ပဲ သတ်မှတ်လို့ရတော့မယ်"

"ဘာ..." လုံအော်ထျန်း၏ မျက်စိသူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ထိတ်လန့်အံ့သြမှုကို ဖုံးကွယ်ထားလို့မရခဲ့။

မသေမျိုးသူတော်စင်ဟူသည် မသေမျိုးဧကရာဇ်အထက်ရှိ ဘုံအဆင့်သာဖြစ်၏။ ရှေးခေတ်တုန်းက ခွင်းလွင်ကမ္ဘာ၌ ထောက်တိုင်ကြီးလေးခုဟု တင်စားခဲ့ကြသော သူတော်စင်လေးပါး မွေးဖွားဖြစ်တည်ခဲ့ခြင်းကြောင့် မသေမျိုးသူတော်စင်ဟူသော အမည်နာမ စတင်ပေါ်ပေါက်ခဲ့ရခြင်းပင်။

မသေမျိုးသူတော်စင်တို့တွင် အကန့်အသတ်မရှိသော စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး မသေမျိုးဧကရာဇ်ထက် အဆပေါင်းများစွာ သာလွန်သော တည်ရှိမှုဖြစ်သည်။ ရိုးရိုးရှင်းရှင်း ပြောရပါလျှင် အားကောင်းသော မသေမျိုးဧကရာဇ်တစ်ပါးပင်လျှင် သူတော်စင်တစ်ပါးရှေ့၌ ပုရွက်ဆိတ်တစ်ကောင်မျှသာဟု သတ်မှတ်နိုင်၏။

ထိုကာလတွင် စကြဝဠာတစ်ခုလုံး၌ သူတော်စင်များကို လက်လှမ်းမမီနိုင်သော အဆင့်သစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့် အရေအတွက်မှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိလောက်အောင်ပင် နည်းပါးလှကာ နတ်ဘုံအစည်းအရုံးဝင် ထိပ်တန်းကမ္ဘာဆယ်ခုလောက်တွင်မှ တစ်ဦးလောက်သာ ရှားရှားပါးပါး ထွက်ပေါ်တတ်လေ၏။

သို့သော် ခွင်းလွင်ကမ္ဘာတွင်မူ သူတော်စင်လေးပါးအထိ ရှိခဲ့သည်။ ဤအချက်ကြောင့် ခွင်းလွင်ကမ္ဘာသည် စကြဝဠာ၏ နတ်ဘုံအစည်းအရုံး အဆင့်သတ်မှတ်ချက်တွင် ဒုတိယနေရာကို ပိုင်ဆိုင်ခဲ့ရ၏။ စကြဝဠာတစ်ခုလုံးတွင် အလွန်မြင့်မားသော ကျော်ကြားမှုနှင့် ပြိုင်ဘက်ကင်းသော ဘုန်းတန်ခိုးအာနုဘော်ကို ခံစားခဲ့ရသည့် အတိတ်ကာလများပင်။

ထိုအချိန်က ခွင်းလွင်ကမ္ဘာမှ ကျင့်ကြံသူများသည် စကြဝဠာကို ယုံကြည်မှုအပြည့်ဖြင့် လှည့်လည်ခရီးသွားလာနိုင်ခဲ့ကြသည်။ အခြားကမ္ဘာများမှ ကျင့်ကြံသူများသည်ပင် ခွင်းလွင်ကျင့်ကြံသူများနှင့် တွေ့ဆုံသောအခါ တလေးတစား ပြုမူဆက်ဆံခဲ့ရသည်ဟူ၏။ ဤကောင်းမြတ်ခြင်းအားလုံး၏ အဓိကအကြောင်းရင်းမှာ ထိုသူတော်စင်လေးပါးသာ။

ခွင်းလွင်၏ကောင်းကင်ကို ထောက်ကန်ပံ့ပိုးပေးထားသော ထောက်တိုင်များကဲ့သို့ပင်။

ထို့ကြောင့် လုံအော်ထျန်းသည် ဒဏ္ဍာရီလာ သူတော်စင်လေးပါးအပေါ်၌ အမြဲတမ်း အလွန်ရိုသေလေးစားသော သဘောထားကိုသာ ထားရှိခဲ့သည်။

ထိုဘုံအဆင့်မှာ သူ အိပ်မက်မက်ရန်သာ ဝံ့ရဲသော နေရာတစ်ခုဖြစ်သည်။ သူ၏ အဆုံးစွန်ပန်းတိုင်သည် မသေမျိုးဧကရာဇ်အဆင့်တွင်သာ ရှိပါသေးသည်။

သို့သော် ယခုအချိန်တွင် စစ်ထူယန်၏နှုတ်မှ အပြင်ကမ္ဘာများတွင် မသေမျိုးသူတော်စင်ဆိုသည့်အဆင့်မှာ သာမန်ဖြစ်နေပြီဟု ထွက်ဆိုလာသောအခါ စိတ်ပိုင်းဆိုင်ရာ ခိုင်မာရင့်သန်ပါသည်ဆိုသော လုံအော်ထျန်းသည်ပင် ပျက်စီးပြိုလဲသွားသော အသိအမြင်များအား ပြန်လည်ဆယ်ယူဖို့မတတ်နိုင်ခဲ့ပါ။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူတော်စင်တွေဆိုတာ မသေမျိုးဧကရာဇ်တွေထက် အဆပေါင်းများစွာ ပိုအားကောင်းကြတာလေ။

"မင်း ငှက်လူသား၊ မင်း ငါ့ကို လာလှည့်စားနေတာပဲ။ ဒီလို အဓိပ္ပာယ်မရှိတဲ့စကားကို ငါသေတောင်မယုံဘူး"

လုံအော်ထျန်းသည် စစ်ထူယန်မှ သူ့စိတ်ကိုလာရောက်ထိန်းချုပ်ကစားဖို့ ကြိုးစားနေခြင်းပေလားဟု အတွေးဝင်ကာ အော်ဟစ်ကြုံးဝါးလိုက်ည်။

"ငှက်လူသား" ဟူသော နာမ်စားကို ကြားလိုက်ရသည့်အခါ စစ်ထူယန်၏ နဖူးတွင် သွေးကြောတစ်ခု ထောင်ထလာသည်။ သို့သော် အတွင်းစိတ်မှ ကြွတက်လာသောဒေါသကို ဖိနှိပ်လိုက်ပြီး တည်ငြိမ်စွာ ဆက်ပြောသည်။

"ခေတ်တွေက ပြောင်းလဲသွားပြီ။ ငါပြောခဲ့တဲ့ စကားလုံးတိုင်း မှန်ကန်တယ်ဆိုတာကို အာမခံဖို့ နှလုံးသားမာန်ကျိန်စာကိုတောင် ကျိန်ဆိုဝံ့သေးတယ်"

မျက်စိတစ်ဖက် ဘီလူးကြီးကလည်း ဝင်ရောက်ထောက်ခံပြောဆိုလာသည်။

"နဂါး တာအိုမိတ်ဆွေ၊ ခင်ဗျားရဲ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ သခင်လေးစစ်ထူက ကျွန်တော့်နဲ့တွေ့ပြီး အပြင်ဘက်ကအခြေအနေတွေကို ပြောပြတုန်းက ကျွန်တော်လည်း ခင်ဗျားလိုပဲ ထိတ်လန့်ခဲ့ရတယ်၊ ဒါပေမယ့် သခင်လေးစစ်ထူရဲ့ စကားတွေက အားလုံး မှန်ကန်ပါတယ်။ သူတော်စင်အဆင့်ဆိုတာက ကျွန်တော်တို့ခေတ်ကလို ရှားပါးနေတာမျိုး မဟုတ်တော့ပါဘူး။"

"နှစ်တွေအကြာကြီး ပြောင်းလဲခဲ့ပြီးတဲ့နောက် စကြဝဠာကြီးလည်း အပြောင်းအလဲတွေအများကြီးဖြစ်ထွန်းသွားခဲ့ပြီ။ ကျွန်တော်တို့ရဲ့ ခွင်းလွင်ကမ္ဘာ အဆင့်ကျဆင်းသွားပြီးကတည်းက အပြင်ဘက်ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာပဲ။ အခုအချိန်မှာတော့ လက်တွေ့ကိုလက်ခံသင့်ပါပြီ"

"တာအိုမိတ်ဆွေပြောတာ မှန်ပါတယ်" စစ်ထူယန်သည် မျက်စိတစ်ဖက် ဘီလူးကြီးကို တစ်ချက်လှည့်ကြည့်ကာ ကျေနပ်စွာခေါင်းညိတ်သည်။ သူ၏ ဤခရီးစဉ်အတွက် ရည်ရွယ်ချက်မှာ အလွန်ရိုးရှင်းပါ၏။ လုံအော်ထျန်းကဲ့သို့သော ပါရမီရှင်ကို သူ့ဘက်တော်သားအဖြစ် ဆွဲဆောင်သိမ်းသွင်းရန်ပင်။

သူသည် လုံအော်ထျန်း၏ ဇာစ်မြစ်နှင့် အောင်မြင်မှုများကို လေ့လာခဲ့ပြီး ထိုသွေးနှောခွန်အားသည် မသေမျိုးသူတော်စင်နှင့်ပင် နှိုင်းယှဉ်နိုင်ကြောင်း သိရှိခဲ့ရသည်။ သူကိုယ်တိုင်သည်လည်း မိသားစုတွင် အလွန်ထူးချွန်သော ပါရမီရှင်တစ်ဦးဖြစ်ပြီး သူ၏ အရည်အချင်းသည် အစ်ကိုဖြစ်သူ စစ်ထူကုံးထက်တော့ မနိမ့်ကျပေ။

ဤသို့ ကြီးမားသော တိုးတက်မှုအလားအလာရှိသည့် လုံအော်ထျန်းကိုသာ အသုံးချနိုင်မည်ဆိုလျှင် သူ၏သြဇာအာဏာက မြင့်တက်ဖို့ရာသာရှိတော့ပေမည်။

ထို့ကြောင့် စစ်ထူယန်သည် လုံအော်ထျန်း၏ ယုံကြည်မှုများနှင့် အမြစ်တွယ်စွဲကပ်နေသော လောကအမြင်ကို လှုပ်ခါယိုင်နဲ့စေဖို့ စီစဥ်ထားခဲ့သည်။

လုံအော်ထျန်းလည်း တိတ်ဆိတ်သွားသည်။ ဤအခြေအနေတွင် ထိုသတင်းမှာ မှားနိုင်စရာမရှိတော့။ အပြင်ဘက်ကမ္ဘာသည် သူမရှိလိုက်သည့်အတောအတွင်း ဤအဆင့်အထိ တိုးတက်လာခဲ့လေပြီလော။

ခွင်းလွင်ကမ္ဘာ၌ ငယ်စဉ်ကတည်းက ရှင်သန်နေထိုင်ခဲ့ပြီး ၎င်း၏ အထွတ်အထိပ်ကာလကို မျက်မြင်တွေ့ခဲ့ရသော လုံအော်ထျန်း၏ အမြင်တွင် သူတော်စင်လေးပါး မရှိတော့လျှင်ပင် ပြန်လည်တိုးတက်လာသော ခွင်းလွင်ကမ္ဘာသည် စကြဝဠာ၏ ရှေ့တန်း၌ သေချာပေါက် ရှိနေလိမ့်မည်ဟု ယူဆခဲ့သည်။

သို့သော် ယခုအခါ စစ်ထူယန်၏ စကားများသည် အနာဂတ်အတွက် ကြိုတင်ကြံဆထားခဲ့သော သူ၏ စိတ်ကူးအိပ်မက်များကို တစ်ချက်တည်းဖြင့် ရိုက်ချိုးဖျက်လိုက်တော့၏။ တစ်ချိန်က အားကောင်းခဲ့သော ခွင်းလွင်ကမ္ဘာသည် စကြဝဠာ၏ အောက်ပိုင်းအဆင့်ထိ ကျဆင်းသွားသည်ကို သူ့အနေဖြင့် လက်ခံဖို့ရာ ခက်ခဲလှပါသည်။

သူကြွယ်သူဌေးတစ်ဦး အိပ်ရာမှနိုးလာချိန်တွင် အတိတ်က ဗုံးပေါလအော ဖြုန်းတီးခဲ့သောဘဝကြီး ရုတ်ချည်းပျောက်ဆုံးသွားကာ တောင်းစားဖို့ခွက်တစ်လုံးသာကျန်တော့သော အခြေအနေဖြင့် ထိပ်တိုက်ကြုံလိုက်ရသကဲ့သို့။

တစ်ဖက်လူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စစ်ထူယန်သည် ထိုပျော့ကွက်အား အခွင့်အရေးယူ၍ ဆက်လက်ပြောဆိုသည်။

"နဂါး တာအိုမိတ်ဆွေ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြန်လည်အသက်ဝင်လာတဲ့ ခွင်းလွင်ကမ္ဘာမှာ ပိုကြီးမားတဲ့ တိုးတက်မှု အလားအလာတွေ ရှိလာမယ်။ ဒါကြောင့်လည်း ငါ အကာအရံကို ထိုးဖောက်ဝင်ရောက်လာရတာပါ"

"ဒါပေမယ့် ဒီတိုးတက်မှုအသစ်က အရသာရှိတဲ့အသားတစ်တုံးလိုပဲ စကြဝဠာထဲက အင်အားစုများစွာကို သွားရည်တမျှားမျှား ဖြစ်လာစေတယ်။ အဲ့ဒီ သူတော်စင်တွေကြားမှာ သဘောတူညီချက်တစ်ခုသာ မရှိခဲ့ရင် ခွင်းလွင်ကမ္ဘာ‌ဟာ အခုအချိန်မှာ အမဲဖြတ်ခံရပြီးသားဖြစ်နေပြီး ဒီက သက်ရှိသတ္တဝါတွေလည်း နင်းချေနှိပ်စက်ခံ အကျဉ်းသားတွေ ဖြစ်ကုန်ကြမှာပါ"

"အခု ငါမင်းကို ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးပေးနိုင်တယ်။ စစ်ဆင်ရေးပြီးသွားရင် မင်းဟာ ငါတို့အလင်းမျိုးနွယ်မှာ ဂုဏ်သိက္ခာရှိ နေရာတစ်နေရာရလာလိမ့်မယ်။ ငါ့မျိုးနွယ်က မင်းကို ဒီကမ္ဘာရဲ့ အုပ်စိုးရှင်အဖြစ် ခန့်အပ်ပေးလိမ့်မယ်။ အဲ့ဒီအချိန်မှာ မင်းဟာလည်း သေချာပေါက် ခွင်းလွင်ရဲ့ ဒဏ္ဍာရီလာ သူတော်စင်တစ်ပါး ဖြစ်လာလိမ့်မယ်"

"ဒါပေမယ့် မင်းဘက်က ပူးပေါင်းဆောင်ရွက်ဖို့ အလိုမရှိဘူးဆိုရင် တစ်ခုသိထားရမှာက ခွင်းလွင်ကမ္ဘာရဲ့ လက်ရှိခွန်အားနဲ့ အပြင်ဘက်ဒေသတွေက ကျူးကျော်မှုကို ခုခံနိုင်မှာမဟုတ်ဘူး။ ဒီကမ္ဘာကို သိမ်းပိုက်ခွဲဝေပြီးတာနဲ့ မင်းလိုထိပ်တန်းစွမ်းအားရှင်တစ်ယောက်လည်း ကျွန်အဖြစ် လေလံတင်ရောင်းချခံရမဲ့ဘဝ ရောက်သွားမှာပဲ"

စစ်ထူယန်သည် ချော့တစ်လုံးခြောက်တစ်လှည့်ဖြင့် နည်းမျိုးစုံသုံးကာ ဆွဲဆောင်သိမ်းသွင်းသည်။ "အရှုံးသမား ကျွန်သပေါက်ဘဝရောက်ချင်လသား၊ ဒါမှမဟုတ် ငါနဲ့ပူးပေါင်းပြီး အနာဂတ်မှာ ငါ့မျိုးနွယ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒီကမ္ဘာမြေကို အုပ်ချုပ်ချင်သလား။ မင်းနှလုံးသားထဲမှာ အဖြေရှိပြီးဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

မျက်စိတစ်ဖက် ဘီလူးကြီးသည်ပင် အလွန်မနာလိုဖြစ်နေရ၏။ အဘယ်ကြောင့်ဆိုသော် သူသည်ပင် ဤမျှရက်ရောသော သတ်မှတ်ချက်များကို ကမ်းလှမ်းမခံခဲ့ရသောကြောင့်ပင်။

သခင်လေးစစ်ထူရှေ့တွင် စွမ်းဆောင်ရည်ပြသရန် မျက်စိတစ်ဖက် ဘီလူးကြီးက စိတ်ရင်းမှန်ဖြင့် အကြံပေးသည်။

"နဂါး တာအိုမိတ်ဆွေ၊ ကျွန်တော်တို့ ကိုယ့်အနာဂတ်လမ်းကို ဖျက်ဆီးလိုက်လို့မဖြစ်ဘူး။ ဒါ့အပြင် နိဗ္ဗာန်ကမ္ဘာက နတ်ဘုံအစည်းအရုံးရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျွန်တော်တို့အားလုံးက တစ်သားတည်းပဲလေ၊ ဘယ်မှာ သစ္စာဖောက်တယ်လို့ ဆိုနိုင်ပါ့မလြ"

"နတ်ဘုံအစည်းအရုံး... ဟမ့်"

လုံအော်ထျန်း၏ နှလုံးသားသည် ထိုအင်အားစုကို နာမည်ကြားလိုက်ရုံမျှဖြင့် ရွံရှာမုန်းတီးမှုများ လှိုက်ထလာတတ်၏။

ခွင်းလွင်ကမ္ဘာသည် တစ်ချိန်က ထိုအစည်းအရုံး၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်ပင်။ နတ်ဘုံအစည်းအရုံးအတွက် မရဏမျိုးနွယ်ကိုပင် ဆန့်ကျင်တိုက်ခိုက်ပေးခဲ့သော်လည်း အားနည်းချိနဲ့သွားသော နောက်ဆုံးအချိန်တွင် စွန့်ပစ်ခံခဲ့ရသည်။ ယခုအချိန်ထိ နတ်ဘုံအစည်းအရုံးက ခွင်းလွင်ကမ္ဘာ၏ တန်ဖိုးကို ဆက်လက် အသုံးချရန် အကြံရှိနေဆဲပင်။ လုံအော်ထျန်း တွေးရင်းတွေးရင်း မုန်းတီးနာကျည်းမှုများဖြင့် ပြည့်နှက်လာသည်။

"မင်း အစက ဒီပူးပေါင်းဆောင်ရွက်မှုက မဟာမိတ်ခေါင်းဆောင်ယဲ့နဲ့ ဆိုင်တယ်လို့ ပြောခဲ့သေးတယ်နော်။ အဲ့ဒါကရော ဘယ်လိုဆိုင်သွားတာလဲ"

လုံအော်ထျန်းသည် အဆောတလျင် ဆုံးဖြတ်ချက်မချပါဘဲ နှစ်ဦးကြားရှိဆက်နွယ်မှုကို ရှင်းအောင်းမေးလိုသေး၏။

"အဲ့ဒါက ငါတို့နှစ်ယောက် ပူးပေါင်းပြီး ကောင်းကင်ဧကရာဇ်ယဲ့ကို နှိမ်နင်းကြဖို့ပါ" စစ်ထူယန်က အလေးအနက်ပြောလာသည်။

"ယဲ့၊ ယဲ့ ဘာကြီးရယ်" လုံအော်ထျန်း ကြောင်တောင်တောင်ဖြစ်သွားသည်။

ထိုအမူအရာကိုမြင်သော် စစ်ထူယန်မျက်ခုံးပင့်သွားပြီး ထပ်ပြောလာသည်။ "ကောင်းကင်ဧကရာဇ်ယဲ့လေ"

"မင်းဆိုလိုတာက မဟာမိတ်ခေါင်းဆောင်ယဲ့ဟာ မင်းပြောနေတဲ့ ကောင်းကင်ဧကရာဇ်ယဲ့လား"

လုံအော်ထျန်း၏ မျက်လုံးများ ပြူးကျယ်လာသည်။ သူ၏လေသံတွင် အံ့အားသင့်မှုနှင့် မသေချာမှုများပြည့်လျက်။

"သခင်လေးစစ်ထူ၊ တကယ်ကြီးလား" မျက်စိတစ်ဖက် ဘီလူးကြီးလည်း ထိတ်လန့်သွားသည်။

စစ်ထူယန် - "..."

"မဟုတ်သေးဘူး၊ မင်းတို့ ဘာဖြစ်နေကြတာလဲ။ ခွင်းလွင်ကမ္ဘာရဲ့ မူရင်းခေတ်ဟောင်း ကျင့်ကြံသူတွေအနေနဲ့ ဒီသမိုင်းကြောင်းကိုတောင် မကြားဖူးခဲ့ကြဘူးလား"

All Chapters